Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

အပြုံးတွေနဲ့ ဆုံတွေ့ကြမယ်..

10 ယောက်ဆွေးနွေးချက်


တစ်နဲ့တစ်ပေါင်းရင် နှစ်ရတာဟုတ်ပေမဲ့..
ရေစက်လေးတွေပေါင်းကြည့်တော့ရေတစ်စက်နဲ့ရေတစ်စက်ပေါင်းတဲ့ အခါမှာတော့..
နှစ်စက်မရဘူး။ ရေတစ်စက်ပဲရတယ်နော်။

အဲ့ဒီလိုပဲ အယူအဆတစ်ခုဟာရှေ့နောက်ဆီလျော်ညီညွတ်နေပေမဲ့ လက်တွေ့ဘ၀မှာ မမှန်နှိင်မဖြစ်နှိင်တာမျိုးရှိတတ်ပါတယ်။
တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။

မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို တစ်ခါမှ မတွေးခဲ့မိဘူး။
လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။
တစ်နေရာစီမှာရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ..ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?

ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်းအဲဒီနေရာကို ဖြတ်သွားတဲ့အချိန်ဖြစ်နေတယ်။
တောထဲမှာ မင်းသားလှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။
တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား?
အဲဒီတွေ့ဆုံခြင်းမှာ..နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။

တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် ....
တွေ့ဆုံခြင်း..ပါတဲ့

ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ..
ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေရှိခဲ့ကြတယ်ဆိုတာကိုအထိမ်းအမှတ် လုပ်ခဲ့ကြတယ်။
ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ..နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။

တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာလမ်းဖြတ်ကူးသလိုပဲ ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။
နှုတ်ဆက်ဖို့ဆိုတာဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ်။

တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်။
တစ်ခါလောက်ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။
ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊ အကြင်နာတွေ ပိုပါစေ။

ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။

အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊
အပြုံးတွေနဲ့ ခွဲခွါကြမယ်။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့....
fw mail ထဲကနေ ပြန်လည်မျှဝေခြင်းပါ...
မည်သူရေးသားသည် မသိပါကြောင်း..

လိုနေတာ

7 ယောက်ဆွေးနွေးချက်
တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာ ကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိကတွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးကပြန်ဖြေ ခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။
အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က _

“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ်မီးချောင်းတွေများ သုံးသလဲ” လို့ မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်းကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လဲပေးဖို့ပဲလိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥကပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင် ကိုတွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲ လိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေကသူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲမရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူကပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှု နည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာလွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

forward mail က ရတာပါ။ သဘောကျမိလို့ ပိုစ့်အဖြစ်တင်ထားခြင်းပါပဲ။ ဖတ်ပြီးကြမယ့်သူတွေလည်း ရှိပါလိမ့်မယ်။


ပန်းသီးစားရသော ကျွန်မရဲ့ညီမ

15 ယောက်ဆွေးနွေးချက်


ဟိုတလောလေးက သူငယ်ချင်းရဲ့သမီးလေး ဗိုက်အောင့်တယ်ဆိုပြီး ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံမှာ ဟိုစမ်းဒီစမ်းပေါ့ ဗိုက်အောင့်တယ်ဆိုတော့လည်း အစာအိမ်ဆိုပြီး သေချာအောင် စစ်ဆေးမှုတွေလုပ် ဆေးတွေတိုက်၊ လက်မှာ အနာစက်လေးတွေ ပေါ်လာပြန်တော့ သွေးစစ်လိုက်ရတာ DNA အဆင့်ထိပါပဲ။ ဘာမှမတွေ့ဘူးတဲ့။ အဲလိုနဲ့ ဆေးရုံတက်ရတာ သုခကမ္ဘာမှာ ၂ခေါက်တက်ရပါတယ်။ သက်သာလို့ အိမ်ပြန်ရောက်ပြီး ၃ရက်မပြည့်သေးဘူး နောက်တစ်ခါပြန်အောင့်လို့ ဆေးရုံထပ်ရောက်ပြန်ရော.. အာရှတော်ဝင်တဲ့။ ဆရာဝန်တွေ၊ သမားတော်ကြီးတွေလည်း တစ်ယောက်ပြီး တစ်ယောက်ဆိုသလိုပြတာပါပဲ။ နောက်ဆုံး အဖြေရှာရတာကတော့ သည်းခြေအိတ်မှာ ကျောက်တည်တာပါ။ သည်းခြေအိတ်ထဲမှာ gallstone ကျောက်တုံး လေးတွေရှိနေတာပါ။ အဲဒီတော့ ခွဲရပါမယ်တဲ့။ ခွဲရမယ်ဆိုတော့ ကာယကံရှင် ကလေးက လည်းကြောက် လူကြီးမိဘတွေကလည်း စိုးရိမ်လာကြတယ်။ ခွဲစိတ်တာနဲ့ ပတ်သတ်လို့ ယခင်ဖြစ်ခဲ့ဖူးတဲ့ ကိစ္စရပ်ကိုသိတော့ လန့်နေကြပြီပေါ့။ မခွဲရင်မရဘူးလား ဘာလား ဆရာဝန်ကိုမေးမြန်း အသိမိတ်ဆွေတွေကိုလည်း မေးမြန်းနဲ့၊ ကျွန်မတောင် အမဖြစ်သူ ဖွားကိကို လှမ်းမေးပေးလိုက်ရသေးတယ်။ ခွဲရတယ်ဆိုပေမယ့် စိုးရိမ်စရာမရှိပါဘူးတဲ့။ အပေါက်ကလေး သုံးပေါက်လောက်သာ ဖောက်ရုံခွဲစိတ်တာပါ ဆိုတာကြောင့် သူတို့လည်း စိတ်နည်းနည်းအေးသွားပြီး ခွဲစိတ်ခြင်းကို လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ သည်းခြေကကျောက်တွေ ထုတ်ယူပစ်လိုက်နိုင်ပါတယ်။ ပြောရရင် ခွဲစိတ်မှု အောင်မြင်တယ်ပေါ့။

တကယ်တော့ ခွဲစိတ်ကာ ကျောက်လေးများကိုထုတ်ယူတယ်ဆိုပေမယ့် မတော်တဆ ကျောက်တုံးလေးကပြုတ်ကျပြီး အသည်းထဲရောက်သွားလို့ အသည်းကင်ဆာနဲ့ သေဆုံး သွားရတဲ့ အဖွားတစ်ယောက်ရှိခဲ့ဖူးပါတယ်ဆိုတာ နောက်မှသိခဲ့ရတယ်။ သည်းခြေကျောက် ရှိခြင်းဟာလည်း ကင်ဆာဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဆေးပညာရပ်ကိုတော့ ကျွန်မလည်း သေချာသိတာမဟုတ်ပါဘူး။ ပြောချင်တာက ကျွန်မရဲ့ ညီမအကြောင်းပေါ့…။

ကျွန်မညီမလည်း ၄လပိုင်းကစပြီး ဗိုက်အောင့်ခြင်းဝေဒနာ ဖြစ်လာပါတယ်။ သူကတော့ အစာစားချိန်မမှန်တာကြောင့် (သူကိုယ်တိုင်ကအစ) အားလုံးလည်း အစာအိမ်ပဲလို့ ယူဆမိကြတယ်။ နောက်ပိုင်း ဗိုက်အောင့်တာက မသက်သာပဲ ခဏခဏဆက်ဖြစ်နေလို့ ဆရာဝန်က လိုအပ်တာများကို ထပ်မံစစ်ဆေးခိုင်းလာပါတယ်။ အောင့်တာကလည်း အစာအိမ်နားမဟုတ်ပဲ အသည်းနေရာဖြစ်နေတာကို သိရတာကြောင့်ပါ။ အဖြေထွက်လာတော့ အသည်းကဖြစ်တာပေါ့။ မသန့်ရှင်းတဲ့အစားအစာကြောင့်လို့ယူဆပါတယ်။ ၈လပိုင်းအထိ အောင့်တာမပျောက်သေးလို့ အယ်လ်ထရာဆောင်းနဲ့ ဓါတ်မှန်တို့ရိုက်ကြည့်တဲ့အခါ သည်းခြေ အိတ်မှာကျောက်တည်ခြင်း ဖြစ်နေပါတော့တယ်။ ဒါတောင်မှ အယ်လ်ထရာဆောင်းက ၂ခါထပ်ရိုက်ရတယ်။ ပထမရိုက်တာမှာ အယ်ထရာဆောင်းကမပေါ်ပဲ ဓါတ်မှန်မှာ gallstone ကပေါ်နေလို့ပါ။

ကျောက်ရှိတယ်ဆိုတာသိတော့ ညီမဖြစ်သူကလည်း မခွဲစိတ်ချင်ဘူး၊ ခွဲစိတ်ခံဖို့ အခြေအနေ ကလည်း သူ့မှာမရှိတော့ အခက်တွေ့လာရတယ်။ အဲ.ကံကောင်းချင်လို့ပဲဆိုရမလားမသိဘူး၊ သဘာဝနည်းနဲ့ သည်းခြေကျောက်ကိုဖယ်ရှားနည်း ဆိုတာလေးကိုသိခဲ့ရတယ်.။ လက်တွေ့ ပျောက်ကင်းသွားတဲ့ လူတစ်ယောက်ဆီကပေါ့။ သူကလည်း 0nline ထဲကနေ Dr Lai Chiu Nan ဆီကနေသိရတာပါတဲ့။ အခုအခါမှာ သူက အဲဒီနည်းနဲ့ စနစ်တကျနေထိုင်လိုက်တာ လူကောင်းပကတိဖြစ်သွားတာကြောင့် အဲဒီနည်းလေးကို ပြန်လည်ဖြန့်ဝေပေးနေပါတယ်။ စာစောင်တွေမှာရေးသားပြီးဖြန့်ဝေခဲ့တာကြောင့် အခုဆို သူ့ဆီရောက်လာကြတဲ့ သည်းခြေ ကျောက်တည်သူတွေ အများကြီးပဲလို့ဆိုပါတယ်။ ဆင်းရဲချို့တဲ့တဲ့သူများကိုလည်း သူက အဲဒီနည်းပေးရုံမက နည်းထဲက အတိုင်းဆောင်ရွက်ဖို့ ငွေကြေးပါအကုန်အကျခံပြီး ကုသိုလ် ပြုပါတယ်။ ဒီလိုသိရတော့ သူ့လုပ်ဆောင်မှု ကိုသာဓုခေါ်မိပါသေးတယ်။ ကျွန်မလည်း ကျွန်မ ရဲ့ ညီမအကြောင်းရေးရင်းနဲ့ မျှဝေခြင်းပေါ့..။

