သဘောထားမှန်ဖို့ တရားအားထုတ်ပါ




ဒီနေ့ ပဲ အစ်မ၀မ်းကွဲတစ်ယောက်ဆီကနေ ဓမ္မလက်ဆောင်အနေနဲ့ အရှင်တေဇနိယ(ရွှေဥမင်) ဆရာတော်ရဲ့  သဘောထားမှန်မှအားထုတ်ပါ စာအုပ်ကိုလက်ခံရရှိလိုက်ပါတယ်။ လွန်ခဲ့သော နှစ် တစ်နှစ်က အစ်မနဲ့ အတူ ရွှေဥမင်ရိပ်သာမှာ တရားထိုင်ခဲ့ဖူးပေမယ့် ရွှေဥမင်ဆရာတော် ကြီးကိုတော့ဖူးမြှော်ခွင့်မရလိုက်တော့ပါဘူး။ သို့ ပေမယ့် ဆရာတော်ကြီးရဲ့ သြ၀ါဒများကို အလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။ ရိပ်သာရဲ့စည်းကမ်းရှိပုံ နဲ့  ယောဂီတို့ ကိုယ်တိုင်ယောဂီတို့  တာဝန်ကိုလုပ်ဆောင်ရပုံကလည်း လူတန်းစားအားလုံးတပြေးညီဖြစ်စေခဲ့ပါတယ်။

အခုလည်း ဒီစာအုပ်လေးကို အစ်မဖြစ်သူကပဲ ဓမ္မဒါနအဖြစ်ပေးခြင်းပါ။ စာအုပ်မှာတရား အားထုတ်ရခြင်း အကြောင်းများနဲ့ ပတ်သတ်လို့  ရှင်းရှင်းလင်းလင်းဖော်ပြရေးသားထား တာကြောင့် တရားအားမထုတ်ဖြစ်သေးတဲ့ သူတွေနဲ့  တရားအားထုတ်ချင်သူတွေနားလည် သဘောပေါက်စေဖို့ မျှဝေလိုစိတ် ဖြစ်ပေါ်လာပါတယ်။

အချို့ လူတော်တော်များများက တရားထိုင်တယ်ဆိုပေမယ့် အသေအချာသဘောမပေါက်တာ လေးတွေရှိနေတတ်ကြပါတယ်။ တစ်ချို့ ကလည်း ကိုယ်အားထုတ်တာလွဲမှားနေမလားဆိုပြီး တော့ပေါ့။ ဒါကြောင့် ဒီအကြောင်းအရာလေးကိုဖတ်ရရင်ဖြင့် ရှင်းလင်းစွာသိရှိ နားလည်လိမ့် မယ်လို့ ထင်မိပါတယ်။

တရားအားမထုတ်ခင် အရေးကြီးတဲ့အချက်အလက်တွေကိုအရင်သိထားဖို့ လိုပါတယ်။
တရားအားထုတ်တာဆိုတာဘာလဲ???
ဘယ်လိုအားထုတ်ရမလဲ???
ဘယ်လိုစိတ်ထား သဘောထားမျိုးနဲ့ အားထုတ်ရမလဲ???
ဘာရည်ရွယ်ချက်နဲ့ အားထုတ်တာလဲ???
ဒါတွေကိုယောဂီဘက်ကရှင်းရှင်းလင်းလင်း ရှိထား၊ သိထားဖို့ လိုပါတယ်။
တရားကိုရမ်းပြီးအားမထုတ်ရဘူး။ ဘာအလုပ်ပဲလုပ်လုပ် မလုပ်ခင်သဘောတရားရေးရာတွေ ကိုအရင်ရှင်းရှင်းလင်းလင်းသိထားရမယ်။ ဒါမှလုပ်ရတာအကျိုးရှိမယ်။

