အမေ့မွေးနေ့ ၇၀ ပြည့်

11 ယောက်ဆွေးနွေးချက်



ဒီနေ့ အမေ့ရဲ့ ၇၀နှစ်ပြည့်မွေးနေ့ ။ အမေ့ အတွက်၇၀ပြည့်နှစ်မို့ ထူးထူးခြားခြားလုပ်ပေးချင်တဲ့စိတ်ကလေး ရှိနေပေမယ့်အမေ့ကို ကြီးကြီးကျယ်ကျယ်တော့မလုပ်ပေးနိုင်ဘူးဆိုတာ ကျွန်မကိုယ် ကျွန်မသိနေပါတယ်။ ကျွန်မမှာ သူများသားသမီးတွေလို ပိုက်ဆံတွေရှာပေးနိုင်တဲ့အခြေအနေမဟုတ်တာကြောင့်လည်း ကျွန်မကိုယ့်ကိုယ်ကို ယူကြုံးမရဖြစ်မိတယ်။ သို့ ပေမယ့် အရှင်ဆန္ဒာဓိကတရားစာအုပ်ဖတ်ရတဲ့အခါမှာ မိဘကိုလုပ်ကျွေးကာ ကျေးဇူးဆပ်ခြင်း မပြုလုပ်နိုင်ပေမယ့် မိဘကို တရားဓမ္မနာယူအောင်စွမ်းဆောင်ခြင်း၊ ဘုရားကျောင်းကန်လိုက်ပို့ ပေးခြင်း၊ တရားစာပေလေ့လာလိုက်စားစေခြင်း စတဲ့ ဓမ္မနဲ့ ကျေးဇူးဆပ်ခြင်းများကိုလည်းပြုလုပ်နိုင်တယ်ဆိုတာကြောင့် ကျွန်မအမေ့ကို ထိုနည်းဖြင့်ပဲကျေးဇူးဆပ်မိပါတယ်။ အဲဒီအတွက် ကျွန်မ ကျေနပ်မှုရယူခဲ့ခြင်းပါ။
အမေ ၇၀ပြည့်မွေးနေ့ လေးမှာ ထူးထူးခြားခြားဖြစ်ဖို့  ဘလော့မှာတင်ရင်း ဆုတောင်းပေးမိပါတယ်။ အမေအသက်ရှည်ပြီး အနာကင်းကာ ဒီသားသမီးတွေနဲ့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများပြည့်စုံကာ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ ......။

တစ်ခါလာလဲ ဒါပါပဲ

14 ယောက်ဆွေးနွေးချက်
“တစ်ခါလာလဲ ဒါပါပဲ” ဆိုတဲ့စကားဟာ လမ်းမှန်အတိုင်းမသွားနိုင်သူ၊ လမ်းမှားနေသူအတွက် ကဲ့ရဲ့ပြစ်တင်ရှုံ့ ချတဲ့စကားပါ။ မူးယစ်သောက်စားရမ်းကားနေသူ၊ အမှားတစ်ခုကို ထပ်တစ်လဲ လဲလုပ်နေတဲ့သူကိုတွေ့ ရင်

“ မင်းကွာ တစ်ခါလာလဲ ဒါပဲ၊ တစ်ခါလာလဲ ဒါပဲ၊ မင်းခုထိမပြင် သေးဘူးလား။ မင်းတော်တော်ပေသကိုးကွ” လို့ ကဲ့ရဲ့ ပြစ်တင်စကားပြောတတ်ကြတယ်။

လမ်းမှန်အတိုင်းစွဲစွဲမြဲမြဲဇွဲရှိရှိသွားနေသူ၊ လမ်းမှန်နေသူအတွက်တော့ ဒီစကားဟာ ချီးမွမ်းဂုဏ် တင်တဲ့စကားမျိုးပါ။ “အို မင်းကတော့ တစ်ခါလာလဲ ဒါပဲ၊ တစ်ခါလာလဲ ဒါပဲ၊ နေ့ စဉ်မပျက်စွဲစွဲ မြဲမြဲလုပ်နိုင်လိုက်တာကွယ်၊ တယ်လဲဇွဲရှိပါလား” ချီးမွမ်းဂုဏ်တင်စကားပြောတတ်ကြတယ်။

လူဆိုတာ အလုပ်သမားဖြစ်လို့ အလုပ်လုပ်ဖို့ လူဖြစ်လာတာဖြစ်လို့ အလုပ်လုပ်တတ်တဲ့အရွယ် အလုပ်လုပ်နိုင်တဲ့အရွယ် ကစ အလုပ်လုပ်နေကြရပါတယ်။ လမ်းမှားလိုက်နေသူလဲ အမှန်မသိ သေးသမျှ အမှန်အတိုင်း မလိုက်နိုင်သေးသမျှ ဒီအမှားကိုပဲ ဆက်ကာဆက်ကာလုပ်နေမှာပဲ။ လမ်းမှန်လိုက်နေသူလည်းအမှန်လိုက်နေသေးသမျှ အမှန်ကိုပဲထပ်တလဲလဲ လုပ်နေမှာပါ။ တစ်ခါလာလဲ ဒါပါပဲပေါ့။

ဒီ “တစ်ခါလာလဲ ဒါပါပဲ” ဆိုတဲ့သဘောလေးပေါ်လွင်အောင် ကိုယ့်ရဲ့ တစ်ဘ၀လုံးကို ခြုံငုံ ကြည့် စမ်းပေါ့။ ကြည့်တတ်ရင် ညာဏ်ထဲမှာထင်ထင်ရှားရှားပေါ်လာပါလိမ့်မယ်။

(၁) တစ်ခါလာလဲ ဒါပဲပြင်နေရတယ်၊ တစ်ခါလာလဲ ဒါပဲပြင်နေရတယ်၊ စားဝတ်နေရေး ကျန်းမာရေးကိစ္စတွေနဲ့ နေ့ စဉ်လိုအပ်သမျှဖြည့်ဆည်းပေးပြီးပြုပြင်နေရပါတယ်။ ပြင်လိုက် တိုင်းပျက်ပျက်သွားတာကြောင့် ပြင်လို့ မပြီးနိုင်တာပါ။ ပြင်လိုက်ပျက်လိုက်၊ ပျက်လိုက်ပြင် လိုက်ပေါ့။

(၂) တစ်ခါလာလဲ ဒါပဲပျက်တယ်၊ တစ်ခါလာလဲ ဒါပဲပျက်တယ်၊ ဒီခန္ဓာလည်းပြုပြင်လိုက်တိုင်း ပျက်တာပဲ။ ခန္ဓာနဲ့ ဆက်စပ်တဲ့ သက်မဲ့ ပစ္စည်းဝတ္ထုတွေလဲ ပြုပြင်လိုက်တိုင်းပျက်တာပဲ။ မခိုင် မာတဲ့အရာတွေနဲ့ ပြုပြင်ထားတာဖြစ်လို့  ပြိုကျပျက်စီးရတာပါ။

(၃) တစ်ခါလာလဲ ဒါပဲနှိပ်စက်တယ်၊ တစ်ခါလာလဲ ဒါပဲနှိပ်စက်တယ်။ ပျက်တိုင်းလည်းနှိပ်စက် တယ်၊ ပြောင်းလဲတိုင်းလည်းနှိပ်စက်တယ်။ အိုတာနဲ့ နာတာကိုပြောတာပါ၊ မရဏတွင်းထဲ အရောက် ခြေထောက်၂ဖက်နဲ့ လှိမ့်ကန်နေသလို အဆက်မပြတ်ကန်နေတာပဲ၊ ဒုက္ခခန္ဓာ ရ ထားတာကိုး။
(၄) တစ်ခါလာလဲ ဒါပဲပူတယ်၊ တစ်ခါလာလဲ ဒါပဲပူတယ်။ ကိလေသာမကင်းသေးတာကိုပြော တာပါ။ မရှိလည်းပူ၊ ရှိလည်းပူပါပဲ၊ သတိလွတ်တိုင်း အပူချင်းထပ်နေတတ်ပါတယ်။

