ကျွန်မလေးစားမိသော ဆရာလေး

ဆရာလေး ဒေါ်ယုဇနဥာဏီ


ကျွန်မလေးစားမိတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ပြောရမယ်ထင်ပါတယ်။ ပုဂ္ဂိုလ်ဆိုပေမယ့် လူပုဂ္ဂိုလ်မဟုတ်ပါဘူး။ သာသနာ့နွယ်ဝင် ဖြစ်တဲ့ သီလရှင်တစ်ပါးပါ။ ကျွန်မနဲ့ ဆရာလေးဆုံမိတာကလည်း မထင်မှတ်ပဲနဲ့ ပါ။ ဆက်စပ်မိတာကိုပြောရမယ်ဆိုရင် ကျွန်မရဲ့ အစ်မတော်ဖြစ်တဲ့ မကိ (kiki) ကပဲစပြောရမယ်ထင်ပါရဲ့ ။ မကိနဲ့ ငယ်သူငယ်ချင်း၊ ကျောင်းနေဖော်ကျောင်းနေ ဖက်ဖြစ်တဲ့ အစ်မတစ်ယောက်နဲ့  အွန်လိုင်းပေါ်ကနေ ကျွန်မခင်မင်ခွင့်ရခဲ့ပါတယ်။ အရင်တုန်းက ညဖက်တွေမှာ ကျွန်မ တို့ သုံးယောက် အွန်လိုင်းကနေ စကားပြောဖြစ်ကြပါတယ်။ အဲဒီအစ်မကိုလည်း ကျွန်မအတော်လေးခင်မင်သွားခဲ့ရတယ်။ ကျွန်မက အကြီးဆုံးဆိုတော့ ကိုယ့်ကိုချစ်တဲ့အစ်မတစ်ယောက်ဆိုရင် အရမ်းဝမ်းသာပြီးခင်လိုက်တယ်။ တစ်နေ့  တော့ ကျွန်မတို့ အိမ်မှာဘုရားပင့်မယ်ဆိုပြီး မကိကိုလည်းပြောရင်း၊ အဲဒီအစ်မ ကိုပါပြောပြမိတယ်။ အကြောင်းကတော့ အဲဒီ အစ်မရဲ့ ဂျီတော့မှာ တင်ထားတဲ့ လေးကျွန်းစကြာင်္တမြင့်မိုရ်ရုပ်ရှင်တော်မြတ်ဖြစ်နေလို့ ပါပဲ။

သူကလည်း မကိသူငယ်ချင်း တစ်ယောက်အိမ်မှာပင့်တုန်းက မကိပို့ ပေးထားတဲ့ပုံလေးကိုတင်ထားတာပါ။ သူ့ အနေနဲ့  ပုံတော်လေးကိုသာ ဖူးမြော်နိုင်တာမို့ ထင်ပါတယ်၊ သူနဲ့ သိတဲ့ ဆရာလေးကိုပြောပြမိတဲ့အခါ ဆရာလေးကရုပ်ရှင်တော် မြတ်ကိုဖူးမြော်ချင်တယ်ဆိုတာကြောင့် ကျွန်မတို့ အိမ်ကိုလာဖူးဖို့ အစ်မကတစ်ဆင့်မေးမြန်းပါတယ်။ ဘုရားဖူးတာပဲ ခုနှစ်ရက် သားသမီးအားလုံးဖူးနိုင်တာပါပဲလေ။ ကိုယ်နဲ့ နီးစပ်ရာအားလုံးကိုလည်း ဘုရားဖူးဖို့ ဖိတ်ကြားထားတာကြောင့်၊ ဆရာလေး လာဖူးဖို့ ကိုလည်း ကျွန်မကအထူးတလည် မဟုတ်ပါဘူး။ ဘုရားဖူးသူအားလုံးကို ကြိုဆိုရမှာက ကျွန်မတို့  အလုပ်ပဲ။ ဒါနဲ့ အဲဒီအစ်မက ဆရာလေးကို ကျွန်မဆီဆက်သွယ်ဖို့ ဖုန်းနံပါတ်ကိုပေးကာ တိုက်ရိုက်ဆက်သွယ်စေပါ တယ်။

