ကျွန်မနှင့်သာလာဆီးမီးယား


ညီမလေးမွန်မွန်ကျော် ခွဲခွာသွားခြင်းဟာ ဒီလ၂၃ရက်နေ့ မှာတစ်လတင်းတင်းပြည့်ခဲ့ပါပြီ။
ဒါကြောင့် ညီမလေးအတွက်အမှတ်တရအနေနဲ့ သူရေးသားခဲ့တဲ့စာတိုလေးကို သူ့ မိခင်ဆီမှရခဲ့တာမို့ ၊ ကျွန်မကပြန်လည်ဖြည့်စွက်ရေးသားကာတင်ပြ
လိုက်ရပါတယ်။

Thalassemia (သာလာဆီးမီးယား) ရောဂါဆိုသည် သွေးဖြူဥများသောကြောင့်ဟုအများနား လည်အောင် ပြောကြားခြင်းပင်ဖြစ်သည်။ မျိုးရိုးဗီဇအလိုက်အဖြစ်များသော သွေးနီဥထဲမှ (ဟေမိုဂလိုဘင်) Haemoglobin လို့  ခေါ်တဲ့ဓါတ် ပုံမှန်ထက်လျှော့ကျနေခြင်းကြောင့်၊ သွေးအားနည်းကာ ဖြစ်ပွားရခြင်းအကြောင်းရင်းဖြစ်ပါသည်။

ထိုရောဂါအား၊ ကျွန်မကိုယ်တိုင်ခံစားနေရသည်ဖြစ်ပါ၏။ ကျွန်မသည် ထိုရောဂါအား၊ အသက်
၈လသားအရွယ်ကပင်၊ မွေးရာပါရောဂါအဖြစ်ကျွန်မနှင့်အတူလိုက်ပါလာခဲ့သည်ကိုသိရှိခဲ့ရ သည်။ ၈လသား အရွယ်၌ပင် သူများသားသမီးများလိုမဆော့နိုင်သည်ဖြစ်၍ နှုတ်ခမ်းများ လည်းဖြူလာသောကြောင့်၊ ကျွန်မ၏မိဘများမှာစိတ်ပူပြီးဆေးစစ်ရာမှ သွေးအားနည်းရောဂါ တစ်မျိုး ဖြစ်သည့် Thalassemia (သာလာဆီးမီးယား) ဟုခေါ်သည့် ထိုရောဂါ ဖြစ်ပေါ်နေခြင်း ဖြစ်တော့သည်။ ထိုအချိန်မှစကာ ကျွန်မသည်ကလေးဆေးရုံ၌ မနက်သွားညနေပြန်သွေးသွင်း သည့်စနစ်ကိုပြုလုပ်လာရတော့၏။ သွေးမသွင်းမီ သွင်းရမည့်သွေးအတွက်သွေးလှူရှင်ရှာကာ၊ သွေး လှူရှင်၏သွေးများကိုလည်းရောဂါပိုးအမျိုးမျိုးစစ်ရလေသည်။

ယခုအခါတွင် HIV, Hepatitis B, C (ဘီပိုး၊ စီပိုး) စသည်တို့ ကိုအသေအချာစစ်ဆေးရသည် မှာ သွေးလှူဘဏ်၏တာဝန်တစ်ရပ်ဖြစ်ပေသည်။ ထိုသို့ စစ်ဆေးကာ ရောဂါပိုးရှိသောသွေး များကို လွှင့်ပစ်ရပြီး၊ ကောင်းမွန်၍အဆင့်မီသော သွေးများကိုသာထည့်သွင်းကြရသည်။ ဤသို့ အဆင့်ဆင့်လုပ် ဆောင်ရသည်မှာ မိခင်၏တာဝန်ဖြစ်သောကြောင့်၊ ကျွန်မ၏အမေမှာလူပန်း စိတ်ပန်း၊ ငွေကုန်ကာ၊ ကျွန်မအတွက်ဒုက္ခရောက်ရပါတော့သည်။ ၈လအရွယ်မှလေးနှစ်အရွယ် အတွင်း(250cc) ရှိသွေးပုလင်းတစ်ဝက်ကိုသာသွင်းခဲ့ရပြီး၊ ၄နှစ်မှ၆နှစ်အရွယ်ရောက်သော အခါ သွေးတစ်ပုလင်းအား၊ လေးလတစ်ကြိမ်သွင်းရပါတော့သည်။ နောက်ပိုင်းတွင် နှစ်လ တစ်ခါ ဆိုသလိုသွေးသွင်းမှုစိတ်လာပါသည်။ ကလေးဆေးရုံတွင်၁၂နှစ်အရွယ်ထိ သာတက် ရောရပြီး၊ မနက်သွားတက်ကာ၊ သွေးသွင်းပြီးနောက် ညနေပြန်ခွင့်ရခဲ့ပါသည်။ ထို့ နောက် ၁၂နှစ်နောက်ပိုင်းကာလများတွင် ရန်ကုန်ဆေးရုံကြီးသွေးဌာနသို့ ရောက်ရှိလာပါတော့သည်။

