လူတွေမှာ အမျိုးမျိုးသော သဘောတရားများရှိကြတဲ့အနက် ဟီရိသြတ္တပ္ပဆိုတဲ့ အရှက်တရား လည်းပါဝင်ပါတယ်။ တစ်ခုခုကို စိုးရိမ်ပြီး မလုပ်ရဲမကိုင်ရဲတာမျိုး၊ ကြောက်ရွံ့ ထိန့် လန့် တာမျိုး ကို အရှက်တရားလို့ ဆိုရမယ်ထင်ပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင်လည်း ဟိုဟာမလုပ်ရဲ၊ ဒီဟာမလုပ်ရဲ နဲ့ ကြောက်ရွံ့ နေတတ် တာတွေတော်တော်များများ ရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ထိ အဲဒီလိုဖြစ်တာတွေများ ခဲ့လို့ အမေက အဖိုးပြောတဲ့စကားတစ်ခွန်းကို ပြန်ပြောပါတယ်။ အဲဒါကတော့ ကိုယ်ကမဟုတ် တာ၊ မကောင်းတာ မလုပ်ရင် ဘယ်နေရာမှာမှ ရှက်စရာမလိုပါဘူး ဆိုတာပါပဲ။ သူတစ်ပါး ဥစ္စာ ခိုးယူတာ၊ ခိုးစားတာ ဆိုရင်တော့ရှက်ပါတဲ့။ ဒီနောက် ကျွန်မလည်းအရှက်အကြောက်နည်းပါး လာတယ်လို့ ဆိုပေမယ့် ရှက်သင့်တဲ့နေရာတော့ ရှက်တတ်ပါသေးတယ်။
ခုခေတ်ကလေး၊ လူငယ် လူရွယ်တွေအနေနဲ့ အရှက်အကြောက် သိပ်မရှိတော့ဘူးလို့ ကျွန်မ ထင်မိပါတယ်။ ခုခေတ်လူငယ်ကလေးများအနေနဲ့ အရာရာကိုသတ္တိရှိရှိ နဲ့ သူတို့ ကိုယ်တိုင် လုပ်ကိုင်နေထိုင်တာတွေကိုတော့ ပြေစရာမရှိုပေမယ့်၊ အရှက်တရားမရှိပဲ ပြောချင်ရာပြော တတ်ကြတာမျိုး၊ သူတစ်ပါးထိခိုက်နစ်နာအောင် အရှက်မဲ့စွာပြောဆိုတတ်ကြတာမျိုးကိုတော့ စိတ်ပျက်မိပါတယ်။ ခုခေတ်ဟစ်ဟော့သီချင်းများထဲမှာ မဆိုသင့်တဲ့ မိန်းခလေးများအရှက်ရ စေတဲ့ စကားမျိုးကိုထည့်ဆိုထားတာတွေရှိသလို၊ မိန်းခလေးများကလည်း ပြန်လည်အော်ဟစ် နေကြတဲ့ သီချင်းမျိုးတွေကြားမိနေလို့ ပါပဲ။ ဒါလည်းရှက်သင့်တယ်ဆိုပေမယ့် ကျွန်မဆိုလိုချင် တာကတော့ အဲလို မရှက်ခြင်းမျိုးမဟုတ်သေးပါဘူး။
မရှက်ခြင်းမှာ ၃မျိုးရှိတယ်လို့ ဆိုပါတယ်။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ပါ။ အဲဒီ ရှက်ခြင်း ၃မျိုးကိုတော့ လူတွေရဲ့ လက်လွတ်စပယ်ပြုမူခြင်းမှာပေါ်လွင်စေပါတယ်။ ဒါပေမယ့် ဒီလိုမရှက်ခြင်းထက် မရှက်သင့်တာကိုရှက်ခြင်း တစ်မျိုးရှိပါသေးတယ်။ ကျွန်မ ပြောချင်တာ က ဘာသာရေးနဲ့ ပတ်သတ်တဲ့ အရှက်တရားဖြစ်စေတတ်တာမျိုးပါ။ ကျွန်မတို့ ကိုးကွယ်တဲ့ ဘာသာက ဗုဒ္ဓဘာသာဖြစ်သည့်အလျှောက် ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို အလေး အမြတ် ထားလေ့ရှိကြပါတယ်။ အလေးအမြတ်ထားသည့်အတိုင်းလည်း ဘုရား၊ စေတီ၊ ပုထိုး များနဲ့ သံဃာတော်တွေကိုမြင်တွေ့ ယုံမျှ ကြည်ညိုသဒ္ဓါစိတ်ဖြစ်ကာ လက်အုပ်ချီ မိုးလေ့ရှိကြ ပါတယ်။ ကျွန်မငယ်ငယ်က သူငယ်ချင်းတစ်ယောက်ဆိုရင် ထုံးဖြူဖြူဆေးသုတ်ထားတဲ့စေတီ၊ ပုထိုး ကစပြီး မြင်မြင်သမျှ ဗုဒ္ဓရုပ်ပွားတော်တိုင်းကို လက်အုပ်ချီကန်တော့ လေ့ရှိပါတယ်။ ဒါကြောင့် သူ့ ကိုဆိုရင် ၀ါဝါမြင်တိုင်းရွှေမထင်နဲ့ လို့ တောင် ကျွန်မတို့  နောက်ပြောင်ခဲ့ဖူးပါ တယ်။ (တကယ်တော့ ဒါဟာလည်းကျွန်မတို့ မှားယွင်းစွာနောက်ပြောင်ခဲ့ခြင်းပါ။) ကျွန်မကိုယ်တိုင်လည်း အဖွားနဲ့ နေရတာမို့  ငယ်စဉ်ကတည်းက ဈေးသို့ လမ်းလျှောက်သွား တိုင်း ရွှေတိဂုံဘုရားကိုမြင်ရင်ပဲ ဈေးခြင်းတောင်းချကာ အဖွားနဲ့ အတူ လမ်းမပေါ်ရပ်လျှက် လက်အုပ်ချီမိုးကာ၊ ကန်တော့ခဲ့ရပါတယ်။ ဖြတ်သန်းသွားတဲ့ကားတွေက လှမ်းကြည့်သွား ပေမယ့်လည်း ဒါဟာရှက်စရာအကြောင်းမှမဟုတ်တာပဲ။
ဘာသာရေးနဲ့ ပတ်သတ်လို့ ဆိုရင် ဘယ်အရာမဆို ရှက်စရာမဟုတ်ပါဘူးလို့ ကျွန်မထင်ပါ တယ်။ ဘာသာတရားကိုကိုင်းရှိုင်းတာဟာ ဂုဏ်ယူစရာတောင်ဖြစ်ပါသေးတယ်။ အဖြစ်
အပျက်ကလေးတစ်ခုကိုကြားသိလိုက်လို့ပါ။ နေ့ တစ်နေ့ ရဲ့ မနက်ခင်းစောစော အင်းယားကန် ဘောင်ပေါ်မှာ လမ်းလျှောက်သူများအနက် သားအမိနှစ်ယောက်က သံဃာတော်တစ်ပါးအနီး ကဖြတ်သွားတာကိုဖူးတွေ့ လိုက်ခြင်းဖြစ်ပါတယ်။ သံဃာတော်ကိုတွေ့ တော့ မိခင်ဖြစ်သူက သာ လက်အုပ်ချီကန်တော့ပေမယ့်၊ သားဖြစ်သူဆယ်ကျော်သက်အရွယ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေတာကြောင့် အမေကသားကို ဆူပူကြိမ်းမောင်းနေ တဲ့ ကိစ္စရပ်ပါ။ တကယ်တော့ ဒါဟာလူငယ်တစ်ယောက်အဖို့ ရှက်ရမယ့်ကိစ္စမဟုတ်ပါဘူး။
ဘာသာရေးနဲ့ ပတ်သတ်လို့ ရှက်စရာလို့ ယူဆကြမယ်ဆိုရင် မှားယွင်းနေမှာပါပဲ။ ဆယ်ကျော် သက် ကလေးလူငယ်တော်တော်များများဟာ ဘုရားတွေ့ ရင်လည်း လက်အုပ်ချီကာ ကန် တော့ခြင်း နည်းပါးကုန်ကြပါပြီ။ သံဃာမြင်လည်း အထွေအထူးလက်အုပ်ချီကာကန်တော့ခြင်း မတွေ့ ရတော့ပါဘူး။ သံဃာတော်များကို ပခုံးချင်းတိုက်မသွားတာပဲ တော်လှပြီပြောရမယ် ထင်ပါတယ်။ ဘုရား၊ ကျောင်းကန် သွားမှသာ သံဃာတော်များကိုဦးချကန်တော့လေ့ရှိပါတော့ တယ်။
မိဘတွေအနေနဲ့ ခုနကပြောခဲ့တဲ့ မိဘလို ကိုယ့်သားသမီးကိုကိုယ် ပြောဆိုဆုံးမသင့်သလို၊ သား သမီးတွေ လူငယ်တွေကလည်း ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးဖြစ်သည့်အလျှောက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဦးထိပ်ထားသင့်ပါတယ်။ ဘာသာတရားကို အလေးထားတဲ့ အပြုအမူဟာ ရှက်စရာမဟုတ်ပါဘူးဆိုတာကိုလည်း သတိပြုရပါမယ်။
