ဝဋ်ကြွေးဆိုတာ


“၀ဋ်” တဲ့။ ၀ဋ် ဆိုတာဘာလဲ?? “၀ဋ်” ဆိုတာ ပါဠိစကား “၀ဋ” မှဆင်းသက်လာတဲ့စကားပါတဲ့။ အဓိပ္ပါယ်က တော့ သံသရာလည်ပတ်ခြင်း၊ အကြောင်းပြီးအကျိုး၊ အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပေါ်ခြင်း၊ မကောင်းမှု ပြုသည့်အတွက် သံသရာဘ၀ခရီးမှာ ဆိုးကျိုးတစ်စုံတစ်ရာကို ခံစားရခြင်းဆိုတာတွေဖြစ်ပါတယ် လို့ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက် စာအုပ်မှာဖော်ပြထား ပါတယ်။


တစ်ခါတစ်ရံ အမေပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ “ငါဟာ ၀ဋ်ကြွေးတွေ ပေးဆပ်နေရတာ” တဲ့လေ။ ဟုတ်ပါတယ်၊ အမေဟာ ယခုချိန်ထိ သူ့ရဲ့ မိခင်အိုကြီိးနဲ့ ကျွန်မလို ကျန်းမာရေးမကောင်းတဲ့ သမီး ကြောင့်၊ စိတ်ရှုပ်နေရမှုဒဏ်ကိုဆက်လက် ဒုက္ခခံနေရတုန်းပါ။ ဘယ်နေရာကိုသွားသွား ကျွန်မတို့ကြောင့် နောက်ဆံတင်း နေရတာကလည်း အမှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အမေ့အပေါ် ကျွန်မအားနာမိတဲ့စိတ်က တစ်ခါတစ်ရံဆိုသလို ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် အမေ့ဆန္ဒကိုလွန်ဆန်ပြီး ကျွန်မဘယ်တော့မှ မတားမြစ် ခဲ့ဖူးပါဘူး။ တကယ်တမ်း စဉ်းစားကြည့်ရင်တော့ လူတိုင်းမှာဝဋ်ကြွေးဆိုတာ ကိုယ်စီကိုယ်စီရှိကြတာပဲလို့ ကျွန်မ ယူဆတယ်။ မဟုတ်ဖူးလား ၊ အမေ့ရဲ့  ဖက်ကကြည့်တော့မှန်ပေမယ့်လည်း၊ တဖက်က အမေ့မိခင်ဆိုတဲ့ အဖွားဖက်ကရော သူဒီလောက်အထိ အသက်ရှည်ရှည်နေချင်ပါ့မလား။ အိုခြင်းကြောင့်ဖြစ်ရတဲ့ မျက်စိမမြင်ခြင်း၊ နားထိုင်းခြင်း၊ အစာစားရန်သွားများမရှိတော့ခြင်းစတဲ့ ဒုက္ခတွေကအများကြီးလေ။ ဒါတောင် အခြားကျန်းမာရေး က ကောင်းနေလို့သာပေါ့။ ကျွန်မကတော့ အဲလိုမျိုးနှစ်ဦးနှစ်ဖက်ကို အမြဲယှဉ်ကြည့်မိလို့ပါ။ ဘယ်သူ့ကိုမှအပြစ် တင်တာတော့မဟုတ်ပါဘူး။