(၅) တစ်ခါလာလဲ ဒါပဲယူပါ၊ တစ်ခါလာလဲ ဒါပဲယူပါ။ ပြင်လိုက်ပျက်လိုက် နှိပ်စက်လိုက် ပူလိုက်နဲ့ သာဆိုရင် လူ့ ဘ၀ဟာ ဘာမှတန်ဖိုးမရှိ၊ ဘာမှလည်းအဓိပ္ပါယ်မရှိ၊ ဂုဏ်ယူစရာ လည်းဘာမှမပါ၊ ဒါကြောင့် လူ့ ဘ၀ရလာဒ်ဖြစ်တဲ့ ကောင်းမှုတရားကို အပ္ပမာဒ ခေါ်တဲ့ သတိညာဏ်နဲ့ တစ်ခါလာလဲ ရအောင်ယူပါ၊ နောက်တစ်ခါလာလဲ ဒီကောင်းမှုတရားကိုပဲ အရ ယူပါ၊ ဒါမှပဲ မြင့်မြတ်တဲ့ လူ့ ဘ၀ဖြစ်ခွင့်ရမှာပေါ့။

*တစ်ခါလာလဲ ခန္ဓာပဲ၊ အမြဲပြင်ရသည်။
*တစ်ခါလာလဲ ခန္ဓာပဲ၊ အမြဲပျက်နေသည်။
*တစ်ခါလာလဲ အိုနာပဲ၊ အမြဲနှိပ်စက်သည်။
*တစ်ခါလာလဲ ရှုပ်ညစ်ဆဲ၊ အမြဲပူလှသည်။
*တစ်ခါလာလဲ ကုသိုလ်ပဲ၊ အမြဲယူရမည်။

တိပိဋကယောဆရာတော်ရဲ့  တစ်ခါလာလဲ ဒါပါပဲ ဓမ္မလက်ဆောင်(၄၈) စာအုပ်ကို အမေ့သူငယ်ချင်း အန်တီကြီးတစ်ယောက်ဆီမှ လက်ဆောင်ရရင်း ဖတ်မိသလောက်လေးကို ရေးသားတင်ပြမိတာပါ။

ပစ္စုပ္ပန်တည့်တည့်

8 ယောက်ဆွေးနွေးချက်










နံရံပေါ်မှာ နာရီတွေမရှိဘူး

ပြီးတော့ အချိန်လည်းမရှိဘူး။

မိုးသောက်ကနေ၀င်အထိ
ကြမ်းပြင်ကိုဖြတ်ပြီး
အရိပ်တွေလည်းမရွေ့ လျားဘူး။

တံခါးရဲ့ အပြင်ဘက်မှာ
အလင်းရောင်မရှိသလို
အမှောင်လည်းမရှိဘူး
အဲဒီမှာ.. တံခါးလည်းမရှိဘူးလေ။


Langston Hughes ရဲ့ Nowhere ကို မောင်သင်းခိုင်က ဘာသာပြန်ဖွဲ့ ဆိုထားတာပါ။
ကျွန်မ ငယ်ငယ်က နှစ်သက်လို့  ဆိုပြီး ကူးယူထားမိတာလေးပေါ့။
အခုမှစာအုပ်အဟောင်းလေးထဲကပြန်တွေ့ လို့ ပိုစ့်တင်လိုက်တာပါ။

အဖေသို့ တမ်းတမိခြင်း

10 ယောက်ဆွေးနွေးချက်




အဖေများနေ့ ဆိုတော့ အဖေ့အကြောင်းလေးရေးချင် လာမိတယ်။

အမေများ နေ့ တုန်းကတော့ ကျွန်မလည်းအကြောင်းအမျိုးမျိုးတွေကြောင့် စာမရေးနိုင်ခဲ့ဘူး။
အဖေကတော့ လောကကြီးမှာ ကျွန်မကိုနားအလည်ဆုံးသောသူနဲ့ အချစ်ဆုံးလို့ခံယူမိပါတယ်။
ဒါကတော့ ကျွန်မစိတ်ထင်ပေါ့။ တစ်ခါမှတော့ အဖေ့ကို မမေးကြည့်ခဲ့မိပါဘူး။ ကျွန်မလည်း ငယ်ငယ်တုန်းကတော့ တော်တော်လေးဆိုးခဲ့တာပဲလို့ ခုချိန်မှာပြန်တွေးမိတယ်။ အရင်တုန်း ကတော့ ကိုယ့်ကိုကိုယ် ဆိုးခဲ့မှန်းကောင်းခဲ့မှန်း မသုံးသပ်ကြည့်မိဘူး။ တစ်ဖက်သားကို ပြန် ကြည့်တာမျိုးလည်းမရှိခဲ့ဖူးဘူး။ ဒါကြောင့်လည်း အဖေမရှိတဲ့နောက်ပိုင်းမှာ နောင်တတွေ တစ်ပုံ တစ်ပင်နဲ့ ပေါ့။

အဖေက ကျွန်မကိုအတော်လေး ဂရုစိုက်ပါတယ်။ ဒီလိုပြောလို့ အမေကဂရုမစိုက်တာမျိုးတော့ မဟုတ်ပါဘူး။ အဖေက ကျွန်မလိုချင်တာ ဖြစ်ချင်တာတွေကိုတတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့ တာပါ။ အမေကကျောင်းဆရာမ ဆိုတော့ အားလုံးကိုစည်းကမ်းတကျပါပဲ။ မုန့့်ဖိုးပေးတာက အစ အစ်ကို့ ကိုပိုပေးတာတောင် သူကအကြီးမို့ နော်၊ ယောကျာင်္းလေးလည်း ဖြစ်လို့နော် ဆိုပြီး ကျန်တဲ့သားသမီးတွေလက်ခံအောင်၊ နားလည်အောင် ပွင့်ပွင့်လင်းလင်းပြောပြီးလုပ် တတ်ပါတယ်။ အဖေကတော့ ဒီလိုမဟုတ်ပါဘူး။ သားသမီးတွေအားလုံးကိုချစ်ပေမယ့် ကျွန်မကိုဆိုရင်နည်းနည်းတော့ ပိုပါတယ်။ ကျွန်မလိုချင်တာ လုပ်ချင်တာကိုတောင်အမေ့ အဆူခံပြီးတောင်လုပ်ပေးခဲ့တာမျိုးပါ။ ကျွန်မက အကြီးဆုံးသမီးဖြစ်သလို မွေးကတည်းက ကျန်းမာရေးမကောင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အရင်တုန်းက ကျွန်မ အမေ့အပေါ် ငဲ့ညှာရမှန်းမသိ၊ အဖေ့ကိုသိတတ်ရမှန်းမသိ ကိုယ်ဖြစ်ချင်ရာ ကိုယ်လုပ်ချင်ရာ ကိုသာလုပ်ခဲ့ သူပါ။