ဒီလိုနဲ့ အိမ်မှာဘုရားပင့်တဲ့နေ့  ဆရာလေးလာရောက်ဖူးမြော်သွားခဲ့ပါတယ်။ ဆရာလေးလာတော့ ညနေစောင်းဖြစ် နေတယ်။ ဖြစ်ချင်တော့ အဲဒီညနေက အိမ်မှာမီးကပျက်သွားခဲ့တယ်။ အဲဒီနေ့ ကမှ ကျွန်မနဲ့ ဆရာလေး စတင်ဆုံတွေ့  ခြင်းဖြစ်ပြီး၊ ကြည်ကြည်လင်လင်မျက်နှာပိုင်ရှင် ဆရာလေးကို အမှတ်ရစေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆရာလေးကို ချီးကျူးမိသလို အားကျတာလည်းဖြစ်ခဲ့ပါတယ်။ အားကျမိတယ်သာပြောရတယ်၊ ကျွန်မက ဆရာလေးလိုဖြစ်ဖို့ ကြိုးစား နိုင်မယ်မထင်ပါဘူး။

ဆရာလေးဟာ သာသနာရေးအတွက် အကျိုးပြုပုဂ္ဂိုလ်တစ်ဦးဆိုတာကှို သိတာကြောင့် အစ်မဆီမှ ဆရာလေးအကြောင်း နည်းနည်းတော့မေးမိလိုက်ပါတယ်။ သာသနာ အကျိုးကိုဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ လည်း ကျွန်မပိုပြီး ချီးကျူးမိ လာခဲ့ပါတယ်။ ဥာဏ်ပညာကောင်းတာကြောင့်လည်း ခုလို ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်သူတစ်ဦးဖြစ်လာခဲ့တာကို အားကျမိခြင်းပါ။ နောက်ပြီး ဆရာလေးကိုလည်း ဆရာလေးအကြောင်း မှတ်တမ်းအနေနဲ့ ရေးချင်လာလို့ ပါဆိုပြီးခွင့် တောင်းမိပါတယ်။ ဆရာလေးကတော့ သူ့ အကြောင်းက ဘာမှအထွေအထူး ပြောစရာမရှိပါဘူးတဲ့။ ဆရာလေးအနေနဲ့  သူဟာ မထင်ပေါ်ချင်ဘူးဆိုတာကို ကျွန်မနားလည်ပါတယ်။ ကျွန်မက ဆရာလေးရဲ့ ကိုယ်ရေးရာဇ၀င်ကိုရေးချင်တာ မဟုတ်ပါဘူး။ အခြားနာမည်ကြီးစေအောင်ရေးသားချင်စိတ်လည်းမရှိတာအမှန်ပါ။ ကျွန်မအားကျမိတဲ့ ပုဂ္ဂိုလ်တစ်ဦး အကြောင်းအနေနဲ့ သာ ဆရာလေးအကြောင်းကို ပိုစ့်အမှတ်တရရေးသားချင်မိတာပါ။ အဲဒီအကြောင်းကို အစ်မကိုလည်း ပြောပြခဲ့ပါသေးတယ်။


ဆရာလေးက စမ်းချောင်းမြို့ နယ်၊ ကျွန်းတောလမ်းရှိ ဒေါ်ဥာဏစာရီ ရဲ့ (မြန်အောင် သီလရှင်စာသင်တိုက်) မှာ ၁၉၉၁ခုနှစ် သြဂုတ်လ၃ရက်နေ့ မှာ သီလရှင် စ၀တ်ဖြစ်ခဲ့တာလို့ သိရတော့၊ ဆရာလေးသီလရှင် စ၀တ်တဲ့နေ့ ဟာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ မွေးနေ့ ရက်ဖြစ်နေတာကြောင့် ဆရာလေးရော ကျွန်မပါ အံ့အားသင့်ခဲ့ရပါတယ်။ ၁၉၉၁မှ ၁၉၉၈ခုထိ ရှစ်နှစ်ကြာအောင် အဲဒီကျောင်းမှာပဲ ပထမကြီးတန်းအောင်မြင်သည်အထိ ပညာဆည်းပူးရင်း သီတင်းသုံး နေထိုင်ခဲ့ပါတယ်။ ၁၉၉၈ခုနှစ် ဒီဇင်ဘာလရောက်မှ မရမ်းကုန်း မြို့ နယ်ရှိ The International Theravada Buddhist Missionary University အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ် ( ITBMU ) မှာ စတင်တက်ရောက် ခွင့်ရခဲ့ပြီး၊ ဗုဒ္ဓ ဓမ္မဒီပလိုမာ ( Diploma in Buddha Dhamma), ၀ိဇ္ဇာဘွဲ့ (B.A Buddha Dhamma) , မဟာဝိဇ္ဇာဘွဲ့  (M.A Buddha Dhamma) တို့ ကိုရရှိခဲ့ကာ ယင်းတက္ကသိုလ်၌ပင် ပြန်လည်သင်ကြားပို့ ချပေးခဲ့ပါတယ်။