ကျွန်မကျတော့လည်း ကျန်းမာရေးမကောင်းတာကြောင့် ရောဂါဝေဒနာတွေကို တစ်ခုပြီးတစ်ခု ခံစားနေရပြီး စိတ်သွားတိုင်းကိုယ်မပါနိုင်ပဲ ကိုယ်လုပ်ချင်တာလေးတောင် ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့ဘူး။ ကျွန်မ အတွက်လည်း ရောဂါဝေဒနာတွေခံစားပြီး နေထိုင်နေရတာကလည်း ၀ဋ်ကြွေးပဲလို့ဆိုနိုင်တာပဲလေ။ အဲဒီလိုပါပဲ၊ အားလုံးကိုမြင်တတ်ရင် အားလုံးဟာလည်း သူ့ဝဋ်ကြွေးနဲ့သူပါပဲ။ ကိုယ်နဲ့အနီးစပ်ဆုံးတွေကိုပဲ တွေးကြည့် မြင်ကြည့် လို့ရပါတယ်။ ဥပမာ.. ကျွန်မတို့အိမ်မှာ လာရောက်လုပ်ကိုင်ပေးနေကြတဲ့ သွေးရင်း မဟုတ်တဲ့ ညီမတွေ၊ သူတို့တစ်တွေရော ၀ဋ် ရှိလို့သာ သူများအိမ်မှာ လာရောက်လုပ်ကိုင်ပေးနေကြရတာ ပဲမဟုတ်လား။ ဒါလည်း သူတို့အတွက် ကံကြမ္မာကပေးတဲ့ ၀ဋ်ကြွေး လို့ဆိုနိုင်တာပဲလေ။ လူတိုင်းလူတိုင်း ကောင်းကံ မကောင်းကံ ဆိုတာတွေပြုမိကြမယ်။ အဲဒီပြုမိတဲ့ကံအတိုင်း ပုံစံတူပြန်ခံစားရတာကို ၀ဋ် ခံရတယ်လို့ခေါ်ကြ တယ်မဟုတ်လား။

ကျွန်မတို့ရဲ့အတိတ်ဘ၀က မကောင်းမှုအကုသိုလ်များကြောင့် သည်ဘ၀မှာသည်လို ခံစားနေရခြင်းပါ။ အကြောင်းတရားကြောင့် အကျိုးဖြစ်သည်ဆိုသည်ကို ယုံမှားဖွယ်မရှိ၊ လက်ခံကြရပါမယ်။ ကျွန်မတို့လို ကျန်းမာရေးမကောင်းတဲ့ သူတွေဟာလည်း အတိတ်ဘ၀က သတ္တ၀ါတွေကို မတရားသဖြင့် ညှင်းပန်းနှိပ်စက် ခဲ့မယ်၊ သတ်ဖြတ်ခဲ့မယ်၊ ဒီကံတွေရှိခဲ့ဖူးလို့ဆိုတာ ဗုဒ္ဓဘုရားရှင်က ဟောကြားထားပြီးသားပါ။ ဗုဒ္ဓဘာသာဝင် တိုင်းလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်။ အဲဒီကံကြောင့် ဒီဘ၀မှာ ဒီလိုဖြစ်နေရတာပါပဲ။ ဒါကြောင့် ၀ဋ်ကြွေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်လာတဲ့ ကိစ္စလို့ ကျွန်မမြင်ပါတယ်။


ကိုယ်တစ်ဦး တစ်ယောက်တည်းကသာ ၀ဋ်ကြွေးရှိနေပြီး အခြားသူများက ၀ဋ်ကြွေးမရှိပဲ နေထိုင်နေကြသူ များ လို့မဆိုနိုင်ပါဘူး။ ယခင်ဘ၀ ဘ၀ကအကြောင်းများကြောင့်သာ အနည်းအများအလိုက် ၀ဋ်ခံကြရတာပါ။ ကျွန်မတို့ဗုဒ္ဓရှင်တော်မြတ်ဘုရားတောင်မှ ၀ဋ်ကြွေး အမျိုးမျိုးခံခဲ့ရသေးတာ ကိုသိနိုင်ပါတယ်။ ကဿပဘုရားရှင် လက်ထက် ဇောတိပါလပုဏ္ဏားဘ၀က “ငါဆိုလျှင်ခြောက် နှစ်ကျင့်မည်”ဟု ပြစ်မှားခဲ့ဖူးသော ၀စီဝိပါက်တော် ကြောင့် ဒုက္ကရစရိယာခြောက်နှစ်ကျင့်ခဲ့ရသလို၊ ဆေးဆရာဘ၀တစ်ခုမှာ ဆေးကုခမပေးချင်လို့ “မသက်သာပါလို့” လိမ်တဲ့ဝေဒနာရှင်ကို ၀မ်းနှုတ်ဆေးလိမ်တိုက်ခဲ့တဲ့ ကံကြောင့် ပရိနိဗ္ဗာန်ပြုခါနီး ၀မ်းတော်သွန် တဲ့ ရောဂါဖြစ်ခဲ့ရပါသေးတယ်။

