Showing posts with label ရောက်ခဲ့တဲ့နေရာ. Show all posts
Showing posts with label ရောက်ခဲ့တဲ့နေရာ. Show all posts

မမျှော်လင့်တဲ့ ပဲခူးခရီး

12 ယောက်ဆွေးနွေးချက်

ပဲခူးဘုရားက ရွှေသာလျောင်းဘုရားကြီးကိုသွားချင်နေတာ ကြာခဲ့ပါပြီ။ ပဲခူးကို နောက်ဆုံးရောက်ခဲ့တာ က လွန်ခဲ့တဲ့၁၀နှစ်လောက်က ဖြစ်မယ်ထင်တယ်။ ပဲခူးနဲ့ ရန်ကုန်ဆိုတာ သွားရင်အနီးလေးပေမယ့် ပဲခူးမြို့ကို သက်သက်မသွားပဲ မရောက်ဖြစ်တတ်ကြပါဘူး။ ခရီးရှည်သွားတဲ့အခါမျိုးမှာတော့ ခရီးသွားကားတွေက အပြန်ခရီးမှာ အချိန်ရရင် ပဲခူးကိုဝင်ပေးတတ်ပါတယ်။


ပဲခူးမြို့ အ၀င် ဈေးကြီးမရောက်ခင် ရထားလမ်းဂုံး ရဲ့ အစ နေရာကနေလမ်းချိုးလေးအတိုင်း သွားရတာ ကြောင့်လည်း ရွှေသာလျောင်းဘုရားကို သီးခြား သွားဖူးရပါတယ်လို့ဆိုတာပါ။ အဲဒီနေ့က တနင်္ဂနွေနေ့ ဖြစ်ပြီး၊ ညီမရဲ့မွေးနေ့ဖြစ်တာကြောင့်လည်း မထင်မှတ်ပဲ ကောက်ကာငင်ကာ ပဲခူးသို့ ဘုရားဖူးထွက် လာကြခြင်းပါပဲ။ သွားဖြစ်တာက မိသားစုလေးယောက်ပါ။ ကားမောင်းသူက မွေးနေ့ရှင်ကိုယ်တိုင် ဆိုတော့ လမ်းခရီးကို မကျွမ်းကျင်တာကြောင့် အနည်းငယ်တော့ မေးမြန်းရပါသေးတယ်။



ပဲခူးမြို့ရောက်တာနဲ့ ရွှေသာလျောင်းဘုရားကြီးကိုပဲ အရင်ဆုံးဝင်ရောက်ဖူးမြှော်ကြပါတယ်။ ဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့သူကတော့ ဟံသာဝတီမင်းရဲ့ ၁၃ဆက်မြောက် မိဂါဒိပ္ပမင်း ဖြစ်ပါတယ်။ သားဖြစ်သူက ဗုဒ္ဓဘာသာကို အလွန်ယုံကြည်ကိုးကွယ်ခဲ့တဲ့ မွန်အမျိုးသမီးဒလတော်နဲ့ လက်ဆက်ခဲ့တာကြောင့်၊ မိဂါဒိပ္ပသည်လည်း အယူလွဲမှား ခြင်းများပျောက်ကာ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ပြီး ဤရွှေသာလျောင်းဘုရားကြီးအား တည်ထားခဲ့တယ်လို့သိရပါတယ်။ ဘုရားသမိုင်း အကျယ်ကိုတော့ မရေးတော့ပါဘူး။