အဲဒီနောက် ကမ္ဘာအေးဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံ (International Institute of Abhidhamma ) (IIA) စတင်ဖွင့်လှစ်သော ၂၀၀၈ခုနှစ်မှာလည်း ပုဂ္ဂလပညတ်ဘာသာရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်သင်ကြားပို့ ချခဲ့ပြန်ပါတယ်။

ဗုဒ္ဓဘာသာရပ်ဆိုင်ရာပညာရပ်တွေ နားလည်သိရှိခြင်းကို ကျွန်မအလွန်သဘောကျမိပါတယ်။ ကျွန်မလည်း ကိုယ့်ဗုဒ္ဓ ဆိုင်ရာအကြောင်းအရာများစွာကို သိချင်ပေမယ့် ဉာဏ်ပညာမကောင်းတာကြောင့် ဆရာတော်ဘုရားများရဲ့ တရားစာ ပေများလောက်သာ ဖတ်နိုင်ခဲ့ပါသေးတယ်။ ကိုယ်သိချင်တဲ့အကြောင်းအရာတို့ ကို ကိုယ်နဲ့ နီးစပ်ရာ သံဃာတော်များနဲ့  အခြားသောပုဂ္ဂိုလ်များကိုမေးမြန်းနေရပါသေးတယ်။

ဆရာလေးကတော့ မကြာသေးမီအချိန်ကမှ Indian Council for Cultural Relations (ICCR) ရဲ့  General Cultural Scholarship Scheme (GCSS) အစီအစဉ်ဖြင့် ဒေလီတက္ကသိုလ်မှာ Master of Philosophy သင်တန်းတက်ရောက်ရန် အတွက် ပညာသင်ဆုကိုရရှိခဲ့ပါတယ်။ အချိန်ကာလအားဖြင့် တစ်နှစ်ခွဲလောက်ကြာမယ်လို့ အစ်မထံမှ တဆင့်သိရပါ တယ်။ ဆရာလေး ခုလိုမြန်မာပြည်မှမြန်ဆန်စွာပဲ ထွက်ခွာသွားခဲ့ တာကို ကျွန်မ မသိလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်လိုက်ရပါသေးတယ်။ အစ်မဆီကိုတော့ စားသောက်ဖွယ်ရာတွေ ဆရာလေးအကူအညီဖြင့်ပေးပို့ နိုင်ခဲ့ပြီး ဆရာလေး ကိုတော့ ဘာတစ်ခုမှ မလှူလိုက်ရတဲ့အတွက်လည်း ကျွန်မ စိတ်မကောင်းဖြစ်မိတာပါ။ ဆရာလေးကလည်း ဒါကိုသိလို့  ကျွန်မကိုတောင်အသိမပေးပဲ ထွက်သွားခဲ့တာများလားမသိ။ ယခုလက်ရှိအချိန်မှာတော့ ကျွန်မနဲ့  ကျွန်မလေးစားရတဲ့ ဆရာလေးတို့  ဝေးနေကြရသလို၊ ဘယ်တော့ပြန်ဆုံနိုင်မလဲဆိုတာကိုလည်း၊ ဆရာလေးရော ကျွန်မပါ အတိအကျသိနိုင် မှာမဟုတ်ကြပါဘူး။ ပုဂ္ဂိုလ်တစ်ဦးနဲ့ တစ်ဦး တွေ့ ဆုံကြတယ်ဆိုတာလည်း ရှေးရေစက်တွေကြောင့်ဖြစ်သလို၊ တွေ့ ကြုံ ဆုံ ကွဲ ဆိုတာလည်း ဓမ္မတာတရားတွေပါပဲလို့  ကျွန်မတို့ သိထားတာကြောင့်၊ ဆရာတော်အရှင်ဆန္ဒာဓိကပြောသလို အနေဝေးပေမယ့် အဝေးနေမဟုတ်ကြဘူးဆိုတာ သဘောပေါက်မိပါတယ်။ ဆရာတော်ဟောကြားသွားတာလေးက မှတ်သားစရာပါ။