အရှင်မောဂ္ဂလန်လည်း ရဟန္တာဖြစ်ပေမယ့် တခုသောဘ၀က ပြုလုပ်ခဲ့တဲ့ မိဘတွေကို ရိုက်သတ်ခဲ့တဲ့ အတိတ်ကံ က နောက်ဆုံးဘ၀မှာ ရဟန္တာ ဖြစ်နေတာတောင် ကိုယ်ပြုခဲ့တဲ့ အမည်းကံကြောင့် ၀ဋ်ကြွေးကို အကြေပေးဆပ် ရပါသေးတယ်။ ဘာလိုပဲဖြစ်ဖြစ် ကိုယ်ပြုလုပ်ခဲ့မိတဲ့ကံဟာ ဘ၀ပေါင်းများစွာကို အရိပ်လိုလိုက်ပြီး အကျိုးပေးပါ တယ်။ ကံ နဲ့ ၀ဋ် က ဆက်စပ်နေပါတယ်နော်။

ကံက အကျိုးပေးလာပြီဆိုရင်တော့ ဘုရားသော်မှ တားပေးလို့ မရပါဘူးတဲ့။ အဲဒီလို အကုသိုလ်ရဲ့ အကျိုးခံစားရတာကိုပဲ ၀ဋ်လည်တယ်လို့ ပြောတတ်ကြပါတယ်။ ဒီတော့ ၀ဋ် ဆိုတာ ကံသာလျှင် ဖြစ်ပါတယ်။ ကံရဲ့ အကျိုးဆက်မျှသာဖြစ်ပါတယ်။

ဝဋ်သုံးပါးရှိပါတယ်။
၁။ကမ္မ၀ဋ်
၂။ဝိပါက၀ဋ်
၃။ကိလေသ၀ဋ် တို့ ပါ။
ဒီသုံးပါးထဲက ၀ဋ်လည်တယ်။ ၀ဋ်လိုက်တယ်လို့ အပြောခံရတဲ့ ၀ဋ်ကတော့ “၀ိပါက၀ဋ်” ပဲဖြစ် ပါတယ်။


ဤပိုစ့်နဲ့ ကျေးဇူးရှင်မိခင်အား ကန်တော့ပါသည်။
(ဤပိုစ့်သည် မိခင်အားတစ်စုံတစ်ရာပြစ်မှားခြင်းမရှိပါ) စာဖတ်သူများအထင်မှား၊ အမြင်မှား မည်စိုးပါသဖြင့် ကြိုတင်ပြောကြားခြင်းဖြစ်ပါသည်။


မှတ်ချက်။ “၀ဋ်” ပိုစ့်မှလိုအပ်သည်ကိုအသုံးပြုခွင့်ပေးသော ဂျေဂျူဝိုင် ကိုလည်း ကျေးဇူးတင်ပါသည်။



11 ယောက်ဆွေးနွေးချက်:

SHWE ZIN U said...

စိတ်မကောင်းပါဘူးဗျာ ကျမ်းမာရေးမကောင်းဘူးဆိုလို့ ဘ၀ကို အနိုင်ယူနိုင်အောင် ကျိုးစားပါ

~ဏီလင်းညို~ said...

မအနမ်းရေ...
ပို့စ်ကောင်းလေးကိုဖတ်သွားပါတယ်ဗျာ...။
ဟုတ်တယ်နော်...။ ကျွန်တော်တို့တွေအားလုံး အတိတ်ဘ၀က အကြွေးတွေကို အနည်းနဲ့ အများဆပ်နေကြရတဲ့ သူတွေချည်းပါပဲဗျာ...။ ကျွန်တော်လည်းစဉ်းစားမိပါတယ်...။ ထပ်ပြီး ဆင်ခြင်မိစေဖို့အတွက် ဖတ်လိုက်ရတာ...ကျေးဇူးပါခင်ဗျာ...။
(ကျန်းမာရေးဂရုစိုက်ပါနော်ဗျာ...။)
ခင်မင်တဲ့
ဏီလင်းညို

poemflower said...