ရန်ကုန်မြို့မှာတော့ ခြောက်ထပ်ကြီးဘုရားက လျောင်းတော်မူပါပဲ။ ခြောက်ထပ်ကြီးဘုရား ကလည်း ပုံမကျလို့ အကြိမ်ကြိမ်ပြန်လည် ပြုပြင်ခဲ့ရတယ်လို့သိရပါတယ်။ ပဲခူးက ရွှေသာလျောင်းဘုရား ကိုတော့ ဖူးရတဲ့အခါတိုင်း အားမရသလိုပဲ။ ဖူးပြီးတိုင်းလည်း ထပ်ဖူးချင်တာပဲ။ ရွှေသာလျောင်းဘုရား ရင်ပြင် တော်ပေါ်ကကို မဆင်းချင်ဘူးဖြစ်နေတတ်ပါတယ်။ ဘာလို့လဲတော့မပြောတတ်ဖူး။ ပဲခူးမှာလည်း ရွှေသာလျောင်းဘုရားအပြင် မြသာလျောင်း၊ စိန်သာလျောင်းဘုရားများလည်း လျောင်းတော်မူဘုရား အနေနဲ့တွေ့နိုင်ပါသေးတယ်။ ရပ်တော်မူ ဘုရားတွေကိုတော့ အတော်ရှားရှားပါးပါးသာတွေ့ရပါလိမ့်မယ်။


မြန်မာပြည်အနှံ ဘုရားဆင်းတုတော်တွေ တည်ထားကိုးကွယ်ခဲ့တာ အမျိုးမျိုးသော ပုံသဏ္ဍာန်ရှိကြပါတယ်။ အဲဒီလို ပုံသဏ္ဍာန်အနေအထားထဲမှာဆိုရင် လျောင်းတော်မူပုံသဏ္ဍာန်တွေကို ကျွန်မ နှစ်သက်ခဲ့တယ် ပြောရမလားမသိပါဘူး။ ကျွန်မအစ်ကိုကပြောဖူးတယ် သူကတော့ ရပ်တော်မူဘုရား ကိုယ်တော်ပုံသဏ္ဍာန်ကို နှစ်သက်မိပါတယ်တဲ့။ ဒါကြောင့် သူကိုးကွယ်ဖို့ထုလုပ်ထားတဲ့ ဘုရား ပုံတော်ကလည်း ရပ်တော်မူ ပုံတော်ပဲဖြစ်ပါတယ်။ ဒါက ဘုရားရှင်တို့ရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကိုသာ ဆိုလိုတာပါ။ ကိုးကွယ် ယုံကြည်မှုနဲ့မသက်ဆိုင်ပါဘူး။ ပုံသဏ္ဍာန်ကို နှစ်သက်တယ် ဆိုတာ ကလည်း မကောင်းပါဘူး။ အဲဒီလိုဖြစ်မိတာဟာလည်း စိတ်ကဖြစ်ပေါ်နေခြင်းတွေပါပဲ။


ဆရာတော် ဦးသုမင်္ဂလ ဟောကြားသလို ဘယ်မြို့က ဘယ်ဘုရားကမှ တန်ခိုးကြီးတယ်။ ဘယ်ဘုရား ကိုတော့ ကိုးကွယ်ရင်ဘာဖြစ်တယ်ဆိုတာတွေဟာ ဗုဒ္ဓဘာသာဝင် အစစ်အမှန်တစ်ယောက် မဖြစ် သေးဘူးလို့ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းကိုးကွယ်ကြတဲ့ ဘုရားဟာ ဂေါတမမြတ်စွာဘုရား တစ်ဆူ တည်း မဟုတ်သလို ကကုသံ၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူတည်းလည်း မဟုတ်ပါ ဘူးတဲ့။ ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်များအားလုံးသာဖြစ်ပါတယ်။ ထိုဘုရားရှင်တို့ရဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးမှသာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါလိမ့်မယ် ဆိုတာကိုလည်း လက်ခံဖို့လိုပါတယ်။ ဒါကြောင့်လည်း ဘယ်ဘုရားကိုဖူးဖူး သက်ရှိထင်ရှားဘုရားကဲ့သို့ပဲ ဖူးမြှော်ရ မှာဖြစ်ပြီး၊ ကံ ကံ၏အကျိုးကိုသာ ယုံကြည်လက်ခံမှု၊ ဘုရားရှင်ရဲ့ အဆုံးအမတွေကို လိုက်နာမှုတို့က သာ အဓိကကျပါတယ်။