တရားအားထုတ်တယ်ဆိုတာကို ဥုးဇင်းသိသလိုပြောရရင် အခြေခံအားဖြင့် စိတ်တွေပြောင်းဖို့  ကြိုးစားတာ။ မကောင်းတဲ့စိတ်ကနေ ကောင်းတဲ့စိတ်တွေဖြစ်လာအောင်၊ အရည်အသွေးနိမ့်တဲ့ စိတ်ကနေ အရည်အသွေးမြင့်တဲ့စိတ်တွေဖြစ်လာအောင် မှန်တဲ့စိတ်၊ ကောင်းတဲ့စိတ်၊ တရား တဲ့စိတ် တွေကိုမွေးမြူတာ၊ ထုတ်သုံးတာ၊ ပွားများတာကိုတရားအားထုတ်တယ်လို့ ခေါ်တယ်။
ဒါကြောင့်တရားအားထုတ်တာဟာ စိတ်အလုပ်။ ရုပ်ရဲ့ အလုပ်၊ အာရုံရဲ့ အလုပ်မဟုတ်ဖူး။ အာရုံကတရားအားမထုတ်ဘူး။ စိတ်ကအားထုတ်နေတာ။

အာရုံဆိုတာဘာလဲ ??? ဘာအဓိပ္ပါယ်ရှိလဲ ???
ဟိုအာရုံကိုရှုတယ်၊ ဒီအာရုံကိုရှုတယ်လို့ လူတွေကပြောကြတယ်။
စိတ်နဲ့ တိုက်ရိုက်သိလို့ ရတဲ့အရာ၊ အသိခံရတဲ့သဘော၊ သိစရာကိုအာရုံလို့ ခေါ်တာ။
လူတစ်ယောက်မှာ အာရုံဘယ်နှစ်ပါးရှိလဲ၊ ခြောက်ပါးရှိတယ်။ တစ်ခုတည်းမဟုတ်ဘူး။ သိစရာအာရုံတွေအများကြီးရှိတယ်။ အာရုံတွေကိုစိတ်ကသိနေတာ။ ဒါကြောင့် စိတ် အကြောင်း သိထားမှအားထုတ်ရတာ အဆင်ပြေမယ်။ စိတ်ရှိကြောင်း ဘယ်လိုလုပ်ပြီးသိလဲ?? စဉ်းစားတာ၊ ခံစားတာ၊ စားချင်တာ၊ အာရုံစိုက်တာတွေအရ စိတ်ရှိကြောင်းသိလို့ ရတယ်။

စိတ်ကဘာလုပ်နေလို့ သိလဲ ???
သတိရှိနေလို့ သတိထားလို့ သိတာ။ ဒီစိတ်နဲ့ ပဲ အာရုံပြုရတယ်။ ကိုယ်ကအာရုံပြုနေမှန်းသိရင် စိတ်ကိုသိနေတာပဲ။
သိတတ်တဲ့သဘော၊ ညွတ်တတ်တဲ့သဘော၊ ကြံစည်တွေးတောတတ်တဲ့သဘောကို စိတ် လို့  ခေါ်တာ။ စိတ်ကိုမြင်ဖို့ သိပ်မခက်ပါဘူး။ လူတိုင်းသိတော့သိပါတယ်၊ ဒါပေမယ့် အာရုံအဖြစ် သိလို့ မရတာဟာ အလေ့အကျင့်နည်းသေးလို့ ပါ။

တရားအားထုတ်တဲ့နေရာမှာ အာရုံပိုင်း နဲ့  စိတ်ပိုင်း နှစ်မျိုးရှိတယ်။ အာရုံကအဓိကမကျဘူး၊ စိတ်ကအဓိကကျတယ်။ အာရုံတွေက သူ့ သဘာဝအတိုင်းဖြစ်နေပြီးသား။ စိတ်က သတိရှိမှ သိတာပါ။ အာရုံတွေကိုပွားစရာမလိုဘူး၊ စိတ်ဘက်က သတိ၊ သမာဓိ၊ ဉာာဏ်တွေကို ပွားများ ရမှာ။ ဒီတော့ အာရုံထက်ပွားများတဲ့စိတ်ဘက်ကအရေးကြီးတယ်။ ထိုင်ပြီးတစ်ခုခုကိုအာရုံစိုက် နေတာ၊ သတိထားနေတာကို တရားအားထုတ်နေတယ်လို့ ပြောလို့ မရသေးဘူးနော်။ အာရုံ စိုက်တယ်လို့ ပဲခေါ်နိုင်တယ်။ အားထုတ်တဲ့စိတ်၊ သတိထားတဲ့စိတ်၊ အလုပ်လုပ်တဲ့စိတ်က တရားသဖြင့်ဖြစ်ဖို့ လည်း လိုသေးတယ်။ ကုသိုလ်စိတ်ဖြစ်ဖို့ လည်း လိုသေးတယ်။

