ပန်းသီးစားရသော ကျွန်မရဲ့ညီမ



ဟိုတလောလေးက သူငယ်ချင်းရဲ့သမီးလေး ဗိုက်အောင့်တယ်ဆိုပြီး ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံမှာ ဟိုစမ်းဒီစမ်းပေါ့ ဗိုက်အောင့်တယ်ဆိုတော့လည်း အစာအိမ်ဆိုပြီး သေချာအောင် စစ်ဆေးမှုတွေလုပ် ဆေးတွေတိုက်၊ လက်မှာ အနာစက်လေးတွေ ပေါ်လာပြန်တော့ သွေးစစ်လိုက်ရတာ DNA အဆင့်ထိပါပဲ။ ဘာမှမတွေ့ဘူးတဲ့။ အဲလိုနဲ့ ဆေးရုံတက်ရတာ သုခကမ္ဘာမှာ ၂ခေါက်တက်ရပါတယ်။ သက်သာလို့ အိမ်ပြန်ရောက်ပြီး ၃ရက်မပြည့်သေးဘူး နောက်တစ်ခါပြန်အောင့်လို့ ဆေးရုံထပ်ရောက်ပြန်ရော.. အာရှတော်ဝင်တဲ့။ ဆရာဝန်တွေ၊ သမားတော်ကြီးတွေလည်း တစ်ယောက်ပြီး တစ်ယောက်ဆိုသလိုပြတာပါပဲ။ နောက်ဆုံး အဖြေရှာရတာကတော့ သည်းခြေအိတ်မှာ ကျောက်တည်တာပါ။ သည်းခြေအိတ်ထဲမှာ gallstone ကျောက်တုံး လေးတွေရှိနေတာပါ။ အဲဒီတော့ ခွဲရပါမယ်တဲ့။ ခွဲရမယ်ဆိုတော့ ကာယကံရှင် ကလေးက လည်းကြောက် လူကြီးမိဘတွေကလည်း စိုးရိမ်လာကြတယ်။ ခွဲစိတ်တာနဲ့ ပတ်သတ်လို့ ယခင်ဖြစ်ခဲ့ဖူးတဲ့ ကိစ္စရပ်ကိုသိတော့ လန့်နေကြပြီပေါ့။ မခွဲရင်မရဘူးလား ဘာလား ဆရာဝန်ကိုမေးမြန်း အသိမိတ်ဆွေတွေကိုလည်း မေးမြန်းနဲ့၊ ကျွန်မတောင် အမဖြစ်သူ ဖွားကိကို လှမ်းမေးပေးလိုက်ရသေးတယ်။ ခွဲရတယ်ဆိုပေမယ့် စိုးရိမ်စရာမရှိပါဘူးတဲ့။ အပေါက်ကလေး သုံးပေါက်လောက်သာ ဖောက်ရုံခွဲစိတ်တာပါ ဆိုတာကြောင့် သူတို့လည်း စိတ်နည်းနည်းအေးသွားပြီး ခွဲစိတ်ခြင်းကို လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ သည်းခြေကကျောက်တွေ ထုတ်ယူပစ်လိုက်နိုင်ပါတယ်။ ပြောရရင် ခွဲစိတ်မှု အောင်မြင်တယ်ပေါ့။

တကယ်တော့ ခွဲစိတ်ကာ ကျောက်လေးများကိုထုတ်ယူတယ်ဆိုပေမယ့် မတော်တဆ ကျောက်တုံးလေးကပြုတ်ကျပြီး အသည်းထဲရောက်သွားလို့ အသည်းကင်ဆာနဲ့ သေဆုံး သွားရတဲ့ အဖွားတစ်ယောက်ရှိခဲ့ဖူးပါတယ်ဆိုတာ နောက်မှသိခဲ့ရတယ်။ သည်းခြေကျောက် ရှိခြင်းဟာလည်း ကင်ဆာဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဆေးပညာရပ်ကိုတော့ ကျွန်မလည်း သေချာသိတာမဟုတ်ပါဘူး။ ပြောချင်တာက ကျွန်မရဲ့ ညီမအကြောင်းပေါ့…။