နည်းလမ်းလေးကတော့ ခွဲစိတ်ဖို့ထက်လုပ်ဆောင်နိုင်ကြမယ့်နည်းလို့ ထင်ပါတယ်။ မြန်မာ ဆေးသောက်ရခြင်းလို အ၀င်ဆိုးမှာလည်းမဟုတ်ပါဘူး။ ဒီနည်းကို စနစ်တကျစားသောက်နေ ထိုင်ခြင်းဖြင့်ကုသနည်းလို့ဆိုထားပါတယ်။

ပထမအချက်ကတော့ - ပထမ ငါးရက်မှာ နေ့စဉ်နေ့တိုင်း ပန်းသီး၅လုံးစားရမှာဖြစ်ပါတယ်။ ပန်းသီးဖျော်ရည် ၄ခွက်သောက်ရင်လည်းဖြစ်ပါတယ်တဲ့။ ဒါပေမယ့်လုပ်ဆောင်ခဲ့သူကတော့ ပန်းသီး၅လုံးသာ စားခဲ့တာပါ။ ဒါကြောင့် ကျွန်မညီမလည်း ပန်းသီး၅လုံးလိုက်စားခဲ့ပါတယ်။ ငါးရက်မှာ တစ်နေ့ပန်းသီး၅လုံးဆိုတော့ အားလုံးပန်းသီးပေါင်း ၂၅လုံးပေါ့..။ ဒါနဲ့ သူလည်း ပန်းသီးကို ဈေးသက်သာအောင် ကီလီဈေးကနေ ပုံးလိုက်သွားဝယ်ပါသတဲ့..(သူက အဲသလို) ဈေးပေါပေါကိုလိုက်လို့ ခရီးစရိတ်ကို ဘယ်တော့မှ ထည့်မတွက်ဘူးလေ။း))

သူငယ်ငယ်ကတည်းက ပန်းသီးကြိုက်ပါတယ်. အမေကဆို ခဏခဏ ပြောဖူးတယ် သူ့ကိုဗိုက်ကြီးတော့ ငါချဉ်ချင်းတပ်တာ ပန်းသီးတဲ့.. အဲဒီတုန်းက အဖေက ၀န်ထမ်းဘ၀နဲ့ ကိုးရီးယား ဟောင်ကောင်နဲ့ တရုတ်ပြည်အချို့ကိုသွားနေရတယ်.. ကိုးရီးယားကနေ အဖေ ပြန်လာလာချင်းပဲ အမေက သူမှာလိုက်တဲ့ ပန်းသီးကိုလေယဉ်ကွင်းမှာပဲ ထုတ်ယူစားလိုက် ပါတယ်တဲ့။ ဒါနဲ့ သူ့ကို ပန်းသီးကနေပါလာတာဆိုပြီး အမေကပြောလေ့ရှိပါတယ်။

ပထမနေ့တစ်ရက်မှာတင် ကျွန်မညီမက ပန်းသီးအလုံးကြီးကြီးကို တဂွပ်ဂွပ်နဲ့ကိုက်စားပါတော့ တယ်။ သူက ပါးစပ်ပေါက်ကလည်း ကျယ်ကျယ်ဆိုတော့ ကျွန်မတို့စားသလို ပန်းသီးကို ဓါးနဲ့ မစိတ်တော့ပဲ အလုံးလိုက်ကိုက်စားပါတယ်။ သူဝယ်လာတဲ့ ပန်းသီးတွေကလည်း အလုံး ခပ်ကြီးကြီးတွေပေါ့ ။ လူများ လောဘကိုကြီးကြတယ်နော်..း)))

ပထမတရက်ပြီးတော့ နောက်နေ့ ဒုတိယနေ့မနက် သူနိုးလာတော့ ညက ပါးစပ်တွေပေါက်လို့ တဲ့.၊ ပန်းသီး အစီးလောင်တာထင်တယ်။ သူ့အဖြစ်ကတော့ ရယ်ရအခက် ငိုရအခက်ပါပဲ .. ဒါကြောင့် နောက်နေ့မှာ ပန်းသီးကို ၀ါးရသက်သာအောင် စက်နဲ့ကြိတ်ကြပါတယ်။ ကြိတ်ထား တဲ့ပန်းသီးပုံစံကိုတော့ မြင်မိကြမယ်ထင်ပါတယ်. ကြိတ်လိုက်တဲ့အခါ ပန်းသီးကညက်ပြီး အရောင်ကမဲသွားတာကြောင့်၊ အဲဒါကို သူကမစားချင်တော့ဘူးဖြစ်သွားတာနဲ့ တ၀က်စာ လောက်သာကြိတ်ပြီး ဆက်မကြိတ်ဖြစ်ပြန်ဘူး။ ဒါနဲ့ပဲ နောက်ဆုံး အစိတ်ကလေးတွေစိတ်ပြီးပဲ ဆက်စားရပါတော့တယ်။ ဒီလိုနဲ့ ၅ရက်ပြည့်တဲ့အထိ ပန်းသီးကြိုက်တဲ့သူတောင် ပန်းသီးမစား ချင်တော့လောက်အောင်ဖြစ်သွားရတယ်။ မုန်းသွားလောက်အောင်မဖြစ်ပေမယ့် လောလော ဆယ်မှာပန်းသီးကိုမကြည့်ချင်တော့တာပေါ့…။ ဘာပဲဖြစ်ဖြစ်လေ အဓိကက သည်းခြေအိတ် ထဲက ကျောက်တုံးကျသွားဖို့ပဲမဟုတ်လား..။ ကျွန်မတို့ကလည်း အားပေးရတာပေါ့နော် ကြိုးစားထား၊ ကြိုးစားထား (ကျားယို၊ ကျားယို ) ဆိုပြီးတော့ မြန်မာလိုရော၊ တရုတ်လိုနဲ့ ကိုးရီးယားလိုပါ အားပေးကြတာပါ။း))

အဲ.. ဒုတိယအချက်အနေနဲ့ ၆ရက်မြောက်နေ့မှာ ညစာမစားပဲနေရပါမယ်။

တတိယအချက်က အဲဒီနေ့ည ၆နာရီမှာပဲ ဆားခါး ( Epsom salt) တစ်ဇွန်းကို ရေနွေးနွေး တစ်ဖန်ခွက်နဲ့ သောက်ရပါမယ်။

စတုတ္ထအချက် ည၈နာရီမှာ တတိယအချက်အတိုင်း ဆားခါးတစ်ဇွန်းထပ်သောက်ရပါမယ်။
ဆားခါးက သည်းခြေအိတ်ပြွန်များကို ပွင့်စေတယ်လို့ ဆိုပါတယ်။

ပဉ္စမအချက်ကတော့ ည၁၀နာရီမှာ သံလွင်ဆီ (သို့) နှမ်းဆီ လ္ဘရည်ပန်းကန်လုံးတ၀က်ကို လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံးတ၀က်နဲ့ သောက်ရပါမယ်။ အဲဒီ ၂မျိုးကိုသမအောင် ရောမွှေပြီးမှ သောက်ရတာပါ။
ဆီကတော့ သည်းခြေကျောက်တွေကို ချောမွေ့စွာထွက်နိုင်တယ်လို့ဆိုတာကြောင့်ပါ။
ပန်းကန်တလုံးစာ=၂၅၀မီလီ လီတာ
သံပုရာသီးက ပန်းကန်လုံးတ၀က်စာ= ၁၀လုံးခန့် ပါ။

ရောဂါရလာတော့လည်း လူ့သဘာဝအရ ပျောက်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် အထက်က နည်းအတိုင်း ဆေးသောက်ရမှာပျင်းသော၊ ဘယ်သူပြောပြော လုပ်လေ့လုပ်ထမရှိသော ကျွန်မရဲ့ညီမတစ်ယောက်လည်း အဲဒီနည်းကိုတော့ ကြိုးစားပမ်းစားလုပ်ပါတယ်။ ပန်းသီး စားတာ ၅ရက်မြောက်ပြီးဆုံးသွားတော့ သူ့အစားကျွန်မတို့တောင် ပျော်မိသလိုပါပဲ၊ ကျောက်ကျဖို့တော့ စိတ်ပူနေတုန်းပေါ့လေ။ ဖြစ်ချင်တော့ ၅ရက်မြောက်နေ့က အိမ်မှာ နို့ခေါက်ဆွဲ ချက်စားကြတယ်။ အသိမိတ်ဆွေတွေလည်း လာမယ်ဆိုတာကြောင့် အမေက ချက်ကျွေးတာပါ။ အစားကြီးသူ ညီမကတော့ နို့ခေါက်ဆွဲတွေလည်းစားပါတယ်။ အစား ရှောင်စရာမလိုဘူး ဆိုတာကြောင့်လို့ပြောတယ်။ ကျွန်မက ဒါကတော့ ဗိုက်နာလိမ့်မယ်မစားနဲ့၊ ဟိုအစာကတော့ နည်းနည်းမာလို့ ဗိုက်အောင့်လိမ့်မယ်ဆိုပြီး လိုက်ပြောနေမိတာ ပြိတ္တာ ဖြစ်မလားပဲ။ သူက အစားမရှောင်တဲ့အပြင် ကြိုက်လို့ဆိုပြီး နို့ခေါက်ဆွဲကို ၃ကြိမ်စားပါတယ်။ ဒါနဲ့ အဲဒီနေ့ညမှာတင် ၀မ်းသွားပါလေရော..။

တစ်ချိန်လုံးဝမ်းပိတ်နေခဲ့သူက အဲဒီနေ့ဝမ်းသွားပြီး (နောက်ဆုံးနေ့) ၆ရက်မြောက်နေ့မှာတော့ ဆားခါးသောက်တာတောင် ၀မ်းမသွားတော့လို့ နောက်တစ်ကြိမ် ရယ်ရအခက်ငိုရအခက် ဖြစ်ရပြန်တယ်။ ၀မ်းသွားတဲ့နေ့ကလည်း ကျောက်လားဘာလားတော့မသိ ကျောက်တုံးလေး တွေလိုတော့မြင်တာပဲတဲ့။ အစိမ်းရင့်ရင့်ရောင်မျိုးလို့လည်း ထင်ပါတယ်တဲ့။ ကဲ..ဘယ်လို ပြောရမယ်တောင်မသိဘူး။ သေချာလား မသေချာလားဆိုတာ..

