သွေးလှူရှင်များနေ့ 



ဒီဇင်ဘာလ၁၄ရက်နေ့ ဟာ သွေးလှူရှင်များနေ့ဖြစ်ပါတယ်။ သွေးသည်လူ၏အသက် ပင်ဖြစ်ပါတယ်။ သွေးကြောင့် လူအသက်ပေါင်းများစွာရှင်သန်နေထိုင်နိုင်ကြသလို၊ သွေးကြောင့် အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရပါတယ်။ မည်သည့်ဒဏ်ရာ၊ မည်သည့်ရောဂါမဆို အနည်းနဲ့ အများ သွေးလိုအပ်မှုများဖြစ်တတ် ပါတယ်။ ဒါကြောင့် သွေးလှူဒါန်းကာ လူ့ အသက်များ ကိုကယ်တင်ခဲ့ကြသော သွေးလှူရှင်များကို ကျွန်မ အင်မတန်မှလေးစားမိပါတယ်။ သွေးလှူရှင်များကိုလေးစားဂုဏ်ပြုသောအားဖြင့်လည်း သွေးလှူရှင်များ နေ့ ဆိုပြီး နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ၁၄ရက်နေ့ မှာ ရန်ကုန်ရှိအမျိုးသားသွေးလှူဘဏ်က ဆရာဝန်/ ဆရာဝန်မ များက ဦးစီး၍ ဂုဏ်ပြုပွဲများပြုလုပ်ခဲ့ပြီး ဂုဏ်ပြုလွှာများပေးအပ်ခဲ့တယ်လို့ သိရပါ တယ်။


အဲဒီလို သွေးလှူရှင်များနေ့ လုပ်ခဲ့တာ ဒီနှစ်ဆိုရင် ၃၃ကြိမ်မြောက်ဖြစ်ပါတယ်။ အကြိမ်၅၀ မြောက်သွေး လှူဒါန်းသောသူများနဲ့ အကြိမ်၅၀အထက်သွေးလှူဒါန်း သူများကို ဂုဏ်ပြုခြင်း လည်းဖြစ်ပါတယ်။

ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းအခန်းအနားကို ရန်ကုန်မြို့ ရဲ့ သူနာပြုကျောင်းခန်းမမှာ နှစ်စဉ်ဒီဇင်ဘာ လ ၁၄ရက်ကို ကျင်းပလေ့ရှိပြီး၊ ဂုဏ်ပြုခံရသူ အကြိမ်၅၀နဲ့ ၅၀အထက် သွေးလှူဒါန်းသူများပင် လူဦး ရေအယောက် ၆၀ကျော်ရှိတယ်လို့ သိရပါတယ်။ ထိုသို့ သိရခြင်းမှာ အလွန်ကိုကြည်နူးဝမ်းမြောက် စရာ ကောင်းပါတယ်။ ထို့ နောက် နှစ်စဉ် အဖွဲ့အစည်းများအလိုက် သွေးလှူဒါန်းပွဲများရှိကြပါတယ်။ အဖွဲ့လိုက်သွေးလှူဒါန်းသူများ အားလုံးက တက်တက်ကြွကြွ ရှိကြတာကြောင့်လည်း အထူးကျေးဇူးတင်ဖို့ကောင်းပါတယ်။ အရှင်ဆန္ဒာဓိက ကိုယ်တိုင် ဦးဆောင်ပြီး ရွှေပါရမီအဖွဲ့သားများ အားလုံးကလည်း နှစ်စဉ်နှစ်တိုင်းသွေးလှူဒါန်းခဲ့ကြသလို၊ မင်္ဂလာဗျူဟာအသင်း နှင့်အခြားအဖွဲ့ အစည်းများကလည်း သွေးလှူဒါန်းပွဲများ ကျင်းပခဲ့ကြ ပါတယ်။


