ရင်ထဲကသင်္ကြန်



သင်္ကြန်ဆိုတဲ့အသံကြားရင် မြန်မာလူမျိုးတိုင်းကတော့ ရင်ခုန်ကြမယ်လို့ထင်ပါရဲ့။ ကျွန်မလည်း အခုချိန်မှာ သင်္ကြန်ကို မလည်ပတ်တော့ဘူး ဆိုပေမယ့် သင်္ကြန်ရောက်တော့မှာပါလားဆိုတဲ့ အသိနဲ့တင် ရင်ထဲမှာ ကြည်နူးမိသလိုလို ဖြစ်တုန်းပါပဲလေ။ ပိတောက်ပန်းတွေပွင့်တဲ့ သည်သင်္ကြန်ကာလကို ဘယ်နေရာ ရောက်ရောက် ဘယ်သူမှမေ့နိုင်ကြမယ်မထင်ပါဘူး။


သင်္ကြန်နှင့် ပိတောက်ပွင့်ချိန်ကလည်း ကြုံကြိုက်တတ်တာကြောင့် ပိတောက်ပန်းများကို နှစ်သစ်နဲ့အတူ အမြဲယှဉ်တွဲပြီး မြင်တွေ့ရတာကိုက ကျွန်မတို့ရင်ထဲ ထူးထူးခြားခြားရှိလှပါတယ်။ ပိတောက်ပန်းပွင့်တိုင်း သင်္ကြန်ရောက်ပြီဆိုတာကိုလည်း ကျွန်မတို့ငယ်စဉ်ကတည်းက သိမှတ်ထားလေ့ရှိကြတယ်။ သင်္ကြန်မှာရွာတဲ့ မိုးစက်မိုးပေါက်လေးများကျတာနဲ့ “ဟေး၊ မနက်ဖြန်ဆို ပိတောက်တွေပွင့်ပြီ” လို့အော်ဟစ်ခဲ့ဖူးပါတယ်။ ပန်းမပန်တတ်တဲ့ကျွန်မ သင်္ကြန်မှာ ပိတောက် ပန်းပွင့်ရင်တော့ အမေ့ကိုဈေးက ၀ယ်လာခိုင်းပြီး ဘုရားတင်၊ ပန်းအိုးထိုးလေ့ရှိပါတယ်။


ကျွန်မတို့ မြန်မာသင်္ကြန်ရက်များက အကြို၊ အကျ၊ အကြတ်၊ အတက်နေ့ဆိုပြီး ၄ရက်ဖြစ်ပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက သင်္ကြန်အကြိုနေ့ဆို ကလေးသူငယ်များသာ ရေပက်လေ့ရှိကြတာပါ။ အကြိုနေ့ ရွှေရင်အေးလုပ်ဖို့ မုန့်လက်ဆောင်း၊ အုန်းနို့ရည်၊ ရေခဲ၊ ပေါင်မုန့် စတာတွေ ၀ယ်ဖို့အတွက် ဈေးသွားရင် ကလေးများက ရေပြွတ်လေးများနဲ့ ရေလိုက်ပက်ကြပါတယ်။ သူတို့အတွက် ဈေးဝယ်လာသူတွေ ရေပက်ရတာကိုပဲ ပျော်ရွှင်နေပုံရပါတယ်။ အဲဒီလို ကလေးတွေရေပက်ရင် ကျွန်မကတော့ အခြားသူတွေလို ထွက်မပြေးပဲရေပက်ခံပါတယ်။ ဒါမှလည်း ကလေးတွေလည်းပျော်မှာပေါ့။ အခုတော့ သင်္ကြန်အကြိုနေ့ကိုပဲ ရေပက်မဏ္ဍပ် များက ရေပက်နေကြသလို၊ ရေပက်ခံကားများကလည်း ရေပက်ခံထွက်လည်နေကြပါပြီ။ အရင်တုန်းက ပုံစံနဲ့တော့ ဘယ်တူတော့ပါ့မလဲ။