Dr. Chiu Nan ပြောတာကတော့ ၆ရက်မြောက်နေ့မှာ ညဖက်ဝမ်းသွားတဲ့အခါ ၀မ်းထဲကနေ အစိမ်းရောင်ကျောက်တုံးလေးများ တွေ့ရမယ်လို့ဆိုထားပါတယ်။ အဲဒီနည်းနဲ့ သည်းခြေအိတ် အတွင်းမှာရှိတဲ့ ကျောက်တုံး gallstone များကို ကျစေတာပါပဲ။ သေချာအောင် နောက်ပိုင်း ဓါတ်မှန်ထပ်ရိုက်ကြည့်လို့ရပါတယ်။ ကျွန်မညီမလည်း ဓါတ်မှန်ထပ်ရိုက်ရမှာတော့ သေချာ ပါတယ်။

အဲဒီနည်းကိုလုပ်ဆောင်လို့ လက်တွေ့ပျောက်ကင်းခဲ့တဲ့သူက ဒီနည်းလေးကိုမျှဝေပေးဖို့ ပြော လာပါတယ်။ http://www.kiki-idiotlove.com/ အဲဒီဆိုက်မှာတော့ ဆေးပညာနဲ့ပတ်သတ်လို့ အသေအချာ ရှင်းပြထားပါလိမ့်မယ်။

စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့အချင်းအရာလက္ခဏာ

13 ယောက်ဆွေးနွေးချက်
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-

Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်တယ်။ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။

ဆရာလေးပို့ပေးသောမေလ်းမှ ကူးယူ မျှဝေပါသည်။

အနေတတ်ဖို့

15 ယောက်ဆွေးနွေးချက်
Birds Pictures, Images and Photos
သူကမုန်းလည်း...
အမုန်းမဖက် မေတ္တာလက်နှင့်
ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။

သူကငြိုငြင်...
အပြစ်တင်လည်း ချစ်ခင်ရိုးသား
မြတ်စိတ်ထား၍ စကားချိုမြ
နှုတ်စကားလှကို ဖွဖွဆိုပါ။

သူကရန်ရှာ...
ပြုမူပါလည်း ညင်သာသက်သက်
ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ
အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။

မေတ္တာ, သစ္စာ...
အနစ်နာနှင့် ဘယ်ခါမဟူ
စိတ်ထားဖြူစွာ နေတတ်ပါမှ
သင်၏ဘ၀ အေးချမ်းရလိမ့်။

ကောင်းတဲ့ အရာတွေကို ရှာဖွေပါ

5 ယောက်ဆွေးနွေးချက်
Searching Pictures, Images and Photos
ခင်ဗျားသိတဲ့ အပျော်ရွှင်ဆုံးလူတွေကို တစ်ချက်ကြည့်လိုက်ပါ။ ပြီးတော့ ခင်ဗျား တစ်ခုခု သတိထားမိလိမ့်မယ်။ သူတို့မှာ အလွယ်ကူဆုံးဆိုတဲ့ဘ၀တွေ မရှိကြပါဘူး။ ပျော်ရွှင်တဲ့လူတွေဟာ အခြားလူအများစုထက် ပိုပြီးတော့ ဒုက္ခခံရ ၊ ပိုပြီးတော့ ရုန်းကန်ရလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ သူတို့ဟာ ဘ၀ရဲ့ကောင်းတဲ့အရာတွေကိုပဲ ရှာဖွေကြတယ်။ ပြီးတော့ ခင်ဗျား ဒါကိုသတိပြုမိလိမ့်မယ်။ ကျနော်တို့ဟာ အခြေအနေတွေထဲမှာ ၊ ဒါမှမဟုတ် လူတွေထဲမှာ ကောင်းတဲ့အရာတွေကို ရှာဖွေမယ်ဆိုရင် ကောင်းတဲ့အရာတွေကို တွေ့တာပဲ။ဆိုးတဲ့အရာတွေကို ရှာဖွေရင်တော့ ဆိုးတဲ့အရာ တွေပဲတွေ့တာပါ။ ဒါကြောင့် ခင်ဗျားပျော်ရွှင်ဖို့အတွက် ခင်ဗျားရဲ့အခြေအနေကို ပြောင်းလဲဖို့မလိုပါဘူး။ တကယ်လိုတာ ခင်ဗျားရဲ့ အတွေးတွေကို ပြောင်းပစ်ဖို့ပါပဲ !ခင်ဗျားက ခင်ဗျားရဲ့ အလုပ် ၊ ဒါမှမဟုတ် ခင်ဗျားရဲ့အမေ ၊ ဒါမှမဟုတ် ခင်ဗျားရဲ့မိန်းမဆီမှာ ချို့ယွင်းချက်တွေကို လိုက်ရှာမယ်ဆိုရင် အများကြီးတွေ့ရလိမ့်မယ်။တစ်ချို့လူတွေက ချို့ယွင်းချက် တွေရှာရင်းနဲ့ပဲ ဘ၀ကိုကုန်လွန် စေကြတယ်။ ပြီးတော့ သူတို့က ခင်ဗျားကို ဒီလိုပြောလိမ့်ဦးမယ်။
"ကျုပ်က တကယ့်အရှိသမားဗျ" တကယ်တော့ ဒါဟာအရှိတရားမဟုတ်ပါဘူး။ အဲဒါဟာ အဆိုးမြင်ဝါဒပါပဲ။ ပျော်ရွှင်တဲ့လူတွေက သူတို့ကိုသူတို့ ဒီလိုအမြဲမေးလေ့ရှိတယ်။ “ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကောင်းတဲ့ဟာ ဘာရှိသလဲ”

ဥပမာ ဆိုကြပါစို့.. ခင်ဗျားက သွားရင်းလာရင်း ယာဉ်ကြောပိတ်ဆို့မှုနဲ့ကြုံနေရတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဒီလိုမေးကြည့်လိုက်ပါ။

* ခင်ဗျားကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ချိန်ရတယ်။
* ခင်ဗျားရဲ့ တစ်နေ့တာကို အစီအစဉ်ဆွဲနိုင်တယ်။
* ပြီးတော့ ဒါက လမ်းလျှောက်နေရတာထက်စာရင် ပိုကောင်းတယ်လေ။


ဥပမာ။ ။ ခင်ဗျားက ပိုက်ဆံပြတ်နေတယ်။ ဒါဆို ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်လိုက် ၊
“ ပိုက်ဆံမရှိတာ ဘာကောင်းသလဲ ”

* ခင်ဗျားဟာ ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေကို တန်ဖိုးထားတတ်လာမယ်။
* ပိုပြီး အောင်မြင်အောင် လုပ်မယ်လို့ ဆုံးဖြတ်မိလိမ့်မယ်။
* ပြီးတော့ ခင်ဗျားရဲ့မိတ်ဆွေ အစစ်အမှန်က ဘယ်သူတွေလဲဆိုတာ သိလာရလိမ့်မယ်။


ခင်ဗျားကတော့ ဒီလိုပြောချင်ပြောမှာပေါ့ ။
“ ဒါဟာ ရူးတာပဲ ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာနဲ့ အတူတူပဲ ”
အမှန်က ဒီလိုမဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေကိုရှာဖွေတတ်ခြင်းဟာ ပျော်ရွှင်မှုရဲ့ သော့ချက်ပါပဲ။

ဒါဆို ခင်ဗျားရဲ့ နောက်၂၄ နာရီအတွက် တာဝန်ကဘာလဲ ?
အခြေအနေတိုင်းမှာ ကောင်းတဲ့အရာတွေကို ရှာဖွေကြည့်ဖို့ပဲပေါ့ ။ ဒီအလေ့အကျင့်က အစပိုင်း မှာတော့ ခက်ခဲ ချင် ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့အလိုလိုအော်တို ဖြစ်လာပါလိမ့်မယ်။ “ကောင်းတဲ့အရာတွေကို ရှာဖွေတတ်ခြင်း ” ဆိုတဲ့ အလေ့အကျင့်ရှိလာပြီ ဆိုရင်တော့ ခင်ဗျားဟာ ပိုပြီး ပိုပြီး ပျော်ရွှင်လာပါလိမ့်မယ်။