လောကမှာ ဘယ်သူမဆို ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊ ကိုယ်ကြည်ညိုလေးစားတဲ့သူနဲ့ အနေနီးချင်ကြတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှအနေမဝေးချင်ကြပါဘူး။ ဒါပေမယ့် ကံတရား စတဲ့အကြောင်းတရားအမျိုးမျိုးကြောင့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့ သူ၊ ကိုယ်ကြည်ညိုလေးစားတဲ့သူတွေနဲ့ အနေဝေးရတဲ့ အဖြစ်မျိုးတွေလည်းကြုံရတတ်ပါတယ်။ ခေတ္တခဏ အနေဝေး တာမျိုးလည်းရှိတယ်။ အကြာကြီးအနေဝေးတာမျိုးလည်းရှိတယ်။ တစ်သက်တာလုံး ဘယ်တော့ မှပြန်မဆုံနိုင်တော့တဲ့ ဝေးခြင်းမျိုးနဲ့ အနေဝေးတာမျိုးလည်းရှိပါတယ်။ လူချင်းအနေဝေးပေမယ့် စိတ်ချင်းအနေမဝေးရင် အဝေးနေတယ်လို့  မခေါ်နိုင်တော့ပါဘူးတဲ့ ။ ဒါကြောင့် ကျွန်မတို့ တစ်တွေလည်း တစ်ဦးနဲ့ တစ်ဦး နေထိုင်ရာနေရာတွေ ကိုယ်စီကိုယ်စီ အသီးသီး ဝေးနေကြပေမယ့် စိတ်ချင်းကတော့ နီးနေကြသေးတာမို့ ဝေးနေကြတယ်လို့ မဆိုနိုင်တော့ပါဘူး။

ဒီဇင်ဘာလ ၁၀ရက်ဆိုရင် ဆရာလေးနဲ့ သိတာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မလေးစားမိတဲ့ ဆရာလေး အကြောင်းကို ပိုစ့်တစ်ပုဒ်အဖြစ်ရေးမိခြင်းပါ။ စာဖတ်သူများအဖို့ ဆရာလေးတစ်ပါးအနေနဲ့ ဒါဟာ ထူးခြားမှုမဟုတ်ပါဘူး လို့  ထင်ကြမယ်ဆိုရင်လည်း ထင်နိုင်ပါတယ်။ ကျွန်မကတော့ ဆရာလေးရဲ့ ကြည်လင်တဲ့မျက်နှာ၊ အေးချမ်းတဲ့ပုံရိပ်နဲ့  တိုးညင်းသာယာတဲ့ စကားသံများကြောင့်လည်း ကြည်ညိုလေးစားမိခြင်းလည်းဖြစ်ပါတယ်။ ကျွန်မဆိုလိုတာရုပ်ရည်ကို မဟုတ်ပါဘူး။ တရားနဲ့ အညီနေထိုင်သူ အရိယာများရဲ့ အေးချမ်းမှုပုံသဏ္ဍာန်မျိုးကိုပါ။ ဆရာတော်ဦးဇောတိကရဲ့  တရား ဟောတဲ့အသံကိုလည်း ကျွန်မ အလွန်နှစ်သက်ခဲ့ပါတယ်။ ဆရာတော်ရဲ့ အသံဟာလည်း တိုးညင်းသာယာပြီး၊ အေးချမ်း မှုအသွင်ကိုဆောင်တာကြောင့် ကျွန်မအဖို့ အလွန်ပဲ စိတ်အေးချမ်းမှုကိုရစေခဲ့ပါတယ်။ ဘယ်လောက်ပဲ ပူပင်သောက ရောက်နေချိန်ဖြစ်ပါစေ ဆရာတော်ရဲ့ တရားကိုဖွင့်ကာ နားကြားခြင်းဖြင့် စိတ်နှလုံးအေးချမ်းခြင်းကိုခံစားရပါတယ်။

ဆရာလေးဒေါ်ယုဇနဥာဏီ (ခေတ္တ အိန္ဒိယ) သို့ အမှတ်တရ

ဤပိုစ့်နှင့်ပတ်သတ်၍အမှားတစ်စုံတစ်ရာပါခဲ့ပါလျှင် ခွင့်လွှတ်ပါရန် ဆရာလေးနှင့် အတူပါဝင်ပါတ်သက်သူများ၊ စာဖတ် သူများအား ကြိုတင်တောင်းပန်ပါတယ်။

7 ယောက်ဆွေးနွေးချက်:

Welcome said...