တရားစိတ်( ကုသိုလ်စိတ်) နဲ့ အားထုတ်မှ တရားအားထုတ်တဲ့အဆင့်ရောက်မှာပါ။ တရားအားထုတ်ပုံ ၂မျိုးရှိတယ်။
၁။ စိတ်ငြိမ်အောင်အားထုတ်တာ
၂။ စိတ်မှာအမှန်အတိုင်းသိတဲ့ဉာာဏ် ပညာပေါ်ဖို့ အားထုတ်တာရယ်
ပန်းတိုင်ချင်းမတူတဲ့အတွက် အယူအဆချင်း၊ အားထုတ်ပုံချင်း တူမှာမဟုတ်ဘူး။
ပြောတော့.. အမှန်အတိုင်းသိအောင်အားထုတ်ချင်တယ်။
ငြိမ်အောင်လုပ်နေရင်တော့ငြိမ်မယ် သဘောပေါက်မှာမဟုတ်ဘူး။ ငြိမ်ဖို့ ကြိုးစားတဲ့သူဟာ အာရုံကိုဂရုစိုက်ရတယ်။ ဉာဏ်ဖြစ်ဖို့ ကြိုးစားတဲ့သူဟာ အလုပ်လုပ်တဲ့စိတ် (အားထုတ်တဲ့ စိတ်) ကိုဂရုစိုက်ရတယ်။

ဗဟုသုတဉာဏ်ရှိတဲ့သူဟာ အာရုံတွေကိုအကြောင်းပြုပြီး သတိ၊ သမာဓိ၊ ဉာဏ်ဖြစ်စေတယ်။
ဉာဏ်အားနည်းတဲ့သူတွေကျတော့ အာရုံကိုအကြောင်းပြုပြီး လောဘ၊ ဒေါသ၊ မောဟဖြစ်စေ တယ်။ နှာခေါင်းဝက ၀င်လေထွက်လေအာရုံနဲ့ ဗိုက်ကဖောင်းတာပိန်တာအာရုံမှာ ဘယ်အာရုံ ပိုကောင်းသလဲ။ ဘယ်အာရုံမှပိုမကောင်းဘူး။ အာရုံဟာအာရုံပဲ၊ တူတူပဲ။ ပိုကောင်းတယ်လို့  ယူဆရင်စွဲလန်းသွားမယ်။ ဒီအာရုံမရှိရင် မရရင်မလုပ်တတ်တော့ဘူး။ အားမထုတ်တတ်တော့ ဘူး။

တရားရအောင်လုပ်မှာလား???
တရားအားထုတ်တတ်အောင်လုပ်မှာလား???
ရဖို့ မစဉ်းစားပါနဲ့ ။ ကိုယ်လုပ်တဲ့အလုပ်ကိုယုံရမယ်။
ရုပ်နဲ့ စိတ် ဘယ်ဟာက အားထုတ်နေလဲ???
စိတ်ကအားထုတ်နေတာပါ။ အဲဒီစိတ်ကိုမှမသိဘူး၊ စိတ်ကဘာစဉ်းစားနေမှန်းမသိဘူး၊ ဘယ်လိုအတွေးအခေါ်၊ ဘယ်လိုအယူအဆ၊ ဘယ်လိုသဘောထားရှိမှန်းလည်းမသိဘူး။ ဒါဆိုရင် အားထုတ်မှုကိုကျွမ်းကျင်မလား။ စိတ်ကဘယ်လိုလုပ်နေလို့ ဘယ်လိုဖြစ်တယ်သိမှ အကြောင်းအကျိုးနားလည်မယ်။
အာရုံပဲမဲရှုရမှာလား။ စိတ်နဲ့ တွဲရှုရမှာလား။
စိတ်နဲ့ တွဲရှုရမှာ။ အာရုံကိုစိတ်နဲ့ သတိထား။

