အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ


ကျွန်မ မကြာခဏစဉ်းစားမိတဲ့အကြောင်းတစ်ခုကတော့ လူတစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ လူတွေဘာလို့ တစ်ဦးနဲ့ တစ်ဦးဆက်ဆံပုံခြင်းမတူကြသလဲ။ လူအားလုံးဟာ အမိဝမ်းတွင်းမှ ကိုယ်စီမွေးထုတ်လာခဲ့ကြသလို၊ သေဆုံးခြင်းဆိုတဲ့ မရဏပန်းတိုင်ကို ကိုယ်စီ လျှောက်လှမ်းနေကြရတာပါ။ ဒီအသိတရားလေးတစ်ခုကိုပဲအသေအချာ ဆင်ခြင်ကြည့်မယ် ဆိုရင်ပဲ တစ်ဦးနဲ့ တစ်ဦးမှာ မလိုမုန်းထားတွေ၊ မာန်မာနတွေ၊ အာဃာတတွေ မထားသင့် တော့ပါဘူး။

လူတွေမှာ သူတို့ ရဲ့ အတိတ်ကံနဲ့ အတူ မကောင်းသောကံ၊ ကောင်းသောကံ အလိုက်မွေးဖွား လာကြပါတယ်။ မကောင်းသောကံနဲ့ မွေးဖွားလာကြတော့ ဆင်းရဲခြင်း ဆိုတဲ့ငွေကြေးမပြည့်စုံ တဲ့ ဘ၀ကိုရောက်ကြရပြီး၊ ဘ၀ပေးအခြေအနေအရ နိမ့်ကျတယ်ဆိုတဲ့အလုပ်တွေကိုလုပ်ကြရ ခြင်းပါ။ ကောင်းသောကံနဲ့ မွေးဖွားခဲ့သူများကတော့ ချမ်းသာခြင်းသုခနဲ့  ငွေကြေးပြည့်စုံတဲ့ ဘ၀၊ အထက်တန်းဆိုတဲ့ဂုဏ်ဒြပ်တွေ ကိုပိုင်ဆိုင်ကြတာမို့ ၊ အဆင့်အတန်းမြင့်တယ်ဆိုတဲ့ အလုပ်အကိုင်များနဲ့ ရှင်သန်နေထိုင်ကြပါတယ်။

လူတစ်ယောက်မှာ အဓိကကျတာကတော့ စိတ်ဓါတ်ကောင်းဖို့ ပါပဲ။ စိတ်ဓါတ်ကောင်းမှ လူ ကောင်းဖြစ်နိုင်ပါမယ်။ စိတ်ဓါတ်မကောင်းကြလို့ သူခိုး၊ ဓါးမြ စတာတွေဖြစ်ပြီး သူတစ်ပါး ပစ္စည်းဥစ္စာကို အလွယ်တကူရယူချင်တဲ့စိတ်တွေဖြစ်လာကြပါတယ်။ ဒါကတော့ မကောင်းမှု ကြီးကြီးမားမားပါ။ အချို့ ကတော့ လူတန်းစားဆိုတဲ့ ဥပဒေမရှိတဲ့သတ်မှတ်ခြင်းတွေနဲ့  လူတွေကိုအမျိုးမျိုး အတန်းအစားအမျိုးမျိုး ခွဲခြားခြင်းပါပဲ။ ဂုဏ်ရှိသူ၊ ရာထူးရှိသူ၊ ငွေကြေး ချမ်းသာသူ၊ ရာထူးဂုဏ်မရှိသူ ငွေကြေးချို့ တဲ့သူ စသည်ဖြင့် အသီးသီး ပိုင်းခြားခွဲခြားခြင်းပါ။ အဲဒီလို လူတန်းစားကိုခွဲခြားပြီး အလုပ်ရှင်ရယ် အလုပ်သမားရယ်၊ သူဌေးရယ် ဆင်းရဲသားရယ် လူမှုဆက်ဆံရေးတွေ ပြောင်းလဲပြီး ဆက်ဆံကြတော့တာပါ။

