နားခိုရာ

12 ယောက်ဆွေးနွေးချက်












ကံတစ်ခုအကြောင်းပြုလို့
ငါတစ်ယောက်လူဖြစ်ခဲ့
ကံတရားအကြောင်းမလှလို့ 
ငါ့ရဲ့ ဘ၀ လူမပီခဲ့
အကြောင်းမလှတဲ့ ကံရယ်
လူမပီတဲ့ငါရယ်
ဒီဘ၀ထဲကျင်လည်
တစ်ခါတစ်ရံ ငိုချင်းချ
တစ်ခါတစ်ရံ ရယ်မိပြန်
အရာရာကတော့ ၀ိုးတ၀ါး
လမ်းမရှိတဲ့အမှောင်ကမ္ဘာ
လျှောက်လှမ်းရာ
ငါ့အတွက်ပဲလား
အဖြစ်မရှိတဲ့ငါ
အနှစ်ရှိဖို့ သာရှာပေမယ့်
မောပန်းကာနွမ်းနေပြီမို့ 
နားခိုရာလေး ရှာပေးကြပါလား။ ။

လိုနေတာ

7 ယောက်ဆွေးနွေးချက်
တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာ ကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိကတွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးကပြန်ဖြေ ခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။
အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က _

“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ်မီးချောင်းတွေများ သုံးသလဲ” လို့ မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်းကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လဲပေးဖို့ပဲလိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥကပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင် ကိုတွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲ လိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေကသူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲမရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူကပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှု နည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာလွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

forward mail က ရတာပါ။ သဘောကျမိလို့ ပိုစ့်အဖြစ်တင်ထားခြင်းပါပဲ။ ဖတ်ပြီးကြမယ့်သူတွေလည်း ရှိပါလိမ့်မယ်။


ပန်းသီးစားရသော ကျွန်မရဲ့ညီမ

15 ယောက်ဆွေးနွေးချက်


ဟိုတလောလေးက သူငယ်ချင်းရဲ့သမီးလေး ဗိုက်အောင့်တယ်ဆိုပြီး ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံမှာ ဟိုစမ်းဒီစမ်းပေါ့ ဗိုက်အောင့်တယ်ဆိုတော့လည်း အစာအိမ်ဆိုပြီး သေချာအောင် စစ်ဆေးမှုတွေလုပ် ဆေးတွေတိုက်၊ လက်မှာ အနာစက်လေးတွေ ပေါ်လာပြန်တော့ သွေးစစ်လိုက်ရတာ DNA အဆင့်ထိပါပဲ။ ဘာမှမတွေ့ဘူးတဲ့။ အဲလိုနဲ့ ဆေးရုံတက်ရတာ သုခကမ္ဘာမှာ ၂ခေါက်တက်ရပါတယ်။ သက်သာလို့ အိမ်ပြန်ရောက်ပြီး ၃ရက်မပြည့်သေးဘူး နောက်တစ်ခါပြန်အောင့်လို့ ဆေးရုံထပ်ရောက်ပြန်ရော.. အာရှတော်ဝင်တဲ့။ ဆရာဝန်တွေ၊ သမားတော်ကြီးတွေလည်း တစ်ယောက်ပြီး တစ်ယောက်ဆိုသလိုပြတာပါပဲ။ နောက်ဆုံး အဖြေရှာရတာကတော့ သည်းခြေအိတ်မှာ ကျောက်တည်တာပါ။ သည်းခြေအိတ်ထဲမှာ gallstone ကျောက်တုံး လေးတွေရှိနေတာပါ။ အဲဒီတော့ ခွဲရပါမယ်တဲ့။ ခွဲရမယ်ဆိုတော့ ကာယကံရှင် ကလေးက လည်းကြောက် လူကြီးမိဘတွေကလည်း စိုးရိမ်လာကြတယ်။ ခွဲစိတ်တာနဲ့ ပတ်သတ်လို့ ယခင်ဖြစ်ခဲ့ဖူးတဲ့ ကိစ္စရပ်ကိုသိတော့ လန့်နေကြပြီပေါ့။ မခွဲရင်မရဘူးလား ဘာလား ဆရာဝန်ကိုမေးမြန်း အသိမိတ်ဆွေတွေကိုလည်း မေးမြန်းနဲ့၊ ကျွန်မတောင် အမဖြစ်သူ ဖွားကိကို လှမ်းမေးပေးလိုက်ရသေးတယ်။ ခွဲရတယ်ဆိုပေမယ့် စိုးရိမ်စရာမရှိပါဘူးတဲ့။ အပေါက်ကလေး သုံးပေါက်လောက်သာ ဖောက်ရုံခွဲစိတ်တာပါ ဆိုတာကြောင့် သူတို့လည်း စိတ်နည်းနည်းအေးသွားပြီး ခွဲစိတ်ခြင်းကို လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ သည်းခြေကကျောက်တွေ ထုတ်ယူပစ်လိုက်နိုင်ပါတယ်။ ပြောရရင် ခွဲစိတ်မှု အောင်မြင်တယ်ပေါ့။

တကယ်တော့ ခွဲစိတ်ကာ ကျောက်လေးများကိုထုတ်ယူတယ်ဆိုပေမယ့် မတော်တဆ ကျောက်တုံးလေးကပြုတ်ကျပြီး အသည်းထဲရောက်သွားလို့ အသည်းကင်ဆာနဲ့ သေဆုံး သွားရတဲ့ အဖွားတစ်ယောက်ရှိခဲ့ဖူးပါတယ်ဆိုတာ နောက်မှသိခဲ့ရတယ်။ သည်းခြေကျောက် ရှိခြင်းဟာလည်း ကင်ဆာဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဆေးပညာရပ်ကိုတော့ ကျွန်မလည်း သေချာသိတာမဟုတ်ပါဘူး။ ပြောချင်တာက ကျွန်မရဲ့ ညီမအကြောင်းပေါ့…။