သွေးလှူဒါန်းခြင်းဟာ အင်မတန်မှမွန်မြတ်တဲ့ကုသိုလ်လို့ ဆိုနိုင်ပါတယ်။ မိမိသွေးဖြင့် သူတစ်ပါး အသက်ကယ်တင်ခြင်းဟာ သွေးလှူရှင်အဖို့ အထူးဝမ်းသာပီတိဖြစ်ရသလို၊ သွေးလိုအပ်သူများအဖို့  လည်း အင်မတန်မှကျေးဇူးတင်ဝမ်းမြောက်ဖွယ်ကိစ္စရပ်ဖြစ်ပါတယ်။ သွေးလှူဒါန်းဖို့ ဆောင်ပုဒ်ကတော့ သင့်သွေးဖြင့် အသက်ကယ်ပါ ဆိုတာပါပဲ။ အချို့ က သွေးလှူတာနဲ့ပတ်သက် ပြီး အယူအဆအမှား တွေ၊ အတွေးအမှားတွေ အများကြီးကြုံဖူး ကြားဖူးခဲ့ပါတယ်။ အဲဒီလို အယူအဆအမှား၊ အမြင်အမှား တွေကြောင့် သွေးလှူနိုင်ရက်သားနဲ့သွေးမလှူဖြစ်ကြတဲ့ လူတွေအများကြီးပါပဲ။ မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေကလုပ်ချင်ပေမယ့်၊ ဘယ်လိုအချက်တွေက တားဆီးထားပါသလဲ???


၁။ သွေးလှူပြီးရင် ၀ လာမယ်။

တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး မရှိပါဘူး။ အသား အရည်စိုပြေပြီး အလှတိုးတာပဲရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ ဆိုပြီး ပုံမှန်စား သောက်တာထက် ပိုပြီးစားဖို့သောက်ဖို့လည်းမလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေ ထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီးဝလာစရာမရှိပါဘူး။


၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။

တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်း ကိရိယာတွေ ဟာသန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေး တဲ့ သူနာပြုတွေကလည်း တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျရှိလှတဲ့ အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုး ကူးစက်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။


၃။ သွေးလှူပြီးရင် ကျန်းမာရေးထိခိုက်မယ်။

တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါ တယ်။ သွေးလှူဒါန်းဖို့သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူရ တာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့ ကုတင်ပေါ်မှာ မိနစ်အနည်းငယ်လောက်တော့ အနားယူသင့်ပါ တယ်။


၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။

တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက် သွားနှုတ်တာ လောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင် တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့ သွေးမရရင် ခံစား ရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ဘူးဆိုတာပါပဲ။


၅။ သွေးလှူရတာ အချိန်ကုန်မယ်။

တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။


၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။

တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့ သွေးပမာဏကို ခန္ဓာကိုယ်ကအချိန်ပိုင်းအတွင်း ပြန်လည်ဖြည့်ဆည်းပေးပါတယ်။


၇။ ကျွန်တော် သွေးလှူဖို့မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။

တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ စုစုပေါင်း ရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုး ဖို့အရာမပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီးလိုနေပါ တယ်။


၈။ သွေးဆိုတာ အကြာကြီးအထားခံတယ်။ တစ်ခါလှူပြီးရင် လုံလောက်တယ်။

တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ၅ ရက်ပဲ အထား ခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထား တဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်း ကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့် သွေးဘဏ်မှာသွေးအိတ်တစ်ခုကို အကြာကြီးမမြင်ရပါ ဘူး။


၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။

တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေး ချီးမြှောက်ထားပါ တယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြုစင် ဇီဝတဒါန လှူဒါန်းမှုတစ်ခု ပါပဲ။


အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေကစပြီး လူ့အသက် တွေကိုကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။ သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့  ခုနစ်ရာခိုင် နှုန်းနီးပါးရှိပါတယ်။ သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။ သွေး ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓါတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။


သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။ အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီးလေးခုရှိပါတယ်။ သွေးအမျိုးအစား တိုင်းမှာ
မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။ သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုးပေါင်းစပ်ပါဝင်နေပါတယ်။

သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကိုတိုက်ထုတ်ဖို့ တာဝန်ယူပေးထား ပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ် လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိရှိတတ်ပါတယ်။ ကိုယ်ထဲကို ၀င်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။


သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။

သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်း အထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကိုလျှော့ချပေးပါတယ်။ သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အ၀ါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည် ထဲမှာ ရေဓါတ်၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။


သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။ သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။ အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။ သွေးဥမွှားကတော့ ၅ ရက်အတွင်းအသုံးပြုရပါတယ်။ သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။


သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်း ဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ် အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။ အေးခဲထားတဲ့ သွေးရည်ကြည် ဟာ ၁နှစ်တိတိထားလို့ ရပါတယ်။ လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည် တွေကို ရိုးတွင်း ခြင်ဆီကနေ သဘာဝအလျှောက် ထုတ်လုပ်ပေးတာပါ။