ဘာရေးရမှန်းတော့ မသိဘူး။
ထူးခြားတာတော့ အမှန်ပဲ။
စာတတ်ပေတတ် သီလရှင်တွေ အများကြီး ပေါ်ထွန်းလာစေဖို့ ဆန္ဒပြုပါတယ်။

Unknown said...
This comment has been removed by the author.
Unknown said...

အစ်မအနမ်းရေ....
စိတ်ဝင်စားစွာနဲ့ ဖတ်မိရင်း ဆရာလေးကိုလေးစားကြည်ညိုမိသလို အစ်မရဲ့ ကြည်ညိုမှုကိုလည်း လေးစားမိပါတယ်
ကမ္ဘာကြီးက ရွာကြီးသဖွယ်တိုးတက်ပြောင်းလည်းနေတဲ့ခောတ်မှာ
အစ်မ နဲ့ ဆရာလေးတို့ တစ်နေ့နေ့မှာတော့ ပြန်ဆုံတွေ့နိုင်ကြစေဖို့ တောင်းဆုပြုလိုက်ပါတယ်
အစ်မ အိုက်ဒီယာလေး သဘောကျမိလို့ နှင်း လည်း တစ်နေ့နေ့တော့ နှင်းဘ၀ရဲ့ အမှတ်တရ ဆရာလေးနှစ်ပါးအကြောင်းကို ရေးမိမယ်ထင်ပါရဲ့း)
ချစ်ခင်လေးစားလျှက်
ညီမလေး နှင်းဟေမာ

kiki said...

ဆရာလေး ကို တစ်ကြိမ်သာ ဖူးလိုက် ရပေမဲ့ ၊
ကြည်လင် အေးမြ နေတဲ့ ပုံသဏ္ဍန် ကို မှတ်မိနေဆဲပါ ။
အနေဝေး ပေ မဲ့ အဝေး မနေကြဖို့  ၊
ခုခေတ်ကြီးမှာ လွယ်ကူလာပြီ ထင်ရတယ် ။

desertraindrops said...

မနမ်းရေ..စိတ်ဝင်တစားဖတ်ရင်း ပုံကိုကြည့်မိတော့ တကယ့်အေးချမ်းတယ်နော်

နေ့အိပ်မက် said...

ဒီလိုထူးချွန်ထက်မြက်တဲ့ ဆရာလေးတွေအကြောင်း ဖတ်ရတိုင်း စိတ်ချမ်းမြေ့တယ်။ ဒါပေမဲ့ တချို့တွေက သီလရှင်တွေဆို သိပ်မလှူချင်ကြတာမျိုးရှိတတ်တာတွေ မြင်ရတော့လည်း စိတ်မကောင်းပြန်ဘူးမမရယ်

okzawtini@gmail.com said...

ဒကာမလေးရေ အရမ်းကျေးဇူးတင်ပါတယ်။ မမယု ဘယ်မှာရှိနေလဲ သိချင်တာနဲ့ အွန်းလိုင်းမှာ ရိုက်ထည့်လိုက်တော့ ဒီစာလေး ဖတ်မိတာပါ။ ကျေးဇူးတင်ပါတယ်။ မမယုက အရမ်းတည်ကြည်အေးချမ်းလှပါတယ်။ ဒကာမလေးမပြောနဲ့ ဆရာလေးတောင် မမယုကို မြင်ရင်
စိတ်ထဲမှာ အလိုလိုအေးချမ်းသွားတယ်။ ဆရာလေး ဆရာကြီးနဲ့ မမယုတို့က အရမ်းချင်ပါတယ်။ တစ်ကျောင်းထဲထွက်တွေလေ။ ဆရာကြီးက မမယုကို ရှာပေးပါဆိုလို့ ရှာနေတာ။ နေရာအတိအကျတော့ မသိသေးပါဘူး။