ဆုတောင်းပေးကြရအောင်

သင်္ကြန်တွင်း နေ့လည်ဖက် အွန်လိုင်းဝင်မိတဲ့ ကျွန်မကို မိုးသွေးငယ်က မလေးဘလော့ဂါများ ဆိုက်မှာ သင်္ကြန်ပွဲလေးလုပ်ထားတယ်လို့ ဖိတ်ခေါ်တာကြောင့် အဲဒီမှာ သင်္ကြန်သီချင်းများ နားထောင်ရင်း ရေပက်ကြတယ်။

အကြတ်နေ့ကလည်း နေ့လည်ပိုင်း မလေးဘလော့ဂါများဆိုက်မှာ သင်္ကြန်ရေကစားရင်း ပျော် နေမိပါသေးတယ်။ အဲဒီအချိန်မှာ သဇင်ဏီက ကန်တော်ကြီးက မဏ္ဍပ်တစ်ခုမှာ ဗုံးပေါက်တာ ကြားတယ် သေချာလား၊ မသေချာဘူး လား မသိသေးလို့ မေးနေတယ်ဆိုပြီး ၀င်ပြောပါတယ်။ ပထမတော့အမှတ်တမဲ့ သူရေးတာကိုမဖတ်မိသေးဘူး။ နောက်မှ သူပြောတဲ့သတင်းကို အိမ်က ညီမတစ်ယောက်ကိုပြောမိတော့ ကောလဟာလ ဖြစ်ပါလိမ့်မယ်တဲ့။ ချိုပြုံးတောင် ဦးနှောက် သွေးကြောပြတ်တယ်ဆိုပြီး ကောလဟာလဖြစ်သွားတာပဲလို့ပြောပါတယ်။

ဒါနဲ့ အွန်လိုင်းပေါ်ကထွက်ပြီး၊ မကြာပါဘူး အိမ်ကိုဖုန်းဝင်လာတယ်။ ကန်တော်ကြီးက မဏ္ဍပ် မှာ ဗုံးပေါက်လို့တဲ့။ ဒါဆိုရင်တော့ ဒီသတင်းကမှန်ပြီထင်တယ်လို့ မ၀ံ့မရဲတွေး...။ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေတွေဆီဖုန်းလှမ်း ဆက်မိသေးတယ်။

ဟုတ်တယ် တကယ်ပဲ ဗုံးပေါက်တာ...
ကိုယ်နဲ့သိတဲ့သူငယ်ချင်း မိတ်ဆွေတွေကတော့ အန္တရယ်ကင်းကြတယ်တဲ့။ ဒါပေမယ့် လူ အများကြီးတော့ ဒဏ်ရာလည်းရ၊ အသက်လည်းဆုံးရှုံးကြတယ်တဲ့လေ။ ညနေပိုင်းသတင်း မှာတော့ ကြေငြာတယ်။

၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၅ ရက် သင်္ကြန် အကြတ်နေ့၊ မွန်းလွဲ ၃ နာရီခန့်အချိန်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး သုံးမိနစ်ခြား၍ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း နဲ့ ထိုသို့ဖြစ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူ အများအပြားရှိခဲ့ကာ သေဆုံးသူများလည်း ရှိကြောင်း၊ ဒဏ်ရာရရှိသူများကိုတော့ ရန်ကုန် ပြည်သူ့ဆေး ရုံကြီးမှာ တင်ပို့ထားကြောင်း တွေပါပဲ။ လူဦးရေတွေကတော့ စာရင်းကောက် ချက်တွေအရ အမျိုးမျိုးပါပဲ။ ဘယ်နှစ်ယောက်ပဲ ဖြစ်ဖြစ်ပါ။ ဒီသတင်းကြောင့် လူတိုင်း ထိန့်လန့် ကြရတာချည်းပါပဲ။

ကိုယ့်ရဲ့မြန်မာ့ရိုးရာသင်္ကြန်တွင်းမှာဖြစ်ရတယ်ဆိုတော့လည်း တကယ်ကိုစိတ်မကောင်းဘူး။ အပြစ်မဲ့ သေဆုံးသွားကြသူတွေကိုလည်း သနားမိတယ်။ တွေးကြည့်ရင် အဖြစ်အပျက်တွေက တကယ်မြန်ဆန်လွန်း ပါတယ်။ အမေတို့ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သွားသတိရမိတယ်။ နေ့မြင် ညပျောက်တဲ့ ခုတော့တကယ်ကို လက်တွေ့ကြုံနေကြရတယ်။ မနက်ကတောင် သူတို့အဖို့ပျော်မြူးလို့ကောင်းတုန်း နေ့လည်ရောက်တော့ သူတို့တွေ ပျက်စီးကုန်ကြတယ်။ သူတို့ကိုယ်သူတို့လည်း ဒီလိုဖြစ်မယ်လို့ ဘယ်သူမှတွေးထင်မိမယ် မထင်ဘူး။ အတိတ်က အကုသိုလ်အကျိုးပေးတွေပဲ ဖြစ်မလား။ ခုဘ၀မှာ ဒီလိုအဖြစ်နဲ့ကြုံရပေမယ့် နောက်ဘ၀တွေမှာ ကုသိုလ်ကံတရားများ ကောင်းကြစေဖို့ကို ကျွန်မအနေနဲ့ ဆုတောင်းပေးနေမိတယ်။ ဒဏ်ရာရသူများ သက်သာ ပျောက်ကင်းပြီး သေဆုံးသူများလည်း ကောင်းရာမွန်ရာ ရောက်ကြပါစေလို့ နှစ်သစ်နဲ့အတူ ကျွန်မတို့ ၀ိုင်းဝန်းဆုတောင်း ပေးကြရအောင်လား...။

7 ယောက်ဆွေးနွေးချက်:

kiki said...