လွန်ခဲ့တဲ့အတိတ်တွေက သင်္ကြန်ကို မဏ္ဍပ်မှာရေပက်ဖို့ထက် ရေပက်ခံထွက်ဖို့ကိုသာ စိတ် ၀င်စားခဲ့ဖူးတဲ့ ကျွန်မ၊ ခုတော့လည်း ဘယ်မှမလည်ဖြစ်တော့ပဲ အိမ်ထဲမှာ တီဗွီလေးကြည့်ရင်း၊ စာအုပ်လေးဖတ်ရင်း အချိန်ကုန်ခဲ့ရတာ နှစ်အတော်တောင်ကြာသွားပါပြီ။ ဒါပေမယ့် ဟိုအရင်က ပျော်ခဲ့ဖူးတဲ့သင်္ကြန်ကိုတော့ ဘယ်မေ့အုံးမလဲနော်။


ဟိုးအရင် ၁၀တန်းအောင်ပြီးခါစနဲ့ တက္ကသိုလ်ကျောင်းသူ ဘ၀တုန်းကတော့ သင်္ကြန်လည်ရတာကို အရမ်းပျော်ရွှင် မြူးတူးခဲ့ဖူးတာပေါ့လေ။ ၂၀ကျော်စအရွယ်ဆိုတော့ သင်္ကြန်ဆိုရင် လည်ချင်ပတ်ချင်တဲ့ သင်္ကြန်ပိုးလေးတော့ အနည်းငယ်ဝင်တတ်ကြတာပဲ။ အဲဒီတုန်းကများဆို ကျွန်မကိုယ်တိုင် သင်္ကြန်လည်ဖို့ ကားဌားရတာနဲ့၊ သူငယ်ချင်းတွေကိုလည်ဖို့ စည်းရုံးနိုးဆော်ရတာနဲ့၊ သင်္ကြန်မတိုင်ခင်ကတည်းက အစီအစဉ်တွေရေးဆွဲခဲ့ရတာ ပင်ပန်းတယ်လို့တောင် မထင်ခဲ့မိဘူး။ အမေကလည်း ကျွန်မကို ဘာမှသာမပြောတယ်၊ သူ့သမီး ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာကို မျက်စိစပါးမွှေးစူးမှာအမှန်ပါပဲ။ ကိုယ်က လည်ချင်တဲ့သူဆိုတော့ ကိုယ်ကပဲ ဆောင်ရွက်ရတယ်။


မနက်မိုးလင်းရင် လည်မယ့်ကားက ကျွန်မအိမ်ရှေ့ကို ၆နာရီလောက်ဆို အဆင်သင့်ရောက် နေပါပြီ်။ အိပ်ယာက စောစောစီးစီးမထတတ်တဲ့ကျွန်မ အဲဒီနေ့တွေဆို အစောကြီးနိုးနေ တော့တယ်။ ပျော်ဖို့ဆို အဲလောက်အထိ ၀ီရိယကောင်းခဲ့တာ ခုမှကိုယ့်ကိုကိုယ် သေချာပြန် တွေးမိတော့တယ်။ သင်္ကြန်လည်ဖို့ကားက ကျွန်မအိမ်ကစထွက်ပြီး သူငယ်ချင်းတွေအိမ်ကို တအိမ်စီ လှည့်ပတ်ခေါ်ရတာနဲ့တင် အချိန်က အတော်လင့်သွားပါတယ်။ ရေပက်ခံစထွက်တော့ ၁၀နာရီလောက်ပေါ့ မဏ္ဍပ်တော်တော် စုံစုံလင်လင်ကို လည်ဖြစ်ကြတယ်။ အခုလို မဏ္ဍာပ်တွေကလည်း တစ်ခုနဲ့တစ်ခုဆက်ပြီး သွားလို့မရလောက်အောင် လမ်းတွေက အရမ်းကြီ့းပိတ်ကြပ်မနေပါဘူး။ ဒါကြောင့်လည်း ကားနဲ့လည်ရပတ်ရတာ တကယ်ကို ပျော်စရာကောင်းပြီး၊ ရင်ခုန်ခဲ့ရတယ်။ အဲဒီလိုနဲ့ သင်္ကြန်လည်တာကို သဘောကျပြီး ၄၊ ၅နှစ်လောက် ဆက်တိုက်လည်ခဲ့ဖူးတယ်။ လည်မယ့်သာလည်တာ အဲဒီတုန်းကလည်း မီးသတ်ပိုက်နဲ့ အပက်ခံရလို့ ရေမွှမ်းပြီးအသက်ရှုမရဖြစ် မသေတာကံကောင်းပဲ။ ဖြစ်ချင်တော့ အဲဒီနှစ်မှာ ကိုယ့်သူငယ်ချင်း ယောကျာင်္းလေး အဖော်ကလည်းမပါဘူးလေ။ အဲဒီနှစ်နောက်ပိုင်းကစပြီး သင်္ကြန်ဆို ရေပက်ခံထွက်ဖို့ နည်းနည်းတော့ ကြောက်သွားမိတယ်။