[ မူရင်း ။ ။ 7 Days To Greater Happiness email course! by Andrew Matthews ]

forward mail မှရရှိပြီး

hlyanhtetoo.mylovecafe.com မှကူးယူဖော်ပြပါသည်။




သဲပြင် နှင့်ကျောက်တုံး

18 ယောက်ဆွေးနွေးချက်
တစ်နေ့သောအခါ လူငယ်လေး သူငယ်ချင်း နှစ်ယောက် ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး လမ်းလျှောက် ခရီး ထွက်လာကြတယ်။ ခရီးတစ်နေရာအရောက်မှာ သူတို့နှစ်ယောက်ဟာ စကားများပြီး ရန်ထဖြစ်ကြတော့တယ်။ အဲဒီလိုဖြစ်ကြတဲ့အခါမှာ သူငယ်ချင်းတစ်ယောက်က နောက် တစ်ယောက်ရဲ့ ပါးကို ထထိုးလိုက်တယ်။ အထိုးခံရတဲ့ လူငယ်လေးဟာ တော်တော် လေး နာသွားပြီး ဘာစကားမှပြန်မပြောပဲ သူဟာ သဲပြင်ပေါ်မှာ ဒီလိုရေးချလိုက်တယ်။ "ယနေ့ .. ငါ့အခင်ဆုံး သူငယ်ချင်း င့ါကိုထိုး၏။ "

အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရမှာရှိတဲ့ စိမ်းလန်းစိုပြေပြီး မြေသြဇာကောင်းတဲ့ နေရာ ကို ရောက်တဲ့အထိ ဆက်လျှောက်လာကြပြီး၊ အဲဒီမှာ ခြေ၊ လက်သန့်စင်ကာ တစ်ထောက်နားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီမှာ အထိုးခံရတဲ့ လူငယ်လေးဟာ အခန့်မသင့်ပဲ နွံနှစ်ပြီး၊ နွံထဲက ရုန်းမထွက်နိုင်ဘဲ သေလုမြောပါးဖြစ်နေခဲ့တယ်။ ထိုးလိုက်တဲ့ သူငယ်ချင်းက မြင်တော့ သေမယ့် ဘေး က ကယ်လိုက်ပါတယ်။ သေဘေးကလွတ်လာပြီး ပုံမှန်အနေအထားကိုရောက်လာတဲ့ အခါမှာ၊ သူဟာ ကျောက်တုံးကြီးတစ်ခုပေါ်မှာ နောက်တစ်ဖန်စာရေးလိုက်ပြန်တယ်။ “ယနေ့ငါ့အခင်ဆုံး သူငယ်ချင်း ငါ့အသက်ကို ကယ်ခဲ့၏။”

ဒီလက်နဲ့ ထိုးလည်းထိုး၊ ကယ်လဲကယ်ခဲ့တဲ့ သူငယ်ချင်း က သူငယ်ချင်းရဲ့ လုပ်ရပ်ကို နားမလည်နိုင်ပဲ မေးလိုက်ပါတယ်။" ငါ မင်းကို နာကျင်အောင်လုပ်တဲ့ အခါတုန်းက မင်းဟာ သဲပြင်ပေါ်မှာရေးခဲ့တယ်။ အခုလည်း ကျောက်တုန်းပေါ်မှာရေးပြန်ပြီ၊ ဒါဟာ ဘာကြောင့်လဲ။ "

သူ့ သူငယ်ချင်းက သူ့ကို ဒီလို ပြန်ဖြေခဲ့တယ်။ " သူငယ်ချင်း ရေ...တစ်စုံတစ်ယောက်က မင်း ကို နာကျင်အောင် ပြုလုပ်တဲ့အခါမှာ၊ မင်းရဲ့တုန့်ပြန်မှုတွေက ခွင့်လွှတ်ခြင်းတွေပါတဲ့ လေရဲ့ပယ်ဖျက် ခြင်းကိုခံရမယ့် သဲပြင်ပေါ်မှာရေးထားတဲ့ စာသားတွေလို မင်းလည်းပဲ သူတို့ မကောင်းတာတွေကို လေတွေလို အလွယ်တကူ ပယ်ဖျက်သင့်တယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က မင်းကို ကောင်းတာ တွေလုပ်ပေးတဲ့အခါမှာတော့ လေတွေ အလွယ်တကူမဖျက်နိုင်တဲ့ ကျောက်တုံးပေါ်မှာ မှတ်တမ်းတင် ရေးသားထားသင့်တယ်။"

အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ နာကျင်မှု့တွေနဲ့ နာကျည်းမှုတွေကို သဲပေါ်မှာ ရေးထားတဲ့စာတွေလို အလွယ်တကူ ပယ်ဖျက်နိုင်ဖို့ ကြိုးစားသင့်သလို ကျွန်တော်တို့အတွက် ကောင်းကျိုးဖြစ်စေမယ့် အရာတွေကိုတော့ ကျောက်တုံးတွေ ပေါ်မှာ မှတ်တမ်းတင်ကြရအောင်လားဗျာ။

(ဒီအကြောင်းလေးကို တော်တော်များများ သိကြ၊ ဖတ်ဖူးကြမယ်လို့ထင်ပါတယ်။ မေလ်းထဲကရတဲ့ အနှစ်သာရရှိတဲ့အကြောင်းလေးမို့ ပြန်လည်ဝေမျှခြင်း သက်သက်သာဖြစ်ပါတယ်။ ကျွန်မတို့ လည်းပဲ ဒီလိုကျင့် နိုင်ကြဖို့ အတော်လေးကြိုးစားကြရအုံးမလားပဲ။ ဒေါသဖြစ်ရင် ဒေါသအလျှောက် အမှားတွေ မပြုကြပဲနဲ့ အသိ ညာဏ်လေးနဲ့ သုံးသပ်တတ်အောင်၊ ကျေးဇူး ရှိရင်လည်း အဲဒီကျေးဇူးတွေကို တန်ဖိုး ထားတတ်အောင်ပါ။)

မှတ်ချက်။ ။ စာရေးသူအမည်နာမကိုတော့သေချာမသိတာကြောင့် အကယ်၍ရေးသားသူကို သိပါက ပြောကြားပေးနိုင်ပါတယ်။ နိုင်းနိုင်းစနေကလည်း သည်အကြောင်းလေးကိုရေးထားဖူး တာသိရပါတယ်။

http://www.nineninesanay.net/2007/12/blog-post_8772.html မှာဖတ်နိုင်ပါတယ်။

သဘောထားမှန်ဖို့ တရားအားထုတ်ပါ

7 ယောက်ဆွေးနွေးချက်



ဒီနေ့ ပဲ အစ်မ၀မ်းကွဲတစ်ယောက်ဆီကနေ ဓမ္မလက်ဆောင်အနေနဲ့ အရှင်တေဇနိယ(ရွှေဥမင်) ဆရာတော်ရဲ့  သဘောထားမှန်မှအားထုတ်ပါ စာအုပ်ကိုလက်ခံရရှိလိုက်ပါတယ်။ လွန်ခဲ့သော နှစ် တစ်နှစ်က အစ်မနဲ့ အတူ ရွှေဥမင်ရိပ်သာမှာ တရားထိုင်ခဲ့ဖူးပေမယ့် ရွှေဥမင်ဆရာတော် ကြီးကိုတော့ဖူးမြှော်ခွင့်မရလိုက်တော့ပါဘူး။ သို့ ပေမယ့် ဆရာတော်ကြီးရဲ့ သြ၀ါဒများကို အလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။ ရိပ်သာရဲ့စည်းကမ်းရှိပုံ နဲ့  ယောဂီတို့ ကိုယ်တိုင်ယောဂီတို့  တာဝန်ကိုလုပ်ဆောင်ရပုံကလည်း လူတန်းစားအားလုံးတပြေးညီဖြစ်စေခဲ့ပါတယ်။

အခုလည်း ဒီစာအုပ်လေးကို အစ်မဖြစ်သူကပဲ ဓမ္မဒါနအဖြစ်ပေးခြင်းပါ။ စာအုပ်မှာတရား အားထုတ်ရခြင်း အကြောင်းများနဲ့ ပတ်သတ်လို့  ရှင်းရှင်းလင်းလင်းဖော်ပြရေးသားထား တာကြောင့် တရားအားမထုတ်ဖြစ်သေးတဲ့ သူတွေနဲ့  တရားအားထုတ်ချင်သူတွေနားလည် သဘောပေါက်စေဖို့ မျှဝေလိုစိတ် ဖြစ်ပေါ်လာပါတယ်။

အချို့ လူတော်တော်များများက တရားထိုင်တယ်ဆိုပေမယ့် အသေအချာသဘောမပေါက်တာ လေးတွေရှိနေတတ်ကြပါတယ်။ တစ်ချို့ ကလည်း ကိုယ်အားထုတ်တာလွဲမှားနေမလားဆိုပြီး တော့ပေါ့။ ဒါကြောင့် ဒီအကြောင်းအရာလေးကိုဖတ်ရရင်ဖြင့် ရှင်းလင်းစွာသိရှိ နားလည်လိမ့် မယ်လို့ ထင်မိပါတယ်။

တရားအားမထုတ်ခင် အရေးကြီးတဲ့အချက်အလက်တွေကိုအရင်သိထားဖို့ လိုပါတယ်။
တရားအားထုတ်တာဆိုတာဘာလဲ???
ဘယ်လိုအားထုတ်ရမလဲ???
ဘယ်လိုစိတ်ထား သဘောထားမျိုးနဲ့ အားထုတ်ရမလဲ???
ဘာရည်ရွယ်ချက်နဲ့ အားထုတ်တာလဲ???
ဒါတွေကိုယောဂီဘက်ကရှင်းရှင်းလင်းလင်း ရှိထား၊ သိထားဖို့ လိုပါတယ်။
တရားကိုရမ်းပြီးအားမထုတ်ရဘူး။ ဘာအလုပ်ပဲလုပ်လုပ် မလုပ်ခင်သဘောတရားရေးရာတွေ ကိုအရင်ရှင်းရှင်းလင်းလင်းသိထားရမယ်။ ဒါမှလုပ်ရတာအကျိုးရှိမယ်။