ကျွန်မညီမလည်း ၄လပိုင်းကစပြီး ဗိုက်အောင့်ခြင်းဝေဒနာ ဖြစ်လာပါတယ်။ သူကတော့ အစာစားချိန်မမှန်တာကြောင့် (သူကိုယ်တိုင်ကအစ) အားလုံးလည်း အစာအိမ်ပဲလို့ ယူဆမိကြတယ်။ နောက်ပိုင်း ဗိုက်အောင့်တာက မသက်သာပဲ ခဏခဏဆက်ဖြစ်နေလို့ ဆရာဝန်က လိုအပ်တာများကို ထပ်မံစစ်ဆေးခိုင်းလာပါတယ်။ အောင့်တာကလည်း အစာအိမ်နားမဟုတ်ပဲ အသည်းနေရာဖြစ်နေတာကို သိရတာကြောင့်ပါ။ အဖြေထွက်လာတော့ အသည်းကဖြစ်တာပေါ့။ မသန့်ရှင်းတဲ့အစားအစာကြောင့်လို့ယူဆပါတယ်။ ၈လပိုင်းအထိ အောင့်တာမပျောက်သေးလို့ အယ်လ်ထရာဆောင်းနဲ့ ဓါတ်မှန်တို့ရိုက်ကြည့်တဲ့အခါ သည်းခြေ အိတ်မှာကျောက်တည်ခြင်း ဖြစ်နေပါတော့တယ်။ ဒါတောင်မှ အယ်လ်ထရာဆောင်းက ၂ခါထပ်ရိုက်ရတယ်။ ပထမရိုက်တာမှာ အယ်ထရာဆောင်းကမပေါ်ပဲ ဓါတ်မှန်မှာ gallstone ကပေါ်နေလို့ပါ။

ကျောက်ရှိတယ်ဆိုတာသိတော့ ညီမဖြစ်သူကလည်း မခွဲစိတ်ချင်ဘူး၊ ခွဲစိတ်ခံဖို့ အခြေအနေ ကလည်း သူ့မှာမရှိတော့ အခက်တွေ့လာရတယ်။ အဲ.ကံကောင်းချင်လို့ပဲဆိုရမလားမသိဘူး၊ သဘာဝနည်းနဲ့ သည်းခြေကျောက်ကိုဖယ်ရှားနည်း ဆိုတာလေးကိုသိခဲ့ရတယ်.။ လက်တွေ့ ပျောက်ကင်းသွားတဲ့ လူတစ်ယောက်ဆီကပေါ့။ သူကလည်း 0nline ထဲကနေ Dr Lai Chiu Nan ဆီကနေသိရတာပါတဲ့။ အခုအခါမှာ သူက အဲဒီနည်းနဲ့ စနစ်တကျနေထိုင်လိုက်တာ လူကောင်းပကတိဖြစ်သွားတာကြောင့် အဲဒီနည်းလေးကို ပြန်လည်ဖြန့်ဝေပေးနေပါတယ်။ စာစောင်တွေမှာရေးသားပြီးဖြန့်ဝေခဲ့တာကြောင့် အခုဆို သူ့ဆီရောက်လာကြတဲ့ သည်းခြေ ကျောက်တည်သူတွေ အများကြီးပဲလို့ဆိုပါတယ်။ ဆင်းရဲချို့တဲ့တဲ့သူများကိုလည်း သူက အဲဒီနည်းပေးရုံမက နည်းထဲက အတိုင်းဆောင်ရွက်ဖို့ ငွေကြေးပါအကုန်အကျခံပြီး ကုသိုလ် ပြုပါတယ်။ ဒီလိုသိရတော့ သူ့လုပ်ဆောင်မှု ကိုသာဓုခေါ်မိပါသေးတယ်။ ကျွန်မလည်း ကျွန်မ ရဲ့ ညီမအကြောင်းရေးရင်းနဲ့ မျှဝေခြင်းပေါ့..။

နည်းလမ်းလေးကတော့ ခွဲစိတ်ဖို့ထက်လုပ်ဆောင်နိုင်ကြမယ့်နည်းလို့ ထင်ပါတယ်။ မြန်မာ ဆေးသောက်ရခြင်းလို အ၀င်ဆိုးမှာလည်းမဟုတ်ပါဘူး။ ဒီနည်းကို စနစ်တကျစားသောက်နေ ထိုင်ခြင်းဖြင့်ကုသနည်းလို့ဆိုထားပါတယ်။

ပထမအချက်ကတော့ - ပထမ ငါးရက်မှာ နေ့စဉ်နေ့တိုင်း ပန်းသီး၅လုံးစားရမှာဖြစ်ပါတယ်။ ပန်းသီးဖျော်ရည် ၄ခွက်သောက်ရင်လည်းဖြစ်ပါတယ်တဲ့။ ဒါပေမယ့်လုပ်ဆောင်ခဲ့သူကတော့ ပန်းသီး၅လုံးသာ စားခဲ့တာပါ။ ဒါကြောင့် ကျွန်မညီမလည်း ပန်းသီး၅လုံးလိုက်စားခဲ့ပါတယ်။ ငါးရက်မှာ တစ်နေ့ပန်းသီး၅လုံးဆိုတော့ အားလုံးပန်းသီးပေါင်း ၂၅လုံးပေါ့..။ ဒါနဲ့ သူလည်း ပန်းသီးကို ဈေးသက်သာအောင် ကီလီဈေးကနေ ပုံးလိုက်သွားဝယ်ပါသတဲ့..(သူက အဲသလို) ဈေးပေါပေါကိုလိုက်လို့ ခရီးစရိတ်ကို ဘယ်တော့မှ ထည့်မတွက်ဘူးလေ။း))

