Showing posts with label ရောက်တတ်ရာရာ. Show all posts
Showing posts with label ရောက်တတ်ရာရာ. Show all posts

မုသားများနဲ့လူသားများ

3 ယောက်ဆွေးနွေးချက်
ငါးပါးသီလထဲမှာ လူတော်တော်များများ ချိုးဖောက်မိတဲ့သီလကတော့ မုသာဝါဒပဲဖြစ်ပါလိမ့် မယ်။ စကားစကားပြောပါများ စကားထဲကအမှားပါဆိုသလိုပါပဲ စကားများများပြောခြင်း ဟာလည်း မကောင်းပါဘူး။ တစ်ချို့က စကားတော်တော်များများ ပြောနိုင်ကြပါတယ်။ အကြောင်းအရာ တစ်ခုနဲ့တစ်ခု မထပ်ရအောင် တစ်ထိုင်တည်းကို ပြောလေ့ရှိတတ်ကြ ပါတယ်။ စကားပြောရာမှာ စကားထဲက ဗဟုသုတရစရာကောင်းတာ မှတ်သားသင့်တာများ ကိုတော့ သဘောကျပါတယ်။ အဲဒီလိုမှမဟုတ်ပဲ အကျိုးမရှိတဲ့ အရေမရအဖတ်မရ အလ္လာပ သလ္လာပ စကားမျိုးကိုတော့ ကျွန်မကိုယ်တိုင် ကြာကြာနားထောင်ချင်စိတ်မရှိတတ်ပါဘူး။ ပြီး တော့ထပ်တလဲလဲ ပြောတတ်သောစကားများ၊ သိပြီးသားအကြောင်းအရာများကိုကြိမ်ဖန်များ စွာပြောခြင်းတို့ ပဲဖြစ်ပါတယ်။

တစ်ခါတစ်ရံ သူများအကြောင်းကို ကောင်း၏ ဆိုး၏ ဝေဖန်ပြောဆိုနေကြခြင်းဟာလည်း အချိန်ကုန်ပြီး အကျိုးမရှိသလို၊ ၀စီကံအပြစ်လည်းဖြစ်ပါသေးတယ်။ ကိုယ်ကောင်း၏ ဆိုး၏ ကိုသာ သိပြီးဝေဖန်ပိုင်းခြားဖို့ လိုပါတယ်။ ၀စီကံကို မုသာဝါဒ တစ်ခုတည်း ရှောင်ကြဉ်ရမှာ မဟုတ်ပါဘူး။ ၀စီကံ ၄ပါးလုံးကို သတိထားကာ ရှောင်ကြဉ်ရပါမယ်။

လူ၂ယောက်ကို အချင်းချင်းမတည့်အောင် ကုန်းချောကုန်းတိုက် စကားပြောခြင်းကလည်း ကိုယ့်အတွက် ကောင်းကျိုးဘာများရနိုင်မှာမို့လဲလို့ စဉ်းစားမိပါတယ်။ အဲဒီနောက် ကြမ်းတမ်းတဲ့ စကားများကိုဆိုခြင်းပါ. ကြမ်းတမ်းတဲ့စကားများကို ဘယ်သူမှနားဝင်ချိုမယ် မထင်ပါဘူး။ ကြမ်းတမ်းတဲ့စကားများကို ဆဲဆိုပြောဆိုနေခြင်းထက် ညင်သာတဲ့စကားကို ရွေးခြယ်ပြောဆိုခြင်းက လူချစ်လူခင်ပေါများစေပါတယ်။