နောက်ပြီး ဗိုလ်ချုပ်ဈေးမှာ ဈေးသင်္ကြန်ဆိုတာ ရှိသေးတယ်။ ကျွန်မတို့ အဲဒီဈေးသင်္ကြန်ဆိုလည်း တက္ကသိုလ် ကျောင်းကသူငယ်ချင်းတွေ အတူချိန်းဆိုပြီး သွားခဲ့ကြသေးတယ်။ မှတ်မှတ်ရရ ကျွန်မနောက်ဆုံး ရောက်ခဲ့တဲ့နှစ်က မိတ်ကပ်လိမ်းတဲ့ မာမီတွေ အပေါ်ထပ်ကနေ ကက်ဆက် တွေဖွင့်ပြီး ကကြလေရဲ့။ အဲဒီနှစ်က ကျွန်မတို့လည်း ကြွက်စုတ်ဖြစ်ပြီး အိမ်ပြန်ခဲ့ရတယ်။ အတော်ကိုဆိုးတာပဲ၊ အဲဒီလောက်အထိ ရေပက်ကြမှန်း မသိဘူးလေ။ အရင်နှစ်တွေက အဲဒီလို မဟုတ်ဘူးဆိုတော့..။ နောက်ပိုင်း ဘယ်တော့မှ မသွားတော့ဘူး။ ခုဆို အဲဒီဈေးသင်္ကြန်ကလည်း အတော်စည်ကားတဲ့ ရေသဘင်ပွဲတော်ကို ဖြစ်လို့ပဲလေ။


ကျောင်းပြီးတဲ့နောက်ပိုင်းမှာတော့ သင်္ကြန်ကိုမလည်ဖြစ်တော့တာပါ။ သူငယ်ချင်းတွေနဲ့လည်း မဆုံဆည်း ဖြစ်တော့တာလည်းပါတယ်။ ပြီးတော့ မီးသတ်ပိုက်နဲ့ခပ်စူးစူးပိုက်လေးတွေကိုလည်း ကြောက်တာပါတယ်။း))) အတော်လည်းလည်ခဲ့ပြီးပြီကိုး။ သင်္ကြန်နှစ် တစ်နှစ်မှာတော့ ညီမတစ်ယောက်နဲ့အတူ ခရီးထွက်ခဲ့ဖူးသေး တယ်။ သင်္ကြန်တွင်းခရီးသွားရတာလည်း မကောင်းပါဘူး။ ဒါပေမယ့် မော်လမြိုင်ဘုရားဖူးရောက်သွား တာဆိုတော့ ဘုရားဖူးဖြစ်ခဲ့တာကိုပဲ ကျေနပ်မိတယ်။ အမှတ်တရလည်းဖြစ်ခဲ့တယ်။ အခုတော့ သင်္ကြန်ဆို အိမ်မှာပဲနေဖြစ်တော့တယ်။ အသက်ကလည်းကြီးလာပြီဆိုတော့း)) ကိုယ့်အတွက်ဆိုတာလေးလည်း စဉ်းစားမိလာပြန်တယ်။ ရိပ်သာတော့ မသွားဖြစ်သေးဘူး။း))



မနှစ်ကသင်္ကြန်ကလည်း အလည်ထွက်ကြတဲ့ ညီမတွေပြောပြပုံအရဆို အတော်လေးကြောက်စရာ ကောင်းပါတယ်။ သူတို့ပြောပုံအရဆိုရင် အကျင့်စာရိတ္တမကောင်းတဲ့ လူအချို့ကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်က ပျက်လုနီးနီးဖြစ်နေသလိုပါပဲ။ သင်္ကြန်ဆိုတာ မြန်မာပြည်သူ ပြည်သားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ရိုးရာအမွေကို ကိုယ်ကပဲထိန်းသိမ်းရမှာပေါ့။ မဟုတ်ရင်တော့ ကိုယ့်ရိုးရာ ရေသဘင်ပွဲကို ကိုယ်ကပဲဖျက်သလိုဖြစ်နေမယ်။