ကျန်းမာရေး အမြန်ကောင်းပါစေရှင် ဘုန်းကြီးတွေကို ဆေးဝါး တတ်နိုင်သလောက် လှူပြီး ဆုတောင်းအမ. .

မိုးစက်အိမ် said...

အမပြောတာတွေတွေက သဘာဝလည်းကျတယ်
မှတ်သားဖို့ လည်းကောင်းတယ် ကျွန်တော်ကမိရိုး
ဖလာဗုဒ္ဓဘာသာထက် ကိုယ်ယုံကြည်ကိုးကွယ်တာ
မို့ လို့ ကံကံ၏အကျိုးကလည်းယုံတယ် သံသရာ
ကိုလည်းယုံကြည်တယ် အမရေ . . . အတိတ်က
အကျိုးဆက်ကြောင့် မျက်မှောက်ကာလမှာဖြစ်ပျက်
နေသလို နောင်သံသရာမှာကောင်းကောင်းလည်း
ခုမျက်မှောက်ကာလ ကအရေးကြီးပါတယ်ခင်ဗျာ . . .

မောင်ကောင်း said...

အစ်မရေ... စာတွေလာဖတ်ရင်း အစ်မကျန်းမာရေး ကောင်းမွန်ပါစေလို့ ဆုတောင်းပါတယ်။ တရားရဲ့ အရိပ်မှာ ခိုလုံရင်း ကိုယ်မကျန်းမာပေမယ့် စိတ်ကျန်းမာအောင် ကုပါအစ်မ။ ကိုယ်မှာနာသော်လည်း စိတ်မှာမနာအောင် ကြိုးစားကျင့်ကြံကြည့်ပါအစ်မ။ သေခြင်းထက် ပိုသောဆင်းရဲဟာ ဘာမှမရှိပါဘူးအစ်မ။ လူတွေတောင် တဖြုတ်ဇြုတ်နဲ့ သန်သန်မာမာကြီးရှိရင်း သေသွားကြသေးတာပဲ.. ကိုယ့်အနေနဲ့ အသက်ရှိသ၍ ကုသိုလ်တွေ လုပ်နိုင်တဲ့အတွက်.. အချိန်တိုင်းမှာ ကုသိုလ်တရားတွေနဲ့ ပျော်မွေ့နိုင်အောင် ကြိုးစားပါအစ်မ။ အားလုံးဟာ အကြောင်းတရားကြောင့် အကျိုးတရားတွေဖြစ်လာရတာပါ။ ယခုအကြောင်းတရားတွေ ကောင်းမွန်အောင် အစ်မတစ်ယောက် လုပ်ဆောင်နိုင်ပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေအစ်မ..။

သုခုမလေဒီ said...

ကျန်းမာရေးအတွက်ဆုတောင်းပေးကြတဲ့သူများကို ကျေးဇူးတင်ပါတယ်။ flower poem ညီမလေးကိုလည်း ခုလို ကုသိုလ်လေးလုပ်ဖို့ပြောပေးတဲ့အတွက် ကျေးဇူးပါ။

သုခုမလေဒီ said...

မောင်ကောင်းရေ .. မောင်ကောင်းပြောသလို အမလည်း ကြိုးစားပြီးလုပ်ဆောင်သွားမှာပါ။
ခုလိုအသိတွေပေးတဲ့အတွက် ကျေးဇူးပါနော်။

ဂျစ်တူး ( မုံရွာ ) said...

အမြန်ဆုံးကျန်းမာပါစေခင်ဗျာ

Aung Aung said...