ဝစီကံ၎ပါးမှာ -မုသာဝါဒ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၀ါစာ ဆိုပြီးရှိတာ လူတိုင်း သိကြပါတယ်။ ၄မျိုးစလုံးကတော့ မကောင်းပေမယ့် မုသာဝါဒကိုသာ ချိုးဖောက်လွယ်ကြ တာပါ။ ကုန်းချောစကားများနဲ့ ကြမ်းတမ်းတဲ့စကားများက ရှောင်ကြဉ်နိုင်ဖို့ လွယ်ကူပါသေး တယ်။ မုသာဝါဒ- မမှန်သည်ကို သိလျှက်နှင့် မှန်သည်ဟုပြောဆိုခြင်းကိုသာ ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ကကြွားချင်လွန်းလို့ မမှန်တာတွေပြောမိတတ်ပါတယ်။ အပိုစကား တွေပေါ့၊ ဟုတ်တာထက် မဟုတ်တာတွေကများလာတတ်ပါတယ် ။ ဒါကိုသတိထားတတ်ဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်အကျိုးစီးပွားဖြစ်ဖို့အတွက် တစ်ဖက်လူကို မဟုတ် တာ၊ မမှန်တာတွေပြောတတ်တာမျိုးပဲဖြစ်ပါတယ်။ ကိုယ့်ကိုအထင်ကြီးစေချင်တာတွေလည်း ပါမှာပါ။ ဒါတွေဟာ မုသာဝါဒဖြစ်တာပါပဲ။ မဟုတ်တာ၊ မမှန်တာမှန်းသိလျှက် ပြောနေခြင်းများ သာဖြစ်ပါတယ်။

မုသားမပါ လကာင်္မချောဆိုတဲ့ စကားကိုလည်း လှူတော်တော်များများသုံးနှုန်းတတ်ပါတယ်။ အမှန်တော့ အဲဒီစကားဟာလွဲမှားခြင်းအကြောင်းအရာပါပဲ။ မုသားမပါ လင်္ကာမချောဆိုတာက စကားအရာမှာချောမွေ့ဖို့အတွက် မုသားသုံးရမလိုဖြစ်နေပါတယ်။. အောက်ပါ ကံလေးပါးကို ရှောင်ကြဉ်ပြီးပြောဆိုရင်တော့ မုသာဝါဒမဖြစ်ပါဘူး။ ဒါကြောင့် မုသာဝါဒကံမမြောက်ဖို့ ရှောင် သင့်တဲ့ အင်္ဂါက လေးပါးရှိပါတယ်။

၁။မဟုတ်မမှန်တဲ့ဝတ္ထုဖြစ်တာကတစ်ပါး၊
၂။လှည့်စားလိုတဲ့စိတ်ရှိတာကတစ်ပါး၊
၃။လှည့်စားလိုတဲ့စိတ်အားလျော်စွာလုံ့လပြုတာကတစ်ပါး၊
၎။ အဲသည် အဓိပ္ပာယ်ကို နားလည်သွားတာကတစ်ပါး။

အဲဒီစိတ်အရင်းခံတာ မဟုတ်ရင်တော့ မုသာဝါဒမြောက်တယ်လို့မဆိုနိုင်ပါဘူး။ သူ့အကျိုး အတွက် သူ့ကိုညာရခြင်းမျိုးပါ။ ကိုယ်က လိမ်ညာချင်တဲ့စိတ် အမှန်တကယ်မရှိပဲ သူ အကျိုးရှိ အောင် လိမ်ညာပြောဆိုရခြင်းမျိုးပါ။ ဥပမာ။ ။ ဆရာဝန်တစ်ဦးရဲ့ ညွှန်ကြားချက်နဲ့ လူတစ်ဦး တစ်ယောက်ကို သူကျန်းမာလာဖို့ လိမ်ညာပြောဆိုပေးရခြင်းမျိုးဖြစ်ပါတယ်။ တစ်ခါတစ်ရံ လူတစ်ဦးတစ်ယောက်က အခြားသူတစ်ဦးကို စိတ်ဆိုးမည့်ကိစ္စများကြုံလာပါက စိတ်မဆိုးဖို့ လိမ်ညာကာ ကိုယ်ကကြားဝင်ပြောပေးရခြင်းမျိုးတွေရှိပါတယ်။ ဒါမျိုးတွေကို မုသာဝါဒလို့ ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ အထက်ကဖော်ပြထားတဲ့အချက်၎ချက်နဲ့ မကိုက်ညီ တော့လို့ပါပဲ။

