အတွေးများစွာ



လူတိုင်းမှာ ကိုယ်စီကိုယ်စီ အတွေးတွေရှိကြပါတယ်။ ကိုယ်ကလည်း ကိုယ်တွေးချင်သလိုတွေးသလို သူကလည်း သူတွေးချင်သလို တွေးမှာပါပဲ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုရာတွေကို ကိုယ့်အတွက် ကိုယ်တွေးမိတာ မျိုးလည်းရှိပါတယ်။ ဒါကတော့ အကြောင်းမဟုတ်ပါဘူး။ ပြောချင်တာက လူတစ်ဦးနဲ့တဦး မတူညီတဲ့ အတွေးများကြောင့် လွဲမှားမှုတွေရှိတတ်တာကိုပါ။ ဒါကို ကျွန်မကတွေးမိသွားတယ်။


အကြောင်းအရာတစ်ခုမှာ ကိုယ်က ကိုယ်သဘောပေါက်သလို တွေးလိုက်မိပါတယ်၊ သူကလည်း သူသဘောပေါက်သလို တွေးမိမှာအမှန်ပါ။ အဲဒီအကြောင်းအရာပေါ်မှာ အတွေးချင်းတူညီကြဖို့ တိုက်ဆိုင်ကြဖို့ဆိုတာ အင်မတန်မှခဲယဉ်းပါလိမ့်မယ်။ အတွေးခြင်းမတူပြန်တော့လည်း တစ်ယောက်နဲ့ တစ်ယောက် ထင်မြင်ယူဆချက်တွေလွဲမှားကာ၊ သဘောထားတွေကွဲလွဲကြပြန်ပါတယ်။ ဒါကလည်း လူတိုင်းဖြစ်တတ်ကြမယ်ထင်ပါရဲ့။ သို့ပေမယ့် ကိုယ်တွေးတဲ့အကြောင်းအရာဟာ မှန်ကန်ဖို့လိုပါတယ်။ သူတစ်ပါးရဲ့စကားတစ်ခွန်းကြောင့် အတွေးစတွေဖြစ်မယ်ဆိုရင်လည်း ကိုယ်တွေးမိတဲ့ အကြောင်းဟာ မှန်ကန်သလား ဖြစ်နိုင်သလားဆိုတာ ကိုယ့်ကိုကိုယ် အရင်ဝေဖန်ဆုံးဖြတ်သင့်ပါတယ်။ မဟုတ်ရင် အဲဒီစကားတစ်ခွန်းကြောင့် ကိုယ်ရဲ့အတွေးတွေကနေ တစ်ဖက်သားအပေါ် ဒေါသဖြစ်သွားနိုင်ပါတယ်။


ဒါကြောင့် မကောင်းတဲ့အတွေးတွေပွားမနေပဲ၊ ကောင်းတဲ့အတွေးများကိုသာ တွေးနိုင်ဖို့လိုအပ်ပါတယ်။ လူတိုင်းက အတွေးတွေနဲ့မှမကင်းနိုင်ကြတာပဲမဟုတ်လား။ ရွှေဥမင်ဆရာတော် ဦးတေဇနိယကလည်း ကိလေသာကင်းသော အတွေးကိုသာဖြစ်ဖို့ဆိုပါတယ်။ ကိုယ်တွေးလိုက်တဲ့အတွေးထဲမှာ လောဘ ဒေါသ၊ မောဟမပါဖို့ (ကိလေသာမဖြစ်ဖို့) အရေးကြီးပါတယ်တဲ့။ လူတွေ နေ့စဉ်နဲ့အမျှ အတွေးထဲမှာ မျောနေကြပါတယ်။ ကိုယ်လုပ်မယ့်အလုပ်ကို ဉာဏ်နဲ့တွေးတောစဉ်းစားပြီးလုပ်နိုင်သလို အခြားသူ တစ်ယောက်အတွက် တွေးမိမယ်ဆိုရင်လည်း စဉ်းစားနိုင်မယ့်ဉာဏ်လိုပါတယ်။ အတွေးတိုင်းက မျှတ နေဖို့လိုပါတယ်။ ကိုယ့်အတွေးနဲ့တင် အခြားတစ်ယောက်အပေါ် ဒေါသမထွက်သင့်ပါဘူး။ သူပြော လိုက်တဲ့စကား၊ သူလုပ်လိုက်တဲ့အပြုအမူ၊ ဒါတွေဟာ ကိုယ့်အတွက်ဒေါသဖြစ်စရာတွေ ဖြစ်လာနိုင် တယ်။ သို့ပေမယ့် ဒါကို ဆက်ပြီး မတွေးသင့်တော့ပါဘူး။ ဒေါသကိုထပ်ပြီး အတွေးပွားရင် ဒေါသပဲ ထပ်ဖြစ်လာမယ်။ ကိစ္စရပ်တွေနဲ့ကြုံကြိုက်မှုတိုင်းမှာ လွဲမှားမှုဆိုတာတွေတော့ရှိတတ်ကြပါတယ်။ လွဲမှားမှုကြောင့် ကိုယ်ထင်ရာကို စွပ်စွဲပြောဆိုမှုတွေကိုလည်း မပြုသင့်ပါဘူး။