တရားအားထုတ်တယ်ဆိုတာကို ဥုးဇင်းသိသလိုပြောရရင် အခြေခံအားဖြင့် စိတ်တွေပြောင်းဖို့  ကြိုးစားတာ။ မကောင်းတဲ့စိတ်ကနေ ကောင်းတဲ့စိတ်တွေဖြစ်လာအောင်၊ အရည်အသွေးနိမ့်တဲ့ စိတ်ကနေ အရည်အသွေးမြင့်တဲ့စိတ်တွေဖြစ်လာအောင် မှန်တဲ့စိတ်၊ ကောင်းတဲ့စိတ်၊ တရား တဲ့စိတ် တွေကိုမွေးမြူတာ၊ ထုတ်သုံးတာ၊ ပွားများတာကိုတရားအားထုတ်တယ်လို့ ခေါ်တယ်။
ဒါကြောင့်တရားအားထုတ်တာဟာ စိတ်အလုပ်။ ရုပ်ရဲ့ အလုပ်၊ အာရုံရဲ့ အလုပ်မဟုတ်ဖူး။ အာရုံကတရားအားမထုတ်ဘူး။ စိတ်ကအားထုတ်နေတာ။

အာရုံဆိုတာဘာလဲ ??? ဘာအဓိပ္ပါယ်ရှိလဲ ???
ဟိုအာရုံကိုရှုတယ်၊ ဒီအာရုံကိုရှုတယ်လို့ လူတွေကပြောကြတယ်။
စိတ်နဲ့ တိုက်ရိုက်သိလို့ ရတဲ့အရာ၊ အသိခံရတဲ့သဘော၊ သိစရာကိုအာရုံလို့ ခေါ်တာ။
လူတစ်ယောက်မှာ အာရုံဘယ်နှစ်ပါးရှိလဲ၊ ခြောက်ပါးရှိတယ်။ တစ်ခုတည်းမဟုတ်ဘူး။ သိစရာအာရုံတွေအများကြီးရှိတယ်။ အာရုံတွေကိုစိတ်ကသိနေတာ။ ဒါကြောင့် စိတ် အကြောင်း သိထားမှအားထုတ်ရတာ အဆင်ပြေမယ်။ စိတ်ရှိကြောင်း ဘယ်လိုလုပ်ပြီးသိလဲ?? စဉ်းစားတာ၊ ခံစားတာ၊ စားချင်တာ၊ အာရုံစိုက်တာတွေအရ စိတ်ရှိကြောင်းသိလို့ ရတယ်။

စိတ်ကဘာလုပ်နေလို့ သိလဲ ???
သတိရှိနေလို့ သတိထားလို့ သိတာ။ ဒီစိတ်နဲ့ ပဲ အာရုံပြုရတယ်။ ကိုယ်ကအာရုံပြုနေမှန်းသိရင် စိတ်ကိုသိနေတာပဲ။
သိတတ်တဲ့သဘော၊ ညွတ်တတ်တဲ့သဘော၊ ကြံစည်တွေးတောတတ်တဲ့သဘောကို စိတ် လို့  ခေါ်တာ။ စိတ်ကိုမြင်ဖို့ သိပ်မခက်ပါဘူး။ လူတိုင်းသိတော့သိပါတယ်၊ ဒါပေမယ့် အာရုံအဖြစ် သိလို့ မရတာဟာ အလေ့အကျင့်နည်းသေးလို့ ပါ။

တရားအားထုတ်တဲ့နေရာမှာ အာရုံပိုင်း နဲ့  စိတ်ပိုင်း နှစ်မျိုးရှိတယ်။ အာရုံကအဓိကမကျဘူး၊ စိတ်ကအဓိကကျတယ်။ အာရုံတွေက သူ့ သဘာဝအတိုင်းဖြစ်နေပြီးသား။ စိတ်က သတိရှိမှ သိတာပါ။ အာရုံတွေကိုပွားစရာမလိုဘူး၊ စိတ်ဘက်က သတိ၊ သမာဓိ၊ ဉာာဏ်တွေကို ပွားများ ရမှာ။ ဒီတော့ အာရုံထက်ပွားများတဲ့စိတ်ဘက်ကအရေးကြီးတယ်။ ထိုင်ပြီးတစ်ခုခုကိုအာရုံစိုက် နေတာ၊ သတိထားနေတာကို တရားအားထုတ်နေတယ်လို့ ပြောလို့ မရသေးဘူးနော်။ အာရုံ စိုက်တယ်လို့ ပဲခေါ်နိုင်တယ်။ အားထုတ်တဲ့စိတ်၊ သတိထားတဲ့စိတ်၊ အလုပ်လုပ်တဲ့စိတ်က တရားသဖြင့်ဖြစ်ဖို့ လည်း လိုသေးတယ်။ ကုသိုလ်စိတ်ဖြစ်ဖို့ လည်း လိုသေးတယ်။

တရားစိတ်( ကုသိုလ်စိတ်) နဲ့ အားထုတ်မှ တရားအားထုတ်တဲ့အဆင့်ရောက်မှာပါ။ တရားအားထုတ်ပုံ ၂မျိုးရှိတယ်။
၁။ စိတ်ငြိမ်အောင်အားထုတ်တာ
၂။ စိတ်မှာအမှန်အတိုင်းသိတဲ့ဉာာဏ် ပညာပေါ်ဖို့ အားထုတ်တာရယ်
ပန်းတိုင်ချင်းမတူတဲ့အတွက် အယူအဆချင်း၊ အားထုတ်ပုံချင်း တူမှာမဟုတ်ဘူး။
ပြောတော့.. အမှန်အတိုင်းသိအောင်အားထုတ်ချင်တယ်။
ငြိမ်အောင်လုပ်နေရင်တော့ငြိမ်မယ် သဘောပေါက်မှာမဟုတ်ဘူး။ ငြိမ်ဖို့ ကြိုးစားတဲ့သူဟာ အာရုံကိုဂရုစိုက်ရတယ်။ ဉာဏ်ဖြစ်ဖို့ ကြိုးစားတဲ့သူဟာ အလုပ်လုပ်တဲ့စိတ် (အားထုတ်တဲ့ စိတ်) ကိုဂရုစိုက်ရတယ်။

ဗဟုသုတဉာဏ်ရှိတဲ့သူဟာ အာရုံတွေကိုအကြောင်းပြုပြီး သတိ၊ သမာဓိ၊ ဉာဏ်ဖြစ်စေတယ်။
ဉာဏ်အားနည်းတဲ့သူတွေကျတော့ အာရုံကိုအကြောင်းပြုပြီး လောဘ၊ ဒေါသ၊ မောဟဖြစ်စေ တယ်။ နှာခေါင်းဝက ၀င်လေထွက်လေအာရုံနဲ့ ဗိုက်ကဖောင်းတာပိန်တာအာရုံမှာ ဘယ်အာရုံ ပိုကောင်းသလဲ။ ဘယ်အာရုံမှပိုမကောင်းဘူး။ အာရုံဟာအာရုံပဲ၊ တူတူပဲ။ ပိုကောင်းတယ်လို့  ယူဆရင်စွဲလန်းသွားမယ်။ ဒီအာရုံမရှိရင် မရရင်မလုပ်တတ်တော့ဘူး။ အားမထုတ်တတ်တော့ ဘူး။

တရားရအောင်လုပ်မှာလား???
တရားအားထုတ်တတ်အောင်လုပ်မှာလား???
ရဖို့ မစဉ်းစားပါနဲ့ ။ ကိုယ်လုပ်တဲ့အလုပ်ကိုယုံရမယ်။
ရုပ်နဲ့ စိတ် ဘယ်ဟာက အားထုတ်နေလဲ???
စိတ်ကအားထုတ်နေတာပါ။ အဲဒီစိတ်ကိုမှမသိဘူး၊ စိတ်ကဘာစဉ်းစားနေမှန်းမသိဘူး၊ ဘယ်လိုအတွေးအခေါ်၊ ဘယ်လိုအယူအဆ၊ ဘယ်လိုသဘောထားရှိမှန်းလည်းမသိဘူး။ ဒါဆိုရင် အားထုတ်မှုကိုကျွမ်းကျင်မလား။ စိတ်ကဘယ်လိုလုပ်နေလို့ ဘယ်လိုဖြစ်တယ်သိမှ အကြောင်းအကျိုးနားလည်မယ်။
အာရုံပဲမဲရှုရမှာလား။ စိတ်နဲ့ တွဲရှုရမှာလား။
စိတ်နဲ့ တွဲရှုရမှာ။ အာရုံကိုစိတ်နဲ့ သတိထား။

တရားအားထုတ်တာ စိတ်အလုပ်လို့ ပြောထားတယ်။ စိတ်က သတိရှိရမယ်၊ နိုးကြားရမယ်၊ စိတ်ဝင်စားရမယ်၊ လေ့လာနေရမယ်။ စိတ်ဆိုတာ သဘာဝတရားတစ်ခုပဲ လို့ ဆရာတော် ဟောကြားထားတာလေးကို အတိုချုပ်အနေနဲ့ တဆင့်ပြန်လည်ရေးသားလိုက်ပါတယ်။

တရားအားထုတ်သူနဲ့ တရားအားမထုတ်သူ ဘာကွာသလဲ???
တရားအားထုတ်တတ်တဲ့သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ၊ သမာဓိ၊ ဉာဏ်ဖြစ် အောင် အမြတ်ထုတ်နိုင်တယ်။
တရားအားမထုတ်တဲ့သူကျတော့ ကြုံရတဲ့အာရုံတွေကြောင့် လောဘ၊ ဒေါသ၊ မောဟဖြစ်ပြီး အရှုံးပေါ်နေတယ်။

သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ စိတ်တွေကတော့ သူ့ အလုပ်သူလုပ်နေမှာပဲ။
မသိရင် ကိလေသာ ခိုင်းတာလုပ်မယ်။
သိရင် ဉာဏ်ခိုင်းတာလုပ်လိမ့်မယ်။

တန်ဆောင်မုန်းလပြည့်နေ့ အတွက် ကျွန်မရတဲ့ ဓမ္မလက်ဆောင်ကိုပြန်လည်မျှဝေခြင်းပါ။ ပိုစ့်ခေါင်းစဉ်ကိုတော့ အနည်းငယ်လွှဲထားမိပါတယ်။

မှန်တာပြောတာ ဘာဖြစ်လဲ???