သူငယ်ငယ်ကတည်းက ပန်းသီးကြိုက်ပါတယ်. အမေကဆို ခဏခဏ ပြောဖူးတယ် သူ့ကိုဗိုက်ကြီးတော့ ငါချဉ်ချင်းတပ်တာ ပန်းသီးတဲ့.. အဲဒီတုန်းက အဖေက ၀န်ထမ်းဘ၀နဲ့ ကိုးရီးယား ဟောင်ကောင်နဲ့ တရုတ်ပြည်အချို့ကိုသွားနေရတယ်.. ကိုးရီးယားကနေ အဖေ ပြန်လာလာချင်းပဲ အမေက သူမှာလိုက်တဲ့ ပန်းသီးကိုလေယဉ်ကွင်းမှာပဲ ထုတ်ယူစားလိုက် ပါတယ်တဲ့။ ဒါနဲ့ သူ့ကို ပန်းသီးကနေပါလာတာဆိုပြီး အမေကပြောလေ့ရှိပါတယ်။

ပထမနေ့တစ်ရက်မှာတင် ကျွန်မညီမက ပန်းသီးအလုံးကြီးကြီးကို တဂွပ်ဂွပ်နဲ့ကိုက်စားပါတော့ တယ်။ သူက ပါးစပ်ပေါက်ကလည်း ကျယ်ကျယ်ဆိုတော့ ကျွန်မတို့စားသလို ပန်းသီးကို ဓါးနဲ့ မစိတ်တော့ပဲ အလုံးလိုက်ကိုက်စားပါတယ်။ သူဝယ်လာတဲ့ ပန်းသီးတွေကလည်း အလုံး ခပ်ကြီးကြီးတွေပေါ့ ။ လူများ လောဘကိုကြီးကြတယ်နော်..း)))

ပထမတရက်ပြီးတော့ နောက်နေ့ ဒုတိယနေ့မနက် သူနိုးလာတော့ ညက ပါးစပ်တွေပေါက်လို့ တဲ့.၊ ပန်းသီး အစီးလောင်တာထင်တယ်။ သူ့အဖြစ်ကတော့ ရယ်ရအခက် ငိုရအခက်ပါပဲ .. ဒါကြောင့် နောက်နေ့မှာ ပန်းသီးကို ၀ါးရသက်သာအောင် စက်နဲ့ကြိတ်ကြပါတယ်။ ကြိတ်ထား တဲ့ပန်းသီးပုံစံကိုတော့ မြင်မိကြမယ်ထင်ပါတယ်. ကြိတ်လိုက်တဲ့အခါ ပန်းသီးကညက်ပြီး အရောင်ကမဲသွားတာကြောင့်၊ အဲဒါကို သူကမစားချင်တော့ဘူးဖြစ်သွားတာနဲ့ တ၀က်စာ လောက်သာကြိတ်ပြီး ဆက်မကြိတ်ဖြစ်ပြန်ဘူး။ ဒါနဲ့ပဲ နောက်ဆုံး အစိတ်ကလေးတွေစိတ်ပြီးပဲ ဆက်စားရပါတော့တယ်။ ဒီလိုနဲ့ ၅ရက်ပြည့်တဲ့အထိ ပန်းသီးကြိုက်တဲ့သူတောင် ပန်းသီးမစား ချင်တော့လောက်အောင်ဖြစ်သွားရတယ်။ မုန်းသွားလောက်အောင်မဖြစ်ပေမယ့် လောလော ဆယ်မှာပန်းသီးကိုမကြည့်ချင်တော့တာပေါ့…။ ဘာပဲဖြစ်ဖြစ်လေ အဓိကက သည်းခြေအိတ် ထဲက ကျောက်တုံးကျသွားဖို့ပဲမဟုတ်လား..။ ကျွန်မတို့ကလည်း အားပေးရတာပေါ့နော် ကြိုးစားထား၊ ကြိုးစားထား (ကျားယို၊ ကျားယို ) ဆိုပြီးတော့ မြန်မာလိုရော၊ တရုတ်လိုနဲ့ ကိုးရီးယားလိုပါ အားပေးကြတာပါ။း))

အဲ.. ဒုတိယအချက်အနေနဲ့ ၆ရက်မြောက်နေ့မှာ ညစာမစားပဲနေရပါမယ်။

တတိယအချက်က အဲဒီနေ့ည ၆နာရီမှာပဲ ဆားခါး ( Epsom salt) တစ်ဇွန်းကို ရေနွေးနွေး တစ်ဖန်ခွက်နဲ့ သောက်ရပါမယ်။

စတုတ္ထအချက် ည၈နာရီမှာ တတိယအချက်အတိုင်း ဆားခါးတစ်ဇွန်းထပ်သောက်ရပါမယ်။
ဆားခါးက သည်းခြေအိတ်ပြွန်များကို ပွင့်စေတယ်လို့ ဆိုပါတယ်။