ကျွန်မညီမလည်း ၄လပိုင်းကစပြီး ဗိုက်အောင့်ခြင်းဝေဒနာ ဖြစ်လာပါတယ်။ သူကတော့ အစာစားချိန်မမှန်တာကြောင့် (သူကိုယ်တိုင်ကအစ) အားလုံးလည်း အစာအိမ်ပဲလို့ ယူဆမိကြတယ်။ နောက်ပိုင်း ဗိုက်အောင့်တာက မသက်သာပဲ ခဏခဏဆက်ဖြစ်နေလို့ ဆရာဝန်က လိုအပ်တာများကို ထပ်မံစစ်ဆေးခိုင်းလာပါတယ်။ အောင့်တာကလည်း အစာအိမ်နားမဟုတ်ပဲ အသည်းနေရာဖြစ်နေတာကို သိရတာကြောင့်ပါ။ အဖြေထွက်လာတော့ အသည်းကဖြစ်တာပေါ့။ မသန့်ရှင်းတဲ့အစားအစာကြောင့်လို့ယူဆပါတယ်။ ၈လပိုင်းအထိ အောင့်တာမပျောက်သေးလို့ အယ်လ်ထရာဆောင်းနဲ့ ဓါတ်မှန်တို့ရိုက်ကြည့်တဲ့အခါ သည်းခြေ အိတ်မှာကျောက်တည်ခြင်း ဖြစ်နေပါတော့တယ်။ ဒါတောင်မှ အယ်လ်ထရာဆောင်းက ၂ခါထပ်ရိုက်ရတယ်။ ပထမရိုက်တာမှာ အယ်ထရာဆောင်းကမပေါ်ပဲ ဓါတ်မှန်မှာ gallstone ကပေါ်နေလို့ပါ။

ကျောက်ရှိတယ်ဆိုတာသိတော့ ညီမဖြစ်သူကလည်း မခွဲစိတ်ချင်ဘူး၊ ခွဲစိတ်ခံဖို့ အခြေအနေ ကလည်း သူ့မှာမရှိတော့ အခက်တွေ့လာရတယ်။ အဲ.ကံကောင်းချင်လို့ပဲဆိုရမလားမသိဘူး၊ သဘာဝနည်းနဲ့ သည်းခြေကျောက်ကိုဖယ်ရှားနည်း ဆိုတာလေးကိုသိခဲ့ရတယ်.။ လက်တွေ့ ပျောက်ကင်းသွားတဲ့ လူတစ်ယောက်ဆီကပေါ့။ သူကလည်း 0nline ထဲကနေ Dr Lai Chiu Nan ဆီကနေသိရတာပါတဲ့။ အခုအခါမှာ သူက အဲဒီနည်းနဲ့ စနစ်တကျနေထိုင်လိုက်တာ လူကောင်းပကတိဖြစ်သွားတာကြောင့် အဲဒီနည်းလေးကို ပြန်လည်ဖြန့်ဝေပေးနေပါတယ်။ စာစောင်တွေမှာရေးသားပြီးဖြန့်ဝေခဲ့တာကြောင့် အခုဆို သူ့ဆီရောက်လာကြတဲ့ သည်းခြေ ကျောက်တည်သူတွေ အများကြီးပဲလို့ဆိုပါတယ်။ ဆင်းရဲချို့တဲ့တဲ့သူများကိုလည်း သူက အဲဒီနည်းပေးရုံမက နည်းထဲက အတိုင်းဆောင်ရွက်ဖို့ ငွေကြေးပါအကုန်အကျခံပြီး ကုသိုလ် ပြုပါတယ်။ ဒီလိုသိရတော့ သူ့လုပ်ဆောင်မှု ကိုသာဓုခေါ်မိပါသေးတယ်။ ကျွန်မလည်း ကျွန်မ ရဲ့ ညီမအကြောင်းရေးရင်းနဲ့ မျှဝေခြင်းပေါ့..။

နည်းလမ်းလေးကတော့ ခွဲစိတ်ဖို့ထက်လုပ်ဆောင်နိုင်ကြမယ့်နည်းလို့ ထင်ပါတယ်။ မြန်မာ ဆေးသောက်ရခြင်းလို အ၀င်ဆိုးမှာလည်းမဟုတ်ပါဘူး။ ဒီနည်းကို စနစ်တကျစားသောက်နေ ထိုင်ခြင်းဖြင့်ကုသနည်းလို့ဆိုထားပါတယ်။