ကျွန်မအတွက် ကျွန်မမိခင်၏ဒုက္ခမှာမသေးသလို၊ ကျွန်မ၏ဝေဒနာနှင့်ပါလာသောဝဋ်ကြွေးများ သည်ကားကြီးမားလှပါသည်။ သွေးသွင်းသည့်အခါတွင်လည်း၊ လိုအပ်သောသွေးသွင်းပိုက်၊ ဆေးထိုးအပ်၊ သွေးသွင်းအပ်၊ သွေးသွင်းရင်းမလိုအပ်သည့်ဓါတ်ပြုမှုများ(shock)မဖြစ်စေရန်၊ သွင်းရသည့်ဆေး(ဟိုက်ဒရို ကော်တီဇုန်း) hydrocortison၊ ဘာမီတွန်တို့ ကိုဝယ်ယူထားရ ပါသည်။

နှစ်လတစ်ခါသွေးသွင်းခြင်းကြောင့်၊ ကျွန်မ၏ခန္ဓာကိုယ်တွင်း၌ (Iron Overload) သံဓါတ်များ များပြားလာပါတော့သည်။ ထိုအခါသံဓါတ်လျှော့ချသည့်ဆေး (Desferal)ကို drip ကဲ့သို့ ခန္ဓာ ထဲသို့ တစ်ဖန်ပြန်လည်သွင်းရပြန်ပါသည်။ ထိုသို့ သွင်းရသည်မှာလည်းငွေကြေးကုန်ကျသော ကြောင့်၊ ကျွန်မ မိခင်ဖြစ်သူကိုသနားမိပါသည်။ ကျွန်မသည်လည်းရောဂါကြောင့်၊ အသက်ရှု မ၀ကာ မောလွန်းသည်ဖြစ်၍ ရှစ်တန်းအောင်မြင်ပြီး၊ ကိုးတန်းကိုမဖြေဆိုနိုင်တော့ပဲ၊ ဆေးကုသ မှုသာခံယူခဲ့ရပါသည်။

Hamatology Word ဟုခေါ်သော သွေးဌာနမှ ဆရာဝန်ကြီးဦးရဲမြ၊ ဆရာဝန်ဒေါ်အေးအေးကြီး နှင့်အခြားသောဆရာဝန်၊ ဆရာမများ၊ နာစ့်များအားလုံးလိုလိုသည် သဘောအကောင်းဆုံး၊ စိတ်စေတနာအပြည့်ဝဆုံးဟု ကျွန်မသိရှိခဲ့ရပါသည်။ ကျွန်မ၏သွေးရောဂါသည်သွေးနီဥပေါက် ကွဲမှုကြောင့် ၊ haem ထဲမှသံဓါတ်တွေဟာ သွေးကြည်ထဲမှာပမာဏများလာခြင်းလို့ ဆိုပါ သည်။ ထို့ ကြောင့် သံဓါတ်ပါသောအစာများဖြစ်သည့် နီရဲသောအသားများ၊ ၀မ်းတွင်းကလီစာ များ၊ ဥများကို များများစားသုံးခြင်းမှရှောင်ကြဉ်ရပါသည်။