ဒေါသမထွက်ဖို့ဆိုတာက အဲဒီလူတစ်ယောက်ကို နားလည်ပေးဖို့ပါ။ အဲဒီလူတစ်ယောက်အပေါ်ကို ကိုယ်က ဘယ်လောက်ထိ နားလည်ပေးနိုင်မှာလဲ။ အစွန်းဆုံးထိတွေးကြည့်ပါ။ ကိုယ်အင်မတန် နားလည်ပါတယ်ဆိုတဲ့ သူအပေါ်မှာတောင် တစ်ခါတစ်လေ စိတ်ကွက်တာမျိုးရှိတတ်ပါသေးတယ်။ ကျွန်မကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးပါတယ်။ တစ်ခါတစ်ရံ ကိုယ်နားအလည်ဆုံးသူက ကိုယ့်ကို နားလည်မှု ပြန်မထားနိုင်တဲ့အခါမျိုး၊ ကိုယ့်စေနာတွေကို အလွဲသုံးစားလုပ်ခံရတဲ့အခါမျိုးမှာ ကိုယ်မခံမရပ်ဖြစ်တာ တွေဟာ အဲဒီလူအပေါ် ကိုယ်က တကယ်နားမလည်နိုင်သေးတာပဲဖြစ်ပါလိမ့်မယ်။ ကျွန်မအနေနဲ့ အဲလိုမျိုးကြုံတွေ့ရတဲ့အခါလည်း သူ့အပေါ်ကို ငါနားမလည်နိုင်သေးပါလားဆိုတာ သိလာခဲ့ရပါတယ်။ ဒါကြောင့် ကိုယ့်ဖက်က စိတ်မကွက်မိအောင် ကြိုးစားရပါတယ်။ လူ့စိတ်ဆိုတာ ခန့်မှန်းရအခက်ဆုံး အရာပါ။ ကိုယ့်စိတ်ကိုကိုယ်ခန့်မှန်းနေခြင်းဟာ စိတ္တာနုပဿနာအားထုတ်နေခြင်းတစ်မျိုးပါပဲ။ ကိုယ်ဘာတွေတွေးနေသလဲ ဆိုတာလည်း ကိုယ်သိနေဖို့ လိုအပ်ပါတယ်။


လူတွေရဲ့ အားနေတဲ့စိတ်က အတွေးပေါင်းများစွာ ၀င်ရောက်နေရာယူတတ်ကြပါတယ်။ တစ်နေ့တစ်နေ့ လူတွေရဲ့ အတွေးပေါင်းများစွာကြောင့် အဲဒီလူတွေ စိတ်မအားမလပ်ဖြစ်ကြရပြီး စိတ်ပင်ပန်းမှုကို ခံစားနေရတယ်လို့ ကျွန်မ ပြောချင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုအတွေးများစွာနဲ့ နေ့ရက် များစွာကို ကျော်ဖြတ်နေရလို့ပါ။ ဒါပေမယ့် အတွေးဆိုတာ မ၀င်ရောက်ဖို့ တားဆီးလို့မရပါဘူး။ တစ်ချိန်မဟုတ်တစ်ချိန်တော့ အာရုံတွေအပေါ်အမှီပြုပြီး အတွေးတွေဖြစ်ပေါ်နေကြတာပါပဲ။ အာရုံများ ပေါ်မှာ အတွေးများစွာဖြစ်ကြပါတယ်။ အချိန်နဲ့အမျှ အတွေးမ၀င်ရောက်ဖို့ကို သတိထားပြီးနေထိုင်လို့ ရပေမယ့် စိတ်အားလပ်နေတဲ့အချိန်တွေမှာတော့ အတွေးတွေဝင်လာပြန်ပါတယ်။