သင်္ကြန်တွင်း အိမ်မှာရှိနေတတ်တဲ့ ကျွန်မနဲ့အမေကတော့ နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက်လုပ်ကြတဲ့ ရွှေရင်အေးနဲ့ မုန့်လုံးရေပေါ်လုပ်ဖြစ်ပါတယ်။ သင်္ကြန်အကြိုနေ့ကို ရွှေရင်အေးလုပ်ပြီး လာသမျှ ဧည့်သည်တိုင်းကို ရွှေရင်အေးနဲ့ဧည့်ခံပါတယ်။



မုန့်လုံးရေပေါ် ကို တော့ နှစ်ဆန်းတစ်ရက်နှေ့မှ လုံးတာကြောင့်၊ ဆွမ်းတော်ကပ်လှူကြပြီး အိမ်နီးချင်းများကို လိုက်ပြီး ဝေငှပါတယ်။



သင်္ကြန်ပွဲတော်ကို လူတိုင်းလူတိုင်း သတိရကြမယ်ထင်ပါတယ်။ သတိရစရာအကြောင်းများ လည်းရှိကြမှာပါ။ အဝေးရောက်နေကြတဲ့ သူအချို့လည်း မြန်မာ့သင်္ကြန်ပွဲကို လွမ်းဆွတ်နေကြ ပါလိမ့်မယ်။ အချို့သူများကလည်း သင်္ကြန်မှာဆုံတွေ့ရင်း နဖူးစာရွာလည်ကြလို့ ပေါင်းဖက်သွား ကြတာတွေတောင်ရှိကြလေရဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အတိတ်သင်္ကြန်တွေက အရိပ်သဏ္ဌာန် ဖြစ်သွားခဲ့တယ် ဆိုကြပေမယ့်၊ လာမယ့်နှစ်သင်္ကြန်ကိုတော့ အကုသိုလ်မဖြစ်အောင် ကိုယ်ကိုကိုယ်ထိန်းသိမ်းကြရင်း၊ ယဉ်ကျေးပျူငှာစွာ ပျော်ရွှင်ကြစေဖို့ သတိထားရပါ မယ်။


နှစ်သစ်မှာ အားလုံးပဲ ကိုယ်၊ စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။

မနှစ်က ဖိုးဂျယ် တဂ်ထားတာလေးကို ကွန်နက်မရတာကြောင့်မရေးဖြစ်လိုက်ဖူး။ ဒီနှစ်တော့ သင်္ကြန် အလွမ်းပြေလေးအဖြစ် ရေးလိုက်ပါတယ်။


ပုံများကို Google မှရယူပါတယ်။ မုန့်လုံးရေပေါ်ကတော့ အိမ်ကလုပ်ထားတာလေးပါ။


14 ယောက်ဆွေးနွေးချက်:

ဂျစ်တူး ( မုံရွာ ) said...

ရင်ထဲကသဋ္ဌက်န်ကို ရင်ထဲအထိခံစားသွားတယ်-ဓါတ်ပုံ
တင်ခိုင်းထားပြီးလာလည်းမကြည့်ဘူး-

နေ၀သန် said...

သင်္ကြန်ကို လွမ်းတယ်ဗျာ... လွမ်းတယ်... မဆော့ရတာ ကြာပြီ....

~ဏီလင်းညို~ said...

မအနမ်းရေ.......
မုန့်လုံးရေပေါ်ကြိုက်ဘူးရယ်.........
ရွှေရင်အေး.....သောက်ချင်တယ်.......။
နည်းနည်းကျွေး........
(ထုံးစံအတိုင်း ငတ်တာ....း))
သင်္ကြန်မလည်ရတာ အရမ်းကြာခဲ့ပြီဗျာ.......။
လွမ်းတယ်.........သင်္ကြန်ကို.........း((
ခင်မင်တဲ့
ဏီလင်းညို

kiki said...

ုငရုတ်သီးထဲ့ထားတဲ့  မုန့် လုံးရေပေါ် စားမယ် ။
ရေမရှိ ၊ မီးမရှိ ၊ မဏ္ဍပ်မရှိ တဲ့  ဒီနှစ် ရန်ကုန်သင်္ကြန် လူစည်မှာ မဟုတ်လို့  ဥပုသ်သာ စောင့်ပါ တော့ ။

ကိုဇော် said...