ပထမအချက်ကတော့ - ပထမ ငါးရက်မှာ နေ့စဉ်နေ့တိုင်း ပန်းသီး၅လုံးစားရမှာဖြစ်ပါတယ်။ ပန်းသီးဖျော်ရည် ၄ခွက်သောက်ရင်လည်းဖြစ်ပါတယ်တဲ့။ ဒါပေမယ့်လုပ်ဆောင်ခဲ့သူကတော့ ပန်းသီး၅လုံးသာ စားခဲ့တာပါ။ ဒါကြောင့် ကျွန်မညီမလည်း ပန်းသီး၅လုံးလိုက်စားခဲ့ပါတယ်။ ငါးရက်မှာ တစ်နေ့ပန်းသီး၅လုံးဆိုတော့ အားလုံးပန်းသီးပေါင်း ၂၅လုံးပေါ့..။ ဒါနဲ့ သူလည်း ပန်းသီးကို ဈေးသက်သာအောင် ကီလီဈေးကနေ ပုံးလိုက်သွားဝယ်ပါသတဲ့..(သူက အဲသလို) ဈေးပေါပေါကိုလိုက်လို့ ခရီးစရိတ်ကို ဘယ်တော့မှ ထည့်မတွက်ဘူးလေ။း))

သူငယ်ငယ်ကတည်းက ပန်းသီးကြိုက်ပါတယ်. အမေကဆို ခဏခဏ ပြောဖူးတယ် သူ့ကိုဗိုက်ကြီးတော့ ငါချဉ်ချင်းတပ်တာ ပန်းသီးတဲ့.. အဲဒီတုန်းက အဖေက ၀န်ထမ်းဘ၀နဲ့ ကိုးရီးယား ဟောင်ကောင်နဲ့ တရုတ်ပြည်အချို့ကိုသွားနေရတယ်.. ကိုးရီးယားကနေ အဖေ ပြန်လာလာချင်းပဲ အမေက သူမှာလိုက်တဲ့ ပန်းသီးကိုလေယဉ်ကွင်းမှာပဲ ထုတ်ယူစားလိုက် ပါတယ်တဲ့။ ဒါနဲ့ သူ့ကို ပန်းသီးကနေပါလာတာဆိုပြီး အမေကပြောလေ့ရှိပါတယ်။

ပထမနေ့တစ်ရက်မှာတင် ကျွန်မညီမက ပန်းသီးအလုံးကြီးကြီးကို တဂွပ်ဂွပ်နဲ့ကိုက်စားပါတော့ တယ်။ သူက ပါးစပ်ပေါက်ကလည်း ကျယ်ကျယ်ဆိုတော့ ကျွန်မတို့စားသလို ပန်းသီးကို ဓါးနဲ့ မစိတ်တော့ပဲ အလုံးလိုက်ကိုက်စားပါတယ်။ သူဝယ်လာတဲ့ ပန်းသီးတွေကလည်း အလုံး ခပ်ကြီးကြီးတွေပေါ့ ။ လူများ လောဘကိုကြီးကြတယ်နော်..း)))

ပထမတရက်ပြီးတော့ နောက်နေ့ ဒုတိယနေ့မနက် သူနိုးလာတော့ ညက ပါးစပ်တွေပေါက်လို့ တဲ့.၊ ပန်းသီး အစီးလောင်တာထင်တယ်။ သူ့အဖြစ်ကတော့ ရယ်ရအခက် ငိုရအခက်ပါပဲ .. ဒါကြောင့် နောက်နေ့မှာ ပန်းသီးကို ၀ါးရသက်သာအောင် စက်နဲ့ကြိတ်ကြပါတယ်။ ကြိတ်ထား တဲ့ပန်းသီးပုံစံကိုတော့ မြင်မိကြမယ်ထင်ပါတယ်. ကြိတ်လိုက်တဲ့အခါ ပန်းသီးကညက်ပြီး အရောင်ကမဲသွားတာကြောင့်၊ အဲဒါကို သူကမစားချင်တော့ဘူးဖြစ်သွားတာနဲ့ တ၀က်စာ လောက်သာကြိတ်ပြီး ဆက်မကြိတ်ဖြစ်ပြန်ဘူး။ ဒါနဲ့ပဲ နောက်ဆုံး အစိတ်ကလေးတွေစိတ်ပြီးပဲ ဆက်စားရပါတော့တယ်။ ဒီလိုနဲ့ ၅ရက်ပြည့်တဲ့အထိ ပန်းသီးကြိုက်တဲ့သူတောင် ပန်းသီးမစား ချင်တော့လောက်အောင်ဖြစ်သွားရတယ်။ မုန်းသွားလောက်အောင်မဖြစ်ပေမယ့် လောလော ဆယ်မှာပန်းသီးကိုမကြည့်ချင်တော့တာပေါ့…။ ဘာပဲဖြစ်ဖြစ်လေ အဓိကက သည်းခြေအိတ် ထဲက ကျောက်တုံးကျသွားဖို့ပဲမဟုတ်လား..။ ကျွန်မတို့ကလည်း အားပေးရတာပေါ့နော် ကြိုးစားထား၊ ကြိုးစားထား (ကျားယို၊ ကျားယို ) ဆိုပြီးတော့ မြန်မာလိုရော၊ တရုတ်လိုနဲ့ ကိုးရီးယားလိုပါ အားပေးကြတာပါ။း))