ပဉ္စမအချက်ကတော့ ည၁၀နာရီမှာ သံလွင်ဆီ (သို့) နှမ်းဆီ လ္ဘရည်ပန်းကန်လုံးတ၀က်ကို လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံးတ၀က်နဲ့ သောက်ရပါမယ်။ အဲဒီ ၂မျိုးကိုသမအောင် ရောမွှေပြီးမှ သောက်ရတာပါ။
ဆီကတော့ သည်းခြေကျောက်တွေကို ချောမွေ့စွာထွက်နိုင်တယ်လို့ဆိုတာကြောင့်ပါ။
ပန်းကန်တလုံးစာ=၂၅၀မီလီ လီတာ
သံပုရာသီးက ပန်းကန်လုံးတ၀က်စာ= ၁၀လုံးခန့် ပါ။

ရောဂါရလာတော့လည်း လူ့သဘာဝအရ ပျောက်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် အထက်က နည်းအတိုင်း ဆေးသောက်ရမှာပျင်းသော၊ ဘယ်သူပြောပြော လုပ်လေ့လုပ်ထမရှိသော ကျွန်မရဲ့ညီမတစ်ယောက်လည်း အဲဒီနည်းကိုတော့ ကြိုးစားပမ်းစားလုပ်ပါတယ်။ ပန်းသီး စားတာ ၅ရက်မြောက်ပြီးဆုံးသွားတော့ သူ့အစားကျွန်မတို့တောင် ပျော်မိသလိုပါပဲ၊ ကျောက်ကျဖို့တော့ စိတ်ပူနေတုန်းပေါ့လေ။ ဖြစ်ချင်တော့ ၅ရက်မြောက်နေ့က အိမ်မှာ နို့ခေါက်ဆွဲ ချက်စားကြတယ်။ အသိမိတ်ဆွေတွေလည်း လာမယ်ဆိုတာကြောင့် အမေက ချက်ကျွေးတာပါ။ အစားကြီးသူ ညီမကတော့ နို့ခေါက်ဆွဲတွေလည်းစားပါတယ်။ အစား ရှောင်စရာမလိုဘူး ဆိုတာကြောင့်လို့ပြောတယ်။ ကျွန်မက ဒါကတော့ ဗိုက်နာလိမ့်မယ်မစားနဲ့၊ ဟိုအစာကတော့ နည်းနည်းမာလို့ ဗိုက်အောင့်လိမ့်မယ်ဆိုပြီး လိုက်ပြောနေမိတာ ပြိတ္တာ ဖြစ်မလားပဲ။ သူက အစားမရှောင်တဲ့အပြင် ကြိုက်လို့ဆိုပြီး နို့ခေါက်ဆွဲကို ၃ကြိမ်စားပါတယ်။ ဒါနဲ့ အဲဒီနေ့ညမှာတင် ၀မ်းသွားပါလေရော..။

တစ်ချိန်လုံးဝမ်းပိတ်နေခဲ့သူက အဲဒီနေ့ဝမ်းသွားပြီး (နောက်ဆုံးနေ့) ၆ရက်မြောက်နေ့မှာတော့ ဆားခါးသောက်တာတောင် ၀မ်းမသွားတော့လို့ နောက်တစ်ကြိမ် ရယ်ရအခက်ငိုရအခက် ဖြစ်ရပြန်တယ်။ ၀မ်းသွားတဲ့နေ့ကလည်း ကျောက်လားဘာလားတော့မသိ ကျောက်တုံးလေး တွေလိုတော့မြင်တာပဲတဲ့။ အစိမ်းရင့်ရင့်ရောင်မျိုးလို့လည်း ထင်ပါတယ်တဲ့။ ကဲ..ဘယ်လို ပြောရမယ်တောင်မသိဘူး။ သေချာလား မသေချာလားဆိုတာ..

Dr. Chiu Nan ပြောတာကတော့ ၆ရက်မြောက်နေ့မှာ ညဖက်ဝမ်းသွားတဲ့အခါ ၀မ်းထဲကနေ အစိမ်းရောင်ကျောက်တုံးလေးများ တွေ့ရမယ်လို့ဆိုထားပါတယ်။ အဲဒီနည်းနဲ့ သည်းခြေအိတ် အတွင်းမှာရှိတဲ့ ကျောက်တုံး gallstone များကို ကျစေတာပါပဲ။ သေချာအောင် နောက်ပိုင်း ဓါတ်မှန်ထပ်ရိုက်ကြည့်လို့ရပါတယ်။ ကျွန်မညီမလည်း ဓါတ်မှန်ထပ်ရိုက်ရမှာတော့ သေချာ ပါတယ်။

အဲဒီနည်းကိုလုပ်ဆောင်လို့ လက်တွေ့ပျောက်ကင်းခဲ့တဲ့သူက ဒီနည်းလေးကိုမျှဝေပေးဖို့ ပြော လာပါတယ်။ http://www.kiki-idiotlove.com/ အဲဒီဆိုက်မှာတော့ ဆေးပညာနဲ့ပတ်သတ်လို့ အသေအချာ ရှင်းပြထားပါလိမ့်မယ်။

ဝါခေါင်လပြည့်မွေးနေ့ရှင်သို့

10 ယောက်ဆွေးနွေးချက်


ဒီနေ့ဟာ ၀ါခေါင်လပြည့်နေ့ ဥပုသ်နေ့အခါသမယဖြစ်တာကြောင့် ရက်ကောင်းရက်မြတ်လို့ ပြောရပါမယ်။ ၀ါခေါင်လကတော့ မြန်မာလတဆယ့်နှစ်လမှာ ပဉ္စမမြောက်လဖြစ်ပါတယ်။ မိုးဥတုတွင်ပါဝင်ပြီး ၀ါခေါင်လမှာ ရက်မစုံ ကွယ်သောလဖြစ်သောကြောင့် ရက်ပေါင်း၂၉ရက် သာရှိတယ်လို့သိရပါတယ်။ ၀ါခေါင်လကို ရှေးအခါက နံကာလ ဟုလည်းခေါ်ဆိုခဲ့ကြပါတယ်။ ၀ါခေါင်လတွင် ရှေးမြန်မာမင်းများရှိစဉ်အခါကတည်းက ရာသီပွဲတော်အဖြစ် စာရေးတံပွဲသဘင် ကို ဆင်ယင်ကျင်းပလေ့ရှိပြီး ယခုထက်တိုင် ကျင်းပလျှက်ရှိပါတယ်။