ရွှေသာလျောင်းဘုရားဖူးပြီးတော့ အနီးကပ်လျက် မြသာလျောင်းဘုရားကိုပါ ၀င်ဖူးခဲ့ကြသေးတယ်။ မြသာလျောင်း ဘုရားကတော့ အမိုးအကာမရှိပါဘူး။ ဒါပေမယ့် ဘုရားရဲ့ မျက်နှာတော်ကလည်း သပ္ပါယ်ပါတယ်။ အဲဒီကမှ ကျိုက်ပွန်ဘုရားကြီးကို ၀င်ရောက်ဖူးမြှော်ကြပါသေးတယ်။ ဘုရားလေးဆူဖြစ်တဲ့ ကကုသံ၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားရှင်တို့အား ထိုင်လျှက်ပုံသဏ္ဍာန်အနေအထားကို တည်ထားတာတွေ့ရပြီး ကဿပဘုရားတစ်ဆူကိုတော့ ပြုပြင်နေကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဘုရား ဒကာကတော့ ရှင်စောပုသမီး နှဲတကာ ရဲ့ယောကျာင်္းဖြစ်သူက တည်ထားကိုးကွယ်ခဲ့တာလို့ သာသိခဲ့ရ ပါတယ်။





အဲဒီနောက်တော့ ပင်ပင်ပန်းပန်း သိပ်သွားလို့မရတဲ့ ကျွန်မကြောင့် နောက်ထပ် ဘုရား၊ ပုထိုး၊ စေတီ များသို့ မ၀င်နိုင်တော့ပဲ နေလည်စာကို ပဲခူးအထွက်နားက ဆိုင်တစ်ဆိုင်မှာစားကြပြီး၊ အိမ်အပြန်လမ်း ကို စတင်ကာ ပဲခူးမြို့မှ ထွက်ခွာလာခဲ့ကြပါတော့တယ်။ အပြန်လမ်းခရီးမှာတော့ နေကပြင်းပြင်းမို့ လမ်းဘေးဖရဲသီးဆိုင် ၀င်ကာ ဖရဲသီးစားကြ ၀ယ်ကြ ပါသေးတယ်။ နေပြင်းပေမယ့် ဘုရားတွေဖူးလိုက်ရလို့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ပီတိတွေကတော့ အေးမြလို့ ပါ။



ကွန်နက်ရှင်ကြောင့် ပဲခူးခရီးအကြောင်းပိုစ့်ကို နောက်ကျစွာပဲ တင်လိုက်ရပါတယ်။

အလည်လာဖတ်သူများအားလုံးကိုကျေးဇူးပါ။

ကျောက်တန်းသို့ တစ်ခေါက်

13 ယောက်ဆွေးနွေးချက်
ပါဒကြီးဘုရား (ဘက်စုံမွမ်းမံနေဆဲ)

ကျိုက်မှော်ဝန်းရေလယ်ဘုရား
ကျိုက်မှော်ဝန်းရေလယ်ဘုရား (မူလ ပထမ)


အဖေဆုံးတာအနှစ်၂၀တောင်ပြည့်ပါပြီလား။ အဖေဆုံးပြီးတဲ့နောက် ကျွန်မတို့  မောင်နှမတစ်တွေကို ဆက်လက်ကျွေးမွေးခဲ့ရတဲ့ အမေ့ရဲ့ ကျေးဇူးတွေက တော်တော် ကြီးမားပါတယ်။ အခက်အခဲမျိုးစုံကို အံ့တုရင်း ကျောင်းသူအရွယ်ကျွန်မတို့ ညီအစ်မ၃ယောက်ကို ပညာပြီးဆုံးသည်ထိ ဆက်လက်စောင့်ရှောက်ကျွေးမွေး ခဲ့ရပါတယ်။ ဒီကြားထဲ အဖေ့နှစ်ပတ်လည်တိုင်းမှာ မပျက်မကွက်အလှူအတန်းပြုခဲ့တာဟာ ယခုချိန်ထိပါပဲ။

