အပြစ်ကင်းအောင် တောင်းပန်ပါ။


လောကမှာအပြစ်ကင်းတဲ့ သူရယ်လို့ ရှိမယ်မထင်ပါဘူး။ လူတိုင်းလူတိုင်းဟာ တစ်ခုမဟုတ်တစ်ခုတော့ အပြစ်လုပ်မိကြမှာပဲလေ။ အပြစ်လုပ်မိလို့ အမှားဆိုတာတွေဖြစ်လာခဲ့တာပေါ့။ အပြစ်လုပ်မိရင် လုပ်မိ တဲ့သူအပေါ် ၀န်ချတောင်းပန်ဖို့ ဝန်မလေးသင့်ပါဘူး။ ကိုယ်က အပြစ်လုပ်မိတာကို ဖုံးကွယ်ချင်လို့ မရ ပါဘူး။ ဖုံးကွယ်မယ်ဆိုရင်တောင် ကိုယ့်စိတ်ကိုတော့ ကိုယ်မလုံပဲ အပြစ်လုပ်ထားမှန်းသိစေမှာပါပဲ။ သူ တစ်ပါးကို ကိုယ်ကညာလို့ လိမ်လို့ ရပေမယ့် ကိုယ့်ကိုကိုယ်တော့ ဘယ်တော့မှလိမ်ညာလို့ မရပါဘူး။


အခါတစ်ပါး မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၌သီတင်းသုံးနေစဉ် သောရေယျမြို့တွင် သောရေယျသူဌေး သားသည် သူငယ်ချင်းအဘော်တစ်ယောက်နှင့်အတူ များစွာသောအခြံအရံတို့ခြံရံလျှက် ရေချိုးခြင်းငှာ မြို့မှထွက်၏။ ထိုခဏ၌ အရှင်မဟာကစ္စည်းမထေရ်သည် သောရေယျမြို့၌ဆွမ်းခံခြင်းငှာ ကြွဝင်တော်မူ လိုသည်ဖြစ်၍ မြို့ပြင်ဘက်၌ နှစ်ထပ်သောဒုကုဋ်သင်္ကန်းကိုဝတ်ရုံ၍ နေတော်မူ၏။ မထေရ်မြတ်၏ ရွှေ အဆင်းကဲ့သို့ အဆင်းရှိသောကိုယ်ကို သောရေယျသူဌေးသားမြင်၍ ဤမထေရ်သည် ငါ၏ခင်ပွန်းမ မယားဖြစ်ပါမူကား သြော်.. ကောင်းလေစွ၊ ငါ၏ခင်ပွန်းမ မယား၏ကိုယ်အဆင်းသည် ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့ ရှိပါဘိမူကား ကောင်းလေစွဟု ကြံအောက်မေ့၏။ ထိုသောရေယျသူဌေးသားအား ကြံစည်ပြစ်မှားကာမျှ၌သာလျှင် ပုရိသလိင်သည် ကွယ်ပျောက်၏။ ဣတ္ထိလိင်သည် ထင်ရှားဖြစ်ပေါ်လာ လေ၏။ ထိုသူဌေးသားသည် ရှက်နိုးလှသောကြောင့် ယာဉ်မှသက်ဆင်း၍ထွက်ပြေးလေ၏။


ထို့နောက် သောရေယျသူဌေးသားသည် မိန်းမအဖြစ်ဖြင့် တက္ကသိုလ်ပြည်သို့သွားသော ကုန်သည်တို့၏ လှည်းကိုမြင်၍နောက်မှလိုက်လေသည်။ သို့ဖြင့် ကုန်သည်တို့သည် ငါတို့၏သူဌေးသားအား မယားမရှိ ချေ။ ထိုသူဌေးသားအား ဆက်သပါက ငါတို့အားလည်းများစွာသော လက်ဆောင်ပဏ္ဏာကာရကိုရ သည်ဖြစ်ပေလတ္တံဟုကြံကြကုန်၏။ သို့ဖြင့် သူဌေးသားအား ထိုစကားကိုကြားစေ၍ မိန်းမကိုခေါ်စေပြီး အလွန်အဆင်းလှပသည်ကိုလည်းကောင်း၊ အရွယ်လျှောက်ပတ်သည်ကိုလည်းကောင်း၊ တင့်တယ်ခြင်း ရှိသည်ကိုလည်းကောင်းမြင်၍ ချစ်ခြင်းရှိသဖြင့် သိမ်းဆည်း၍ မယားအိမ်ရှင်အဖြစ်ပြုပေသည်။ ထိုသို့ ဖြင့်သောရေယျသည် တက္ကသိုလ်ပြည်၏သူဌေးသားနှင့်ပေါင်းဖက်ကာ မိန်းမ၏၀မ်း၌ သန္ဓေတည်ကာ နှစ်ယောက်သော သားငယ်တို့အားဖြစ်လေတော့သည်။