ဝါခေါင်လပြည့်နေ့ကို ကျွန်မအစ်ကိုရဲ့ မြန်မာလိုမွေးနေ့လေးအဖြစ် ကျွန်မက အမှတ်တရ ရှိနေခြင်းပါပဲ။ အမေက အစ်ကိုကိုမွေးတော့ သြဂုတ်လ၂၀ရက်ဖြစ်ပြီး မြန်မာလိုက ၀ါခေါင် လပြည့်နေ့ကျရောက်ပါတယ်။ ဒါကြောင့်လည့်း အစ်ကို့မွေးနေ့မြန်မာလိုကို အမှတ်ရနေခြင်းပါ။ နေ့ထူးနေ့မြတ်မဟုတ်တဲ့ ညီမတွေရဲ့မွေးနေ့ကိုတော့ မြန်မာလို မသိပါဘူး။ ကိုယ့်မွေးနေ့တောင် မြန်မာလို သေချာမှတ်ထားရတား)) ကျွန်မအဖွားဆို ကျွန်မတို့ကို ငယ်ငယ်ကတည်းက ပြက္ခဒိန်ကိုကြည့်ခိုင်းပြီး ဒီနေ့ဘာနေ့လဲ အမြဲမေးပါတယ်။ အင်္ဂလိပ်လို ဇန်န၀ါရီ ၁၃ရက်လို့ မပြောလိုက်နဲ့ မရဘူး၊ မြန်မာလိုထပ်မေးတယ်။ မြန်မာလို လပြည့် လကွယ် လဆန်း လဆုတ် စသဖြင့်ပါ.. အဲ ကျွန်မတို့ကလည်း ငယ်ငယ်က မြန်မာလိုဆိုနားမလည်ဘူး။ သူ့အခန်းထဲက အင်္ဂလိပ် မြန်မာပြက္ခဒိန်ကို ကြည့်ခိုင်းတယ်။ ပြီးတော့ အဲဒီမှာရေးထားတာ ၁၃၆..ခု၊ ပြာသိုလ. ..လို့ အတိအကျပြောရပါတယ်။ အဖွားရဲ့အမေးကို ကျွန်မနဲ့ကျွန်မညီမတို့ တစ်ယောက်နဲ့ တစ်ယောက် ပတ်ရှောင်နေခဲ့ဖူးပါတယ်။ အဖွားကမေးလို့မဖြေနိုင်ရင် ဆူသေးတာကိုး…

အခုနောက်ပိုင်းတော့ ကျွန်မ မြန်မာလိုပါတဲ့ပြက္ခဒိန်ကို သုံးစွဲတတ်တဲ့အကျင့်က ဖြစ်သွား တယ်။ ဒီနေ့ရက်စွဲကြည့်မယ်ဆိုရင် မြန်မာလို ဘာလလဲ ဘယ်နှစ်ရက်နေ့လဲဆိုတာ သေချာ ကြည့်တတ်လာပြီ။ မြန်မာလူမျိုးဖြစ်ပြီး မြန်မာလို ဘယ်နှစ်ရက်လည်း သိမှဖြစ်မှာလေ…။ ခုမှ အဖွားကို ကျေးဇူးတင်ရတော့တယ်။

ဝါခေါင်လနဲ့ပတ်သတ်လို့က များများစားစားတော့မသိပါဘူး။ ၀ါခေါင်လအဖွဲ့လေးကိုတော့ အမှတ်တရ ဖြစ်စေချင်လို့ တင်လိုက်ပါတယ်။

ဦးယာ၏ ၀ါခေါင်လဘွဲ့မှာ-

“ရတုဝါခေါင်၊ တိမ်တောင်ပက်ယှက်၊ သည်ရက်အခါ၊ မြတ်စွာထွဋ်ထား၊ ရွှေစကားတွင် ပွဲများခြိမ့်ခံ၊ စာရေးတံဟု၊ စီမံခင်းကျင်း၊ မင်းသားတသီး၊ မင်းသမီးနှင့်၊ မှူးကြီးမတ်ရာ၊ မြတ်သဃာင်္တို့၊ ရတနာထွေပြားး၊ အပါးပါးနှင့်၊ သကြားကြံချို၊ ဆိမ့်ယိုအုန်းသီး၊ ပျောသီးရွှေရောင်၊ မြဒေါင်းပေါင်တွင်၊ အသာတင်၍၊ သဘင်ခံပွဲ၊ ညံမစဲသား၊ ပုလဲရွှေမြင်း၊ ငါးအင်ကလျာ၊ မိုးသူဇာတို့၊ ဖလ်ပြာတကောင်း၊ ရှိစုံပေါင်း၍၊ ၀ပ်ညောင်းပန်ကြား လျှောက်ဆိုထားသည်” လို့စပ်ဆိုထားခဲ့ပါတယ်။
အစ်ကို့မွေးနေ့ဝါခေါင်လပြည့် အမှတ်တရအဖြစ်ပိုစ့်ပါ။