ဒီတစ်ခေါက် ထူးခြားတာက အဖေ့မွေးရပ်မြေဖြစ်တဲ့ ကျောက်တန်းမှာ သွားရောက်လှူဒါန်းဖြစ်ပါတယ်။ ကျောက်တန်း ပါဒကြီးငါးထပ်ကြီး ဘုရားအနီးရှိ ဘိုးဘွားရိပ်သာမှာဖြစ်ပါတယ်။ ပါဒကြီးဆိုတာတော့ ရှေးယခင် တိုင်းပြည်တပြည်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပါဒတိုင်းပြည်တပြည်ပေါ့၊ မွန်လူမျိုးတို့ နဲ့  ကရီ လို့ ခေါ်တဲ့ ကရင်လူမျိုးများနေထိုင်ခဲ့ရာ တိုင်းပြည်လို့  ဆိုပါတယ်။ ပါဒဆိုတဲ့မြန်မာလိုအဓိပ္ပါယ်ကတော့ အရင်းအမြစ်၊ ရှေးဦး ပထမလို့ ဆိုပါတယ်။

ယခု ပါဒကြီးဘုရားကိုဘက်စုံပြန်လည်မွန်းမံ နေတာကြောင့် ငြမ်းများတပ်ဆင်ထားတာကို တွေ့ ရတာဖြစ်ပါတယ်။

သိတတ်ခါစအရွယ်မှာသာတစ်ခေါက်ရောက်ဖူးတဲ့ ကျွန်မ၊ အမေတို့ နဲ့ အတူလိုက်ပြီး ဘုရားဖူးခွင့်ရတာကိုပဲ ပျော်ရွှင်ကြည်နူးမိပါတယ်။ ဘိုးဘွားများကို ကျွေးမွေးတဲ့အစီအစဉ်ပြီးတဲ့နောက် ကျွန်မတို့ မိသားစု ကျိုက်မှော်ဝန်းရေလယ် ဘုရားကိုသွားရောက်ဖူးမြှော်ဖြစ်ကြပါသေးတယ်။
27th Sep 2009 အမှတ်တရပါ..
ဓါတ်ပုံလေးများကိုတော့ လာလည်တဲ့မိတ်ဆွေအပေါင်းဖူးမြော်ရအောင် ပိုစ့်တင်ပေးထားပါတယ်။












ဖွားဖွားတည်ခဲ့တဲ့ “စိတ္တသုခအောင်စေတီလေး

3 ယောက်ဆွေးနွေးချက်

ဖွားဖွားတည်ခဲ့တဲ့ “စိတ္တသုခအောင်စေတီလေး”


ပြီးခဲ့တဲ့စနေနေ့ က ဖွားဖွားနဲ့ အတူ ကျွန်မတို့ ညီအစ်မတစ်တွေ မင်္ဂလာဒုံက ရာကျော်ကျောင်း ၀င်းအတွင်းရှိ ဖွားဖွားတည်ခဲ့တဲ့ စေတီလေးဆီကိုရောက်ခဲ့ကြတယ်။ အဲဒီစေတီလေး ကို “စိတ္တသုခအောင်စေတီ”လို့ အမည်ပေးထားတယ်။ လွန်ခဲ့တဲ့နှစ်များကျွန်မတို့ ငယ်ရွယ်သေး တဲ့ အချိန်ကတည်ခဲ့တဲ့စေတီဖြစ်ပြီး၊ အဘရာကျော်လို့ ထင်ရှားတဲ့ အသက်တရာကျော်ရှည် နေထိုင်သွားခဲ့တဲ့ ဆရာတော်… ရဲ့  ကျောင်းဝင်းအတွင်းမှာဖြစ်ပါတယ်။

သည်စေတီလေးကိုတည်ပြီးတဲ့နောက်ပိုင်း၊မှန်စီရွှေချထားတာကိုမနှစ်သက်တော့တာကြောင့် လေးငါးနှစ်အကြာ မှာ ဖွားဖွားကကျွန်မကိုတာဝန်ပေးကာ ရွှေဆေးသုတ်ချင်တယ်လို့ ပြောလာပါတယ်။ ဒါနဲ့  ကျွန်မကရွှေဆေးဗူးများ လိုသလောက်ဝယ်ယူပေးပြီး၊ ကျောင်းဝင်းမှဆရာလေးထံအပ်နှံကာ ကျွန်မနှင့်အမေက အလုပ်သမားများခေါ်ယူလျှက် စေတီလေးကိုရွှေချခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီစေတီလေးနဲ့ ပတ်သတ်ရင် ဖွားဖွားကကျွန်မကိုသူ့ ရဲ့  ပါရမီဖြည့်ဖက်တစ်ဦးလို့  ပြောဖူးပါတယ်။