ဝဋ်ဆိုတာ အကြွေးလို ပြန်လည် ပေးဆပ်ရမဲ့၊ ခံရမဲ့ မကောင်းသော ကံ တစ်ခုလို့လည်း ပြောကြသည်။ သို့သော် ထိုကံကို ကောင်းသောကံ သို့မဟုတ် အဟောသိကံ (ပျောက်ကွယ်သွားသော ကံ) အဖြစ် မပြောင်းနိုင်ဖူးလား။ ဘုရားရှင်သည်လည်း ဝဋ်ခံရသည် မှန်ပေမဲ့ ဝဋ်များအားလုံးကို ခံရသည်တော့ မဟုတ်ပါ။ အချို့သော ဝဋ်တို့သည် အဟောသိ ဖြစ်ကုန်၏ လို့ ဆိုတာရှိပါတယ်။ ထို့အပြင် မလွဲ မရှောင် ခံရသည့် ဝဋ်များသည်လည်း အားလုံး ခံရသည် မဟုတ်ပါ။ အချို့သာ ခံရသည် ရှိသည်။
ဤဆောင်းပါးမှာ ရေးထားသည့် အရှင်မောဂ္ဂလန် ကိုယ်တော်ကို ကြည့်ပါ။ မိဘကို သတ်သူသည် ဝိပဿနာ ကျင့်ကြံအားထုတ်၍ မရနိုင်၊ တရား မရနိုင် ဆိုပါသော်လည်း ထိုကံသည် နောက် ဘဝများတွင် အဟောသိကံ ဖြစ်သွားပြီး၊ မိဘကို ရိုက်နှက်ခဲ့သည့် ဒဏ်တစ်ခုကိုသာ ပျံတော်မူခါနီးမှာ ခံလိုက်ရသည်။ အမှန်မှာ မိဘကို ရိုက်သတ်ခြင်း ဆိုသည်မှာ မိမိကို ပြန်လည် ရိုက်သတ်ခံရခြင်း ထက် အဆပေါင်း များစွာ ပြန်ခံရဖွယ်ရှိသည်။
ထို့ကြောင့် လူတိုင်းလူတိုင်း ဝဋ်ကြွေးတို့မှာ ပါကြစမြဲ ဖြစ်သည်။ ထိုပါလာသည့် ဝဋ်ကြွေးတို့ကို နည်းနိုင်သမျှ လျှော့နည်း စေရန်၊ ပျောက်နိုင် သမျှ ပျောက်ပျက် စေရန်မှာ ယနေ့ မိမိ၏ စိတ်ကို မိမိက တုန့်ပြန်နေသည့် ခြင်းကို ဥပ္ပေခါ (တုန့်ပြန်မှု မပြုလုပ်ဘဲ ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း) ဖြင့် မိမိတွင် ကပ်ညိပါလာသည့် ဝဋ်ကြွေးအချို့တို့အား ခွာချနိုင်မည် ဖြစ်ပြီး၊ အလွန်ကြီးမားသည့် ဝဋ်ကြွေးပင် ဖြစ်လင့်ကစား၊ သန့်စင် နေသည့် ဥပ္ပေခါ စိတ်ထားဖြင့် မေတ္တာကို ပွားများခြင်းဖြင့် ထိုဝဋ်တို့ သည် မှေးမှိန်ကုန်ပေလိမ့်မည်။

PhyoPhyo said...

ကျန်းမာရေးမကောင်းဘူးဆိုလို့ စိတ်တောင်မကောင်းဘူး .. ခေါင်းကိုက်ရင်တောင် ခံရခက်တာကိုး .. ၂၀၁၀ မှာ ကျန်းမားပျော်ရွှင်ပြီး လုပ်ချင်တာ လုပ်နေနိုင်ပါစေ၊ စာတွေလဲ အများကြီးရေးနိုင်ပါစေ .. ချစ်ခင်စွာဖြင့်

Anonymous said...

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားတော်တွေကို လူအများစိတ်ဝင်စားပြီး နားလည်အောင် ရိုးရှင်းတဲ့ နေ့စဉ်သုံးစကားလုံးလေးတွေနဲ့ ရှင်းပြဖို့ Post လေးတွေတင်ပေးတဲ့ အမကို ကျေးဇူးတင်ပါတယ်ခင်ဗျား။