ထိုကာလ၌ သောရေယျမြို့မှ အဆွေခင်ပွန်းဖြစ်သူ သူဌေးသားမှာ ငါးရာကုန်သောလှည်းတို့ဖြင့် တက္ကသိုလ်ပြည်သို့ဝင်လေသည်။ ထိုအခါ မိန်းမဘသရောက်ရှိနေသော သောရေယျက ပြူတင်းမှမြင် သော် အခေါ်လွှတ်စေပြီး ကောင်းမွန်စွာမြတ်နိုးတနာ ပူဇော်လုပ်ကျွေးခြင်းကိုပြုပေ၏။ ထိုအခါ အဆွေ ခင်ပွန်းဖြစ်သူက ချစ်နှမ၊ အသင့်ကို ရှေးအခါကာလတုန်းက ငါတို့သည်မတွေ့မထင် မမြင်ဘူးချေသည် တကား။ ငါတို့ကို အဘယ့်ကြောင့်ကြီးကျယ်ကောင်းမွန်စွာ မြတ်နိုးတနာပူဇော်ကျွေးမွေးရသနည်း။ ငါတို့ ကိုအသင်သည် သိအပ်သလော ဟုဆို၏။ အရှင် ကျွန်ုပ်သည် သိအပ်ပါ၏။ အရှင်တို့သည် သောရေယျ မြို့၌နေသည်မဟုတ်လောဟု ပြောသည်ကာလမှ မိခင်ဖခင်တို့၏ လည်းကောင်း၊ မယား၏လည်း ကောင်း၊ သားတို့၏လည်းကောင်း ရောဂါ ဗျာဓိအနာမရှိသည်ကိုမေးမြန်း၏။ အဆွေခင်ပွန်းကလည်း သူတို့သည်အနာရောဂါ ကင်းရှင်းလျှက်ချမ်းသာခြင်းရှိကြသည်ကို ပြောပြီးသော်၊ ချစ်နှမ အသင်သည် ထိုအလုံးစုံသောသူတို့ကို အကုန်သိလေသလောဟုဆို၏။ သိပါ၏။ ထိုသူဌေးကြီး၌ တစ်ယောက်သော သားသည်ရှိသည် မဟုတ်လော။ ထိုသားသည် အခြားသူမဟုတ်၊ ကျွန်ုပ်ပင်ဖြစ်ပါသည်ဟုပြောလေ၏။


ချစ်နှမ ဤသို့မပြောပါနှင့် ငါတို့သည်ထိုသူဌေးသားနှင့်အတူတကွ တစ်နေ့သ၌ ရေချိုးခြင်းငှာထွက်သွား ကြကုန်ရှိသော် ထိုမှသူဌေးသားကို မတွေ့မမြင်သောကြောင့် မိခင်ဖခင်တို့အား ကြားစေကာ စိုးရိမ်ပူ ဆွေးကြကုန်လျှက် သူသေ၏ကိစ္စကိုပြုကြလေကုန်ပြီဟုပြောတော့၏။ ထိုအခါ၌လည်း သူဌေးသား သည် ကျွန်ုပ်ပင်ဖြစ်ပါသည်ဟုပြောပြန်၏။ ငါ၏အဘော်ခင်ပွန်းဖြစ်သော သူဌေးသားသည် နတ်သား လုလင်ကဲ့သို့ အလွန်ပင်အဆင်းသဏ္ဍန် ကြန်အင်လက္ခဏာနှင့်ပြည့်စုံသည်ဖြစ်၍ လှပတင့်တယ်သော ယောကျာင်္းဖြစ်ပေသည်ဟုဆိုသည်။ အရှင့် ယောကျာင်္းပင်ဟုတ်ပါစေလော့။ သို့သော် သူဌေးသားသည် သူပင်ဟုတ်ပါ၏ ဟုဆိုပြန်လေရာ အဆွေခင်ပွန်းက ဤအမှုသည် အဘယ်မည်သောအမှုပေနည်း ဟု မေးလျှင် သောရေယျသူဌေးသားက ဖြစ်ကြောင်းအလုံးစုံကိုအကုန် ပြန်ကြားပြောဆိုပေတော့သည်။