ကျွန်မတို့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ နေ့စဉ်နေ့တိုင်း အကုသိုလ်အလုပ်တွေများလှပါတယ်။ အကုသိုလ် အလုပ်ကို ကာယကံ၊ ၀စီကံတို့နဲ့ မလုပ်မိရင်တောင် အတွေးတွေထဲ (မနောကံ) ကနေ အကုသိုလ်တွေ ဖြစ်ပွားနေကြပါတယ်။ သတိထားတတ်တဲ့ အကျင့်ကလေးကိုကျင့်နိုင်ရင်တော့ အတွေးတစ်ခုဝင်လာ တိုင်း သတိနဲ့ယှဉ်ကြည့်နိုင်ပါလိမ့်မယ်။ အဲဒီနောက် အကျင့်ပိုရလာတဲ့အခါမှာတော့ အတွေးတွေ နည်းပါးလာပြီး သတိထားတတ်တဲ့ အချိန်ကလေးပိုများလာမယ်လို့ယူဆပါတယ်။ ကိုယ်လုပ်တဲ့ အရာတိုင်းကို သတိလေးထားကြည့်ရပါတယ်။ အတွေးတွေနေရာမှာ သတိအစားထိုးတဲ့သဘောပါပဲ။ အဲဒီအခါ အတွေးများစွာကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အခြားတစ်ယောက်အပေါ် ဒေါသစိတ်ကလေး မာနစိတ်ကလေး မကျေမနပ်ဖြစ်တတ်တဲ့စိတ်ကလေးတွေ လျော့နည်းသွားလေ့ရှိပါတယ်။ ဒါလည်း သတိအစားထိုးလာနိုင်တဲ့ အခါမျိုးမှသာပါ။ ပြောတော့သာလွယ်တဲ့ကိစ္စပါ လက်တွေ့မှာတော့ အတော် မလွယ်လှပါဘူး။


တစ်နေ့တစ်နေ့ ကျွန်မတွေးမိတဲ့ အကြောင်းအရာတွေကလည်း တောင်စဉ်ရေမရ ဆိုသလိုပါပဲ။ လူတစ်ယောက်ရဲ့ အတွေးတွေထဲမှာ စားချင်တာ၊ ၀တ်ချင်တာ၊ သွားချင်တာ၊ လုပ်ချင်တာတွေ အတော်များပါတယ်။ ဒါတွေကလည်း အတွေးထဲကို မကြာခဏရောက်လာတတ်ပါသေးတယ်။ အဲဒီစိတ်တွေကတော့ ကျွန်မတို့အဖို့ မကင်းလွတ်သေးပါဘူး။ အခုတလောတော့ လူတွေရဲ့စိတ် ဖြစ်စဉ်တွေကိုတွေးမိပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဖြစ်စဉ်တွေလည်းပါပါတယ်။ လောလောဆယ်မှာ တော့ နေထိုင်ရတာမကောင်းလို့ အဆင်မပြေဖြစ်တိုင်း ….


“ ငါဘာလို့ ခဏခဏ ဒေါသတွေထွက်နေပါလိမ့်” လို့ တွေးတွေးမိနေပါတော့တယ်။



ဏီလင်းညို တဂ်ထားတဲ့ တဂ်ပိုစ့်လေးပါ။

ဏီလင်းညိုရေ အတွေးအကြောင်း အတွေးပွားပြီးတော့ ရေးလိုက်ပါတယ်။ ကျေနပ်ပါစေ။

ဒီလောက်ပဲရေးတတ်လို့ပါး)))

11 ယောက်ဆွေးနွေးချက်:

ဂျစ်တူး ( မုံရွာ ) said...

အင်း - - -
ကျေးဇူးပါ အနမ်း ရယ် - - -
ကိုယ်ကမင်းကိုတွေးနေချိန်မှာမင်းကကောင်းတာတွေတွေး
နေတာလေ-ကိုယ့်ကိုတော့ဒေါသမဖြစ်ပါနဲ့ နော်-
ကိုယ်တော့ထင်မယ်-မင်းကိုယ့်ကိုဒေါသမဖြစ်ဘူးဆိုတာကို
ပေါ့ နော်-တန်ဘိုးရှိလိုက်တဲ့ ပိုစ့်ကလေးပါ-ရေးခိုင်းသူရော
ရေးလိုက်သူရောကိုကျေးဇူးအထူးတင်နေမိပါတယ်-
ကျန်းမာကြပါစေခင်ဗျာ-

ဝက်ဝံလေး said...

တွေးသာတွေးအမ ရေ အတွေးက ပိုက်ဆံမပေးရဘူး
ခိခိ(ကိကိရဲ့ညီမ)

ဘယ်မှာလဲ ဒေါ်ကိ ဟိ

kiki said...