တရားအားထုတ်တာ စိတ်အလုပ်လို့ ပြောထားတယ်။ စိတ်က သတိရှိရမယ်၊ နိုးကြားရမယ်၊ စိတ်ဝင်စားရမယ်၊ လေ့လာနေရမယ်။ စိတ်ဆိုတာ သဘာဝတရားတစ်ခုပဲ လို့ ဆရာတော် ဟောကြားထားတာလေးကို အတိုချုပ်အနေနဲ့ တဆင့်ပြန်လည်ရေးသားလိုက်ပါတယ်။

တရားအားထုတ်သူနဲ့ တရားအားမထုတ်သူ ဘာကွာသလဲ???
တရားအားထုတ်တတ်တဲ့သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ၊ သမာဓိ၊ ဉာဏ်ဖြစ် အောင် အမြတ်ထုတ်နိုင်တယ်။
တရားအားမထုတ်တဲ့သူကျတော့ ကြုံရတဲ့အာရုံတွေကြောင့် လောဘ၊ ဒေါသ၊ မောဟဖြစ်ပြီး အရှုံးပေါ်နေတယ်။

သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ စိတ်တွေကတော့ သူ့ အလုပ်သူလုပ်နေမှာပဲ။
မသိရင် ကိလေသာ ခိုင်းတာလုပ်မယ်။
သိရင် ဉာဏ်ခိုင်းတာလုပ်လိမ့်မယ်။

တန်ဆောင်မုန်းလပြည့်နေ့ အတွက် ကျွန်မရတဲ့ ဓမ္မလက်ဆောင်ကိုပြန်လည်မျှဝေခြင်းပါ။ ပိုစ့်ခေါင်းစဉ်ကိုတော့ အနည်းငယ်လွှဲထားမိပါတယ်။

7 ယောက်ဆွေးနွေးချက်:

တောသားလေး said...

အစ်မရေ အနှစ်တွေချည်းဘဲဗျာ။ကောင်းတယ်။
သာဓု၊သာဓု၊သာဓု။

မောင်ကောင်း said...

အစ်မရေ.. စာအုပ်လေးကရှိပြီးသားမလို့ ဒေါင်းလုပ်မသွားတော့ဘူး...။ တရားအားထုတ်မယ်ဆိုတဲ့သူတွေ အရင်ဆုံးသိသင့်တဲ့ စာအုပ်လေးပါပဲအစ်မ... သာဓုခေါ်ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ..။

neking said...

သာဓုခေါ်သွားပါတယ်အမရေ...
မသိတာတွေတော်တော်များများသိသွားတယ်...

မိုးစက်အိမ် said...

တရားအားထုတ်တဲ့နေရာမှာ အာရုံပိုင်း နဲ့  စိတ်ပိုင်း နှစ်မျိုးရှိတယ် အဲဒီမှာ အာရုံက အရေးမကြီးဘူး စိတ်က
အရေးကြီးတယ်ဆိုတာ ခုမှသိတယ်အမရေ ကျေးဇူး . . .

kiki said...

ကောင်းမွန်တဲ့တိုက်တွန်းမှုလေးပါ ။ သာဓုပါတော်။ သာဓု ၊သာဓု ၊သာဓု ၊
လုပ်မယ် လုပ်မယ်နဲ့ ခုထိသေချာ မလုပ်ဖြစ်သေးဘူး ။
အကြောင်းအမျိုးမျိုးပြပြီး အချိန်တွေဆွဲနေတာ လေ ။း(

(မသိရင် ကိလေသာ ခိုင်းတာလုပ်မယ်။
သိရင် ဉာဏ်ခိုင်းတာလုပ်လိမ့်မယ်။ ).....
ထုံးစံ အတိုင်း အရစ်ရှည်လိုက်ပါဦးမယ် ...
မသိ တသိ ဆိုရင်ရော .. .. ဘယ်သူခိုင်းတာ လုပ်မလည်း လို့  .. .. ..
စ၊တာ ။း)
စကားမစပ် .. ကျီးမနိုးပွဲ သတိထားအုံး ။ အိမ်ရှေ့ ဂိတ်ဝ မှာ ဘာဆိုင်းဘုတ်အချိတ်ခံနေရမလဲ လို့  ..း))

Unknown said...

Plz give me the download link for this book.Thanks.

Welcome said...

ကောင်းတယ်အစ်မ

မှတ်သားစရာလေးတွေအတွက် ကျေးဇူးပါ


ခင်မင်လျက်နဲ့