ကျွန်မက အလုပ်လုပ်ရင် အရင်ကတည်းက နှေးကွေးတတ်ပါတယ်။ အစားစာရင်ဖြစ်စေ၊ ရေချိုးရင်ဖြစ်စေ ဘာပဲလုပ်လုပ်ပါ သူများတကာထက်နှေးကွေးပါတယ်။ မနက်အဖေရုံးသွား ချိန် ငါ့အဖေရေချိုးချိန်ဆိုပြီး အလိုက်တသိမရှိခဲ့ဘူး။ အေးအေးဆေးဆေးရေချိုးနေခဲ့မိတယ်။ အမေကတံခါးလာခေါက်တော့မှ ရေချိုးခန်းကထွက်လာတတ်တယ်။ သူငယ်ချင်းတွေနဲ့ ဖုန်း စကားပြောရင်လည်း အဖေ့မိတ်ဆွေတွေဆီက အရေးကြီးကိစ္စဖုန်းတွေ ၀င်လာတတ်တာကို သတိမပြုမိဘူး။ အဖေဆုံးပြီးနောက်ပိုင်းမှ အမေကပြောပြလာတယ်။ ဟုတ်တယ် အဖေက ကျွန်မကိုချစ်သလောက်၊ ကျွန်မကလည်း အဖေ့ကိုချစ်တယ်ဆိုပေမယ့် ကျွန်မအဖေ့ကို ဘာ ကျေးဇူးပြုခဲ့ဖူးလဲ။ ကျွန်မသိခဲ့သလောက် က အဖေ့ဆီက အမေမသိအောင်မုန့် ဖိုးကပ် တောင်းမယ် ။ ကျွန်မသွားချင်တဲ့နေရာတွေကို အတင်းလိုက်ပို့ ခိုင်းမယ်။ အမေ့ကို ကြောက် တော့ အဖေကိုပဲပြောပြီး လုပ်ချင်ရာလုပ်ခဲ့တယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ပျော်ပွဲရွှင်ပွဲ ဆိုတာတွေသိပ်များတယ်။ ကိုယ့်ခြံဝင်းတွေမှာကိုယ်လုပ်ကြတာမျိုးပေါ့။ အမေခွင့်မပြုပေမယ့် လည်း အဖေ့ကိုအတင်းမရမကပြောပြီး၊ သူငယ်ချင်းတွေအိမ်ကိုလိုက်ပို့ ခိုင်းတတ်တယ်။ အဖေကလည်း အမေကို ချစ်ကြောက်ဆိုပေမယ့် ကျွန်မကိုယ်စား အမေ့ရဲ့  ဆူပူခြင်းကိုခံပြီး ကျွန်မကို လိုက်ပို့  ရှာတယ်လေ။ ကျွန်မက အဲလိုမျိုးအဖေ့အပေါ်ဆိုးခဲ့တယ်။

ဒါပေမယ့် အဖေကတော့ ကျွန်မကြိုက်တတ်တဲ့ ဟေမာနေ၀င်းသီချင်းခွေ အသစ်ထွက်တိုင်း ရုံး ကအပြန်ဝယ်ပေးခဲ့သလို၊ ကျွန်မသူငယ်ချင်းတွေနဲ့ အပြင်ထွက်လို့ မုန့် ဖိုးတောင်းရင်လည်း သူ ပိုက်ဆံအိပ်ထဲရှိတာလေးကို ညည်းညည်းညူညူပဲ (သူ့ အတွက် လဖက်ရည်ဖိုးလေးသာ ချန် ပြီး) ထုတ်ပေးခဲ့တယ်။ ကျွန်မထမင်းစားပြီးရင်သောက်ဖို့ ဆေးကို သူကိုယ်တိုင် အဆင်သင့် ဆေးခွက်ကလေးထဲထည့်ပေးတတ်တယ်။ ပြီးတော့ ကျွန်မကျောင်းစာတွေနားမလည်လို့ စာ မကျက်ချင်တော့ရင် နားလည်လာတဲ့အထိ စိတ်ရှည်စွာရှင်းပြတတ်သေးတယ်။ ကျွန်မကြိုက် တတ်တဲ့ အစားအသောက်မျိုးကို လခထုတ်ရက်တွေမှာ ၀ယ်လာပေးတယ်။ ကျွန်မအမေနဲ့  အဆင်မပြေတိုင်းလည်း အဖေက ကျွန်မကို အလိုက်တသင့်ချော့မြူတယ်။ ကျွန်မစိတ် ကောက်လို့ ထမင်းမစားရင်လာခေါ်တဲ့သူက အဖေပဲ။ ဒါတွေဟာ ကျွန်မအပေါ်အဖေ့ရဲ့  ဂရုစိုက်ခြင်းတွေပဲလို့ ကျွန်မနားလည်တယ်။

အဖေက အမြဲလိုလိုနောက်နောက်ပြောင်ပြောင်ပြောတတ်တယ်။ အဖေ နောက်ပြောင်တာကို တစ်ခါတစ်လေ ကျွန်မတို့ တစ်တွေတောင်မသိကြဘူး။ ခပ်တည်တည်နဲ့  နောက်ပြောင် ပြောတတ်တာအဖေ့အကျင့်ပဲ။ ဒါကြောင့်လည်း အဖေ့ကလူချစ်လူခင်ပေါတယ်။ အဖေဟာ ရိုးသားပြီး၊ အလုပ်ကိုကြိုးစားတာကြောင့်လည်း အပေါင်းအသင်းတွေကချစ်ကြခင်ကြတယ်။ ပြီးတော့ လူတန်းစားမခွဲခြားပဲ ဆက်ဆံတတ်တာဟာ အဖေ့အတွက် အပေါင်းအသင်းကောင်း မိတ်ဆွေကောင်းတွေတိုးပွားစေတဲ့အကြောင်းပဲလို့ ပြောနိုင်ပါလိမ့်မယ်။

ကျွန်မရဲ့ ဘ၀ထဲက အဖေထွက်ခွာသွားတာကြာပါပြီ။ ကျွန်မ ခုထိအဖေ့ကို တစ်ခါတစ်ရံ ဆိုသလို သတိရနေတုန်းပါ။ ကျွန်မဘ၀မှာ ကျွန်မကိုအချစ်နိုင်ဆုံးဖြစ်ခဲ့တာဆိုလို့ အဖေ တစ်ယောက်တည်းသာ ရှိခဲ့ပါသေးတယ်။ ဒါကြောင့်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ခံစားမှုဖြစ်လေတိုင်းမှာ အဖေ့ကိုပဲ တမ်းတမိနေတတ်ပါတယ်။

ကျွန်မ အဖေနဲ့ ပတ်သတ်ပြီးကျေးဇူးမပြုနိုင်ခဲ့တဲ့အတွက်လည်း ၀မ်းနည်းရပါတယ်။ အဖေ့ အတွက် ကျွန်မဘာကိုမှမလုပ်ဆောင်ပေးခဲ့လိုက်ရပါဘူး။ ဒါပေမယ့် အဖေဖြစ်စေချင်တဲ့ စာရေး တဲ့အလုပ်ကိုတော့ ကျွန်မ အခုချိန်မှာလုပ်နိုင်ခဲံ့ပါပြီ။ အဖေရှိစဉ်ကတော့ ကျွန်မက ငယ်သေးတယ်ဆိုပြီး အပျော်အပါးလောက်ကိုသာစိတ်ဝင်စားခဲ့တာကြောင့် အဖေပြောတဲ့ စာရေးခြင်းကို လုံး၀၀ါသနာမပါခဲ့တာအမှန်ပါပဲ။ အခုတော့ အရာအားလုံးနောက်ကျခဲ့ပြီ ဆိုပေမယ့် အဖေဖြစ်စေချင်တာလေးကို လုပ်နေရတဲ့ အတွက်တော့ဝမ်းသာမိသေးပါတယ်။

