စူးစမ်းခြင်းနဲ့ စပ်စုခြင်း

စူးစမ်းတာက ကောင်း မကောင်း၊ မှန် မမှန်
သိအောင်ကြည့်တာ၊
စပ်စုတာက နေရာတကာ ၀င်ရှုပ်တာ။
ဓမ္မဒူတအရှင်ဆေကိန္ဒ

အဲဒီဆုံးမစာတမ်းလေးကို ကျွန်မရဲ့ စာကြည့်စားပွဲဘေးက နံရံမှာကပ်ထားပါတယ်။
အကြောင်းကတော့၊ ကျွန်မလည်းလူတွေရဲ့ စပ်စုတတ်တဲ့အကျင့်တွေကိုမကြိုက်လို့ လည်းဖြစ်ပါတယ်။
တော်ရုံမေးမြန်းတာလောက်ကိုတော့ ကျွန်မဘာမှမပြောလိုပေမယ့်၊ လူတစ်ယောက် ရဲ့အတွင်းကျကျ ကိစ္စရပ်မျိုးတွေကိုမေးမြန်းလာတဲ့အခါ ကျွန်မတော်တော်ကို စိတ်ပျက် မိပါတယ်။ လူတိုင်းမှာပြောလိုတဲ့အကြောင်းအရာတွေရှိသလို၊ မပြောချင်ကြတဲ့အကြောင်း
တွေလည်း ရှိကြပါလိမ့်မယ်။ ဒါကြောင့်သူတို့ ပြောလိုတာကိုသာနားထောင်သင့်တယ်၊ မပြောချင် တာမျိုးကိုတော့၊ အတင်းအကြပ်မမေးသင့်ဘူးလို့ ကျွန်မကတော့ ဆိုချင်တယ်။ ကျွန်မကိုယ်တိုင် လည်း မပြောချင်တဲ့အကြောင်းဆိုတာတွေရှိတယ်လေ။

နောက်ပြီးနေရာတကာဝင်ပါတယ်ဆိုတာမျိုး၊ ဒါမျိုးကလည်းမဖြစ်သင့်ဘူး။ ကိုယ်က သူများကိစ္စတွေမှာနေရာတကာဝင်ပါလို့ မရဘူးဆိုတာနားလည်ရမယ်။ ကိုယ်နဲ့ သူနဲ့ ဘ၀ချင်းပေါင်းစပ်ပါပြီဆိုတာမျိုးတောင်မှ သူ့ ကိစ္စအချို့ ကို ကိုယ်ဝင်ပါလို့ မရတာတွေ ရှိနေသေးတာပဲမဟုတ်လား။ မိန်းခလေးချင်းပြောရမယ့်ကိစ္စရှိသလို၊ ယောကျာင်္းလေး ချင်းပြောရမယ့် ကိစ္စတွေလည်းရှိတယ်လေ။ ဒါတွေကိုအကြောင်းပြုပြီး နေရာတကာ ၀င်ရှုပ်တာမျိုးမလုပ်သင့်ဘူး။

စပ်စုခြင်းဟာ နေရာတကာဝင်ရှုပ်တာပါပဲတဲ့။ ဟုတ်ပါတယ် ၊သူများအကြောင်းတွေကို မလိုအပ်ပဲမေးမြန်းတာမျိုးဟာ စပ်စုတယ်လို့ ပဲခေါ်ရမှာပေါ့။ စပ်စုတယ်ဆိုတဲ့သဘော တရားဟာ စူးစမ်းတယ် ဆိုတဲ့သဘောတရားနဲ့ အဓိပ္ပါယ်ကွဲလွဲသွားပြီလေ။ စူးစမ်းတာဟာ ပညာရဖို့ လေ့လာသုံးသပ်တာလို့ ပြောနိုင်ပါတယ်။ အလကားအရေမရ အဖတ်မရတဲ့ကိစ္စ မျိုးမဟုတ်တော့ဘူး။ စပ်စုတာကြတော့ သူများကိစ္စကိုဝင်စွက်ဖက်တာလို့ လည်းပြောလို့ ရတယ်။ သူတစ်ပါးကိစ္စကို မေးမြန်းပြီးတဲ့အခါ အခြားတစ်ယောက်ကို ပြန်ပြောခြင်းဖြင့် လည်းအတင်းပြောတယ်လို့ သတ်မှတ်ကြပါသေးတယ်။ အရေမရအဖတ်မရဆိုတဲ့
ကိစ္စမျိုးတွေပဲပေါ့။