ရှလွှတ်.... ဒါတွေ ငတ်နေတာ ကြာပြီ. . .
သွားရည်ကျအောင် လူကို လာလုပ်တယ်. .
ဒါတွေ လိုက်ဖတ်တော့မှ သင်္ကြန်ကို ပိုပြီးတော့ လွမ်းတယ်ဗျာ . . . .

ပျော်ရွှင်ပါစေ
ကိုဇော်

MoeThwayNge said...

ဟဟဟ အားမရလို့ ရေလောင်းရတာ ဒီအထိ လိုက်လောင်းတယ်ကွ..
ဘယ်ပြေးမလည်း မိချိုသဲ ..အဲ ဘွတေး ဘွတေး
မှားကုန်ဘာဘီ...အမရယ်...။ မုန်လုံးရေပေါ်လေး မစားရတာ ၁၀နှစ်ရှိတော့မယ်လေ ။မြင်လိုက်တော့ ဂွိ ..ဂွီ .ရှလွတ်....သွားရည်တောင်ကျတယ်။

(((((((((((ဗွမ်း)))))))))ဟန်း..ဟန်း..ဟန်း..(အက်ကိုးသံ)
ဂွမ်...ဂလုံ...တုန်..တုန်...တုန်း..ဘတ်။(ရေခွက်ပြုတ်ကြ လမ်းပေါ်လိမ်သွား..ပြီးတော့မှ ရေမြောင်းထဲကျ..ဘတ် တဲ့။)
အဟဲ မမိုက်လား ရေလောင်းတာ အားရလိုက်တာ...။။။


ခင်မင်မှုဖြင့် -
အားလုံးကို ပျော်စေချင်တဲ့.....

လသာည said...

သင်္ကြန်ကို အရမ်းကို လွမ်းနေတယ်....
မုန့်လုံးရေပေါ်လေးလည်း စားချင်တာ.. အဟင့်!!

ရေတမာ said...

လွမ်းစရာကောင်းအောင် ရေးတတ်လိုက်တာဗျာ။ ရေလောင်းမယ်နော် (((((((((...))))))))))))) နှစ်သစ်ကူးမှာ အထူးပင် ရွှင်မြူးပါစေ

အဖြူရောင်နတ်သမီး said...

သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေ မြန်မာလူမျိုးတိုင်းမှာ ရှိနေတယ်နော်...။

သြော်....
တော်တော်လည်း လမိုင်းကပ်တဲ့ သင်္ကြန်ပါပဲ...

-----------------------------------------------
နှစ်သစ်အတာသင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ပါစေ မမရေ...

သူကြီးမင်း (တုံးဖလား) said...

သတိရသထက် ရလာပြီ မအနမ်းရေ...
ဒါကြောင့် သင်္ကြန်သီချင်းလေးတွေနဲ့ဘဲ အဖော်လုပ်နေရတယ်။

မောင်ကောင်း said...

ရွှေရင်အေးလေးတော့ သောက်ချင်မိပါတယ်.. အမိမြန်မာပြည်လည်း လွမ်းမိပါတယ် အစ်မရေ..။ စာလေးလာဖတ်ရင်း နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်..။ နေမကောင်းဖြစ်မှာဆိုးလို့ ရေတော့ မလောင်းတော့ဘူးအစ်မ..။း))

SHWE ZIN U said...

ရင်ထဲက သင်္ကြန်လေး ခံစားသွားပါတယ်ဗျာ..
အခုကတော့ တကယ်ကို ရိုးရာ ပျက်နေပါပြီ

သင်္ကြန်တွင်းမှာ ကုသိုလ်တွေ အများကြီးရပြီး ချမ်းမြေ့ပါစေ

ရွှေစင်

ဖိုးဂျယ် said...

အမရေ ရင်ထဲက သင်္ကြန်လေးကို ခံစားသွားတယ်။ စိတ်မကောင်းဖွယ် သင်္ကြန် ဖြစ်သွားတယ်နော်

ဗွမ်း ဗွမ်း ရေပြန်လောင်းသွားတယ်း)

ကိုလူထွေး said...

မနှစ်ကအနမ်းကတော့
ဒီကနှစ် အနမ်းနဲ့ မတူတော့ပါဘူး...

သိကြားမင်း ဆင်းရကျိုး နပ်တာပေါ့...

းဝ)