ကျွန်မတို့မသွားခင်တပတ်အလိုကတည်းကဖွားဖွားကဘာစိတ်ကူးပေါက်တယ်မသိပါဘူး၊ ရာကျော်ကျောင်းဝင်းက စိတ္တသုခကျောင်းတိုက်ကိုသွားချင်တယ်ဆိုပြီး၊ ယခုလက်ရှိကျောင်း ထိုင်ဆရာတော် ရှိမရှိကြိုတင်ပြီး ကျွန်မကိုဖုန်းဆက်မေးခိုင်းပါတယ်။ ကဆုန်လပြည့်ကျော် တစ်ရက်က စနေနေ့ ဖြစ်တာကြောင့်၊ သူ့ မွေးနေ့ ဖြစ်လို့  သင်္ကန်းနဲ့ ဝတ္တုငွေကပ်လှူမယ် ဆိုပြီး ဆရာတော် ကိုကြိုလျှောက်ကာ သွားကြတာဖြစ်ပါတယ်။

အိမ်ထဲမှာအောင်းနေတာ ကြာပြီဖြစ်တဲ့ ကျွန်မလည်း ရွှေဆေးသုတ်ပြီးကတည်းက အဲဒီစေတီ လေးဆီကို တစ်ခါသာရောက်သေးတာကြောင့်နဲ့ဖွားဖွားအတွက်အမှတ်တရ ဓါတ်ပုံရိုက် လိုတာကြောင့် ဆိုတဲ့အကြောင်းပြချက်တွေနဲ့ လိုက်လာခဲ့ပါတယ်။ ပတ်ဝန်းကျင်အနေ အထား အရ မင်္ဂလာဒုံလိုနေရာလေးကကျွန်မတို့ နေထိုင်ရာနေရာထက်စာရင် တောရွာလေးတစ်ခုကို ရောက်သွားသလားလို့ တောင်ထင်ရပါတယ်။ ကြည်နူးစရာလည်းကောင်းတယ် ။ သဘာဝ လေအေးအေးလေးလည်းတိုက်တယ်လေ။ အဲဒ်ီကျောင်းဝင်းအတွင်းမှာ ဘုန်းကြီးကျောင်း တွေကလည်းအများသားလေ။ စေတီပုထိုးတွေဆိုတာလည်း ဘယ်သူတွေလာတည်ကြမှန်း တောင်မသိတော့ဘူး။ အတော်လေးများလာတယ်။ အရင်ကဆို ဖွားဖွားတည်ထား တဲ့စေတီ လေးကဘုန်းကြီးကျောင်းဝင်းထဲဝင်လိုက်တာနဲ့ ညာဘက်မှာ အထင်အရှားလှမ်းမြင်နေရတာ။ အခုကျတော့ ဖွားဖွားစေတီရဲ့ ရှေ့ မှာ နောက်စေတီတစ်ဆူ တည်ထားတာတွေ့ ရတယ်။