17 ယောက်ဆွေးနွေးချက်
ရွာတစ်ရွာမှာစကားမဆင်မခြင်ပြောတတ်တဲ့ အဖွားတစ်ယောက်ရှိသတဲ့။ အဖွားစရိုက်ကတစ်မျိုး။ သူနှင့်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ၀င်ရောက်စွက်ဖက်ပြောဆို တတ်တဲ့အကျင့်ပါ။ သား သမီးတွေက အကျိုး အကြောင်းပြပြီးဆင်ခြင်ဖို့  ပြောကြပေမယ့်
“ မှန်တာကိုပြောတာ ဘာဖြစ်သလဲ” ဆိုတဲ့ သူရဲ့ လက်သုံးစကားအောက်မှာပဲ သားသမီးတွေရဲ့ ကြိုးစားမှုတွေ ပျက်ပြယ်သွားရပါတယ်။

အဖွားနဲ့ ဆက်ဆံလိုက်ရင် တစ်နေ့ မဟုတ်တစ်နေ့ မျက်နှာပျက်စရာ၊ စိတ်တိုစရာနဲ့ ကြုံရပါ တယ်။ ဒါကြောင့် အိမ်နီးနားချင်းများသာမက တစ်ရွာလုံးနီးပါး အဖွားနဲ့ ပြောဆို ဆက်ဆံမှုကို ရှောင်လာကြပါတယ်။ သားသမီးများမျက်နှာကြောင့် မလွှဲသာလို့  တစ်ခါတစ်ရံဆက်ဆံမိပြန် ရင်လည်း စိတ်ဆိုး ဒေါသထွက်စရာနဲ့ ကြုံ ကြရပြန်ပါတယ်။

အဖွားအပြောအဆိုကြောင့် ပြဿနာတစ်ခုမဟုတ်တစ်ခုအမြဲကြုံနေရလို့  သားသမီးများပင် အဖွားဒဏ်ကို မခံနိုင်တော့တဲ့အခြေအနေကိုရောက်လာပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့ 

ဝေးရာရွာအပြင်ဖက် တဲလေးတစ်လုံးဆောက်ပြီး အဖွားကိုထားရပါတယ်။ အဖွားကတော့ ရွာပြင်ကိုထုတ်ခံထားရပေမယ့် သူ့ ဖက်ကတစ်ပြားသားမှအလျော့မပေးဘူး။ မှန်တယ်ထင်ရင် ဘယ်သူ့ ကိုမှအလွတ်မပေးဘူး။ ပြောမြဲ ပါပဲ။

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ခရီးသွားဧည့်သည်တစ်ယောက် ရေဆာလွန်းလို့  အဖွားတဲသို့  ရောက်လာပြီး ရေတောင်းသောက်ပါတယ်။ ခရီးသွားဧည့်သည်က မျက်စိတစ်ဘက်ပျက်နေသူဖြစ်ပါ သတဲ့။ သောက်ရေသာမကပါဘူး အဖွားကအခြားစားသောက်ဖွယ်တွေကိုပါ ပျူပျူငှာငှာ ချကျွေးဧည့်ခံပါတယ်။ ဧည့်သည်က ပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်ပြီး အိမ်သားတွေဘယ်ကိုသွားပြီး အလုပ် လုပ်နေကြတာလဲ၊ တစ်ယောက်မှမတွေ့ ကြပါလား လို့ မေးတော့ တစ်ယောက်တည်းနေထိုင်ကြောင်း။ အမှန်ကိုပြောလို့ ဆိုပြီး သားသမီးမြေးများသာမက တစ်ရွာလုံးကမကြိုက်ကြကြောင်း။ မိမိကိုဝိုင်းပယ်ပြီး ရွာအပြင်သို့ ထုတ်ထားလိုက်ကြောင်း ပြောပြလိုက်ပါတယ်။

အဖွားကိုကြည့်ပြီး ဧည့်သည်ကအလွန်သနားသွားပါတယ်။ ဒီလောက် အသက်အရွယ်ကြီးရင့်နေတဲ့ မိခင်အိုကိုပစ်ထားရက်တဲ့ သားသမီးများ ကိုလည်း ဒေါသထွက်မိပါတယ်။ စာနာမှုကင်းမဲ့သူတွေလို့  ယူဆပြီး ရွာသားများကိုလည်း အပြစ်တင်မိပါတယ်။ တဆက်တည်းမှာပဲ ဘယ်လိုအမှန်စကားကို ပြောလို့ ဒီလောက် ရက်ရက်စက်စက် ၀ိုင်းပယ်ထားကြတာလဲလို့ လည်းတွေးနေမိပါသေးတယ်။

ဒီလိုနဲ့ အဖွားကျွေးတဲ့အစားကိုလည်းစား၊ ရေလည်းတ၀သောက်ရင်း တဲရှေ့  သစ်ပင်အောက်ခုံမှာ အဖွားနဲ့ အတော်ကြာအောင်စကားပြောနေမိပါတယ်။ အချိန်အတော်ကြာသွားတဲ့အခါ ခရီးသွားဧည့်သည်ဟာ ခရီးဝေးဆက်ရအုံးမှာမို့ သွားခွင့်ပြုဖို့  အဖွားကိုပြောဆိုနုတ်ဆက်ပြီးထွက်လာခဲ့ပါတယ်။ မလှမ်းမကမ်းရောက်တဲ့အခါမှာတော့ သူ့  ကိုရည်ညွှန်းခေါ်ဝေါ်လိုက်တဲ့ အဖွားရဲ့ အသံကိုကြားလိုက်ရပါတော့တယ်။ သူ့ ကို ရည်ညွှန်းပြောသံကိုကြားလိုက်တော့မှ ဘယ်လိုအမှန်စကားကိုပြောလို့ သား သမီးတွေ သာမက တစ်ရွာလုံးကအဖွားကိုဝိုင်းပယ်ထားကြတယ်ဆိုတာ ခရီးသွားဧည့်သည် ချက်ချင်း သဘောပေါက်သွားပါတယ်။ ဒါတင်မက သားသမီးများနဲ့ တစ်ရွာလုံး အပေါ်ဖြစ်ပေါ်ခဲ့တဲ့ဒေါသစိတ် အပြစ်မြင်စိတ်တွေလည်း လွင့်စင်သွားပါတော့တယ်။ ခရီးသွားဧည့်သည် ကြားလိုက်ရတာက ….


“ ဟဲ့ မျက်စိတစ်ဖက်ကန်းနေတဲ့ခရီးသွားသူငယ်၊ မင်းလွယ်အိတ် ဒီမှာမေ့ကျန်ခဲ့ပြီ” ဆိုတဲ့အဖွားရဲ့  အသုံးအနှုန်းပါ။

ဘယ်လောက်ပင်ဟုတ်မှန်နေပါစေ၊ မပြောသင့်တဲ့စကားတွေလောကမှာအများကြီးပါ။ ခိုးတတ်၊ ၀ှက်တတ်သူကို သူခိုးကြီးလို့  ခေါ်ရင် အခေါ်ခံရသူမကြိုက်သလို၊ ထောင်ကျဖူးသူကို လုရှေ့  သူရှေ့ မှာ ထောင်ထွက်ကြီးလို့ ပြောဆိုရင်လည်း မကြိုက်တတ်ပါဘူး။ "တို့ ကတော့ အမှန်ပြောတာပဲ ကြိုက်တယ်" လို့ ဆိုတဲ့သူပင် သူ့ ရဲ့ လျှို့ ဝှက်ချက်၊ အားနည်းချက်ကို တစ်ယောက်ယောက်ကထုတ်ဖော်ပြောဆို လိုက်ရင် စိတ်ဆိုးတတ်ပါတယ်။ တစ်ချို့ က အငြိုးထားတုန့် ပြန်တတ်ပါတယ်။ ဒါကြောင့် ဒီလိုစကားမျိုး ဟာမှန်ပေမယ့် အပြောခံရသူလည်းမကြိုက်၊ မိမိနဲ့ သူတစ်ပါးလည်းအကျိုးမရှိတဲ့စကားလို့ ပြောရမှာ ဖြစ်ပါတယ်။

အရှင်နန္ဒသေနာလကာင်္ရ ရဲ့ ဘာသာရေးအနှစ်သာရများ (စာစဉ် -၂) မှ
ကောက်နုတ်ရေးသားထားခြင်းဖြစ်ပါတယ်။
မှတ်ချက်။ ။ ခေါင်းစဉ်ကတော့ ကျွန်မနှစ်သက်ရာရွေးထားခြင်းပါ။ ခေါင်းစဉ်နဲ့ ပတ်သတ်လို့ ရိုင်းများနေရင် ကျွန်မသာအပြစ်ရှိသည်ဟုဝန်ခံပါသည်။