July Dream Blog မှ Myths about blood donation ပိုစ့်ကိုပါ ကူးယူတင်ပြထားပါသည်။

ပိုစ့်ကူးယူခွင့်ပြုတဲ့ July Dream ကိုလည်းအထူးကျေးဇူးပါ။ ခွင့်တောင်းထားတာကြာပေမယ့် ဒီနေ့ သွေးလှူရှင် များနေ့မှပဲ ပိုစ့်တင်ဖြစ်ပါတော့တယ်။

ဤပိုစ့်နဲ့ပတ်သတ်လို့အမှားတစ်စုံတစ်ရာပါခဲ့ပါရင် ခွင့်လွှတ်ပါရန်ကြိုတင်တောင်းပန်ပါတယ်။

14 ယောက်ဆွေးနွေးချက်:

neking said...

အရမ်းတန်ဖိုးရှိတဲ့ပိုစ်လေးပါအမရေ...
သွေးလှူခြင်းကိုဒီလောက်ရေးထားတာမတွေ့ဖူးဘူး..
ကျွန်တော်တော်လှူမယ်လို့ဆုံးဖြတ်ထားတယ်...

စကားမစပ် သွေးလှူရှင်များနေ့ကကျွန်တော့်မွေးနေ့နဲ့
အတူတူပဲ..၀မ်းသာတယ်

မင်္ဂလာပါ .... said...

မမအနမ်းရေ...
နှင်း လည်းသွေးလှူချင်နေတာကြာပြီ
လာမယ့် နှင်း ရဲ့မွေးနေ့မှာတော့ သွားလှူဖြစ်အောင်ကို လှူပါဦးမယ် .... သွေးလှူခြင်းကြောင့်သိသင့်သိထိုက်တာလေးတွေ ခုလိုဖော်ပြပေးတာ ကျေးဇူးပါ မမရေ...း)

Welcome said...

အစ်မ

အမှန် မွန်မြတ်ဖြုစင်တဲ့ ဇီဝတဒါန ဖြစ်ပါတယ်။ ကိုယ်တိုင်တော့ မလှူဖြစ်သေးပါဘူး။ ဆေးထိုးအပ်ကြောင့် ကိုယ်ပဲ ရောဂါတွေ ၀င်သွားနိုင်မလား ဆိုတာကို စိုးရိမ် သံသယစိတ်ကြောင့် နောက်တွန့်နေမိတယ်။

လေးစားလျက်နဲ့

~ဏီလင်းညို~ said...

မအနမ်းရေ...
တစ်ကယ့်ကို ဗဟုသုတဖြစ်စရာပို့စ်လေးပါဗျာ...။ ကျွန်တော်တို့ မသိသေးတာတွေကို စေတနာနဲ့ သေချာရေးပြထားတာကို...၊ ဝေမျှထားတာကို လေးစားစွာနဲ့ ဖတ်သွားပါတယ်ခင်ဗျာ...။ နောက်တစ်ခါလည်း... ထပ်လာဖတ်ပါဦးမယ်...။

ခင်မင်တဲ့
ဏီလင်းညို

သုခုမလေဒီ said...

မောင်ဝင်းဇော်ရေ..ခုခေတ်ဆေးထိုးအပ်တွေက တစ်ခါသုံးအပ်တွေသုံးတာကြောင့် ရောဂါပိုးမ၀င်နိုင်ဘူး လို့ထင်ပါတယ်။

kiki said...

သွေး လှူခြင်းဟာ တခြားအလှူများထက် ပိုမြင့်မြတ်မယ် ထင်ပါတယ် ။

တခါမှတော့ မလှူဖူးသေးဘူး ။
အပ်တုတ်တုတ်ကြီးကို ကြောက်လို့  ..း( ..
ပြီးတော့ လှူ ချင်ရင်တောင်မှ မလှူ နိုင်ဘူး ဖြစ်နေတာ .. ( အကြောင်းပြချက် ပေးလို့ ကောင်းသွားတယ် .. )
ဒီနှစ်ရော .. သွားဖြစ်သေးလား ။
ဘာမှ ပြောသံမကြားမိလို့ လေ ။

သင့်သွေးဖြင့် အသက်ကယ်ပါ ဆိုတဲ့ ဆောင်ပုဒ် ကတကဲ့ အဓိပ္ပါယ် ပြည့်ဝပါတယ် ။
ဒါပေမဲ့ သူများသွေးနဲ့ စီးပွားဖြစ်နေကြသူတွေ အကြောင်း သိမိလိုက်တော့ စေတနာ နဲ့ လှူထားသူတွေ အတွက် စိတ်မကောင်း ဖြစ်မိတယ် ။

သုခုမလေဒီ said...