စူးစမ်းခြင်းနဲ့ စပ်စုခြင်းကို ကွဲပြားစွာနားလည်ဖို့ လို ပါတယ်။ စူးစမ်းခြင်းဆိုတာက ပညာရပ် တစ်ခုကိုလေ့လာသုံးသပ်ခြင်းမျိုးပါ။ စူးစမ်းခြင်းကြောင့်လည်း လူတွေရဲ့ တီထွင်ကြံဆနိုင်ခြင်း ကနေ အသုံးအဆောင်ပစ္စည်းများ၊ စက်ကိရိယာများ၊ ယဉ်များ တစ်မျိုးပြီးတစ်မျိုး ထုတ်လုပ် နိုင်ခဲ့ခြင်းပါပဲ။ ကျွန်ုပ်တို့ ကမ္ဘာကြီးမှာရုပ်ဝတ္ထုပစ္စည်းများလည်း ခေတ်နဲ့ အပြိုင်တိုးတက် ထွန်း ကားပေါ်ထွက်နေခြင်းဟာလည်း ဒီစူးစမ်းမှုတွေပြုလုပ်ခြင်းကြောင့်ပါပဲ။

အဲလက်ဇန္ဒားဖလီမင်း (Alexander Fleming)ဆိုသူက သူ၏စူးစမ်းမှုကြောင့် မှိုမှတဆင့် ပန်နစလင် penicllin ဆိုတဲ့ ပဋိဇီဝဆေးတစ်မျိုးကိုဖော်ထုတ်လာနိုင်ခဲ့ပါတယ်။ သူ၏ စူးစမ်းမှု ကြောင့်လည်း သူဟာ 1945 ခုနှစ်မှာ ရူပဗေဒနဲ့ ဆေးဝါးဆိုင်ရာပညာရှင် နိုဘယ်ဆုကို ရရှိလာ ခဲ့တာပါပဲ။

အဲလက်ဇန္ဒား ဂရေဟမ်ဘဲလ် (Alexander Granham Bell ) ကလည်း ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်ဖြစ်ပြီး၊ သူ၏ စူးစမ်းခြင်း၊ ဆန်းသစ်တီထွင်ခြင်းတို့ ကြောင့် တယ်လီဖုန်းဆိုတဲ့ ဆက်သွယ်နိုင်မှု စက်ပစ္စည်းတစ်မျိုးကိုဖန်တီးလာ နိုင်ခဲ့ပါတယ်။ သူလည်း 1888 ခုနှစ် National Geographic Society ရဲ့ ပထမဆုံးအဖွဲ့ ဝင်ဖြစ်လာခဲ့ပါတယ်။

အဲဒါကြောင့် စူးစမ်းခြင်းဆိုတာ ကောင်း မကောင်း၊ မှန် မမှန်ကြည့်တာဆိုတာကို လက်ခံနိုင် ပါမယ်။ ကောင်းမကောင်း ၊ မှန် မမှန်သိမှသာ ဆန်းသစ်တီထွင်မှုတွေ၊ ဖန်တီးမှုတွေကို ပြုလုပ်လာနိုင်မှာပါ။ လူတွေရဲ့ စူးစမ်းလေ့လာမှု ကသာလျှင် တိုးတက်ထွန်းကားတဲ့ခေတ်တွေ ကို ပြောင်းလဲလာစေခဲ့တာပဲလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့်၊ စပ်စုခြင်း ဆိုတဲ့ နာမည်ကောင်းမရနိုင်တဲ့ နေရာတကာဝင်ရှုပ်တဲ့ ကိစ္စတွေကို မလုပ်မိကြစေဖို့ တားမြစ်ကာ၊ ကိုယ့်အတွက်သာမက အများအတွက်ပါ တိုးတက်စေမယ့် နည်းလမ်းကောင်းဖြစ်တဲ့ စူးစမ်းခြင်းမျိုးနဲ့ သာကိုယ့်ဘ၀ ကိုတိုးတက်အောင် ကြံဆောင်
ကြပါစို့ လား။

အနမ်း( သုခုမ )

အတွဲ(၉) ၊ အမှတ်စဉ်(၄၃၀)
အတွေးသစ်ဂျာနယ်မှဖော်ပြခြင်းခံရသည်ကိုပြန်လည်တင်ပြခြင်းပါ။

2 ယောက်ဆွေးနွေးချက်:

မဆုမွန် said...

အပြည့်အ၀ ထောက်ခံတယ် စူးစမ်းတာပါဆိုပြီး အတင်းစပ်စုသူတွေ ဒိုကတော့ ဘာမှ ဖုန်းကွယ်မထားဘူးဆိုပြီး သူများအတွင်းရေး လိုက်စုံစမ်းတဲ့ သူတွေ အများကြီးပဲ..ကွက်တိပဲ ရေးထားတာလေးက တော်တော်ကောင်းတယ်..များများရေးနော် အားပေးနေမယ်

ရွှေပြည်သူ (ShwePyiThu) said...

မအနမ်းရေ... သိပ်မှန်တာပဲ။ စူးစမ်းတာနဲ့ စပ်စုတာကို ရောထွေးပစ်တတ်တဲ့ လူတချို့ကြောင့်လည်း စိတ်ကသိကအောင့် ဖြစ်ခဲ့ဖူးပါတယ်။ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။ အရေးအသားလည်း သိပ်ကိုကောင်းပါတယ်...