ထိုသို့ ဖြင့်သွေးနီဥများပေါက်ကွဲ၍ Haemoglobin (ဟေမိုဂလိုဘင်) ဓါတ်လျှော့နည်းလာပြီး၊ ရင်တုန်ခြင်း၊ နှလုံးခုန်ချက်မမှန်ခြင်း၊ မောခြင်း၊ ခေါင်းမူးခြင်း၊ အစားအသောက်ပျက်ခြင်း၊ အား လျှော့ကာလှုပ်ရှားချင်စိတ်မရှိခြင်းတို့ ဖြစ်ပေါ်လာပါသည်။ ပို၍ဆိုးလာသောအခါ အသည်းကြီး ခြင်း၊ နှလုံးပွလာခြင်း၊ အရိုးများပွလာခြင်းတို့ အထိဖြစ်နိုင်ပါသည်။ spleen(သရက်ရွက် ခေါ် ဘေလုံး) ကြီးနေသောသူများဆိုလျှင်လည်း၊ ဘေလုံးထဲမှာရှိတဲ့Microphage ခေါ်ဆဲလ်များက သွေးနီဥ အကောင်းများကိုဝါးမြိုဖျက်ဆီးတတ်သောကြောင့်၊ ဘေလုံးကိုဖြတ်ထုတ်ခြင်း Splenectomy ဖြင့်၊ သွေးနီဥများအချိန်မတိုင်မီပျက်စီးခြင်းမှကာကွယ်နိုင်ပါသည်။ သို့ သော် သရက်ရွက် (ဘေလုံး) ထုတ်ထားသူများသည် Immunity (ကိုယ်ပိုင်ခုခံနိုင်တဲ့စွမ်းအား) ကျဆင်းနေတတ် ကြလို ချောင်းဆိုး၊ နှာစေးစသည့် ပြင်ပမှကူးစက်ရောဂါများမ၀င်အောင် ဂရုစိုက်ရပြန်ပါသည်။ ကျွန်မ ကိုယ်တိုင်လည်း ၊ သရက်ရွက်(ဘေလုံး)တစ်ခုလုံး ထုတ်ထားရ ပါသည်။ ထိုကြောင့်သရက်ရွက်ထုတ်ခြင်းသည်ပင်၊ ကောင်းကျိုးနှင့်ဆိုးကျိုး၂မျိုးစလုံးကိုရရှိ ခဲ့ပါတော့သည်။ ဆိုးကျိုးမှာကျွန်မအပေါ်၌တင်ပြသလို၊ သူတစ်ပါးဆီမှရောဂါများအလွယ်တကူ ကူးစက်နိုင်ခြင်းဖြစ်ပြီး၊ ကောင်းကျိုးမှာသရက်ရွက်(ဘေလုံး)မရှိတော့၍ ဗိုက်ချပ်ကာ၊ နေထိုင် မှုကောင်းမွန်သွားခြင်း၊ သွေးသွင်းမှုအနည်းငယ်ကွာဝေးသွားခြင်းတို့ ပင်ဖြစ်၏။

သရက်ရွက်ခေါ်(ဘေလုံး) မထုတ်ရသေးသူများမှာ ဗိုက်ပူ၍ကိုယ်ဝန်ဆောင်ပမာဖြစ်နေရရှာပါ သည်။ ထိုသို့ Splenectomy သရက်ရွက်ထုတ်ထားသူများအနေနှင့်သွေးသွင်းခြင်းမှာအနည်း
ငယ်ရက်ကွာဝေးလာပါသည်။ ရောဂါပျောက်သွားသည်ဟုတော့မဆိုပါ။ အချို့သွေးရောဂါသည် များမှာ ငွေကြေးမပြည့်စုံသဖြင့်သံဓါတ်များကိုလျှော့ချနိုင်ခြင်းမရှိပဲ၊ အသားအရေမဲညစ်ညစ် အဖြစ်သာနေရရှာပြီး ၊ အသည်းအရောင်ပြောင်းကာအသည်းနှင့်နှလုံးများကို ထိခိုက်လွယ်စေ ပါသည်။ ကျွန်မသည်ဗိုက်ခွဲ၍ spleen(သရက်ရွက်)ထုတ်သောနှစ်မှာပင် ကျောင်းမှထွက်လိုက် ရသည်။ ထို့ ကြောင့်ကိုးတန်းနှစ်မှာပင် ပညာရေး ကိုဆက်သင်နိုင်ခြင်းမရှိပဲ၊ ကျောင်းထွက်ခဲ့ရ တော့သည်။

ကျောင်းထွက်ပြီးနောက်ပိုင်းမှာလည်း၊ သွေးသွင်းခြင်းမှာအဆက်မပြတ်ဖြစ်လာပါသည်။ နှစ်လ တစ်ကြိမ်ဆိုသလို Blood for complete picture (CP) စစ်ဆေးခြင်းဖြင့်၊ Haemoglobin (HB) လျော့နည်းလာတာနဲ့ အမျှ သွေးထပ်မံသွင်းမှုကိုပြုလုပ်ရပြန်ပါသည်။ ထိုသို့ ဖြင့် အသည်းကြီးလာသောအခါ တဖန်ဗိုက်ပူလာခြင်းဖြစ်လာပါသေးသည်။ ကျွန်မကိုယ်တိုင်ဖြစ် လာခဲ့သောအကြောင်းများပင်ဖြစ်ပေ၏။ သွေးများသွင်းရ၍ကျွန်မတို့ ၏ခန္ဓာကိုယ်မှာ ပူလွန်း ခြင်းဖြစ်သဖြင့်လည်း၊ အအေးကိုပိုမိုကြိုက်နှစ်သက်လာခဲ့ရသည်။ တဖန်အအေးခံခြင်းကြောင့် အဆုတ်အအေးပတ်ခြင်းကိုခံရပြန်သည်။ သူတစ်ပါး၏သွေးများကိုအကြိမ်ဖန်များစွာသွင်းရခြင်း သည်မှာလည်း၊ သွေးမှတစ်ဆင့် ကူးစက်တတ်သော HIV, Hepatitis B, C စသည့်ရောဂါများ ကိုထိတ်လန့် ရသေးသည်။