ကျွန်မမှာ အသက်အရွယ်ကြီးမားတဲ့ အဖွားတစ်ယောက်ရှိပါတယ်။ အသက်ကြီးလာတော့ စိတ်အလိုမကျတာတွေများလာပါတယ်။ သူစားချင်တာကို မရမက၀ယ်ပေးရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်မတို့တစ်တွေ အခက်တွေ့ရပါတယ်။ သူစားချင်တဲ့အစားအစာက တစ်ခါတစ်လေ မရတတ်တာမျိုးရှိသလို၊ သူစားခဲ့တုန်းက ဆိုင်တွေကလည်း ခုချိန်မှာမရှိတော့ ပါဘူး။ ဒါကြောင့်မို့ ရတဲ့နေရာကရသလိုဝယ်ပေးပေမယ့် သူက သူစားနေကျ အရသာမဟုတ် မှန်းသိတဲ့ အခါမျိုးမှာ လိမ်ညာပြောဆိုကြရပါတော့တယ်။ ဒါကလည်း အမှန်အတိုင်းပြောရင် သူက လက်မခံတတ်လို့ပါ။ အဖွားကိုလုပ်ကိုင်ပေးကြရတဲ့ ညီမငယ်များကလည်း လိမ်ညာ ပြောဆိုကြရတဲ့အတွက် အင်မတန်စိတ်ညစ်ရပါတယ်။ အသက်ကြီးတဲ့သူတစ်ယောက်ကို လိမ်ညာပြောဆိုရလို့ ငရဲကြီးမယ်လို့ထင်ကြတဲ့အတွက် မုသာဝါဒမြောက်တဲ့ ကံ၎ပါးမပါရင် မုသာဝါဒမှကင်းလွတ်ကြောင်း သိရတော့မှ ကျွန်မတို့တစ်တွေ စိတ်ဒုက္ခမှ ကင်းဝေးရပါတယ်။


ခုလို မုသာဝါဒမြောက်တဲ့ ကံ၎ပါးကိုသေချာသိမှပဲ သူတို့လည်း နားလည်သဘောပေါက်ခဲ့ရ ပါတယ်။ ဒါကြောင့် ဒီကံ၎ပါးကိုနားလည်ရင်ဖြင့် မုသာဝါဒကံကို ကျူးလွန်တယ် မကျူးလွန်ဘူး ဆိုတာ ကိုယ့်ကိုကိုယ်သိနိုင်ပါတယ်။

ကျွန်မတို့တစ်တွေ မုသားကင်းနိုင်ကြအောင်ပါ။

မှတ်ချက်။ ။ ဤပိုစ့်ကြောင့် မည်သူ့ကိုမျှမထိခိုက်စေလိုပါ..

အဲသလို..

6 ယောက်ဆွေးနွေးချက်
error တွေတက်ပြီး ပိုစ့်တင်မရဖြစ်နေလို့လေ...

မစားရတဲ့ပေါင်မုန့် 

8 ယောက်ဆွေးနွေးချက်
ထိုင်ဝမ်က ပို့ လိုက်တဲ့ပေါင်မုန့် တစ်လုံး။

အနံ့ ကလည်းမွှေးပါ့၊ ပေါင်မုန့် သားကလည်းအိနေတာပဲ။
ဒါပေမဲ့ စားလို့မရတာ ခက်တယ်။း) ပို့တဲ့သူက ကျွန်မအတွက်တော့ မဟုတ်ဖူး။ ဒါပေမယ့် ညီမလေးက သူပေါင်မုန့် အနံ့ရတာမွှေးလို့ စိတ်မထိန်းနိုင်ပဲစားမိမှာစိုးလို့ ထင်ရဲ့ ကျွန်မဆီ ရောက်လာတာ။ ကျွန်မက အမှိုက်ပုံးလေ သူ စွန့်တာတွေကို လက်ခံနေကျဆိုသလို ဖြစ်နေပြီ။ ဟဟ ပေါင်မုန့်ကြိုက်တတ်တာနဲ့ အဲလို ဟိုမကျ ဒီမကျ အသုံးပြုမရ ကွိစိကွစိတွေဆို အလွန်ကြိုက်တတ်တာဆိုတော့ မငြင်းဖြစ်တော့ဘူး။