သူများသွေးနဲ့စီးပွားလုပ်တာတင်မဟုတ်ဖူးအမကိရေ..
အချို့ကသူတို့သွေးကိုရောင်းစားကြတာတွေလည်းရှိသေးရဲ့
အစုံပါပဲ။

Anonymous said...

မမ (အနမ်း)ရေ...
သူများတွေလိုသွေးလှူချင်ပေမဲ့ လှူခွင့်မရှိလို့ ပါ

ညလင်းအိမ် said...

ပထမဆုံးအနေနဲ့ ရောက်လာပါတယ်ဗျာ..
ရောက်လာလာခြင်း ကျွန်တော် အရမ်းသိချင်တဲ့ သွေးလှူဒါန်းခြင်း အကြောင်း သိသွားရလို့ ကျေးဇူးတင်ပါတယ်...
ကျွန်တော်ခုအချိန်ထိ သွေး သုံးကြိမ်ပဲ လှူဒါန်းနိုင်သေးပါတယ်...
နောင် သွေးအားပြန်ပြည့်တဲ့ ရက်တိုင်း သွေးဆက်လှူသွားဖို့ ဆုံးဖြတ်ထားတယ်...
အကျိုးရှိတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါခင်ဗျာ...

may16 said...

သွေးလှူရှင်များနေ့ အမှတ်တရ ကိုလာဖတ်ပါတယ် မလှူဘူးပါဘူး၊ လှူချင်တယ် ကြောက်တယ် :P

Waing said...

သွေးတော့ တစ်ခါမှမလှူဖူးပါဘူး
သူများတွေလှူတာတွေ့ရင်တော့ အမြဲသာဓုခေါ်ဖြစ်တယ်
ကိုယ့်သွေးနဲ့ တစ်စုံတစ်ယောက်ဟာ အသက်ရှင်သန်ခွင့် ရတယ်ဆိုရင် ဖော်မပြနိုင်တဲ့ ကြည်နူးပီတိတော့ ဖြစ်မိမှာအမှန်ပဲ အခွင့်အရေးရခဲ့ရင် သွေးလှူချင်ပါတယ် အခုလို အသေးစိတ် ပြောပြပေးတာတွေအတွက် မ ကို အရမ်းကျေးဇူးတင်ပါတယ်

မိုးစက်အိမ် said...

အရမ်းဗဟုသုတ ရသလို အရမ်းလည်းတန်ဖိုး
ရှိတဲ့ ပို့ စ်လေးပါ အမရေ . . . အကြိမ်၅၀ကျော်
သွေးလှုဖို့ ဆိုတာမလွယ်တဲ့ ကိစ္စတစ်ခုပါ . . .
အဲဒီလူတွေကိုယ်စား ဂုဏ်ယူပါတယ်အမရေ
နောက်အထင်အမြင်မှားနေတာလေးတွေကို
ရှင်းပြပေးထားတာလည်း အရမ်းကောင်းပါတယ်

ဂျစ်တူး ( မုံရွာ ) said...

ကိုယ်ကသွေးလှူရှင် ၁၀ ကြိမ်မြောက်ဘဲ

Flower said...

ဗဟုသုတ ဝေမျှတဲ့ဒီပိုစ့်လေးအတွက်ကျေးဇူးပါ.. သွေးလှူတဲ့ အတွက် မိမိကိုယ်ခန္ဓာကို ဘယ်လိုမှ အကျိုးဆုတ်ယုတ်မှု မဖြစ်ထွန်းစေပါဘူးဆိုတာ ဒီနေရာကနေ လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်ပါတယ်.. ကျွန်မကလဲ ၁၂ကြိမ်မြောက် သွေးလှူခဲ့ဖူးပါတယ်.. ဒီလိုပြောတာကလဲ သွေးလှူခြင်းဟာ ကျန်းမာရေးကို လုံးဝမထိခိုက်ပါဘူး ဆိုတာကို ထောက်ခံချင်လို့ပါ..