ထို့ ကြောင့် ကျွန်မလိုပင်သွေးရောဂါသည်များကို ကျွန်မအင်မတန် မှကိုယ်ချင်းစာမိသည်။
ရောဂါဝေဒနာခံစားရသူများအနေနှင့် သေခြင်းကိုသာမန်လူများထက် ပိုမိုနီးကပ်သည်ဟုခံစား ရပါသောကြောင့်၊ ကျွန်မသည်လည်း ဘုရားရှိခိုးခြင်း၊ ပုတီးစိတ်ခြင်း၊ တရားနာကြားခြင်းနှင့် တရားအားထုတ်ခြင်းတို့ ကိုနေ့ စဉ်ပုံမှန်ပြုလုပ်လာခဲ့မိတော့သည်။ ဘယ်နေ့ ၊ ဘယ်အချိန် ကိုအသေအချာမသိနိုင်သောသေခြင်းကိုထိန့် လန့် ခြင်းမရှိစေဖို့ ကျွန်မတို့ ဗုဒ္ဓဘာသာဝင် တွေအားအထားရဆုံးမှာ မြတ်စွာဘုရား၏တရားတော်များပင်ဖြစ်ပေသည်။

ထို့ ကြောင့် ကျွန်မကိုယ်တိုင်ခံစားနေရသော ဤသို့ ဝေဒနာများကိုခံနိုင်ရည်ရှိကြစေရန်နှင့်
နောင်သံသရာမပါစေရန် ယခုကတည်းကပင်၊ တရားနာကြားခြင်း တရားအားထုတ်ကြစေခြင်း ကိစ္စများကို အိမ်၌ဖြစ်စေ၊ ရိပ်သာ၌ဖြစ်စေပြုလုပ်ကြ၍ ကျွန်မနှင့်အတူသေခြင်းအား၊ကောင်းစွာ ရင်ဆိုင်နိုင်ကြစေလိုခြင်း အကျိုးအားဖြင့်တရားတော်၏အရိပ်အောက်၌ လက်ရှိုဘ၀အား နှစ် မြှပ်ထားနိုင်ပါစေလို့ မေတ္တာပို့ နေမိပါတော့သည်။

အနမ်း
ဝန်ခံချက်။ ။ညီမလေးမွန်မွန်ကျော်ရေးသားခဲ့သော (လူတို့၏ကုသိုလ်ကံအကြောင်း) ဆိုသည့် စာကိုပြန်လည်ဖြည့်စွက်ပြီးပြုပြင်ရေးသားထားပါသည်။
medical term များကိုပြောကြားပေးသော ထိုင်ဝမ်မှ အမ(Ki) ကိုလည်းကျေးဇူးတင်ပါသည်။

6 ယောက်ဆွေးနွေးချက်:

လူလ said...

မင်္ဂလာပါ ခင်ဗျာ

ဖတ်ရင်း ကိုယ်ချင်းစာနာစိတ်တွေ ပွားမိပါတယ်။ ဒါကြောင့် ကွန်မင်းပေးဖြစ်သွားတာပါ၊ ရောဂါအနေအထားကို တင်ပြထားအတွက် သိမှတ်ရ၏။ ကျေးဇူးပါ။

ရွှင်လန်းချမ်းမြေ့ပါစေ...

သူကြီးမင်း (တုံးဖလား) said...

သနားစရာကောင်းလှတဲ့ ကလေးလေးပါ။ ကိုယ်ချင်းစာမိပါတယ်။ အမရဲ့  အရေးအသားနဲ့ဆိုတော့ ပိုထိတာပေါ့ဗျာ။

တောင်ပေါ်သား said...

အမရေ ဖတ်ရင်းနဲ့ မရင်းနှီးဖူးခဲ့တဲ့ အမကို အရမ်းချီးကျူး ဂုဏ်ယူမိပါတယ်ဗျာ.. ဘ၀မှာ ဖြစ်ပေါ်နေ ခံစားနေရတာကို မကြောက်မ၀ံ့ ရင်ဆိုင်နိုင်တာကို လေးစားပါတယ်။


လေးစားလျက်
တောင်ပေါ်သား

Unknown said...

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကို အကောင်းဆုံး အသုံးချသွား နိုင်တာကို အရမ်းလေးစားမိတယ် ဖတ်ပြီးရင်ထဲမှာ ခံစားလိုက်ရတဲ့အတွက် လေးစားစွာ ကျေးဇူးတင်ပါတယ်

poemflower said...

အမရေ ဖတ်ပြီး စိတ်မကောင်းပါဘူး ရောဂါကိုလည်း ဗဟုသုတ အဖြစ်သိရတယ် အမကျေးဇူးပါ.

Melody said...

ဖတ်နေရင်းနဲ့  (ပြီးတောင်မပြီးသေးဘူး) ငိုချင်လာလို့ 