ဒီလို အလုပ်ရှင်ကအလုပ်သမားကို သူဌေးကဆင်းရဲသားကို နိမ့်ချပြီးဆက်ဆံပြောဆိုခြင်း ဟာ နေရာ၊ ဌာနတိုင်းမှာ အများအားဖြင့်တွေ့ နေရပါတယ်။ နည်းပါးသောအလုပ်ရှင် နဲ့  သူဌေး အချို့ လောက်သာ လူတန်းစားခွဲခြားပြောဆိုမှု ကင်းကြတာပါ။ ဒီလိုပြောဆိုကြတာကို အပြစ် မရှိဘူးလို့ ပြောလို့ မရပါဘူး။ ကိုယ်က အလုပ်ရှင်ပဲ၊ ကိုယ်ကသူဌေးပဲ ဆိုတဲ့ မာန်မာနတွေ ထားခြင်းဟာ ကိုယ့်အတွက်အကျိုးမရှိသလို၊ တစ်ဖက်လူအတွက်လည်း သူ၏ရိုးသားစွာ ကြိုးစားခြင်းကို နှိမ့်ချရာရောက်ပါလိမ့်မယ်။ ကံတရားဆိုတာ အမြဲကိုယ့်ဖက်မှာကောင်းနေမှာ မဟုတ်ပါဘူး။ တစ်နေ့ နေ့ တစ်ချိန်ချိန် မှာ ကိုယ်က ကံတရားမကောင်းခဲ့လျှင် ကိုယ်ပြုမူခဲ့တဲ့ အပြစ်တွေက ကိုယ့်ကိုပြန်ဒဏ်ခတ်ခြင်းခံရပါလိမ့်မယ်။ ၀ဋ် ဆိုတာလည်တယ်လို့ လူကြီးတွေ ပြောလို့ ကြားဖူးတဲ့စကားက ယခုအခါမှာမှန်ကန်ကြောင်း မျက်မြင်ကိုယ်တွေ့ ကြားသိနေကြ ရတာတွေများပါတယ်။ ဘုရားတရားတော်အရကတော့ အကုသိုလ်အကျိုးပေးလို့ ဆိုရမှာပါ။

လူလူချင်းအထင်သေးတာဟာ နိမ့်ကျတဲ့သဘောထားတွေကြောင့်လို့ ယူဆလို့ရပါတယ်။ ဘယ်သူ့ ကိုမှ ဘာအကြောင်းနဲ့ မှအထင်သေးစရာမလိုပါဘူး။ တစ်နေ့ နေ့ ကျရင် လူတိုင်းဟာ မြေကြီးထဲရောက်ကျရမယ်လို့ တွေးလိုက်မိတာနဲ့ အမျှ လူချမ်းသာ လူဆင်းရဲ၊ အလုပ်ရှင် အလုပ်သမား ဆိုတာတွေကွယ်ပျောက်သွားပါတယ်။ ဒါကို သိနေကြပေမယ့်၊ လူအချင်းချင်း ဆက်ဆံရေးတွေ ဘာလို့ ကွဲပြားနေကြသလဲဆိုတာကို ကိုယ်ကိုယ်တိုင် တွေးကြည့်သင့်ကြပါ တယ်။ ကိုယ့်ကိုကိုယ် အတ္တတွေကြီးမားနေလို့ ပါပဲ။ ငါဆိုတဲ့ အစွဲနဲ့ ငါမှငါဖြစ်နေတတ်တာတွေ က တစ်ဖက်လူအတွက် ကိုယ်ချင်းစာမှုကို ဆုတ်ယုတ်စေပါတယ်။

ကျွန်မနဲ့ ခင်တဲ့ အစ်မတစ်ယောက် ပြောဖူးတဲ့စကားလေးတစ်ခွန်းကို တစ်ခါတစ်ခါမှာ ကျွန်မ ပြန်သတိရမိတယ်။ သူဟာ သေမယ့်သူလို့ သူ့ ကိုယ်သူ သတ်မှတ်ထားတဲ့အတွက် သူ့ ကို ဘယ်သူမဆို တက်နင်းသွားရင်တောင် သူငြိမ်ခံနေလိုက်တော့မယ်တဲ့။ သေရင်လည်း ဘာမှ သိတော့မှာမဟုတ်ဘူးလေ၊ ဒီတော့ ကိုယ့်ကိုဆဲလည်းခဏပဲတဲ့၊ ဘယ်လောက်ကြာကြာ ဆဲနိုင်မလဲ၊ ဘယ်လောက်ကြာကြာ ဒေါသထွက်နိုင်ကြမလဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ကျွန်မ အရမ်း တန်ဖိုးထားမိသွားတဲ့ စကားတစ်ခွန်းပါ။ ကျွန်မလည်း သူ့ လိုနေနိုင်အောင်ကြိုးစားချင်တယ်။ အဲဒီလောက်ထိဖြစ်နိုင်ပါ့မလား။