အဖေ လောကကြီးထဲကထွက်သွားခြင်းဟာ ကျွန်မအတွက် အိပ်မက်လိုပါပဲ။ အဖေဟာ အိပ်ပျော်နေခြင်းနဲ့ ပဲ ကျွန်မတို့ မိသားစုဘ၀လေးထဲကနေ တိတ်တဆိတ်ထွက်သွားခဲ့ပါတယ်။ အဖေ့မှာ သွေးတိုးရောဂါရှိနေတာကြောင့်လည်း ဦးနှောက်သွေးကြောပြတ်ကာ အိပ်နေရင်းသေဆုံးသွားတာပဲဖြစ်ပါတယ်။ မာတာပိတုဂုဏောအနန္တော ဆိုသလို အမိရဲ့ ကျေးဇူးများကြီးမားသလို အဖရဲ့ ကျေးဇူးများဟာ လည်းကြီးမားလှပါတယ်လို့ ဆိုချင်ပါတယ်။ အဖေက တစ်ဦးတည်းဓါတ်ပုံမရိုက်တတ်တာမို့ အဖေ ငယ်ငယ်တုန်းကပုံလေးပဲတင်လိုက်ရပါတယ်။
အဖေများအားလုံးကိုဂုဏ်ပြုလျှက်ပါ။
အနမ်း

အမျိုးသမီးများသတိထားရန်

9 ယောက်ဆွေးနွေးချက်

အမျိုးသမီးတစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန်မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့ တယ်။ သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည် သန့် ယောက်ျားတစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်းထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကို
နောက်ကြည့်မှန်က တဆင့်မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက် လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာဖြစ်ကြောင်း သတိထားမိလိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားက သူမကား ရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်း ကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်ကလိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကို မောင်းပြေးပါတော့တယ်။ သူတို့ရန်ကလွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေ ကတိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင်ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…
လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်(သို့မဟုတ်)အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန်နိုင်အောင် မသမာသူတွေက 'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ် ကြတယ်။
အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက် မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆ ပိုပြင်းပါတယ်။ ပိုဆိုးတာ က ဒီဆေးက ပါးစပ်ထဲဝင်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊ လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင်အလေးထားဂရုစိုက်သူတွေဆီကို လက်ဆင့်ကမ်းပေးပါ ဆိုလို့  ဒီပိုစ့်ကိုတင်လိုက်ရပါတယ်။ မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေလို့ ….။

မှတ်ချက်။ ။ email မှရရှိသော မြန်မာအမျိုးကောင်းသမီးများ သိထားသင့်သည့် အကြောင်းကို ဝေမျှခံစား တင်ပြလိုက်ပါသည်။

အနမ်း

တစ်နှစ်ပြည့်မွေးနေ့ လေးပါ

31 ယောက်ဆွေးနွေးချက်

ဖေဖေ့ရင်ခွင်တွင်း၌ မွေးခါစ သမီးလေး စုရတီ (ခေါ်) Chloe လေးပုံ Chloe အတွက်တစ်နှစ်ပြည့် မွေးနေ့ လက်ဆောင် Cake




ံHappy Birthday Chloe !



သမီးလေး စုရတီ တစ်နှစ်ပြည့်ပုံ

ကျွန်မရဲ့ တူမလေးတစ်ယောက်တောင် ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီတဲ့။
နေ့ လည်ကမှမေလ်းထဲမှာ အဒေါ်ပို့ တဲ့ သတိပေးစာလေးဖတ်ရလို့ သိရတာ။
ဟီးး အချိန်ကလည်းကုန်မြန်လိုက်တာလို့ ။ ကလေးလေးတောင် တစ်နှစ်ပြည့်ပြီ။
ကျွန်မလည်းနေရင်းထိုင်ရင်း မောင်ဝမ်းကွဲလေးရဲ့ သမီးလေးဆိုတော့ ကြီးဒေါ်ဖြစ်ရ
ပြန်ပေါ့လို့ ။းP
ဒီကလေးလေးကိုမွေးတုန်းက သူ့ အမေ မနည်းမွေးရတယ်။ ဗိုက်ကြီးကိုက နည်းတာမဟုတ်ဖူး။ ပူပေါင်းကြီး လားမှတ်ရတယ်။း) ဆရာဝန်တွေ နာစ့်တွေ ခုနှစ်ယောက်ရှစ်ယောက်လောက် အလုပ်တော်တော်ရှုပ်သွား တယ်လို့ ပြောတယ်။ ကလေးကထွားလွန်းလို့ လေ။ မွေးထုတ်ရတာနည်းနည်း ခက်သွားတယ်။

မွေးတော့ ၁၁ပေါင်၎အောင်စ ရှိတယ်။ နည်းတာကြီးမဟုတ်ဖူး။ မွေးကတည်းကပါတဲ့ ဆံပင်တွေလည်း သန်လိုက်တာ မည်းနက်လို့  အမျိုးတွေက ချီးကျူးထောပနာပြုတယ်။ ဒါလား ခုမှမွေးတဲ့ ကလေးတဲ့။း)

ဟုတ်တယ်။ ကျွန်မ ကလေးလေးပုံကို ဂျီတော့မှာတင်ထားတုန်းကတောင် သူငယ်ချင်းတွေက ၁နှစ်သမီးလား လို့ မေးကြသေးတယ်။ ကံကောင်းတာက ကလေးကို လန်ဒန်မြို့ က ဆေးရုံမှာမွေးခဲ့တာမို့  အစစအရာရာ အဆင်ပြေသွားခဲ့ပြီး၊ ကလေးကိုချောချောမောမော မွေးဖွားလိုက်နိုင်ခြင်းပါပဲ။
ဒါတောင် ကလေးအမေကတော့ ဆေးကုသမှုအနည်းငယ် ခံယူလိုက်ရသေးတယ်။
၁၇ရက်က သမီးလေး စုရတီတစ်နှစ်ပြည့်မွေးနေ့ ဆိုတော့ ကျွန်မပိုစ့်တင်တာနည်းနည်းနောက်ကျသွားပေမယ့် လန်ဒန်ကအချိန်နဲ့ တော့မှီပါသေးတယ်ဆိုပြီးတင်ဖြစ်သွားတာပါ။
အလည်လာကြတဲ့ မိတ်ဆွေ သူငယ်ချင်း ဘလော့ဂါများ သမီးလေးစုရတီအတွက်ဆုတောင်းပေးကြပါအုံးနော်။

သိနေပေးပါ

8 ယောက်ဆွေးနွေးချက်



မင်းမချစ်ရင်လည်းနေပါ
ငါမင်းကိုချစ်နေခွင့်ရရင်ပဲ
ကျေနပ်နေမှာပါ။

မင်းမတွေ့ ချင်လည်းနေပါ
ငါမင်းကိုမြင်နေခွင့်ရရင်ပဲ
ကျေနပ်နေမှာပါ။

မင်းမကြားချင်လည်းနေပါ
ငါမင်းအသံကြားနေခွင့်ရရင်ပဲ
ကျေနပ်နေမှာပါ။

အားလုံးကိုငါအရှုံး
ပေးဆပ်ခွင့်ရရင်တောင်
မင်းအတွက်ဆို
ပေးဆပ်မယ့်သူ
ငါ့လိုလူကို
မင်းအနားမှာ
ရှိနေတယ်ဆိုတာ
သိနေပေးပါ။