ပို့လိုက်တဲ့သူကတော့ ဘယ်လိုနေမလဲမသိဘူး။ ခုဆို ..သူလည်းသိလောက်ပါပြီ။ ကျွန်မညီမက အင်တာနက်ထက်မြန်တယ်။ :D

ခုလည်း ဒီပေါင်မုန့်ကို ပလပ်စတစ်နဲ့ အုပ်ထားရတယ်။ အိမ်က အခြားညီမတွေက စားကြည့်မယ် တကဲကဲလုပ် နေလို့။ အမေကတော့ ကလေးတွေစားမိရင်ဒုက္ခနော်၊ စားပွဲပေါ်တင်မထားနဲ့တဲ့။ ဘယ်ကလေးမှလည်းမရှိပဲ စိတ်ပူနေသေး။း)

အဖြစ်အပျက်လေးတစ်ခုပါ

2 ယောက်ဆွေးနွေးချက်
ဒီလိုလေးဖြစ်တတ်ကြမလားမသိဘူး။ ကျွန်မကြုံမိတာလေးကိုပြောပြမိတာပါ။
ဒီနေ့အဖြစ်အပျက်လေးပေါ့။ အရမ်းလည်းအံ့သြမိသွားတယ်။ ကျွန်မရဲ့ အွန်လိုင်းပေါ်မှာ တစ်နှစ်နီးပါးလောက်ရှိခဲ့တဲ့  Account ပိုင်ရှင်ကို ဒီနေ့ မှ သူက ကျွန်မကိုChatting လုပ်မိ
ပါသတဲ့။


သူ့ ကိုသိတာကြာပြီလို့ ထင်ခဲ့မိတာ ၊ ခုတော့ အလိမ်ခံရတာလား၊ ယုံလွယ်မိတယ်လို့
ဆိုမလား၊ ကြုံဖူးကြမလားတော့မသိဘူး။ အဖြစ်ကဒီလိုပါ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကျော်လောက်က ကျွန်မရဲ့အွန်လိုင်းမှာ Invite လာလုပ်တဲ့ ကောင်လေးတစ်ယောက်ပေါ့။ ရိုးသားပါတယ်။ (ထင်မိတာကိုပြောတာ) အစိုးရရုံးတစ်ရုံး မှာအလုပ်လုပ်တာပဲ။ ဘယ်ဌာန ဘယ်နေရာဆိုတာလည်း ကျွန်မကိုပြောပါတယ်။ ကျွန်မနဲ့အမြဲ Chatting တော့မလုပ်ဖြစ်ပါဘူး။ ရုံးမှာဆိုတော့ သူအားတဲ့အချိန်နဲ့ ကျွန်မလိုင်းပေါ်တက်တဲ့အချိန်ကလည်း သိပ်ပြီး မတိုက်ဆိုင်လှပါဘူး။ မိနစ်အနည်းငယ်မျှ အချိန်လေးသာ Chatဖြစ်ကြပါတယ်။ ဒါကြောင့်သူ့ အကြောင်းလည်း အားလုံးတော့ မသိပါဘူး။ (မမေးဖြစ်တာပါ) အရမ်းခင်တယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်မက နောက်နောက်ပြောင်ပြောင် ပြောတတ်တဲ့အကျင့် (သူများကိုပျော်အောင်ပါ) လုပ်တတ်တာမို့ သူက ကျွန်မ Account ကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့ညီမ၊ သူ ကြိုက်နေတဲ့ ကောင်မလေးတို့ကို မျှဝေလိုက်ပါတယ်။ ဒါကိုလည်း ကျွန်မ နောက်မှသိရတာပါ။ သူ့သူငယ်ချင်းတစ်ယောက်ဆို သူ့သူငယ်ချင်းဖြစ်ကြောင်း မပြောပြလို့ ကျွန်မက မနည်း နည်းလမ်းမျိုးစုံသုံးပြီး မေးရတာပါ။ နောက်ပိုင်း အဲဒီသူ့သူငယ်ချင်းဆိုသူနဲ့ ပိုခင်မိပါတယ်။ ဒါပေမယ့် ခုတော့လည်း အဆက် အသွယ်ပြတ်သွားခဲ့ပါပြီ်။ အစိုးရ၀န်ထမ်းဆိုတော့လည်း နယ်ပြောင်းရတယ်လို့ သိရပါတယ်။