ခန္တီ သည်းခံခြင်းသည်လည်း မင်္ဂလာတစ်ပါးမည်တာပါပဲ။ အရာရာကို သည်းခံတတ်သွားရင် လူတိုင်းအပေါ် ညီတူညီမျှ ဆက်ဆံသွားနိုင်လိမ့်မယ်လို ယုံကြည်ပါတယ်။ ဒါပေမယ့် အဲဒီသည်းခံစိတ်ဟာ အင်မတန်မှခက်ခဲပါတယ်။ ကိုယ်ချင်းစာ စိတ်ထားနိုင်တဲ့သူ ၊ အရာရာကိုနားလည်ခွင့်လွှတ်တတ်တဲ့သူမျိုး မှသာ သည်းခံတတ်ပါလိမ့်  မယ်။ အဲဒီအမက နိုင်ငံရပ်ခြားမှာတစ်ယောက်တည်းရှင်သန်နေထိုင်နေရပြီး၊ ဝေဒနာများစွာကို လည်း ခံစားခဲ့ဖူးသူတစ်ယောက်ပါ။ သည့်ပြင် ဗုဒ္ဓဘာသာရပ်ဆိုင်ရာ စာအုပ်များကိုဖတ်ကာ လေ့လာပြီး လက်တွေ့ ကျင့်သုံးနေသူလည်းဖြစ်ပါတယ်။

လူအချင်းချင်း စာနာစိတ်၊ သည်းခံစိတ်၊ နားလည်စိတ် နဲ့ တစ်ဦးကို တစ်ဦး ဆက်ဆံနိုင်ကြမယ် ဆိုရင် အေးချမ်းသာယာတဲ့ ကျွန်မတို့ ပတ်ဝန်းကျင်ကို မေတ္တာတရားတွေ လွှမ်းခြုံနိုင်ပါလိမ့် မယ်။ အဲဒီနောက် လူအချင်းချင်း အထင်သေးခြင်း၊ ကဲ့ရဲ့ ခြင်း၊ ခွင့်မလွှတ်ခြင်းတွေနဲ့ ဖုံးလွှမ်း မနေပဲ ၊ တစ်ဦးကိုတစ်ဦးနားလည်ပြီး စာနာသည်းခံ စိတ်မွေးကာ ဆက်ဆံနိုင်ကြစေဖို့  အထင် သေးခြင်းများ ကင်းရှင်းကြစေဖို့ ကို အထူးလိုအပ်တယ်ဆိုတာ မေတ္တာရှေ့ ထားကာ ရေးသား မိခြင်းဖြစ်ပါတယ်။

( မအနမ်း)

17 ယောက်ဆွေးနွေးချက်:

kiki said...

အနိုင်လိုသူကို အရှုံးပေး တော့ နှလုံးအေးရတာပေါ့ လေ ...
ခွင့်လွှတ်သည်းခံ နေနိုင်တာ အကောင်းဆုံးပါပဲ ..

သတိပေးတာ ကျေးဇူးပါ ..
(အဟက်..ခုထိတော့ နိုင်လို့ ရတဲ့သူကို အနိုင်ယူခြင်နေဆဲပဲ ..
မနိုင်မှပဲ အရှုံးပေး လိုက်တာ အောင့်သက်သက် နဲ့ပေါ့ ..း))

ဂျူနို said...

လူအချင်းချင်း အထင် သေးတတ်တာဟာ နိမ့်ကျတဲ့ သဘောထား ပဲပေါ့ ညီမရယ်။

ကိုယ့်ကိုကိုယ် အဟုတ်ကြီးမှတ် တအား အထင်ကြီ်းနေလို့လည်း သူများကို အထင်သေးတယ် ထင်တယ်လေ။

မအယ်

ဂျပန်ကောင်လေး said...

ဟုတ်တယ် ..မအနမ်းရေ... ဘာလို့အချင်းချင်းအထင်သေးနေကြသလဲဆိုတာမသိဘူး...း(.. အလုပ်ရှင်နဲ့အလုပ်သမားမပြောနဲ့.. အတူတူချင်းတောင်..ဟူး..မပြောတော့ဘူး...

Yu Ya said...

ကျွန်တော်ကတော့ သူများကို အထင်လည်းမသေးဘူး.. ဒါပေသည့် အထင်လည်း မကြီးဘူး..အဟီး။

ဖွားကိလိုလည်း အောင့်သက်သက်နဲ့လည်း အရှုံးမပေးဘူး..ဟဲ..ဟဲ.။ ဖွားကိကို သွားမပြောနဲ့အုံးဗျ။

yu ya

Ðaywalker[Soul] said...

ဖတ်သွားပါတယ်ဗျာ

ဆောင်းနှင်းဝေ said...

အမရေလာဖတ်သွားပါတယ်....အခုလို့အသိနဲ့သတိတရားလေးကိုဖတ်ရတဲ့အတွက်
အမအနမ်းအားကျေးဇူးတင်ပါတယ်...
ကျန်းမာပျော်ရွှင်နိုင်ပါစေ
....ဆောင်းနှင်း.......

may16 said...

ဒီပို့စ်လေး ကို ဖတ်ပြီး လူတိုင်း အထင်သေးခြင်း ကင်းရှင်းနိုင်ကြပါစေ..

desertraindrops said...