ရာကျော်ဆရာတော်ဘုရားကြီးပုံ။

ကျွန်မတို့ တစ်တွေရာကျော်ကျောင်းဝင်းရောက်သွားရင်ပဲ ဖွားဖွားက ကျောင်းထိုင်ဆရာတော် ဖြစ်တဲ့ ဆရာတော် ဘဒ္ဒန္တသုနန္ဒ( သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ ၊ ၀ိနယဓရ၊ ၀ိနယ ကောဝိဒ) ကို သင်္ကန်းနဲ့ ဝတ္တုငွေ ကပ်လှူပါတယ်။ ယခုလက်ရှိကျောင်းထိုင်ဆရာတော်ဟာ တိပိဋကဆရာတော်ဦးဝိစိတရဲ့ တပည့်လည်းဖြစ်ပါတယ်။ အဲဒီနောက် ဖွားဖွားကိုဆရာတော်နဲ့  စကားပြောစေကာ၊ ကျွန်မတို့ ညီအစ်မတစ်တွေ ကျောင်းဝင်းထဲလှည့်လည်ကြည့်ရှုကြပါတယ်။ အဓိကကတော့ ဆရာတော် အဘရာကျော်ထားရှိရာ စံကျောင်းကိုပါ။ အဲဒီမှာ ဆရာတော်ရဲ့  ရုပ်အလောင်းတော်နဲ့  ဆရာတော်ရဲ့ ရုပ်တုပုံတို့ ကိုထားရှိပါတယ်။ ရုပ်အလောင်းတော်ကို တော့ သင်္ကန်းများနဲ့ ခြုံရုံပြီးထားရှိတာမို့  ဓါတ်ပုံလည်းရိုက်မလာခဲ့ပါဘူး။ အဲဒီနေ့ ကကျွန်မ လက်နာနေတာနဲ့  မေ့သွားတာလည်းပါမှာပါ။း) အဲဒီကမှဖွားဖွားရဲ့ စေတီလေးတည်ထား တဲ့နေရာကိုသွားကြပါတယ်။ ဖွားဖွားစေတီလေးရှိရာ အနီးကကျောင်းတစ်ကျောင်းမှာ မင်္ဂလာပွဲ ကျင်းပနေတာနဲ့  ကြုံတွေ့ တာမို့ ကျွန်မညီမကတောင် တစ်လက်စာ တည်းဝင်စားရအောင်လို့  နောက်နေပါသေး တယ်။ သူက ဂလိုပဲ အရှက်မရှိတာလေ။းP တကယ်လုပ်မယ့်ပုံနော်။




ဖွားဖွားလှူထားတဲ့ လက်ပက်လက်ဘုရားပုံတော်


ဖွားဖွားလှူထားတဲ့  ဘုရားခန်းလေး။


စေတီကို ဦးချကန်တော့ကြပြီးနောက် ဓါတ်ပုံများရိုက်ကာ၊ အဖွားလှူခဲ့တဲ့ ဘုရားခန်းလေး ရှိရာ ကျောင်းလေးကိုသွားခဲ့ပြန်ပါတယ်။ အဲဒီမှာလည်း အမှတ်တရဓါတ်ပုံထပ်ရိုက်တယ်။ ကင်မရာ မင်းကတော့ ကျွန်မညီမလေးပေါ့။ ကျွန်မရဲ့ လက်က အဲဒီနေ့ ကအခြေအနေအတော်ဆိုးတာ ကြောင့် သူကချည်း ကျွန်မလိုချင်တဲ့ပုံတွေရိုက်ပေးရတော့တယ်။ အားလုံးရဲ့ ဂိုက်(Guide) က တော့ ကျွန်မပေါ့။း) အဲဒီကမှ ရှင်ဥပဂုတ္တကျောင်းဆောင်တည်ထားရာ ရေကန်လေးဆီ ငါးစာ ကျွေးဖို့ ဆိုပြီး ကျွန်မကလိုက်ပြပါတယ်။ ဒါပေမယ့် ငါးကန်ကတော့ သန့် ရှင်းရေးလုပ်မယ့်သူ မရှိတာကြောင့်ထင်ပါရဲ့ အတော်လေးညစ်ပတ်နေပါတယ်။ စည်းကမ်းမရှိသူများကြောင့်လည်း ရေကန်ထဲမှာ ပလပ်စတစ်အိပ်တွေပစ်ထားတာကိုတွေ့ လိုက်ရပါတယ်။ ဆရာတော်ရဲ့ ညီမဆို သူကိုတော့ ငါးကန်ရေသန့် ရှင်းပေးဖို့ ပြောကြားခဲ့ပါသေးတယ်။း) ဆရာလုပ်တာဟုတ်ဖူးနော်။ ကန်ထဲက ငါးလေးတွေ၊ လိပ် လေးတွေကို သနားလို့ ပါ။