ထိုအခါမှ အဆွေခင်ပွန်းဖြစ်သူက အသင်သည် အလွန်ဝန်လေးသောအမှုကိုပြုမိလေပြီ။ အဘယ့် ကြောင့် ငါ့အားမပြန်ကြားလေသနည်း။ စင်စစ်သော်ကား အသင်သည်မထေရ်ကို သည်းခံစေသော အားဖြင့် ကန်တော့ဝန်ချပါလောဟုမေး၏။ သောရေယျက ယခုအခါ အရှင်မဟာကစ္စည်းမထေရ်သည် အဘယ်အရပ်၌ သီတင်းသုံးတော်မူသည်ကို အသင်သိ၏လောဟုမေးသဖြင့်၊ အရှင်မဟာကစ္စည်း မထေရ်သည် ဤမြို့ကိုမှီ၍ သီတင်းသုံးနေတော်မူပါသည်။ မထေရ်သည် ဆွမ်းခံခြင်းအလို့ငှာ နေအိမ်သို့ ကြွတော်မူခဲ့အံ့ အကျွန်ုပ်သည် မထေရ်အား ဆွမ်းခဲဘွယ်ဘောဇဉ် အဟာရတို့ကိုလှူဒါန်းပေးကမ်းလိုပါ ၏ဟုဆိုသဖြင့် အဆွေခင်ပွန်းကား မထေရ်၏သီတင်းသုံးရာအရပ်သို့သွားရောက်ကာ ဆွမ်းအလှူခံ တော်မူရန်လျှောက်တင်လေသည်။


ဤသို့ဖြင့် အရှင်မဟာကစ္စည်းမထေရ်အား ကောင်းမွန်စွာသီတင်းသုံးနေတော်မူစေ၍ မွန်မြတ်သော အဟာရတို့ကိုလုပ်ကျွေးလေပြီး မထေရ်မြတ်၏ခြေတော်ရင်း၌ ၀ပ်စင်းရှိခိုးကာ၊ အရှင်ဘုရား တပည့် တော်မအား သည်းခံတော်မူပါကုန်လောဟု လျှောက်ကြား၏။ မထေရ်မြတ်လည်း ဤသည်းခံရမည့် အရာကားအဘယ်နည်းဟုမေးတော်မူသဖြင့် ဤဒါယိကာမသည်ကား ရှေးအခါက တပည့်တော်၏ အဆွေခင်ပွန်းဖြစ်ပါသည် ဟုသောရေယျ၏အဆွေကအစချီကာ အကြောင်းစုံလျှောက်တင်လေတော့၏ ထိုသို့လျှောက်တင်ပြီးကာလ မထေရ်မြတ်သည် အသင့်အားငါသည် သည်းခံ၏ဟုမိန့်တော်မူသည်။ မထေရ်က ထိုသို့သည်းခံပြီးသကာလ ဣတ္ထိလိင်သည်ကွယ်ပျောက်ကာ ပုရိသလိင်သည် ထင်ရှားဖြစ် ပေါ်စေလာ၏


ထိုအကြောင်းကို ဆရာတော်တစ်ပါးကလည်းပြန်လည်ဟောကြားထားပြီး၊ အပြစ်လုပ်မိသော ကျွန်မ တို့တစ်တွေကို ကိုယ်လုပ်မိသောအပြစ်မှပျောက်စေရန်အတွက် အပြစ်လုပ်မိသောသူကို တောင်းပန် ရန်လိုအပ်ကြောင်း ကိုသောရေယျသူဌေးသားအကြောင်းနဲ့ ယှဉ်တွဲပြီးဟောပြသွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့တတွေဟာ အနန္တော အနန္တငါးပါးကိုကန်တော့ရာမှာလည်း ခပ်သိမ်းသောအပြစ်တို့ကိုပျောက် ပါစေခြင်းအကျိုးငှာဆိုပြီး ကန်တော့လေ့ရှိကြပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့မွေးနေ့များနဲ့ သီတင်း ကျွတ်အခါသမယ၌ ကန်တော့ရာမှာလည်း ကိုယ်လုပ်ခဲ့မိတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံအပြစ်တွေကို ပျောက်စေဖို့ မိဘ၊ ဆရာသမားများကို ခွင့်လွှတ်ပါလို့နှုတ်ကနေဖွင့်ဟ တောင်းပန်ကြပါတယ်။


ကိုယ်လုပ်ခဲ့မိတဲ့အပြစ်တွေဟာ တစ်နေ့နဲ့တစ်နေ့မရှိဖို့ကို ကြိုးစားနေထိုင်သွားကြရပါမယ်။ လူတိုင်းက တော့ အနန္တောအနန္တ ငါးပါးသာမက၊ ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူ၊ ကိုယ့်ထက်မြင့်မြတ် တဲ့သူတွေကို အပြစ်လုပ်ခဲ့မိကြမှာပဲလေ။ ဘယ်သူ့ကိုမဆို ကိုယ်လုပ်ခဲ့မိတဲ့အပြစ်ကိုသိရင် တောင်းပန် သင့်ပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကန်တော့ခြင်းသည်လည်း ခင်ပွန်းကြီးဆယ်ပါးတို့အား ပြစ်မှားမိခဲ့ သည်တို့ကို တောင်းပန်ခြင်းပဲဖြစ်ပါတယ်။ တောင်းပန်လို့ တစ်ဖက်လူကခွင့်လွှတ်လိုက်ရင်၊ မိမိတို့လည်း အပြစ်တွေက လွတ်ကင်းပါတယ်။ ဒါကြောင့်လည်း အပြစ်လုပ်မိရင်ဖြင့် မိမိတို့လုပ်မိတဲ့အပြစ်အတွက် တောင်းပန်ဖို့ကို ၀န်မလေးသင့်ပါဘူးလို့သာ ပြောချင်ပါတယ်။