နှိမ်လဲ မနှိမ်ဘူး။ အဲ လာနှိမ်ရင်လဲ ကြိုက်ဘူး။ လူအချင်းချင်း ဘာနှိမ်စရာရှိလဲနော့။

သူကြီးမင်း (တုံးဖလား) said...

သာဓု ခေါ်သွားပါတယ် အမ။

အဲဒီလို စိတ်ထားမျိုးထားနိုင်ကြရင် ကမ္ဘာကြီးလုံးဝ ငြိမ်းချမ်းသွားမှာ သေချာတယ်။

မောင်ကောင်း said...

ဟုတ်ပါ့အစ်မရေ.. ခေါင်းစဉ်လေးဖတ်လိုက်ရင်ကို အေးချမ်းမိပါတယ်.. လူသားအချင်းချင်း.. အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေဗျာ..။

ညီမလေး said...

ညီမလေးစာတပုဒ်မှာဖတ်ဖူးတယ် လူတိုင်းကို ကိုယ့်စံနဲ့တော့မတိုင်းနဲ့တဲ့ လူတိုင်းမှာ ကိုယ်စီမှာ မတူတဲ့ အရည်အချင်းတွေ ရှိပါတယ် ။ သူ့မှာရှိတဲ့ အရည်အချင်းမျိုး ကိုယ့်မှာလဲ မရှိနိုင်သလို ကိုယ့််မှာရှိတာလဲ သူ့မှာ ရှိချင်မှရှိမှာပေါ့ ... တဲ့ ..
ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ပြီး လူတကာကို အထင်လိုက်သေးနေတဲ့ တာကိုက အထင်ကြီးစရာမကောင်းတတ်တာကို သတိထားသင့်တယ်နော်..

ရွှေပြည်သူ (ShwePyiThu) said...

အစ်မအနမ်းရေ အဖိုးတန်စာပါပဲ။ အခုလို နိုင်ငံရပ်ခြားမှာ နေရမှ အဆင့်အတန်း ခွဲခြားဆက်ဆံမှုအပြင် လူမျိုးခွဲခြားတဲ့ discrimination ကိုပါ ကြုံလာရပါတယ်။ အဲဒီအခါ သည်းခံခြင်းတရား လက်ကိုင်ထားဖို့က ဘယ်လောက်ခက်လဲ ဆိုတာ သိလာရပါတယ်။

“သူဟာ သေမယ့်သူလို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့အတွက် သူ့ကို ဘယ်သူမဆို တက်နင်းသွားရင်တောင် သူ ငြိမ်ခံနေလိုက်တော့မယ်” ဆိုတဲ့ စကားကိုလည်း သိပ်တန်ဖိုးထားမိပါတယ်။ အဲဒီလို စိတ်ထားသွားနိုင်ပြီဖြစ်တဲ့ အဲဒီအစ်မကတော့ သိပ်ကို စိတ်ငြိမ်းချမ်းမှာပဲနော်။ အားလည်းကျမိပါတယ်။ ဒီပို့စ်အတွက် ကျေးဇူးအများကြီး တင်ပါတယ် အစ်မ...

Dream said...

အထင်သေးချင်း အချင်းချင်း ကင်းရှင်းကြပါစေ
မေတ္တာရေစမ်း အစဉ်လန်း အေးချမ်းကြပါစေ..

~ဏီလင်းညို~ said...

မအနမ်းရေ...
စာလာဖတ်သွားပါတယ်ဗျာ...
ကျေးဇူးပါနော့ဗျ...

Unknown said...

အနမ်းရေ
လာဖတ်ပါတယ် မှတ်ပါတယ်

မင်္ဂလာပါ .... said...

အစ်မ အနမ်းရေ...
တစ်လေးတစ်စားဖတ်မှတ်နာယူသွားတယ်
အမြဲလက်ခံကျင့်ရမဲ့ သည်းခံခြင်းတရားလက်ကိုင်ထားနိုင်ဖို့ ကြိုးစားရမယ် ...
အထင်သေးခြင်း အချင်းချင်း ကင်း၇ှင်းကြပါစေလို့ ဆုတောင်းမိရင်း
ခင်မင်လေးစားလျှက်
ညီမလေး နှင်း

Welcome said...

လောကကြီးမှာ လူတိုင်းနဲ့ အဆင်ပြေပြေနေနိုင်ဖို့ စိတ်ကောင်းလေးတစ်ခုတော့ မွေးမြူထားသင့်တယ်လို့ မြင်မိပါတယ်။

သူတစ်ပါးမျက်ရည်ကျမှ ရရှိတဲ့ ပျော်ရွှင်မှုမျိုးကို မနှစ်သက်သင့်ပါဘူး၊ ၀ဋ်ဆိုတာ လည်တတ်စမြဲပါ။

အဆင်ပြေ ပျော်ရွှင်ပါစေ