ရှောင်သင့်သော ကျယ်၅ပါး

15 ယောက်ဆွေးနွေးချက်

လူတွေ စကားကျယ်ကျယ်ပြောရင်နားထောင်ရအတော်ဆိုးသလိုပဲ။
ကျွန်မတော့ အသံကျယ်ကျယ်ပြောတာကို မနှစ်သက်ဘူး။
တစ်ယောက်နဲ့ တစ်ယောက်ရန်ဖြစ်နေသလားလို့ ။ နောက်ပြီး ရင်တုန်ပန်းတုန်ဖြစ်တတ်
လို့ လေ။း)အိမ်မှာ ကျွန်မ ညီမတွေ စကားကျယ်ကျယ်ပြောရင် ကျွန်မက စပီကာများမြိုထားသလားထင်ရတယ်လို့ နောက်လေ့ရှိတယ်။အတော်အတန်သင့် စကားကိုကြားရုံပြောရင်ရပါပြီလို့ ပြောပြောထားရတယ်။ တစ်ယောက်တည်းအေးအေးနေတတ်တဲ့ အကျင့်ကလည်းပါနေလို့  ဆူညံသံကြားရင် စိတ်ရှုပ်တာလဲပါမယ်။

ဟိုတစ်လောက ကျွန်မ ညီမရဲ့ မိတ်ဆွေကောင်လေးတစ်ယောက် စလုံးကပြန်လာတယ်။
ခွင့်တလနဲ့ ပေါ့။ သူနဲ့ တွေ့ မှ ကျွန်မတောင် သူနဲ့ ယှဉ်ရင် ကျွန်မအသံတောင်အတော်လေးကျယ်နေတာပဲလို့ ထင်လိုက်မိတယ်။ ကျွန်မ ညီမတွေကတော့ သူ့ အသံကိုတိုးလွန်းလို့ ဆိုပြီး အားမလိုအားမရဖြစ်ကာ အဲဒီကောင်လေးကို ကျယ်ကျယ်ပြောပါ ၊ မင်းအသံ ကလည်း ဒီထက်ပိုမထွက်တော့ဘူးလားလို့ ပြောပါတယ်။ ဘယ်လောက်ပြောပြောလေ သူ့ စရိုက်ကိုချက်ချင်းပြင်ခိုင်းလို့ ရမလားနော်။ အသံတိုးတာ နူးညံ့မှုရှိတာပေါ့၊ ယဉ်ကျေးတာပေါ့လို့ ကျွန်မက ပြောမိပါတယ်။ သို့ ပေမယ့် ကျွန်မညီမနဲ့ အိမ်ကလူတွေကတော့ အားမလိုအားမရဖြစ်လို့ ပါပဲ။ ယေကျာင်္းလေးပဲတဲ့။း)

တစ်ခါတစ်လေ အိမ်ကလူတွေစကားကျယ်ကျယ်ကြီးပြောတဲ့အခါမျိုး ၊ အော်ပြောတဲ့အခါမျိုးဆို အဲဒါအပြစ်ဖြစ်တယ်လို့ ပြောပြမိတယ်။ အဲတော့မှ သူတို့ ကဘာအပြစ်လဲတဲ့။ ကျယ် ၅ပါးရှိတယ်လေလို့ ။
ကျယ်၅ပါးလို့ ကျွန်မပြောတာကို သူတို့ က ကြယ်၅ပါးလို့ ထင်ပြီး ရယ်ချင်သေးတယ်။
ကြယ်နဲ့ ကျယ်အသံထွက်ကတုနေတာကိုး။ ကျွန်မက အဲတော့မှ တကယ်ပြောတာဆိုပြီး ကျယ် ၅ပါးဆိုတာကို ရွတ်ပြရတယ်။

ကျယ်(၅)ပါးကတော့.....
*အော်ကျယ်၊
*ပြောကျယ်
*ရယ် *ချေ ကျယ်နှင့်
*သန်းကျယ် ၅ပါး အပါယ်လား တဲ့။
(ချေ ကတော့ နှာချေတာပါ)။
အဲဒါလေးကိုကျွန်မလည်းနှစ်သက်လို့ မှတ်သားထားတာကြာပါပြီ။
ကိုယ့်စရိုက်လေးတွေ မကောင်းတာဆိုရင်ပြင်ရမယ်ထင်လို့ ကျွန်မကတော့ကိုယ်သိသလောက်
သူတို့ ကိုပြောပြရခြင်းပါ။ ဒါမှလည်းပြင်သင့်တာပြင်ပြီး၊ ကောင်းတဲ့အကျင့်လေးတွေကျန်ရစ်မှာပေါ့နော်။ ဘာမဟုတ်တာလေးကလည်း အကုသိုလ်ဖြစ်တတ်တယ်ဆိုတာ သိစေချင်လို့ ပါ။
အားလုံးပဲ အကုသိုလ်ကင်းကာ ပျော်ရွှင်နိုင်ကြပါစေ။
အနမ်း

အိပ်မက်နဲ့ အိပ်မက်မက်ရခြင်း

9 ယောက်ဆွေးနွေးချက်

ကျွန်မတို့ တစ်တွေ အိပ်တဲ့အခါမှာ သူသူ ကိုယ်ကိုယ် အများအားဖြင့် အိပ်မက်တွေမက်တတ်ကြပါတယ်။အိပ်မက်ကိုတွေမြတ်နိုးကြသလားတော့မသိဘူး။ ညအိပ်တော့မယ်ဆိုရင် အချင်းချင်း တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်တတ်ကြတာက Goodnight ,Sweet Dream တဲ့။ အိပ်မက်လှလှ လေးတွေမြင်မက်ကြဖို့ ကိုဆုတောင်းပေးကြတယ်။


ကျွန်မကတော့ အိပ်မက် မက်မှာကိုပဲ စိုးကြောက်မိနေတယ်။ အိပ်မက်မက်ရင် အိပ်ရေးမ၀ သလိုပဲလေ၊ နောက်ပြီး အိပ်မက်ထဲမှာ ရန်ဖြစ်ပြီးစကားများတာတို့ ဒေါသထွက်တာတို့ မြင်မက်မိရင် ပိုဆိုးမယ် ထင်တယ်။ တစ်ချို့ ကလည်း အိပ်မက်မက်လို့ မနက်မိုးလင်းရင်ကိုပဲ ညက အိပ်မက်ထဲမှာ ဘယ်လို မက်တာ စသည်ဖြင့်ပြောပြီး အတိတ်တွေ၊ နမိတ်တွေကောက်တတ်ကြသေးရဲ့ ။ ကောင်း၏ မကောင်း၏ စသည်ဖြင့်ပေါ့။ အိပ်မက်ကျမ်းတွေလည်း ဖတ်ကြတယ်။း)


ကျွန်မနဲ့ အတူလာအိပ်တဲ့ ညီမတစ်ယောက်ရှိတယ်။ သူက ညတိုင်းမှာ အိပ်မက်တွေမက်သလို ယောင်ယောင်ပြီးလည်း ထ အော်တတ်တယ်။ ရယ်လိုက်၊ ငိုလိုက်၊ ရန်တွေဖြစ်လိုက်နဲ့ ပေါ့။ မနက်နိုးလို့ သူ့ ကိုပြောရင် ညက ဘယ်လိုအိပ်မက်လို့ ဘာညာနဲ့ ပြောပြပြီး၊ အဲဒါ ကောင်းလား ဆိုးလား လာမေးနေပါသေးတယ်။ သူ အိပ်မက် မမက်တဲ့ ညကမရှိပါဘူး။ ကိုးရီးယားကား ကြည့်လို့ အိပ်မက်ရတာကတစ်မျိုး၊ ရည်းစားကိုသတိရလို့ မက်ရတာကတစ်ဖုံ နဲ့ အမျိုးကို စုံနေတာပါပဲ။းD မယုံမရှိနဲ့ တကယ်ပြောတာ။ မနက်ဆိုရင် သူ့ အိပ်မက်ကို ပြန်မေးရတာက လည်းအမော။ မကောင်းဘူးလို့ တစ်ယောက်ယောက်ကပြောမိရင် အဲဒါ သူ့ မှာ တစ်နေကုန် မရွှင်လန်းတော့ဘူး။ စိတ္တဇ တောင်ဖြစ်မလားပဲ။းP

တကယ်တော့ အိပ်မက်မက်ရခြင်း အကြောင်း(၄)ပါးရှိတယ်လို့ သိရပါတယ်။ အဲဒါတွေက….