သံယောဇဉ်သားကောင်

16 ယောက်ဆွေးနွေးချက်

ကျွန်မတစ်ယောက် အပေါင်းအသင်းနည်းတယ်သာပြောတာပါ၊ ရှိတဲ့အပေါင်းအသင်းနဲ့ သူငယ်ချင်းတွေကိုတော့ အတော်ခင်တတ်တယ်။ ဆယ်တန်းကျောင်းသူဘ၀နဲ့ တက္ကသိုလ် ကတည်းကခင်လာတဲ့ သူငယ်ချင်းဆိုလို့ အားလုံးပေါင်း ၆ယောက်လောက်ပဲရှိမယ်။ ဒါပေမယ့် ခုထိ သူတို့ကိုအခင်အမင်မပျက်သေးပါဘူး။ ကျွန်မက သံယောဇဉ်အတော်ကြီးတတ်တယ်။ ကိုယ့်ကိုကိုယ်လည်းသိတယ်။ အိမ်မှာကူဖော်လောင်ဖက်အနေနဲ့ လာနေတဲ့ ကလေးတွေ ကိုလည်း သံယောဇဉ်တွယ်ခဲ့ဖူးတယ်။

အရင်ကအိမ်မှာ ၁၇နှစ်အရွယ် ကောင်မလေးတစ်ယောက် မွေးစားသဘောအနေနဲ့လာနေ ပါတယ်၊ အိမ်အလုပ်လည်းကူလုပ်ရင်း၊ ကျွန်မနဲ့ဆိုင်ဖွင့်တာကိုလည်း ကူလုပ်ရတယ်။ သူနဲ့ကျွန်မက အိမ်မှာချက်ပြုတ်တော့လည်းအတူ ဆိုင်ဖွင့်တော့လည်း အတူဆိုတော့ သံယောဇဉ်ပိုတွယ်မိတယ်ထင်ရဲ့။ ပြဿနာတစ်ခုကြောင့် သူ့ကိုပြန်ပို့မယ်ဆိုတော့ ကျွန်မ ၀မ်း နည်းလိုက်တာ ရင်ထဲဆို့နင့်ပြီးမျက်ရည်တောင်ဝဲမိတယ်။ သူကလည်းတရှုံ့ရှုံ့နဲ့ပေါ့။ သူ တကယ်ပြန်သွားတော့ ကျွန်မမှာနေမထိထိုင်မသာ ဘာကိုမှမလုပ်ချင်မကိုင်ချင်နဲ့ ဆိုင်ကို တောင်ပိတ်ထားရသေးတယ်။ အဲဒီနောက် ကိုယ့်ကိုကိုယ် ပြန်နေသားကျဖို့ကို အတော်လေး အချိန်ယူလိုက်ရတယ်လေ။ ကျွန်မရဲ့ အထက်အောက် ညီမကဆို အစ်မက တော်တော် စိတ်ပျော့တာကိုး ဆိုပြီးပြောပါတယ်။ ကျွန်မကပဲ အပိုတွေဖြစ်နေသလားမသိ...။

ဒီလိုပါပဲ နောက်ထပ် အိမ်ကိုရောက်လာကြတဲ့ ကောင်မလေးတွေကိုလည်း အချိန်ကာလ ကြာလာတာနဲ့အမျှ ကျွန်မ သံယောဇဉ်တွယ်နေသေးတာပါပဲ။ ကျွန်မနဲ့ခင်မင်ပြီး သိလာရတဲ့ သူအားလုံးကို သံယောဇဉ်ဖြစ်သွားတတ်လို့လည်း ကျွန်မခံစားခဲ့ရပေါင်းတွေများပါတယ်။ အခုဆိုရင်ဆေးရုံမှာတွေ့ဆုံပြီး ခင်မင်သိကျွမ်းခဲ့တဲ့သူတွေကို ကျွန်မသနားနေမိသလို သံယောဇဉ်တွေလည်း ဖြစ်နေရပြန်ပါတယ်။ နောက်ပြီး ကျွန်မကို သူတို့ခွဲခွာသွားတိုင်း ကျွန်မ ၀မ်းနည်းမဆုံးဖြစ်နေတတ်တယ်။ ကျွန်မကိုယ်ကျွန်မလည်း တစ်ခါတစ်လေ တကယ် စိတ်ပျက်မိတယ်။ အဲဒီလို သံယောဇဉ်တွယ်မှုတွေကြောင့်ပေါ့။ ကျွန်မလူတစ်ယောက်ကို ချက်ချင်းတော့မခင်တတ်ပါဘူး၊ ခင်ပါပြီဆိုရင်လည်း အဲဒီလူတစ်ယောက်ကို တော်ရုံ သံယောဇဉ်နဲ့တော့မဟုတ်ပါဘူး။ ဆေးရုံမှာတွေ့တဲ့ ကလေးအရွယ် လူနာတွေကျတော့ ကျွန်မက သနားမိတယ်လေ။ ဒါကတော့ ကျွန်မရဲ့အားနည်းချက်လားမသိဘူး။ အဲဒီ အားနည်းချက်ကြောင့်လည်း ကျွန်မအမြဲ ပူလောင်နေရတာထင်ပါတယ်။

အခုဆိုရင် အပြင်မိတ်ဆွေထက် အွန်လိုင်းတွေကနေတဆင့် ခင်မင်သိကျွမ်းလာကြတဲ့ အွန်လိုင်းမိတ်ဆွေများ ကျွန်မရရှိလာပါတယ်။ အွန်လိုင်းထဲကဆိုပေမယ့် သူတို့ကိုလည်း သူငယ်ချင်းမိတ်ဆွေတွေလိုပဲ ခင်မင်တဲ့ စိတ်လေးနဲ့ ပြောဆိုဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းကိုသိသိချင်း ရောရောနှောနှော မဆက်ဆံဖြစ်တာကလည်း ကျွန်မအကျင့်တစ်ခုပါပဲ။ ကျွန်မ ယုံကြည်လောက်တဲ့သူမျိုးကို ခင်မင်တတ်ပြီး၊ ခင်မင်သိကျွမ်းလာတဲ့ အချိန် ကာလအရ ကျွန်မအကျင့်အတိုင်း သံယောဇဉ်ဖြစ် လာတတ်ပါတယ်။