မေတ္တာနှလုံး အလှဆုံး

4 ယောက်ဆွေးနွေးချက်

ဤသာသနာ၊ ငြိမ်းချမ်းစွာ
ကမ္ဘာကြီးကို လှစေသည်။

မြန်မာ၌သာ၊ သာသနာ
ခိုင်မာပြည့်စုံသည်။

ဗုဒ္ဓ၀ါဒ၊ မြတ်ဓမ္မကြောင့်
ကမ္ဘာ့ အလယ်၊ ဂုဏ်ရည်ကြွယ်
ခန့် ထည်၊ မြန်မာပြည်။

မေတ္တာနှလုံး၊ အလှဆုံးကြောင့်
ရွှင်ပြုံးကြည်သာ၊ ဒို့ မြန်မာ
ကမ္ဘာကပင် မော်ကြည့်သည်။

လောက၌ကြုံကြိုက်တိုက်ဆိုင်မှု ဟူသမျှတို့တွင် ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်တိုက်ဆိုင်မှု သည်သာတုနှိုင်း မရ၊ မြင့်မြတ်လှသော အထက်တန်းအကျဆုံး၊ အကောင်းဆုံးသော အခွင့် အရေးလာဒ်ကြီးပင်ဖြစ်ပေသည်။

အရှင်သိရိန္ဒာဘိဝံသ(တိပိဋကဓရ- ယောဆရာတော်)

တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့ )အတွက် တော်သလင်းလနဲ့ ပတ်သတ်တဲ့ အကြောင်း စာရှည်ရှည်မရေးနိုင်တာကြောင့် ဆရာတော်ရဲ့ လကာင်္လေးကိုပိုစ့်တင်လိုက်ရ ခြင်းပါ။ ဆရာတော်ရေးသားထားတာကတော့ရှိပါသေးတယ်။ သည်လကာင်္လေးကိုဖတ်ရင်း သဘောကျကာ၊ ကျွန်မကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ရတာကို ကျေနပ်နေမိ လို့ ပါပဲ။

မချစ်သောငါ

6 ယောက်ဆွေးနွေးချက်
ငါလိုချင်တာ၊ ငါ့တဏှာကို
ငါသာမွေးဖွားပေးလိုက်၏

ငါစားချင်တာ၊ ငါ့တဏှာကို
ငါသာရှာဖွေပေးလိုက်၏

ငါဝတ်ချင်တာ၊ ငါ့တဏှာကို
ငါသာဝယ်ယူပေးလိုက်၏

အော်..ငါ၏ခြေရာ၊ ငါ့တဏှာကို
ငါသာလိုလား၊ ငါလိုက်စား၍
အမှားတွေစုံ၊ တောင်လိုပုံလျှက်
ဝဋ်ဘုံသံသရာ၊ မျှောနေပါပြီ
ငါသာငါလျှင်၊ မကယ်တင်ပဲ
ငါပင်ငါနှစ်၊ ရေစုန်နစ်သည်
မချစ်မုန်းသူ ငါတကား။


ဘုတလင်-အရှင်ညဏိန္ဒ
ဖတ်မိတာလေးမျှဝေပေးခြင်းပါ။ (၁၃၄၄ခုနှစ်က ဓမ္မဗျူဟာစာစောင် အတွဲ၂၁၊ အမှတ်၎) မှ ဖြစ်ပါတယ်။

အမျိုးသမီးများသတိထားရန်

9 ယောက်ဆွေးနွေးချက်

အမျိုးသမီးတစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန်မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့ တယ်။ သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည် သန့် ယောက်ျားတစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်းထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကို
နောက်ကြည့်မှန်က တဆင့်မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက် လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာဖြစ်ကြောင်း သတိထားမိလိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားက သူမကား ရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်း ကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်ကလိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကို မောင်းပြေးပါတော့တယ်။ သူတို့ရန်ကလွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေ ကတိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင်ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…
လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်(သို့မဟုတ်)အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန်နိုင်အောင် မသမာသူတွေက 'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ် ကြတယ်။
အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက် မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆ ပိုပြင်းပါတယ်။ ပိုဆိုးတာ က ဒီဆေးက ပါးစပ်ထဲဝင်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊ လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင်အလေးထားဂရုစိုက်သူတွေဆီကို လက်ဆင့်ကမ်းပေးပါ ဆိုလို့  ဒီပိုစ့်ကိုတင်လိုက်ရပါတယ်။ မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေလို့ ….။

မှတ်ချက်။ ။ email မှရရှိသော မြန်မာအမျိုးကောင်းသမီးများ သိထားသင့်သည့် အကြောင်းကို ဝေမျှခံစား တင်ပြလိုက်ပါသည်။

အနမ်း

သူတော်ကောင်းနဲ့ သူယုတ်မာ

1 ယောက်ဆွေးနွေးချက်
သီတဂူ ဆရာတော်ရဲ့ ဆုံးမစကားလေးပါ။
ပေးပို့ ပေးခဲ့တဲ့ (စကာင်္ပူမှမောင်လေး) မောင်ဇော်ကိုကျေးဇူးတင်ပါတယ်။

တုန့် ပြန်ဖို့ တော့အချိန်ပေးပါ။

1 ယောက်ဆွေးနွေးချက်
ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။
ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့ တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။
ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။
အကောင်းဆုံး သူငယ်ချင်း ဆိုတာ ...ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ မပြောလိုက်ရဘဲ ငေးမောပြီး ခွဲခွာသွားကြပေမယ့် ရင်ထဲမှာ တူမတူနိုင်တဲ့ စကားလုံးတွေ ကိန်းအောင်းသွားစေတာ သူငယ်ချင်းကောင်းပါ။
ကျနော်တို့ မဆုံးရှုံးမချင်း ဘာတွေ ပိုင်ဆိုင်ထားသလဲ ဆိုတာ ကျနော်တို့ သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျနော်တို့ဆီ ပစ္စည်းတချို့ ရောက်ရှိလာတဲ့ အချိန်ကျမှ အရင်က ဒါတွေ ဘ၀မှာ လစ်ဟာနေခဲ့ပါလားလို့ သိလိုက်ရတယ်။
တစ်ယောက်ယောက်နဲ့ ပြဿနာတက်ဖို့ မိနစ်ပိုင်းပဲ လိုတယ်။ တစ်ယောက်ယောက်ကို သဘောကျဖို့ နာရီပိုင်းလောက် အချိန်ပေးရမယ်။ တစ်ယောက်ယောက်ကို ချစ်ဖို့ ဆိုရင် ရက်အနည်းငယ် အချိန်ကြာသွားကောင်း ကြာသွားမယ်။ ဒါပေမယ့် လူတစ်ယောက်ယောက်ကို မေ့ပျောက်ပစ်ဖို့တော့ တစ်ဘ၀စာလောက် အချိန်ယူရလိမ့်မယ်။
အမြင်အာရုံနောက် မလိုက်ပါနဲ့။ လှည့်ဖျားတတ်တယ်။ ဥစ္စာဓနနောက် မလိုက်နဲ့။ ကုန်ဆုံးတဲ့ တစ်နေ့တော့ ရှိမှာပဲ။ သင့်ကို ပြုံးအောင် လုပ်နိုင်သူကိုတော့ တန်ဖိုးထားစေချင်တယ်။ မှောင်ရိပ်ခိုနေတဲ့ နေ့စွဲတွေကို ထွန်းလင်းပေးနိုင်တာ အပြုံးပဲရှိတယ်လေ။
မက်ချင်တဲ့ အိပ်မက်တွေ မက်လိုက်ပါ။ သွားချင်တဲ့ နေရာတွေ သွားလိုက်ပါ။ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ အသက် တစ်ချောင်းပဲ ရှိတယ်။ လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးဆိုတာ တစ်ခါတည်းပဲ ရတာလည်း ဖြစ်နိုင်တာပဲ။
ချိုသာတဲ့ လူသား ဖြစ်ဖို့ လုံလောက်တဲ့ ပျော်ရွှင်မှု ရှိပါစေ။ သန်စွမ်းသူ ဖြစ်ဖို့ လုံလောက်တဲ့ အခက်အခဲ ရှိပါစေ။ လူသားဆန်ဖို့ လုံလောက်တဲ့ ပူဆွေးမှုတွေ ရှိပါစေ။ ပျော်ရွှင်သူ ဖြစ်ဖို့ လုံလောက်တဲ့ မျှော်လင့်ချက်တွေ ရှိပါစေ။
သူများရဲ့ နေရာကနေ အမြဲ ၀င်ကြည့်ကြည့်ပါ။ သင့်ကို နာကျင်အောင် လုပ်မယ့် ခံစားချက်တွေဟာ တခြားသူကိုလည်း နာကျင်စေမှာ မလွဲပါဘူး။
သင့် နှလုံးသားကို ပြုံးရွှင်အောင် လုပ်နိုင်သူကို ရှာပါ။ သင့်ရဲ့ အိပ်မက်တွေထဲက ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘ၀ အဖြစ် ဖန်တီးချင်လောက်အောင် လွမ်းဆွတ်စေခဲ့တဲ့ စက္ကန့်တိုင်းဟာ သင့်ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ။
အပျော်ရွှင်ဆုံး လူသားတွေ အတွက် အရာအားလုံး အကောင်းဆုံး ဖြစ်ဖို့ မလိုအပ်ပါဘူး။ သူတို့ အနီးအနားမှာ ဖြတ်သန်း သွားလာနေတဲ့ အရာအားလုံး နီးပါးကိုပဲ တန်ဖိုးထားလိုက်တာပါ။
အချစ်ဟာ အပြုံးနဲ့ စတင်တယ်။ အနမ်းကြောင့် ရှင်သန်လာပြီး မျက်ရည်နဲ့ အဆုံးသတ်တယ်။
အထွန်းတောက်ဆုံး အနာဂါတ်ဟာ မေ့ပျောက်သွားတဲ့ အတိတ်မှာပဲ အမြဲ အခြေခံပါတယ်။ အတိတ်က နာကျင်မှုတွေ ဆုံးရှုံးမှုတွေကို ထွက်သွားခွင့် မပေးရင်တော့ သင်ဟာ ဘ၀ခရီးကို ဘယ်လိုမှ ဆက်လျှောက်နိုင်မှာ မဟုတ်ပါဘူး။
မွေးဖွားလာတုန်းက သင်ဟာ ငိုနေတယ်။ သင့် ဘေးပတ်လည်က လူတွေ အားလုံး ပြုံးနေကြတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလို ဖြစ်အောင် အခုကတည်းက နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင့်ပတ်လည်က လူတွေ အားလုံး ငိုနေကြပေမယ့် သင်ဟာ ပြုံးနေနိုင်သူ တစ်ဦးပေါ့။