(၁) ဓာတုက္ခောဘ.. သည်းခြေ စသည်တို့ တုန်လှုပ်ချောက်ချားခြင်းကြောင့်မက်ခြင်း

(၂) အနုဘူတပုဗ္ဗ….. ရှေး၌ ခံစားဘူးသော အာရုံကြောင့်မက်ခြင်း

(၃) ဒေ၀တောပသံဟာရ…နတ်တို့ အာနုဘော်အစွမ်းဖြင့် ကောင်းကျိုး၊ မကောင်းကျိုး သိစေ

လို၍မက်ခြင်း

(၄) ပုဗ္ဗနိမိတ္တ………. ကုသိုလ်ကံ အကုသိုလ်ကံ အစွမ်းဖြင့် ကောင်းကျိုး၊ မကောင်းကျိုးကို

ကြိုတင်သိရှိစေသောကြောင့်မက်ခြင်း တို့ ပါပဲ။


ဆရာဦးအေးမောင်ရဲ့ (စိတ်ပညာနဲ့ စိတ်ငြိမ်းချမ်းမှု) မှာရေးသားထားတာကတော့  “ကျွန်ုပ်တို့  အိပ်ပျော်နေသောအခါ အတ္တနဲ့ ပရအတ္တသည် ငြိမ်ဝပ်နေ၍ မသိစိတ်ကိုပိတ်ပင်တားဆီး နိုင်စွမ်းမရှိကြတော့ချေ။ ထိုအခါ အချို့ သောမသိစိတ်များသည် အခွင့်ကောင်းယူ၍ အိပ်မက် ထဲ၌ ပေါ်လာကြသည်။” လို့ ဆိုထားပါတယ် ။


အတ္တ- ဇာတိစိတ်များကိုထိန်းချုပ်ထားသောအရာ

ပရအတ္တ- မိမိကိုယ် မိမိ ဆုံးမတားမြစ်သောတရား(၀ါ) မြန်မာတို့ နားလည်သော ကိုယ်စောင့် နတ်

ဒါ့အပြင် “အချို့ အိပ်မက်များ၏ ဦးတည်ချက်မှာ လူတို့ ၏ အလိုဆန္ဒများကိုအခိုက်အတန့် ဖြည့် စွက်ရန်ဖြစ်သည်။” လို့ လည်းဖော်ပြထားပါတယ်။

အိပ်မက်မမက်တာ ကြာပြီဖြစ်တဲ့ ကျွန်မလည်း ခုတစ်လော ညအိပ်တဲ့အခါ အိပ်မက်တွေမက် နေလို့ ဒီအကြောင်းလေးကို ပိုစ့်တင်ပြီးရေးဖြစ်သွားတာပါ။ ဒါပေမဲ့ မနက်မိုးလင်းတာနဲ့ ကျွန်မ ဘာတွေမက်ခဲ့လဲဆိုတာတော့ လုံးဝကိုသတိမရတော့ဘူး။း)


မှတ်ချက်။ ။ ဒီပိုစ့်လေးကြောင့် မည်သူကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိုပါ။


အနမ်း

လူ(၄)မျိုး၊ (၄)မျိုးသောလူ

12 ယောက်ဆွေးနွေးချက်


လူ အမျိုး(၄)ပါးနဲ့ (၄)မျိုးသောလူ ဟူ၍ရှိသည်။

လူအမျိုး( ၄ )ပါးဆိုတာက…
(၁) ခတ္တိယ (ခေါ်) မင်းမျိုး
(၂) ဗြာဟ္မဏ (ခေါ်) ပုဏ္ဏားမျိုး
(၃) ၀ဿ (ခေါ်) ကုန်သည်မျိုး
(၄) သုဒ္ဒ (ခေါ်) ဆင်းရဲသားမျိုး တို့ ပါပဲ။

ဒါဆိုကျွန်ုပ်တို့ က မည်သည့်အမျိုးထဲက လူတွေလဲ ????

လူ( ၄ )မျိုးဆိုတာကတော့…
(၁) ပြောသာပြော၏၊ ပြောသည့်အတိုင်းမလုပ်သောသူ
(၂) လုပ်ကားလုပ်၏၊ ပြောကားမပြောသောသူ
(၃) ပြောလည်းပြော၏၊ လုပ်လည်းလုပ်သောသူ
(၄) ပြောလည်းမပြော၊ လုပ်လည်းမလုပ်သောသူ

ကဲ ကျွန်ုပ်တို့ က ဘယ်လိုလူမျိုးလဲ????
နံပါတ်(၄) အချက်ကတော့အဆိုးဆုံးသောသူဖြစ်ပါတယ်။ ကျွန်မ၏မိတ်ဆွေများထဲ မည်သူမှ (၄) အချက်က လူမဖြစ်နိုင်ပါဘူးလို့ ယုံကြည်ပါတယ်။
ကျွန်မ တွေးတောမိတာလေး ကို ရေးသားမိခြင်းပါ။ မည်သည့်ရည်ရွယ်ချက်မှမပါပါ။

အနမ်း

မစားရတဲ့ပေါင်မုန့် 

8 ယောက်ဆွေးနွေးချက်
ထိုင်ဝမ်က ပို့ လိုက်တဲ့ပေါင်မုန့် တစ်လုံး။

အနံ့ ကလည်းမွှေးပါ့၊ ပေါင်မုန့် သားကလည်းအိနေတာပဲ။
ဒါပေမဲ့ စားလို့မရတာ ခက်တယ်။း) ပို့တဲ့သူက ကျွန်မအတွက်တော့ မဟုတ်ဖူး။ ဒါပေမယ့် ညီမလေးက သူပေါင်မုန့် အနံ့ရတာမွှေးလို့ စိတ်မထိန်းနိုင်ပဲစားမိမှာစိုးလို့ ထင်ရဲ့ ကျွန်မဆီ ရောက်လာတာ။ ကျွန်မက အမှိုက်ပုံးလေ သူ စွန့်တာတွေကို လက်ခံနေကျဆိုသလို ဖြစ်နေပြီ။ ဟဟ ပေါင်မုန့်ကြိုက်တတ်တာနဲ့ အဲလို ဟိုမကျ ဒီမကျ အသုံးပြုမရ ကွိစိကွစိတွေဆို အလွန်ကြိုက်တတ်တာဆိုတော့ မငြင်းဖြစ်တော့ဘူး။

ပို့လိုက်တဲ့သူကတော့ ဘယ်လိုနေမလဲမသိဘူး။ ခုဆို ..သူလည်းသိလောက်ပါပြီ။ ကျွန်မညီမက အင်တာနက်ထက်မြန်တယ်။ :D

ခုလည်း ဒီပေါင်မုန့်ကို ပလပ်စတစ်နဲ့ အုပ်ထားရတယ်။ အိမ်က အခြားညီမတွေက စားကြည့်မယ် တကဲကဲလုပ် နေလို့။ အမေကတော့ ကလေးတွေစားမိရင်ဒုက္ခနော်၊ စားပွဲပေါ်တင်မထားနဲ့တဲ့။ ဘယ်ကလေးမှလည်းမရှိပဲ စိတ်ပူနေသေး။း)

သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုသည်???