တွေးနေဆဲ.. တွေနေဆဲ....
တွေနေဆဲ.. တွေးနေဆဲ ။
နောက်တခါထပ်တွေးမိပြန်ရော... ဘာတွေ တွေးနေမိပါလိမ့်ဆိုပြီး...၊
အတွေးတွေနဲ့ အလုပ်ရှုပ်နေလို့  ၊
ဘယ်မှ မရောက်ဖြစ်ဖူး ။

အိမ်သားတွေ ကျန်းမာကြရဲ့ လား လို့  တွေးနေမိတာလည်း ၊ တမျိုးပေါ့ ။

Flower said...

လူတိုင်းမှာ အတွေးကိုယ်စီရှိတာမှန်ပါတယ်
ကောင်းတာတွေးမိတဲ့ခါ ရှိသလို
မကောင်းတာ တွေးမိတဲ့ခါလည်းရှိမှာပေါ့နော်
ဒါပေမဲ့ ကိုယ့်အတွေးထဲမှာ သူတစ်ပါးကို မကောင်းကြံစည်ဖို့ကိစ္စ မပါဘူးဆိုခဲ့ရင် တောင်
တော်တော်လေး ကောင်းနေပါပြီ....
အတွေးထဲမှာ ဒေါက ထွက်မိတာတော့ အခါခါပေါ့လေ..
အပြင်မှာ လက်တွေ့ မထွက်နိုင်တဲ့ဒေါသတွေလည်း
အတွေးထဲမှာဘဲ ထွက်လိုက်ရတော့တယ်...
ဒီအတွေးလေးလဲ ဖတ်လို့ကောင်းတယ်......

ဇောင်း said...

အတွေးတွေ က လူတိုင်းမှာ ပလုံစီနေတာပဲနော်၊
တစ်ခါတွေးရင် ဆံပင် တစ်မျှင် ဖြူရင်တော့ သွားပီ :)

ZaunG

လသာည said...

အတွေးများစွာ.. ဟုတ်တယ်.. နေ့တိုင်းနေ့တိုင်း မိုးလင်းမိုးချုပ် အတွေးက မဆုံးဘူး။ အခုလည်း အတွေးများစွာကို ဖတ်ရင်း ဆက်တွေးနေတာ.. မရပ်သေးဘူး။ ဆက်တွေးခွင့်ပြုပါနော် :D

ဒီပိုစ်လေးက အရမ်းကို ဖတ်လို့ကောင်းတယ်။ မှတ်သားစရာလည်း အများကြီးပဲ..။ တကယ်တော့ သူများကို နားလည်နိုင်ဖိုံ့ဆိုတာ မလွယ်ဘူးရယ်။ တခါတခါကိုယ့်ကိုယ့်ကိုတောင် နားမလည်ပြန်ဘူး။ ဒါနဲ့ပဲ အတွေးတွေက ရှုပ်ထွေးကုန်တယ်း)။
ခင်တဲ့
လသာည

~ဏီလင်းညို~ said...

မအနမ်းရေ.....
ဟုတ်တယ်......
အတွေးတွေက တွေးတိုင်းမဆုံးတတ်ကြဘူးနော်...။
မအနမ်းရေးထားတာလေးက ဖတ်ရင်းစဉ်းစားစရာလေးတွေ ၊ ဆင်ခြင်စရာလေးတွေ အများကြီးပါတယ်ဗျာ......။
ရေးပေးတာ ကျေးဇူးပါပဲဗျာ...တစ်ကယ်ပါ....။
(အပြင်မှ တွေ့မှ မုန့်ဝယ်ကျွေးမည်...တစ်ကယ်...း))
ခင်မင်တဲ့
ဏီလင်းညို

ရွှေပြည်သူ (ShwePyiThu) said...

စာဖတ်အပြီးမှ အစ်မရဲ့အတွေးတွေက ပေးတဲ့ တွေးစရာလေးတွေကို ပိုက်ပြီး ပြန်သွားပါတယ်...

Anonymous said...

စာလုံးတွေ ထပနေတယ်ဗျာ ဖတ်ရတာ အဆင်ပြေဘူး ပြင်ပေးပါဦး

သုခုမလေဒီ said...

Sorry ပဲ အိမ်ရေ။ ဒီပိုစ့်တင်မှ ဘာဖြစ်တယ်မသိဘူး။ ဖွားကိကိုတောင် အကူအညီတောင်းရသေးတာ။ သူလည်း ပြင်မရလို့ အဲလိုဖြစ်နေတယ်။ ကြိုးစားပြီးထပ်ပြင်ကြည့်ပါအုံးမယ်။

thaingarra said...

အတွေးတွေ နဲ့ ချာချာလည်သွားပါတယ်

C-Box မှာ ဘယ်လို ရေးကြသလဲ မသိ

နည်းနည်း ပြောပြပေးပါဦး မ (အနမ်း) ရေ ...