သံယောဇဉ်တွေက ချည်နှောင်ထားတဲ့ သဘောရှိတယ်လို့ဆိုကြတာပဲ။ မမြင်နိုင်တဲ့ သံယောဇဉ်တွေက တစ်ခါတစ်ရံအေးချမ်းသလို၊ တစ်ခါတစ်ရံလည်း ပူလောင်ရပါတယ်။ သံယောဇဉ်ဆိုတဲ့အဓိပ္ပါယ်ကို ကျွန်မ သေချာမပြောတတ်ပေမယ့် လူတစ်ယောက်ကို သံယောဇဉ်ရှိပြီဆိုရင်တော့ အဲဒီလူကို သံယောဇဉ်ဖြတ်ဖို့ ခက်တယ်လို့ ကျွန်မထင်ပါတယ်။ မိသားစုသံယောဇဉ်၊ မောင်နှမသံယောဇဉ်၊ သူငယ်ချင်းမိတ်ဆွေ သံယောဇဉ်နဲ့ ချစ်သူ တွေကြားမှာလည်း သံယောဇဉ်ဆိုတာရှိကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ် ဆိုတာ ဖြစ်ပေါ်လာတတ်တာပဲလို့ထင်ပါတယ်။ အဲဒီနောက် အချိန်ကာလအလျှောက် သံယောဇဉ်က ပိုခိုင်မြဲတတ်ပါတယ်။

ကျွန်မတို့ လူသားတွေဟာ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊ မိတ်ဆွေ စသည်ဖြင့် သံယောဇဉ်တွေတွယ်တတ်ကြလို့ သံယောဇဉ်သားကောင်ဆိုပြီး တက္ကသိုလ်ဘုန်းနိုင်က ကဗျာလေးရေးဖွဲ့ထားတယ်ထင်ပါရဲ့။ ဘလော့တစ်ခုမှာဖတ်ရလို့ သဘောကျပြီး ကူးယူထား မိပါတယ်။ သံယောဇဉ်နဲ့မကင်းနိုင်ကြတဲ့အတွက်လည်း သံယောဇဉ်ကြောင့် ၀မ်းနည်းဝမ်းသာ တွေရှိခဲ့သလို၊ နာကျင်မှုတွေလည်း ဖြစ်ခဲ့ရပုံပါပဲ။ အဲဒါကို ဒီကဗျာလေးက စပ်ဆိုထားတယ်လို့ သဘောပေါက်မိပါတယ်။


သံယောဇဉ်သားကောင်

တစ်ယောက်တစ်ဘက် နှစ်ယောက်လက်ဖြင့်
ဆွဲဆန့်ဘူးလား သံယောဇဉ်ကြိုး
သည်လိုတိုးပေါ့ ဆွဲနေတုန်းတော့ရှည်တာပေါ့
တစ်ဘက်တစ်စ လွှတ်ချလိုက်ရင်
တွယ်တာတတ်သူ မလွှတ်သူမှာ
ထူပူသွားအောင် နာတတ်တယ်... ...
အဲ့ဒီထဲမှာ မင်းပါဖူးလား နာဖူးလား
ကိုယ်ပါဖူးတယ် နာဖူးတယ် .....

တက္ကသိုလ်ဘုန်းနိုင်

ဟုတ်ပါတယ်။ ကိုယ့်ရဲ့သံယောဇဉ်ကို တစ်ဖက်ကနားလည်မှုမရှိတဲ့အခါမှာလည်း နာကျင်မှု ဖြစ်ရပါတယ်။ ကျွန်မရဲ့အတွေ့အကြုံလေးပေါ့။ သူက အွန်လိုင်းမှပထမဦးဆုံး မိတ်ဆွေ သူငယ်ချင်းလည်းဖြစ်ပါတယ်။ သူ တကယ်လည်း ရိုးသားလွန်းပါတယ်။ ဘာကိုမှလိမ်ညာ ဟန်ဆောင်ခြင်းမရှိပဲ သူ့အကြောင်းများကို မေးစရာမလိုအောင် ပြောပြတတ်သူပါ။ သူ့ကို အဲဒီလိုရိုးသားမှုတစ်ခုနဲ့ ယုံကြည်ပြီး၊ ခင်မင်သွားခဲ့တဲ့ ကျွန်မက သူငယ်ချင်း၊ မိတ်ဆွေအဖြစ် သံယောဇဉ်ပါဖြစ်ခဲ့ဖူးပါတယ်။ သို့ပေမယ့် သူနဲ့ပတ်သတ်တဲ့ မိန်းခလေးတစ်ယောက်ကို လည်း သူကရိုးသားစွာ ကျွန်မရဲ့အကြောင်းတွေ ပြောပြခဲ့တာကြောင့်၊ သူနဲ့ကျွန်မရဲ့ သံယောဇဉ် ပြတ်တောက်သွားခဲ့ရတဲ့ထိပါပဲ။ အဲဒီကောင်မလေးက သူဘ၀အတွက် ရွေးခြယ်မယ့် လူတစ်ယောက်ဆိုတော့၊ သူ့သူငယ်ချင်းဖြစ်တဲ့ ကျွန်မကိုသာဖြတ်ရမယ်လို့ ဆုံးဖြတ်တယ် ထင်ပါတယ်။ ကျွန်မနဲ့အချိန်တော်တော်ကြာကြာ ထိအဆက်အသွယ်ပြတ် သွားခဲ့ဖူးတယ်။ သံယောဇဉ်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက်ကိုယှဉ်ပြီး ရွေးခြယ်ရတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုသာဆို ကျွန်မတို့ ဆန့်ကျင်ဖက်ဖြစ်တဲ့ လူနှစ်ဦး သံယောဇဉ်ဖြစ်လို့ မရတော့ဘူးပေါ့။ ဒီလိုပဲတွေးရတော့မှာပါ။