6 ယောက်ဆွေးနွေးချက်


လူတစ်ဦးနဲ့ တစ်ဦး ဆက်ဆံရာမှာ သံသယဆိုတဲ့ မယုံကြည်မှု ဟာ အင်မတန်ကိုကြောက်စရာ ကောင်းတဲ့ သတ္တ၀ါလိုပါပဲ။ လူတစ်ယောက်ကို သံသယဖြစ်ပြီးပေါင်းသင်းနေခြင်းဟာ ကိုယ့် အတွက်မကောင်းသလို ၊ တစ်ဖက်လူအတွက်လည်း စာရိတ္တပိုင်းဆိုင်ရာ၊ သိက္ခာပိုင်းဆိုင်ရာ မှာ ထိခိုက်စေပါတယ်။ တကယ်တမ်း စာရိတ္တပိုင်းမှာ ချို့ ယွင်းနေသူ အဖို့ ကတော့ မပြောပ လောက်ပေမယ့်၊ အကျင့်သီလသိက္ခာကိုတန်ဖိုးထားတဲ့ သူများအတွက်ကတော့ နစ်နာလှပါ တယ်။ လူတစ်ယောက်ကို သံသယစိတ်ဖြစ်နေပြီဆိုကတည်းက သူ့ ကိုဆက်လက်ပေါင်းသင်း ဖို့ မဖြစ်နိုင်တော့တဲ့အကြောင်းတရားလို့ ကျွန်မတော့ ခံယူမိပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး စတင်သိကျွမ်းရာမှကိုယ်ဟာ သည်လူတစ်ယောက်ကိုရာသက်ပန်ပေါင်း သင်းနိုင်ပါ့မလားဆိုတာကိုစဉ်းစားဖို့ လိုပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်က အမြဲအဲသည်လိုမျိုး စဉ်းစားခဲ့လို့ ပါပဲ။ ဘာလို့ လဲဆိုတော့ ယခုအခါမှာ ကျွန်မမြင်တွေ့ မိနေတာက အခုခင်လိုက် ကြ၊ တော်ကြာမုန်း လိုက်ကြ မခေါ်ကြနဲ့  ဖြစ်နေကြလို့ ပါ။ အဲသည်လိုမျိုးအနေအထားကျတော့ ကိုယ်လည်း မကောင်းသလို တစ်ဖက်လူလည်းမကောင်းဘူးဖြစ်သွားတတ်ပါတယ်။ တစ်ချို့  ကျတော့လည်း ပေါ့ပေါ့တန်တန်ပါပဲ။ သူခေါ်ရင်ကိုယ်ခေါ်လိုက်မယ်၊ သူမခေါ်လည်းကိုယ်မခေါ် ဘူး ဆိုတာမျိုး။

အပေါင်းအသင်းထားရာမှာ ကိုယ်နဲ့ စရိုက်ကိုက်ညီမှုရှိမရှိနဲ့ ၊ ကိုယ်က သူ့ အပေါ်ဘယ်လောက် အတိုင်းအတာအထိ ချစ်ခင်နိုင်မယ်ဆိုတာက အရေးကြီးပါလိမ့်မယ်။ ဒါက ကျွန်မယူဆမိတဲ့ အတိုင်းကိုပြောတာပါ။ ဘယ်သူတွေက ဘယ်လိုသဘောထားကြမယ်တော့ ကျွန်မလည်း သိ တာ မဟုတ်ပါဘူး။ ကိုယ်နဲ့ ပေါင်းသင်းမယ့်သူက ငွေကြေးချမ်းသာရဲ့ လား၊ ဂုဏ်ထူးဘွဲ့ ထူး၊ ရာထူးတွေရှိရဲ့ လားဆိုတာတွေက ကိုယ့်အဖို့ အရေးကြီးတာမဟုတ်ပါဘူး။ ရုပ်ရည်ရူပကာ ကို ချစ်ခင်နှစ်သက်ကြတဲ့သူတွေလည်း အတော်များများရှိကြပါတယ်။ ဒါတွေအားလုံးဟာ အပေါ် ယံတွေလို့ ပြောရင် ကျွန်မအဆိုးဖြစ်နေမလား။

အဲဒီအပေါ်ယံတွေကိုပဲ လူတွေနှစ်သက်ကြတာများပါတယ်။ မျက်စိနဲ့ မြင်လို့ ရတဲ့အရာတွေပဲ ကိုး။ ကျွန်မလည်း ငယ်ရွယ်စဉ်ကတော့ အဲဒါမျိုးတွေကို တပ်မက်မိခဲ့တယ်လို့ ဝန်ခံပါတယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက စကားသိပ်မပြောတဲ့ ကျွန်မအကျင့်ကြောင့် သူငယ်ချင်းမိတ်ဆွေ ဆိုတာများများစားစားမရှိခဲ့ဘူး။ ရှိခဲ့ဖူးတဲ့သူငယ်ချင်းမိတ်ဆွေထဲမှာလည်း ကျွန်မအပေါ် ဆိုးဆိုး ၀ါးဝါးဆိုတာမျိုးမတွေ့ ကြုံခဲ့လို့ ကျွန်မကံကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ ဒါဆို အခု ရော…။ ကျွန်မလက်ရှိပေါင်းသင်းတဲ့သူတွေ ဘယ်လိုလူတွေလဲ။ ကျွန်မအပြင်လောကကိုသိပ်မထွက် ဖြစ်တဲ့ နောက်ပိုင်းကွန်ပျူတာကိုအသုံးပြုဖြစ်လာပါတယ်။ အဓိကကတော့ ကျွန်မ စာရေး ဖို့ ပါ။ နောက်တော့ အွန်လိုင်းကိုအသုံးပြုလာရတဲ့ အကြောင်းလေးဖြစ်လာခဲ့တယ်။ အခြားတော့ မဟုတ်ပါဘူး။ ကျွန်မအကိုနဲ့ ညီမတစ်ယောက် ကျွန်မတို့ နဲ့ ရေမြေခြားကိုရောက်သွားခြင်း ကြောင့်ပါ။ အဲဒီကမှအွန်လိုင်းကိုအသုံးပြုတတ်ပြီး၊ မိတ်ဆွေ အပေါင်းအသင်းဆိုတာတွေရရှိ လာခဲ့တယ်။

