ဓလေ့ နဲ့ အယူအဆများ

အညာဒေသရဲ့ အလေ့အထ တစ်ခုဖြစ်တဲ့  တစ်ပေါင်းလ လဆန်း၃ရက်မှာကျင်းပကြတဲ့ ကောက်ပဲသီးနှံ အထွက်နှုံးကောင်းစေရန် ရည်ရွယ်ကာပုန်းပန်းချီ ဆိုတဲ့ နတ်ပူဇော်ပွဲ အကြောင်းအနည်းငယ်ပြောချင်တာပါ။ တစ်ချို့ သော သူတွေတော့ ကြားဖူးကြမလားမသိဘူး။ ကျွန်မ ကိုယ်တိုင်တော့ သည်အကြောင်းကိုအခုမှ သိရတာမို့  အထူးအဆန်းလိုဖြစ်နေပါတယ်။ အချို့ ကရင်လူမျိုးတွေ နတ်စားကြတယ်ဆိုတာလောက်သာ ကြားဖူးတာပါ၊ အညာဒေသရဲ့ အလေ့အကျင့်ဖြစ်တဲ့ သည်အကြောင်းကိုတော့အစက မကြားဖူး၊ မသိဖူးပါဘူး။ ဒါကြောင့် လည်း အထူးအဆန်းလို ဖြစ်နေတာကြောင့် ဘလော့ မှာရေးသားချင်တဲ့စိတ်ဖြစ်လာမိတာပါပဲ။

ပုန်းပန်းချီမ ပူဇော်ပုံက သည်လိုပါတဲ့။ တစ်ပေါင်းလ လဆန်း ၃ရက်ဖြစ်တဲ့၊ အဲသည်နေ့ နံနက် စောစော ၄နာရီအချိန်လောက် ကစပြီး၊ ထမင်း ၊ ငါးဟင်း၊ ခရမ်းခေါင်းသီးဟင်း၊ ပဲနှပ်၊ မုန့် ဆီ ကြော်၊ မုန့် လက်ကောက်၊ စတဲ့ အစားအစာများ နဲ့ အတူ ပုန်းပန်းချီပန်းကိုပါ မြေအိုးထဲထည့် ကာ၊ မြေအိုးပတ်လည်ကိုလည်းသနပ်ခါးများ လိမ်းပေးရတယ်လို့ သိရပါတယ်။ မုန့် ဆီကြော်၊ ဆန်နဲ့ လုပ်တဲ့ မုန့် များကိုတော့ ပုန်းပန်းချီမကဲ့ သို့  ခြေလက်များတပ်ဆင်ကာလူပုံသဏ္ဍာန် ပြုလုပ်ပြီးထည့်ရပါတယ်။ အိမ်က မိသားစုများရဲ့  လက်ဝတ် ရတနာများကိုပါ မြေအိုးထဲ တစ်ပေါင်းတည်း ထည့်ပေးရပါသေးတယ်။ အဲဒီနောက် ထိုမြေအိုးကို တောင်းထဲထည့်ကာ ၊ မျက်နှာသုတ်ပုဝါ (အညာဒေသအခေါ် သဘက်) ၊ စောင်များပတ်ပေးရပါတယ်။ ထို့ နောက် ပုန်းပန်းချီမ အား ပူဇော်ကာ သီးနှံအထွက်တိုးဖို့ နဲ့  မိသားစုတွေ အဆင်ပြေပြေဥစ္စာပစ္စည်းများ ဆုဆောင်းမိစေဖို့ ကိုဆုတောင်းရတယ်လို့ ဆိုပါတယ်။ ထိုသို့ ဆုတောင်းအခိုက်မှာလည်းတိတ်
ဆိတ်ငြိမ်သက်မှုရှိနေရပါမယ်။ ပုန်းပန်းချီမ ကဆူညံမှုများကိုမနှစ်သက်ဖူးလို့ ဆိုပါ တယ်။ အိမ်ကိုလည်း သန့် သန့် ရှင်းရှင်းလှည်းကျင်းထားရပါတယ်။ နံနက် ၄နာရီမှစကာ ပြင်ဆင် ပူဇော်ရပါတယ်။ အိမ်ရှိမိသားစုဝင်များအားလုံးစုစည်းကာ ၊ မိသားစုဝင်ရဲ့ အဖေ (သို့ မဟုတ်) အမေကရွတ်ဆိုဆုတောင်းကာ ကန်တော့ ကြတယ်လို့ သိရပါတယ်။ ထိုသို့ ဆုတောင်းပူဇော် ပြီး၊ တောင်းထဲကအစားအစာများကို ပြန်လည်စားသုံးခြင်း၊ တိရစ္ဆာန်များ နဲ့ အခြားသူတွေ အားလုံးကို ဒါနပြုလုပ်နိုင်ပါတယ်။ မွန်းတည့်ချိန် ၁၂နာရီအထိတော့ တစ်အိမ်လုံး တိတ်ဆိတ် ငြိမ်သက် နေရပါမယ်။ မွန်းလွဲချိန်ရောက်မှသာစကားစမြည်ပြောဆိုလို့ ရပါတယ်။

ထူးခြားတဲ့ အညာဒေသရဲ့ အလေ့အထ တစ်ခုပါပဲ။ နှစ်စဉ်နှစ်တိုင်းပြုလုပ်တယ်လို့ လည်း သိရပါတယ်။သို့ ပေမယ့် ကျွန်မတို့ သရဏဂုံတင်ပြီး ဗုဒ္ဓဘာသာဝင်တွေ အတွက်ကတော့ ဘုရားကိုသာကိုးကွယ်ရာ လို့ သတ်မှတ်ထားတဲ့အတွက် နတ်ပူဇော်ခြင်းတွေကို အယူအဆ တွေလွဲမှားစွာနဲ့ ပူဇော်နေခြင်းတွေလို့ ပဲယူဆပါတယ်။ အဲသည်လို နတ်ကိုးကွယ်မှု၊ ယစ်ပူဇော် မှု ဆိုတာတွေကလည်း ဟိုးယခင်ဘုရား လက်ထက်တော်မှာတောင်ရှိနေခဲ့တဲ့ အယူအဆတွေ ပါ၊ ခုထိလည်း ဒါမျိုးတွေနေရာဒေသအလိုက် ရှိနေသေးတာကို ကြားသိရတုန်းပါပဲ။


အနမ်း

2 ယောက်ဆွေးနွေးချက်:

Welcome said...

မှတ်သားစရာတွေ အများသားပဲနော်။
ကြားဖူးပေမယ့် ပြည့်၂စုံ၂တော့ မဟုတ်ပါဘူး။
ခုတော့ သေချာဖတ်သွားပါတယ်။

poemflower said...

အဲဒါကို ခုမှကြားဘူးတာ အမ. နတ်စားတာတော့သိတယ်..ထူးဆန်းလိုက်တာ. ဖော်ပြပေးတာကျေးဇူးပါ အမပြောသလိုပဲ ဗုဒ္ဒဘာသာမှာ တော့ဒါတွေမရှိဘူးလေ.