သံယောဇဉ်မှာ မိန်းခလေးယောကျာင်္းလေး ခွဲခြားတာမျိုးမရှိပါဘူး။ သံယောဇဉ်ဆိုတာ ဖြူစင် ပါတယ်၊ သံယောဇဉ်ကမှ တဆင့်ဖြစ်ပေါ်လာမယ့် အခြားအကြောင်းတရားတွေကိုတော့ ကျွန်မ မဆိုလိုချင်ပါဘူး။ သံယောဇဉ်မှာ အမှားရှိပါ့မလား။ သံယောဇဉ်ကို ဘာနဲ့တားဆီးလို့ရနိုင်မလဲ။ သံယောဇဉ်ဖြစ်ပြီးသား လူတစ်ယောက်ကို ကျွန်မကတော့ ဘာအကြောင်းနဲ့ဖြစ်ဖြစ် သံယောဇဉ်မဖြတ်ချင်ပါဘူး။ ဒါကြောင့်လည်း ကျွန်မရဲ့ပထမဦးဆုံး အွန်လိုင်း သူငယ်ချင်းကို သံယောဇဉ်မဖြတ်ခဲ့သလို သူ့ကိုအပြစ်လည်းမတင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲလား မသိပါဘူး၊ ကျွန်မကို သူကပဲ ပြန်လည်ဆက်သွယ်လာခဲ့တာကို ကျွန်မ အံ့သြစွာ ကြုံတွေ့ခဲ့ရတယ်။

လူတစ်ဦးနဲ့တစ်ဦးဆုံတွေ့ရမှုကြောင့် သံယောဇဉ်တွေဖြစ်လာရပါတယ်။ အချို့ကတော့ မဆုံ တွေ့ရသေးပဲ အွန်လိုင်းထဲကနေခင်မင်ရုံနဲ့ သံယောဇဉ်ဖြစ်လာကြတာတွေလည်းရှိကြပါတယ်။ ကျွန်မလည်းလိုင်းထဲကနေခင်မင်တဲ့ မောင်လေး ညီမလေးများနဲ့ သံယောဇဉ်ဖြစ်နေသူ တွေရှိပါတယ်။ သံယောဇဉ်နဲ့ပတ်သတ်လို့ ကျွန်မတစ်ယောက် အမြဲလိုလိုဝမ်းနည်းဝမ်းသာ တွေဖြစ်ဖြစ်နေရပါတယ်။ ခုထိလည်း ကျွန်မမှာခင်မင်မိတဲ့သူတွေအပေါ် သံယောဇဉ်ဖြစ်ရ တုန်းမို့ ၀မ်းနည်း၊ ၀မ်းသာမှုဆိုတာတွေကိုလည်း ကြုံတွေ့နေရတုန်းပါလို့...။ ဘ၀သံသရာထဲမှာ ကျင်လည်ကြရမယ့် လူတိုင်းလူတိုင်း ကတော့ သံယောဇဉ်တွေက ကြိုးများလို ရစ်ပတ်နေကြမှာပါ။ သို့ပေမယ့် အချို့က သံယောဇဉ် သိပ်မထားတတ်ကြဘူးလို့ဆိုပါတယ်။ အဲဒီလိုမျိုးဆိုရင်တော့ ကျွန်မလို ၀မ်းနည်း၊ ၀မ်းသာမှုတွေလည်း ဖြစ်ရပါအုံးမလား...။

ကျွန်မတို့လို ပုထုဇဉ်လူသားတွေအဖို့ သံယောဇဉ်တွေအတော်များကြပါတယ်။ ဒါပေမယ့် လည်း တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ ဖြစ်မြဲ ဓမ္မတာပါလို့….

မှတ်ချက်။ ။ ရေးထားတာကြာပြီဖြစ်ပေမယ့် ရွှေပြည်တော်ကြီးသို့ရောက်လာသော ဘလော့ဂါတစ်ဦးရဲ့ မိသားစုနဲ့တွေ့ဆုံရ ခြင်း အမှတ်တရလေးအဖြစ် ဒီပိုစ့်ကိုတင်လိုက်ရခြင်းပါ။ ပိုစ့်ခေါင်းစဉ်ကိုတော့ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ကဗျာခေါင်းစဉ်လေးပဲယူသုံးလိုက်ပါတော့တယ်။

သံသယအမှား

8 ယောက်ဆွေးနွေးချက်
ငါ့ရဲ့ ခင်မင်မှုတွေ...
ငါ့ရဲ့ သံယောဇဉ်တွေ...
ငါရဲ့ ချစ်ခြင်းတွေ...
ငါ့ရဲ့ ရိုးသားမှုတွေ....
ငါ့ရဲ့ အကျင့်သိက္ခာတွေ...
ငါ့ရဲ့ မာနတွေက..
နင့်ရဲ့ သံသယဖြစ်ခြင်းတွေကိုရိုက်ချိုးပစ်ချင်တယ်။

အဲသလို..

6 ယောက်ဆွေးနွေးချက်
error တွေတက်ပြီး ပိုစ့်တင်မရဖြစ်နေလို့လေ...