ကြိုက်လို့Blog တစ်ခုကနေကူးထားမိတာပါ။

တနင်္ဂနွေဖွားများအတွက်

0 ယောက်ဆွေးနွေးချက်
ဒီနေ့တနင်္ဂနွေနေ့မှာတနင်္ဂနွေသားသမီးတွေအတွက်ဆရာစံဇာဏီဘိုရဲ့ဗေဒင်လေးကိုထည့်ပေးလိုက်တယ်။
၁၅.၁၀.၀၈ မှ၂၈.၁၀.၀၈ ထိ
အတိုက်အခံအနှောက်အယှက်ကြားမှတိုးတက်မှုကိုရှာဖွေရမည်။ပြဿနာများကြားမှတိုးတက်မည်။
ကာလအတန်ကြာပိတ်နေသောလမ်းများပြန်ပွင့်မည်။အလုပ်အကြံအစည်သစ်၊ရည်ရွယ်ချက်သစ်များ
အကောင်အထည်ဖော်ရာတွင်အတိုက်အခံများနှင့်ထိပ်တိုက်ရင်ဆိုင်ရနိုင်သည်။
မူရည်ရွယ်၊ရည်မှန်းထားသည့်လမ်းကြောင်းအတိုင်းဆောင်ရွက်၍မရ။

သူတစ်ပါးကိစ္စကြားဝင်၍တာန်ယူခြင်း၊အာမခံခြင်းများမပြုသင့်။
အိုးအိမ်ကိစ္စ၊နေရာထိုင်ခင်းကိစ္စအတွက်စကားပြောဆိုမှုများအောင်မြင်နိုင်သည်။ မိမိအပေါ်အထောက်အကူပြုမည့်သူထက်အနှောင့်အယှက်ပေးမည့်သူများဝန်းရံနေသည်။
ကြမ်းပြင်သော်လည်းကောင်း၊အိမ်ခေါင်မိုးတွင်သော်လည်းကောင်းတစ်စုံတစ်ရာ

အပျက်အယွင်းရှိသူများအဖို့ကြီးစွာငွေဝင်မည်။ အလုပ်အကိုင်တိုးတက်မည်။စီးပွားတက်မည်။
တစ်စုံတစ်ရာမရှိသောအိမ်သစ်တွင်နေသူများအဖို့ငွေအလိမ်ခံရမည်။
ခြေထောက်လက်တွင်မတော်တဆထိရှမည်။မိခင်အတွက်ဖြစ်စေ၊ဆွေမျိုးအတွင်းမှသက်ကြီးရွယ်အိုများ
အတွက်ဖြစ်စေစိတ်လက်ပူပန်ရခြင်းရှိမည်။စက်ပစ္စည်းအ၀င်တော်သည်။
ပုဆိုးစောင်စသည်များအ၀င်တော်သည်။အရွယ်ရောက်သူလူလွတ်များအဖို့စုတ်လာဘ်နှစ်ပါး
ဝင်ကိန်းရှိသည်။ အင်္ဂါနံပစ္စည်းများအရောင်းအ၀ယ်လုပ်ပါကစီးပွားအထူးတိုးတက်မည်။
အိမ်တွင်ထစ်ခနဲရှိဆူတတ်ပူတတ်သူကြောင့်စိတ်အနှောင့်အယှက်ဝင်ရမည်။

ပြဿနာဖြေရှင်းရခြင်းများရှိတတ်သည်။ဗုဒ္ဓဟူးနံထွက်ကိန်းရှိသည်။
ရွှေ၊ယဉ်အစရှိသည်များထွက်တတ်သည်။
အိမ်ရှိရေပိုက်ခေါင်းများပျက်ပါကချက်ချင်းပြင်ပါ။မပြုပြင်ပဲထားပါကလာဘ်ပိတ်တတ်သည်။
နေအိမ်သို့ပြဿနာသယ်ဆောင်လာသောအမျိုးသမီးရောက်ရှိလာတတ်သည်။လက်ခံရန်မသင့်။
*အဖြူ၊အပြာ၊မီးခိုး၊အစိမ်း၊အ၀ါ၊နို့နှစ်ရောင်တို့သည်ယခုရက်ပိုင်းအတွင်း

အထူးကောင်းကျိုးပေးသောအရောင်များဖြစ်သည်။
*ဒန်း၊ဒေါန၊အုန်း၊စပယ်၊ဇွန်ပန်း၊ဇီဇ၀ါတို့သည်ယခုလအတွက်ဆုတောင်းပြည့်သော

ပန်း၊အညွန့်တို့ဖြစ်သည်။ဘုရားပန်းတင်ခြင်း၊ပန်းအိုးထိုးခြင်းတို့ပြုလုပ်၍ဆုတောင်းပါ။
*စနေနံ(ဘိနပ်၊အထည်)၊အင်္ဂါနံ(စောင်၊စက်ပစ္စည်း)အဟောင်းများရှာဖွေစွန့်ပစ်ပါ။

အင်္ဂါနေ့တွင်အုန်းနို့ခေါက်ဆွဲဒါနပြုပါ။
အရှေ့မြောက်အရပ်မျက်နှာမူ၍ဆန်ကြဲကာကြက်၊ငှက်သတ္တ၀ါအစာကျွေးပါ။

စကားစုများ

0 ယောက်ဆွေးနွေးချက်
ဖြစ်လည်းဖြစ်ချင်တယ်
ဖြစ်လည်းဖြစ်သင့်တယ်ဆိုရင်တောင်မှ
ဖြစ်နိုင်တာကိုရွေးပြီးလုပ်ပါ။

လုပ်သင့်တာကို
မလုပ်မိရင်
မလုပ်သင့်တာတွေ
လုပ်မိနေတတ်တယ်။

ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ်ဆိုတာမရှိပါဘူး။
လုပ်ငန်းမစရသေးတာပဲရှိတယ်။

မေတ္တာပို့ နေရုံနဲ့ 
မဖြစ်သေးပါဘူး။
မေတ္တာဓါတ်တွေရှိနေဖို့ က
အရင်လိုအပ်တယ်။

အချစ်ဆိုတာ................

0 ယောက်ဆွေးနွေးချက်
အချစ်ဆိုတာဘာလဲဟုအတိအကျအဓိပ္ပါယ်ဖော်နိုင်သူတွေကိုကျွန်မတကယ်ချီးကျူးပါသည်။
ကျွန်မကတော့အချစ်ဆိုတာကိုအဓိပ္ပါယ်အတိအကျမသိပါ။
အချစ်ဆိုတာပိုင်ဆိုင်ရယူလိုခြင်းလား။
စွန့် လွှတ်ခြင်းလား။
အချစ်ဆိုတာရင်ခုန်တပ်မက်ခြင်းလား။
စားသုံးပြီးသော်လည်းမ၀သည့်ပျားရည်စက်တွေလား၊
နက်ရှိုင်းစွာတိုးဝင်ဖို့ ဆွဲဆောင်သည့်မွှေးပျံသောအမှောင်ထုတစ်ခုလား။
နေပူထဲမှလာသောသူကိုအရိပ်ထဲမှကြိုဆို၍တိုက်သောအေးစိမ့်သည့်ရေတစ်ခွက်လား။
အချစ်ကိုကျွန်မခံစားသိဖြင့်သိနေပါသည်။
အချစ်တစ်ခု၏ရည်မှန်းချက်သည်လက်ထပ်ခြင်းဟုပြောလျှင်ကျွန်မအဲသည်စကားကိုလက်မခံပါ။
လက်ထပ်ခြင်းသည်အချစ်၏သင်္ချိုင်းဖြစ်ချင်ဖြစ်မည်၊သို့ မဟုတ်အချစ်၏အဆုံးသတ်ဇာတ်သိမ်း
တစ်ခုဖြစ်ချင်ဖြစ်မည်။
အချစ်၏ခရီးပန်းတိုင်ဖြစ်ချင်ဖြစ်မည်။
လက်ထပ်ခြင်းသည်ဘာပဲဖြစ်ဖြစ်ကျွန်မအတွက်တော့မှုန်ဝါးဝါးဝေးကွာလှသည့်ရုပ်ပုံကား
တစ်ချက်ဖြစ်သည်။
ကျွန်မစိတ်မ၀င်စားပါ။ကျွန်မစိတ်ဝင်စားအောင်မဆွဲဆောင်နိုင်ခဲ့ပါ။
အချစ်တွင်တာဝန်ယူမှု၊ဂတိပြုမှုပါသလား။ မပါပါ။
အချစ်တွင်အချစ်ပဲပါပါသည်။
ဂျူးရဲ့(အချစ်ဆိုတာကြိုးနဲ့ သီဖို့ မလိုတဲ့ပန်းပွင့်လေးတွေ)
ကျွန်မဂျူးရဲ့အချစ်အဓိပ္ပါယ်ဖွင့်ဆိုမှုကိုအရမ်းသဘောကျလို့ ကောက်နုတ်ထားတာပါ။
အချစ်ဆိုတာကိုသင်တို့ တော့ဘယ်လိုထင်မြင်ကြလဲမသိဘူး။ကျွန်မကတော့ဂျူးနဲ့တစ်ထပ်တည်းပေါ့။