လူတစ်ယောက်နဲ့ တစ်ယောက်မမြင်ဘူးပဲ ၊ တစ်ယောက်နဲ့ တစ်ယောက် စာတွေရိုက်နှိပ်ပြီး ခင်မင်လာကြခြင်းကို ကျွန်မစိတ်ဝင်စားလာမိတယ်။ စာရိုက်ကာ ခင်မင်ခြင်းနဲ့ သူတို့ ရဲ့ စိတ်ကို လည်းလေ့လာနိုင်တယ်လို့ ကျွန်မခံယူမိတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာကိုလက်ခံ ရမယ်လေ။ ကျွန်မအခုမှ လူတွေရဲ့ စိတ်သဘောထားတွေကို လေ့လာချင်တဲ့စိတ်တွေဖြစ်ပေါ် နေမိတော့တယ်။ ဒါကြောင့်လည်း ကျွန်မ လူတွေရဲ့ စိတ်ကိုနားလည်အောင်ကြိုးစားလာမိ တယ်။ အရင်တုန်းက ကျွန်မ စိတ်ပညာဘာသာရပ်ကိုယူခဲ့ရမှာလို့ လည်း ကိုယ့်ကိုယ်ကိုတောင် အတွေးပေါက်လာပါတယ်။ လူတွေ့ ရဲ့ စိတ်ကိုသိရှိလို့ ကျွန်မနှစ်သက်တဲ့ သူမျိုးကိုဆိုလက်ခံ ပေါင်းသင်းတယ်။ အဲဒီလိုနဲ့ ကျွန်မမှာ တကယ်ကိုခင်မင်တဲ့အရင်းနှီးဆုံး မိတ်ဆွေဆိုတာတွေ နဲ့ လည်းကြုံတွေ့ ရပါတယ်။ အပေါင်းအသင်းများများစားစား မထားတတ်တာ နဲ့  စကားကိုကြွယ် ကြွယ် ၀၀ မပြောတတ်တာကတော့ကျွန်မစရိုက်လို့ ဆိုရမယ်ထင်တယ်။ ကျွန်မ သူတို့ တွေ အပေါ်နားလည်နိုင်အောင်တော့ကြိုးစားခဲ့တယ်။ ကျွန်မကိုပြန်လည်နားလည်နိုင်ဖို့ ကိုလည်း ကျွန်မ မျှော်လင့်မိအမှန်ပါပဲ။

လူတစ်ဦးနဲ့ တစ်ဦးပေါင်းသင်းတဲ့အခါ နောက်ပြောင်ခြင်းဟာ ရင်းနှီးမှုပဲလို့ ပြောလို့ ရပေမဲ့ ထိခိုက်နစ်နာအောင်ပြောဆိုနောက်ပြောင်ခြင်းကတော့ ရင်းနှီးတာလို့ ပြောလို့ မရတော့ပါဘူး။ အချို့ က မညှာမတာပြောဆိုဆက်ဆံတတ်တာမျိုးတွေရှိကြပါတယ်။ ကိုယ့်အတွက်မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းများဟာ ကိုယ့်အပေါ်နားလည်မှု အရှိနိုင်ဆုံးဖြစ်ဖို့ လိုအပ်ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး ခင်မင်စွာပေါင်းသင်းလာကြရင်ဖြင့်၊ ယုံကြည်မှု့ ၊ နားလည်ပေးမှု့၊ စာနာမှု၊ ခွင့်လွှတ်မှု ၊ သည်းခံမှု့ စတဲ့သဘောထားတွေရှိဖို့ လိုပါလိမ့်မယ်။ ဒါမှ လည်းတစ်ဦးနဲ့ တစ်ဦး တစ်သက်တာ မိတ်ဆွေကောင်း၊ အဖော်ကောင်းတွေဖြစ်သွားမယ်လို့  ယူဆမိပါတယ်။

ဘုရားရှင်က ဟောပြဆုံးမခဲ့ပါတယ်။ မိတ်ဆွေကောင်းကို မှီဝဲဆည်းကပ် ကိုးကွယ်မယ် ဆိုရင် အလုံးစုံ အောင်မြင်တယ်တဲ့။ ဒီလိုဆိုရင် မိတ်ဆွေယုတ်ကို ဆည်းကပ် ကိုးကွယ်မိမယ်ဆိုရင်တော့ အလုံးစုံ ကျဆုံးမယ်ဆိုတဲ့ သဘောပေါ့။ ဒါဆို ဘယ်အချက်တွေနဲု့ ရွေးချယ်ရမလဲ? အင်္ဂါ(၇)ချက်နဲ့ တိုက်ပြီးတော့ ဆည်းကပ် ကိုးကွယ်ရပါ့မယ်။ (၁) ရိုသေထိုက်တဲ့ ဂုဏ်ရှိရမယ် (၂) ချစ်ခင်ထိုက်တဲ့ ဂုဏ်ရှိရမယ် (၃) ချီးမွမ်းထိုက်တဲ့ ဂုဏ်ရှိရမယ် (၄) လွဲမှားနေရင် ဆုံးမတတ်တဲ့ ဂုဏ်ရှိရမယ် (၅) မိမိတို့ မေးသမျှကိုလည်း ဖြေဆိုနိုင်စွမ်း ရှိရမယ် (၆) နက်နဲတဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်း သစ္စာတရားများကိုလည်း ဟောပြနိုင်စွမ်း ရှိရမယ် (၇) အကျိုးနည်းတဲ့နေရာ မညွှန်ပြပဲ အကျိုးများတဲ့ နေရာ ညွှန်ပြနိုင်ရမယ် ဆိုတဲ့ အချက်(၇)ချက်လို့  ဆိုပါတယ်။
(ဓမ္မမေတ္တာ ဘလော့မှ မောင်ကောင်းရေးသားထားသော အချက်ကို ပြန်လည်ကောက်နုတ် ကာတင်ပြခြင်းပါ)


ကျွန်မ ရဲ့ မိတ်ဆွေကောင်းရွေးခြယ်မှုဟာ ပြည့်စုံလိမ့်မယ်လို့ မဆိုချင်ပါဘူး။ ကျွန်မရဲ့ ချစ်ခင် ပေါင်းသင်းသူတွေအပေါ် ကျွန်မရဲ့ အယူအဆတစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့  ဘလော့ဂါ အပေါင်းအသင်းတို့ အနေနဲ့ လည်း ကိုယ့်ရဲ့ မိတ်ဆွေတွေကို ဘယ်လိုများရွေးခြယ် ပေါင်းသင်းကြသလဲ??? မိတ်ဆွေကောင်းဆိုတာကို ဘယ်လိုယူဆကြသလဲ ???

ဖိုးစိန်၊ ပြာသို နဲ့ မိုးခါး တို့ ကိုရေးစေချင်ပါတယ်။း)

Computerကို Virus မ၀င်အောင်ကာကွယ်နည်း(၅)မျိုး

1 ယောက်ဆွေးနွေးချက်
Computerကို Virus မ၀င်အောင် ကာကွယ်နည်း(၅)မျိုးမှာ...........

၁။ မည်သည့် external device ကိုမှမတပ်ဆင်ပါနဲ့(CD-DVD များအပါအ၀င်)

၂။ internet မသုံးပါနဲ့၊ သုံးရင်လည်း မည်သည့် web site ကိုမှဖွင့် မကြည့်ပါနဲ့၊

၃။ Computer ကို မဖွင့်ပါနဲ့(မီးပလပ် မထိုးပါနဲ့)၊

၎။ Computer ကို အစကတည်းက မ၀ယ်ပါနဲ့၊

၅။ Computer ဆိုင်ရှေ့ကို ဖြတ် မလျှောက်ပါနဲ့

forward mail ထဲက ရတာလေးပါ။ ကျွန်မလည်း တကယ့်virusကာကွယ်နည်းမှတ်လို့ ၊ ဖတ်ပြီးမှရယ်ရလို့ ဘလော့မှာတင်လိုက်တာ။


group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=Nမှာကြည့်နိုင်ပါသည။်သင်ဧ။် mail များကို aurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။
We are warmly welcome to you. IF YOU NEED HELP, YOU MAY ASK TO phonezinoo@gmail.com(group owner)