15 ယောက်ဆွေးနွေးချက်:

ဂျေဂျူဝိုင် said...

အနမ်းရေ ဖတ်သွားတယ်ဗျ။ ကောင်းပါတယ် ခုလို ဖတ်ရတာ။

မင်္ဂလာပါ .... said...

အစ်မ အနမ်း....
တန်ဖိုမဖြတ်နိုင်သော ပို့စ်လေးကို လာရောက်ဖတ်မှတ်သွားပါတယ်...
စာတွေအများကြီးဆက်လက်ရေးသားနိုင်ပါစေ

ချစ်ခင်စွာဖြင့်
ညလေး နှင်း

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။
မှားခဲ့ရင် အပြစ်လုပ်ခဲ့မိရင် တောင်းပန်သင့်တယ်။
နှိမ်ချတောင်းပန်ခြင်းကို အတောင်းပန်ခံရသူက ဘယ်သောအခါမှ ရိုက်မထုတ်။

~ဏီလင်းညို~ said...

မအနမ်းရေ...
ဒီလိုမျိုးစာလေးတွေ ဖတ်ရလို့ တစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ...။
ခင်မင်တဲ့
ဏီလင်းညို

ဂျစ်တူး ( မုံရွာ ) said...

သူ့ကိုစာရေးတော်တယ်ကောင်းတယ်ပြောတော့စိတ်တိုသေး
တယ်-ကဲ---အခုတော့

ဂျစ်တူး ( မုံရွာ ) said...

သူ့ကိုစာရေးတော်တယ်ကောင်းတယ်ပြောတော့စိတ်တိုသေး
တယ်-ကဲ---အခုတော့

ဂျစ်တူး ( မုံရွာ ) said...

သူ့ကိုစာရေးတော်တယ်ကောင်းတယ်ပြောတော့စိတ်တိုသေး
တယ်-ကဲ---အခုတော့

သုခုမလေဒီ said...

ဂျစ်တူးတို့ကတော့လုပ်ပြီ။ ကင်မရာခလုတ်နှိပ်သလို ခဏခဏနှိပ်နေသလားပဲ။း))

Welcome said...

စာလေးဖတ်မိမှ မှားတာကို မှားမှန်းသိပြီး ၀န်ခံတာ လူယဉ်ကျေးပါ။ မှားတာကို မှားမှန်းသိပေမယ့် ၀န်မခံတာ ကတော့ လူမိုက်မည်ပါတယ်။

လေးစားလျက်

မျက်မှန်လေး said...

ဟုတ်တယ်အနမ်းရေ...
အပြစ်လုပ်မိရင် ပြန်တောင်းပန်ဖို့ဝန်မလေးသင့်ဘူး
ဒီစာလေးကတကယ့်ကို အကျိုးရှိတဲ့စာလေးတစ်ပုဒ်ပါဘဲ။

ကိုလူထွေး said...

စိတ်နဲ့ပြစ်မှာတာလေးနဲ့တင် အဲဒီလောက်အထိ ဖြစ်သွားရတာ ကြောက်စရာကြီးပဲ...း(

ကိုလူထွေး said...

စိတ်နဲ့ပြစ်မှာတာလေးနဲ့တင် အဲဒီလောက်အထိ ဖြစ်သွားရတာ ကြောက်စရာကြီးပဲ...း(

ကိုလူထွေး said...

စိတ်နဲ့ပြစ်မှာတာလေးနဲ့တင် အဲဒီလောက်အထိ ဖြစ်သွားရတာ ကြောက်စရာကြီးပဲ...း(

desertraindrops said...

မနမ်းရေ.. အပြစ်လုပ်မိရင် ပြန်ပြီး ၀န်ချတောင်းပန်ဖို့ ၀န်လေးတတ်ကြတာ အမှန်ပဲ။ နောက်ဆို ပြန်တောင်းပန်တတ်ဖို့ ကြိုးစားပါ့မယ်။

လသာည said...

မှတ်သားစရာလေးပို့စ်လေးက ဖတ်လို့ကောင်းလိုက်တာ.. ဖတ်ခွင့်ရတာ အများကြီးကျေးဇူးတင်ပါတယ်