သူက ကျွန်မ account ကို အဲလိုတွေလျှောက်ပေးလို့ ကျွန်မကတောင် တစ်မျိုးလုံးတစ်ဆွေ လုံးကို ပေးလိုက်ပါလားလို့ ပြောမိပါသေးတယ်။ (အမြင်ကတ်ကတ်နဲ့ နောက်တာပါ) ။
သူ့ညီမဆိုသူ ရဲ့ accountကိုတော့ ကျွန်မက မိန်းခလေးနာမည်နဲ့မို့ ချက်ချင်းပဲ accept လုပ်ပြီးမေးကြည့်လို့ သူ့ညီမဆိုတာ သိခဲ့ပါတယ်။ သူ့ညီမကလည်း အမြဲလိုင်းထဲရှိနေသူ မဟုတ်ပါဘူး။ ကျွန်မနဲ့ Chat ဖြစ်သလောက် ကျွန်မသိခဲ့တာကတော့ စက်ရုံတစ်ခုမှာအလုပ် လုပ်ပါတယ်။ ရန်ကုန်မှာပါပဲ။ သူထမင်းစားတဲ့ အချိန်လေးဆို လိုင်းထဲဝင်လာတတ်ပါတယ်။ ကျွန်မကို ‘အမ၊ အမ’ ဆိုပြီး ကျွန်မကိုသူ့အစ်ကို သူငယ်ချင်းဆိုပြီး လေးလေးစားစားနဲ့ ပြန်ပြောပါတယ်။ အဲဒီလိုနဲ့ မိန်းခလေးချင်းဆိုတော့ ပိုရင်းနှီးပါတယ်။ တစ်ခါတစ်လေ ကျွန်မကို တော်တော် နောက်တာပဲလို့ဆိုပြီး ခင်ဖို့ကောင်းတယ်လို့ဆိုကာ သဘောကျနေတတ်ပါတယ်။ ကျွန်မနဲ့ Chat ရင် မြန်မာလိုပဲရိုက်ပါတယ်။ သူ့အစ်ကိုလည်းဒီလိုပါပဲ။ သူ့ကြိုက်တဲ့ ကောင်မလေးကတော့ ကျွန်မနဲ့ ၂ခါလား၊ ၃ခါလားပဲ Chat ဖြစ်တယ်။ ထပ်မတွေ့ တော့ဘူး။


ပြောချင်တာက သူ့ ညီမဆိုသူနဲ့ အကြောင်းပေါ့။ ကျွန်မနဲ့ တော်တော်လေးသိကျွမ်းပြီး နောက်ပိုင်းမှာ အဲဒီကောင်မလေးလိုင်းထဲကပျောက်သွားသလို ၊ သူ့အစ်ကိုဆိုသူကိုလည်း မတွေ့ရတော့ပါဘူး။ ၃လလောက်နီးပါး ပျောက်သွားကြပြီး၊ သူ့အစ်ကိုဆိုတဲ့ ကောင်လေးက ကျွန်မကို လိုင်းထဲကနေ လှမ်းနုတ်ဆက်ပါတယ်။ ကျွန်မကလည်း ဘယ်ပျောက်သွားတာလဲလို့  မေးတော့ နယ်ရောက်သွားလို့ ပါတဲ့။ အဲဒီနေ့ က ကျွန်မညီမတွေ နဲ့ Chat နေတာကြောင့် သူနဲ့ လည်း သိပ်မပြောဖြစ်တော့ပါဘူး။ သူ့ သူငယ်ချင်းနဲ့ သူ့ညီမလေးကိုတော့ မေးလိုက်ပါသေးတယ်။ သူ့ညီမကို သူဆူထားလို့ အွန်လိုင်း မလာတော့ဘူးလို့ ဆိုပါတယ်။ သူ့သူငယ်ချင်းကတော့ သူ့လိုပဲ နယ်ခဏသွားနေတယ်လို့ ပြောပါ တယ်။ ဒါလောက်ပါပဲ။