အရှက်တရားဆိုတာကတော့ လူတိုင်းမှာရှိသင့်တယ်ဆိုပေမယ့်၊ သူ့ နေရာနဲ့ သူ သာရှိရပါမယ်၊ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ဆိုတာမှာတောင် အချို့ လူတွေမရှက်တတ်ကြရင်၊ ဘာသာ တရားကိုးကွယ်တဲ့နေရာမှာ ပိုပြီးရှက်နေစရာမလိုဘူးလို့ ကျွန်မထင်ပါတယ်။ ရှက်သင့်တဲ့ တရားအနေနဲ့ ကတော့ မဟုတ်တာလုပ်တာနဲ့ ဘုရားမကြိုက်တဲ့ အလုပ်များလုပ်နေတာမျိုးလို့  ပဲ ကျွန်မကတော့ဆိုချင်ပါတယ်။ ဒါကြောင့် ရှက်ခြင်းနဲ့ မရှက်ခြင်းကို ခွဲခွဲခြားခြားနားလည်စေ လိုပါတယ်။
အနမ်း

7 ယောက်ဆွေးနွေးချက်:
အမရေ ဗုဒ္ဓဘာသာဝင်မဟုတ်ပေမဲ့ ၀င်မန့်လိုက်ပါဦးမယ်း)
ဗုဒ္ဓဘာသာဝငတယောက်အနေနဲ့ ကိုယ်ကိုးကွယ်တဲ့သာသနာကို ဘာအကြောင်းကြောင့်နဲ့ ရှက်စရာမလိုပါဘူး။ ဒီလိုပဲ တခြားဘာသာဝင်တွေ အနေနဲ့လဲ သူတို့ကိုးကွယ်တဲ့ ဘာသာကို ရှက်စရာမလိုပါဘူး ဒီပိုစ့်လေးက အထူးကောင်းမွန်လှပါတယ်။ ဒါဟာ ဘာသာရေးအသိစိတ်ဓါတ်လေးတွေ လိုနေတယ်ဆိုတာ ပြသပေးတာပါပဲ။ လူအများစုဟာ မိရိုးဖလား ဘာသာဝင်တွေကနေ သေချာလိုက်စားတတ်တဲ့ ဘာသာဝင်တွေ ဖြစ်ဖို့ လိုအပ်နေကြပါတယ်။ ကျနော်အပါအ၀င်ပေါ့
လေးစားလျက်
တောင်ပေါ်သား
ကောင်းမွန်တဲ့ ပိုစ့်လေးပါပဲ...
ရှက်သင့်တဲ့နေရာ မရှက်သင့်တဲ့နေရာဆိုတာ ခွဲခြားသိဖို့ လူငယ်တွေအတွက် လူကြီးတွေက ပြောပြသွင်သန်ဖို့  လိုအပ်တယ်ဆိုတဲ့ အကြောင်းလေးပါ...။ မှတ်သားသွားပါတယ်အစ်မရေ... ကျန်းမာပျော်ရွှင်ပါစေ...။
အမရေ မရှက်သင့်တဲ့ တရားနဲ့ ရှက်သင့်တဲ့ အကြောင်းလေးကို ယှဉ်တွဲရေးပြတာ တကယ်ကို ကောင်းမွန်ပါတယ် ကလေးတွေ က ခု အယူတွေလွဲနေကြတယ်...
ရှက်သင့်တာကိုရှက်
မရှက်သင့်တာကိုမရှုက်နဲ့
မရှက်သင့်တာ ရှက်နေတာလဲ ရှက်စရာပဲ
ရှက်သင့်တာကို မရှက်တာလဲ ရှက်စရာပဲ
ဘယ်ဟာရှက်သင့်လဲ ဘယ်ဟာမရှက်သင့်လဲ ကိုခွဲခြားသိမှ ရှက်သင့်တာကိုရှက်တတ်ပြီး မရှက်သင့်တာ မရှက်ရအောင် ....
(မောလိုက်တာ.... )
ကြိုး စား ကြစို့  ။
ဒီစာလေးကို ဖတ်ရင်း ဆိုလိုရင်း အမျိုးမျိုးကို တွေးလို့ ပြုံးသွားမိတယ်.. အမက တည့်ပြောသလား ဘာလား မသိပေမယ့် ကျွန်တော်တော့ ၂ မျိုး သဘောပေါက်သွားတယ်...
အင်း..ဒီစာသားလေးတွေက မသိမရှိသိသင့်တဲ့ အရာလေးတွေပါ..ကျေးဇူးပဲးနော်.. ဖတ်မိတော့ သတိပိုထားမိတာပေါ့
မ့ရေ..သိပ်ကောင်းတဲ့ ဝေမျှမှု့လေးပါ။ မှတ်သားသွားတယ်။ မိန်းကလေးတိုင်း ရှက်သင့်တဲ့နေရာမှာ အရှက် ရိသင့်တာ အမှန်ပါပဲ။ ကြောက်တာနဲ့ ရှက်တာလဲ မတူဘူးဆိုတာ သိသင့်တယ်နော်။
Post a Comment