အဲ.. ဒုတိယအချက်အနေနဲ့ ၆ရက်မြောက်နေ့မှာ ညစာမစားပဲနေရပါမယ်။

တတိယအချက်က အဲဒီနေ့ည ၆နာရီမှာပဲ ဆားခါး ( Epsom salt) တစ်ဇွန်းကို ရေနွေးနွေး တစ်ဖန်ခွက်နဲ့ သောက်ရပါမယ်။

စတုတ္ထအချက် ည၈နာရီမှာ တတိယအချက်အတိုင်း ဆားခါးတစ်ဇွန်းထပ်သောက်ရပါမယ်။
ဆားခါးက သည်းခြေအိတ်ပြွန်များကို ပွင့်စေတယ်လို့ ဆိုပါတယ်။

ပဉ္စမအချက်ကတော့ ည၁၀နာရီမှာ သံလွင်ဆီ (သို့) နှမ်းဆီ လ္ဘရည်ပန်းကန်လုံးတ၀က်ကို လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံးတ၀က်နဲ့ သောက်ရပါမယ်။ အဲဒီ ၂မျိုးကိုသမအောင် ရောမွှေပြီးမှ သောက်ရတာပါ။
ဆီကတော့ သည်းခြေကျောက်တွေကို ချောမွေ့စွာထွက်နိုင်တယ်လို့ဆိုတာကြောင့်ပါ။
ပန်းကန်တလုံးစာ=၂၅၀မီလီ လီတာ
သံပုရာသီးက ပန်းကန်လုံးတ၀က်စာ= ၁၀လုံးခန့် ပါ။

ရောဂါရလာတော့လည်း လူ့သဘာဝအရ ပျောက်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် အထက်က နည်းအတိုင်း ဆေးသောက်ရမှာပျင်းသော၊ ဘယ်သူပြောပြော လုပ်လေ့လုပ်ထမရှိသော ကျွန်မရဲ့ညီမတစ်ယောက်လည်း အဲဒီနည်းကိုတော့ ကြိုးစားပမ်းစားလုပ်ပါတယ်။ ပန်းသီး စားတာ ၅ရက်မြောက်ပြီးဆုံးသွားတော့ သူ့အစားကျွန်မတို့တောင် ပျော်မိသလိုပါပဲ၊ ကျောက်ကျဖို့တော့ စိတ်ပူနေတုန်းပေါ့လေ။ ဖြစ်ချင်တော့ ၅ရက်မြောက်နေ့က အိမ်မှာ နို့ခေါက်ဆွဲ ချက်စားကြတယ်။ အသိမိတ်ဆွေတွေလည်း လာမယ်ဆိုတာကြောင့် အမေက ချက်ကျွေးတာပါ။ အစားကြီးသူ ညီမကတော့ နို့ခေါက်ဆွဲတွေလည်းစားပါတယ်။ အစား ရှောင်စရာမလိုဘူး ဆိုတာကြောင့်လို့ပြောတယ်။ ကျွန်မက ဒါကတော့ ဗိုက်နာလိမ့်မယ်မစားနဲ့၊ ဟိုအစာကတော့ နည်းနည်းမာလို့ ဗိုက်အောင့်လိမ့်မယ်ဆိုပြီး လိုက်ပြောနေမိတာ ပြိတ္တာ ဖြစ်မလားပဲ။ သူက အစားမရှောင်တဲ့အပြင် ကြိုက်လို့ဆိုပြီး နို့ခေါက်ဆွဲကို ၃ကြိမ်စားပါတယ်။ ဒါနဲ့ အဲဒီနေ့ညမှာတင် ၀မ်းသွားပါလေရော..။

တစ်ချိန်လုံးဝမ်းပိတ်နေခဲ့သူက အဲဒီနေ့ဝမ်းသွားပြီး (နောက်ဆုံးနေ့) ၆ရက်မြောက်နေ့မှာတော့ ဆားခါးသောက်တာတောင် ၀မ်းမသွားတော့လို့ နောက်တစ်ကြိမ် ရယ်ရအခက်ငိုရအခက် ဖြစ်ရပြန်တယ်။ ၀မ်းသွားတဲ့နေ့ကလည်း ကျောက်လားဘာလားတော့မသိ ကျောက်တုံးလေး တွေလိုတော့မြင်တာပဲတဲ့။ အစိမ်းရင့်ရင့်ရောင်မျိုးလို့လည်း ထင်ပါတယ်တဲ့။ ကဲ..ဘယ်လို ပြောရမယ်တောင်မသိဘူး။ သေချာလား မသေချာလားဆိုတာ..