အဲဒီနောက် သူလည်းအွန်လိုင်းမလာတော့ပါဘူး။ ပြီးခဲ့တဲ့ ၁၈ရက်က သူ့ညီမ account လေး ဖွင့်လာ ပါတယ်။ ညဖက်ကြီးဆိုတော့ ကျွန်မလည်းတော်တော်လေး အံ့သြသွားတယ်။ အမြဲတမ်း နေ့လည် နေ့ခင်းဖက်သာ လိုင်းထဲရှိတတ်တဲ့ ကောင်မလေးတစ်ယောက်က ညဖက်ကြီး ဘာလာလုပ်ပါလိမ့် ဆိုပြီး စိတ်ပူလို့ ကျွန်မကပဲ စခေါ်ကာနုတ်ဆက်ရင်း မေးလိုက်ပါတယ်။ သူကသူ့ သူငယ်ချင်းအိမ် ရောက်နေကြောင်းပြောပြီး၊ ကျွန်မကစောစောပြန်နော်လို့ ပြောတော့ သူက ဘာလို့လဲတဲ့။ ကျွန်မကအဲဒီနေ့ က အခြေအနေသိပ်မကောင်းလို့ စိုးရိမ်ပြီး၊ စောစောအိမ်ပြန်လို့ ပြောတာဆိုတော့မှ သူက အင်းပါတဲ့။ ဒါပေမယ့် သူချက်ချင်းပြန် ပုံမရပါဘူး။ ၁၀မိနစ်လောက်နေမှ သူ Off လုပ်သွားပါတယ်။ အဲဒီအချိန်အထိ ဒီ Account User ကို ညီမလေးတစ်ယောက်အဖြစ်သာ သိခဲ့လက်ခံခဲ့တာပါ။ ဒါပေမယ့် ဘာတွေက မှားယွင်းသွားသလဲလို့တော့ ကျွန်မလည်းမသိဘူး။ အမှားအယွင်းတွေတော့ရှိကြမှာပဲနော်။


ဒီနေ့ ကျွန်မနဲ့သိတယ်ဆိုတဲ့ အဲဒီကောင်မလေးOnline ထဲရောက်လာတယ်။ ကျွန်မကို သူက စခေါ်တယ်။
r u girl or boy တဲ့ ။

ann ဆိုပြီး ကျွန်မတော်တော်ကြောင်သွားခဲ့တယ်။ ဘယ်လိုဖြစ်တာလဲပေါ့။ ကျွန်မကပဲ အူကြောင်ကြောင်ဖြစ်တာလား။ သူကပဲ ကြောင်တောင်တောင် နိုင်တာလားလို့။ နာမည်ကိုတော့ အပြည့်အစုံ မဖော်ပြချင်ဘူး။ သူတို့ကိုလည်း အပြစ်မတင်ချင်လို့ပါ။ အမှားအယွင်း တစ်ခုသာဖြစ်မယ် ထင်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ရဲ့ gtalk ကိုသုံးပြီးလို့ connect ကျသွားရင်ဖြစ်ဖြစ်၊ ကိုယ့်password က ကျန်ခဲ့ရင်ဖြစ်ဖြစ်သူများဝင်သုံးတတ်ပါတယ်။ အဲဒါမျိုးတော့ကြုံဖူးပါတယ်။ ခုကတော့ အဲလို ဟုတ်ပေမယ့် သူ့ password ကိုအချင်းအချင်းပေးထားကြတဲ့ သူတွေပဲထင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ပြောထားကြဖို့တော့ ကောင်းမယ်နော်။ ဒါဆို ကျွန်မလည်း အရူး မဖြစ်တော့ဘူးပေါ့။