မမျှော်လင့်ပဲ သေဆုံးသွားရတဲ့သူတွေ အတွက်တော့ စိတ်မကောင်းပါဘူး ။

ဆုတောင်းပေးကြတယ် ဆိုတဲ့ အခါ မှာ ဆုတောင်းတိုင်းလည်း အမျှဝေတိုင်းလည်း ကွယ်လွန်သူက ရ ချင်မှ ရမှာပါ ။


သေတဲ့ အချိန်လေးအတွင်း သူ့ မှာ ကပ်နေတဲ့ အစွဲ အတိုင်း ဖြစ်ကြရတာမို့  ။ ကံနိမိတ် ၊ ကမ္မနိမိတ် ၊ဂတိနိမိတ် ဆိုတဲ့ နိမိတ်ပုံတွေ အတိုင်း လားရာ ကိုယ်စီ ရှိကြမှာပဲလေ ။

ခုလို အချိန်မှာတော့ သေခြင်းကောင်းသောဘဝ ရအောင် ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းသိမ်းနေကြဘို့  ပို အရေးကြီးနေပါပြီ။

လူတိုင်း အနေတတ်ပြီး အသေတတ်နိုင်ကြပါစေ ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ။

~ဏီလင်းညို~ said...

မအနမ်းရေ......
ခုထိတောင် စိတ်မကောင်းဖြစ်ရတုန်းပါပဲလေဗျာ...။
တစ်ကယ်ပါပဲ....။
ရင်ထဲမှာ မကောင်းပါဘူး...။
ကျွန်တော်တို့က အဝေးကနေ သင်္ကြန်ဆိုတာ ကိုယ်တိုင်မပျော်ရတာ ကြာခဲ့ပေမယ့် သူများတွေပျော်နေတာကို မြင်ရကြားရရင်ကိုပဲ နှစ်သိမ့်ကြည်နူးနေတတ်တာပါဗျာ....။
ခုတော့................း((
ဆုတောင်းပေးတယ်မအနမ်း....
ကာယကံရှင်မိသားစုတွေနဲ့ ထပ်တူထပ်မျှပါပဲဗျာ....။
ခင်မင်တဲ့
ဏီလင်းညို

~ဏီလင်းညို~ said...

နှစ်သစ်မှာ လည်း ကျွန်တော့်အစ်မတစ်ယောက် ရွှင်လန်းချမ်းမြေ့ပါစေဗျာ....။
ခင်မင်လျှက်ပါ....။
ဏီလင်းညို

ညလင်းအိမ် said...

ဆုတောင်းပေးပါတယ်ဗျာ ...
စိတ်မကောင်းလည်း ဖြစ်မိပါတယ် ...

အိုက်ခီလောက် said...

ကံ ကံ အကျိုးပေးလို့ ပဲယူဆ မိပါတယ်
မနမ်း ရေ

ပြန်စဉ်းစားကြည့်ရင် ကုလားမနိုင် ရခိုင်မဲ ဆိုသလိုပဲ
အပြစ်မဲ့တဲ့လူ တွေ ပဲ ဒုက္ခ အမြဲရောက်နေရတာ
တစ်နှစ်ပတ်လုံး စိတ်ဖိစီး ကျဉ်းကျပ်နေလို့ 
သင်္ကြန်မှာ ထွက်ပေါက်လေးရှာပြီး ကဲမိတာ အသက်ဆုံးရှုံးတဲ့လူက ဆုံးကုန်ပြီ
တစ်ကယ်စိတ်မကောင်းမိဘူး
အပြစ်မဲ့တဲ့ပြည်သူ တွေ ပဲ စတေးနေရတာ
ကောင်းရာသုဂတိလားပါစေဗျာ ဆုတောင်းပေးပါတယ် နှစ်သစ်နဲ့ အတူ ပေါ့ ဗျာ ။။။။။။

Anonymous said...

ဟုတ်တယ်.. အဲဒီသတင်းအတွက် တကယ်ပဲ ရှော့ခ်ဖြစ်သွားတယ်..။ စိတ်မကောင်းလည်း အရမ်းပဲ ဖြစ်ရတယ်...။

အလှူပြုပြီး ပျော်ရွှင်နေချိန်လေးမှာ အခုလို ဖြစ်သွားမယ်လို့ ဘယ်သူထင်မလဲနော်..။ သူတို့အားလုံး ကောင်းရာသုဂတိရောက်ပါစေ.. နောက်ထပ်လည်း ဘယ်သူမှ ဒါမျိုး မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းမိတယ်။

ရွှေပြည်သူ (ShwePyiThu) said...

ညီမအဲဒီသတင်းဆိုးကြီး သိရတော့ ရုံးမှာပါ... “လုပ်ရက်လိုက်ကြတာ Why this time?” လို့ ခြောက်ခြောက်ခြားခြား ရွတ်မိပါတယ်။ သေဆုံးသူတွေအတွက် စိတ်ထိခိုက်မိသလို ကျန်တဲ့သင်္ကြန်ချစ်သူတွေအတွက် သင်္ကြန်အပျော်တွေ ပျက်သုန်းကုန်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ နောက်နှစ်တွေမှာတောင် မိဘတွေက သားသမီးတွေကို ရေကစားခွင့် ရဲရဲတင်းတင်းပေးရဲ ကြပါတော့မလားနော်။