Dr. Chiu Nan ပြောတာကတော့ ၆ရက်မြောက်နေ့မှာ ညဖက်ဝမ်းသွားတဲ့အခါ ၀မ်းထဲကနေ အစိမ်းရောင်ကျောက်တုံးလေးများ တွေ့ရမယ်လို့ဆိုထားပါတယ်။ အဲဒီနည်းနဲ့ သည်းခြေအိတ် အတွင်းမှာရှိတဲ့ ကျောက်တုံး gallstone များကို ကျစေတာပါပဲ။ သေချာအောင် နောက်ပိုင်း ဓါတ်မှန်ထပ်ရိုက်ကြည့်လို့ရပါတယ်။ ကျွန်မညီမလည်း ဓါတ်မှန်ထပ်ရိုက်ရမှာတော့ သေချာ ပါတယ်။

အဲဒီနည်းကိုလုပ်ဆောင်လို့ လက်တွေ့ပျောက်ကင်းခဲ့တဲ့သူက ဒီနည်းလေးကိုမျှဝေပေးဖို့ ပြော လာပါတယ်။ http://www.kiki-idiotlove.com/ အဲဒီဆိုက်မှာတော့ ဆေးပညာနဲ့ပတ်သတ်လို့ အသေအချာ ရှင်းပြထားပါလိမ့်မယ်။

15 ယောက်ဆွေးနွေးချက်:

နေ၀သန် said...

မအနမ်းရေ... တယ်ထူးဆန်းပါလား... ဆေးနည်းကို သေချာလေးမှတ်သားသွားပါတယ်..း)))


ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိုတစ်လောကတင် ညီမလေး က သည်းခြေမှာကျောက်တည်လို့ ခွဲထုတ်လိုက်ရတယ် ဒီနည်းကို စောစောကသာ သိရရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်
နည်းနည်းလေး နောက်ကျသွားတယ်
ဒါပေမဲ့ မှတ်ထားပြီး သူများတွေကို ပြန်မျှဝေပါ့မယ်
ကျေးဇူးပါနော်

မိုးယံ said...

ဖတ်မှတ်သွားပါတယ် ခင်ဗျာ။

လိုအပ်ရင် သုံးလို့ ရအောင်ပါ။

ကျေးဇူးတင်ပါတယ် အစ်မ

ငြိမ်းချမ်းပါစေ
မိုးယံ

မြသွေးနီ said...

ထူးခြားတဲ့ဆေးနည်းလေးပါလား မအနမ်းရေ..။
မျှဝေပေးတာကျေးဇူးပါနော်..။ သူများကိုလည်း ပြန်လညိမျှဝေပေးပါ့မယ်။ Commentတွေပေးလို့ရတုန်း အပြေးရောက်ခဲ့ပါတယ်နော်။

အဖြူရောင်နတ်သမီး said...

မှတ်သားသွားပါတယ် မနမ်းရေ...
မကိဆီက အခုပဲ ပြန်လာတာ..
ထပ်ဖတ်သွားတယ်နော်..

မြစ်ကျိုးအင်း said...

အစာစားရင် ဆေးသောက်သလို ဆိုတော့ ဝေဒနာရှင်တိုင်း သဘောကျ ကြမှာပဲ။
ကြုံတဲ့သူရှိရင် ဒီဆေးနည်းလေးကို ဝေမျှပေးလိုက်ပါ့မယ်။

ခြင် said...

ဟားဟား... ငယ်ကတော့လေ ကြားလိုက်ရမှဖြင့် အထူးဆန်းကြီးပဲ... နမ်းရေ.... ဂျီတော့ အတ်ထားတယ်ဟေ့...

Anonymous said...

ဟူးတော်သေးတာပေါ့ မေမေလည်းသနားပါတယ် ဟင်း စိတ်မောပါ့..

ရွှေရတုမှတ်တမ်း said...

တခြားဘာသီးစားရင်ရသေးလဲ..ပန်းသီးတော့မုန်းနေပြီ

ဟန်နာ said...

နည်းကောင်းလေးကို မှတ်သွားပါတယ်..ပြန်မျှဝေပေးတာလည်း ကျေးဇူးပါရှင်...း)

သုခုမလေဒီ said...

ချောရေ.. ချောညီမလေးလည်း ခွဲစိတ်လိုက်ရတယ်ဆိုလို့ စိတ်မကောင်းပါဘူး။

ဘကျောက်ကတော့ လုပ်တော့မယ် ပန်းသီးပါဆို..
အားလုံးပဲ ဒီနည်းလမ်းလေးကိုပြန်လည်မျှဝေပေးမယ် ဆိုလို့ကျေးဇူးပါ...။

ကိုဇော် said...

အစာလည်းဆေး ၊ ဆေးလည်း အစာပေါ့လေ။
ဘာပဲ ပြောပြော စမ်းကြည့်သင့်ပါတယ်။
ဝေဒနာရှင်များကို မျှဝေပေးပါ့မယ်။

MoeThwayNge said...

အဲဒီလို ... ဂျွမ်း..ဂွမ်း..ဂျွတ်..ဂျွတ် ..ဂွတ်.. နဲ့
ကိုက်စားရတာ က ပန်းသီးစားရတဲ့ အရသာဗျ။
စားဘူးတဲ့သူတွေ သိတယ်..။
ဓါးနဲ့လှီးစားတာက ရိုးတယ် အဲတာ အရသာမရှိဘူး..။
အမတော်စားကြည့် မတူဘူး..ဟဟဟ။
နောက်မှ ... နောက်ကျလိုက်တာ ဖြစ်ဦးမယ်..။
မစားဘူးရင်ကိုက်စား..ကျွန်တော်ဆို ငယ်တည်းက ကိုက်စားတာ..။ အမေ မသိခင်ခိုးစားတော့ ဓါးက ဘယ်ကရမလည်းနော်..ပြောရင်း ပေါ်ကုန်ဘီ..။

အဆင်ပြေ ပျော်ရွှင်ပါစေ..။

ခင်မင်မှုဖြင့်-
အားလုံးကို ပျော်စေချင်တဲ့...။

သဒ္ဓါလှိုင်း said...

အော်..ခုမှသိရတယ်.
ဟိုတနှစ်ကအဒေါ်နဲ့အမတယောက်သည်းခြေကျောက်တည်
လို့ အပေါက်ဖေါက်ပြီးခွဲလိုက်ရပါလား..မနမ်းရေ.
ခုနည်းလေးကိုလည်းသေချာမှတ်ထားရမယ်။
ကျေးဇူးးးးးးး
ခင်တဲ့
သဒ္ဓါ

ဧပရယ်လ်ပူး@ပူးတေ said...

မမနမ်းရယ် မေမေ့ဘက်က ကြီးတော် တယောက်ဆို သည်းခြေမှာ ကျောက်တည်လို့ဆို ၁ ခါခွဲပြီး နောက် ၁ နှစ် ၂ နှစ်လောက်ဆို ကျောက်ပြန်တည်လို့ဆို ထပ်ခွဲ။ ခွဲပြီး နောက်တခါ ထပ်ဖြစ် ထပ်ခွဲရ နဲ့။ ဘယ်နှစ်ခေါက်မှန်းကို မသိဘူး။ ၄ ခါလောက်ရှိမယ်ထင်တယ်။ ဒီကြားထဲလဲ ဆေး အစိမ်းရောင်ရင့်ရင့် အကြည်လေးတွေ သောက်သောက်နေရသေးတယ်။ ဒီတခေါက် မမနမ်းရဲ့ နည်းလေးလမ်းညွှန်ကြည့်လိုက်ဦးမယ်....ဒါပေမယ့် သူစားမှ စားနိုင်ပါ့မလားမသိဘူး....အသက်ကကြီးနေပြီလေ... လူငယ်တွေတောင် ဒီလောက်ပန်းသီးအများကြီးစားရတော့ မစားချင်တော့ဘူးမှတ်လား...ဘာပဲဖြစ်ဖြစ် ပြောတော့ ပြောပြလိုက်ပါမယ်။ မမကိရဲ့ ပို့စ်နဲ့ မမနမ်းပို့ နှစ်ခုကို ပရင့်ထုတ်ပြီး ပို့ပေးလိုက်မယ်နော်... မျှဝေပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်နော်..:)