ကျောင်းဝင်းအတွင်းအနှံကြည့်ရှုပြီးနောက်၊အဖွားကလည်းအသက်ကြီးလို့အပူဒဏ်ကြာကြာ မခံနိုင်တော့တာကြောင့် ကျွန်မတို့ အားလုံးပဲ ဆရာတော်ကိုကန်တော့ကာ ၁၀နာရီခွဲလောက် မှာပဲ ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။ အဲဒီနေ့ ကဖွားဖွားရော ကျွန်မတို့ အားလုံးပါ ခရီးတစ် ခုကိုထွက်ရသလို ပျော်ရွှင်နေကြတာတော့အမှန်ပါပဲ။ အပြန်လမ်းမှာတော့ နေပူတဲ့ဒဏ်ကြောင့် ထင်ပါတယ် ကျွန်မတို့ အားလုံးစကားသိပ်မပြောဖြစ်တော့ဘူး။ အဖွားကလည်း အတော်လေး ပင်ပန်းသွားပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်လေးကို ကျွန်မတို့ တစ်တွေကတော့ပျော်ရွှင် ကြည်နူးမိကာ အမှတ်တရဖြစ်ကြရပါတယ်။


မအနမ်း

ငါးစာကျွေးဖို့သွားကြမယ်

0 ယောက်ဆွေးနွေးချက်




ကျွန်မတို့ ငါးစာကျွေးခဲ့သည့်နေရာလေး








ဒီနေရာလေးကို ခုမှရောက်ဖူးတာပါ။ ငါးကန်တွေ ဘုရားတိုင်းမှာ ရှိတာသိပေမယ့်၊ ကမ္ဘာအေးစေတီ ၀င်းထဲမှာရှိတဲ့ မဟာသိမ်တော်ကြီးနဲ့ မလှမ်းမကမ်းမှာ ဒီငါးကန် ရှိနေတယ်ဆိုတာ မသိခဲ့ဘူး။ ဒီနေ့တော့ မနက်ဖက် ဘယ်မှမသွားဖြစ်ပဲ အိမ်မှာရောက်နေကြတဲ့ သူငယ်ချင်း၊ အမတို့နဲ့ အတူတူ ရောက်သွား ဖြစ်ခဲ့တယ်။ ငါးကန်မရောက်ခင် ငါးစာရောင်းတဲ့ ဆိုင်လေးတွေကိုလည်း ခုလို မြင်တွေ့ နိုင်ပါတယ်။






ငါးစာရောင်းချသည့်ဆိုင်လေးများ







ငါးကန်ကြီးက အတော်ကို ကျယ်ဝန်းပါတယ်။ ကန်ထဲမှာရှိတဲ့ ငါးကြီး တွေကလည်း မနည်းမနောပါပဲ။ ဒီနေရာလေးကို ရောက်သွားရင်ပဲ အေးချမ်းသလိုလို ခံစားလိုက်ရတယ်။ ငါးစာကျွေးသူတွေကိုလည်း ကန်ပတ်လည် နေရာတော်တော်များများမှာ မြင်တွေ့ ရပါတယ်။


ဒီနေ့က စနေနေ့မို့လားတော့ မသိဘူး။ ကျွန်မတို့ တစ်တွေလည်း ငါးစာကျွေးရတာ ပျော်ရွှင်နေမိကြတယ်။ အရင်တုန်းကတော့ ရွှေတိဂုံဘုရား မြောက်ဖက်နဲ့အနောက်ဖက် မုဒ်ကြားမှာ ရှိတဲ့ ငါးကန်ကြီးမှာ ငါးတွေကို အစာသွားကျွေးဖြစ်တယ်။ နောက်ပိုင်း ကန်ခေတ္တခဏ ရွှေ့ပြောင်း လိုက်ပြီး မရောက်ဖြစ်တော့ဘူး။

ဒီနေရာလေးကိုတော့ ကျွန်မ၊ ညီမကသူ့ သူငယ်ချင်းများနဲ့ သွားရင်းက သိခဲ့တာကြောင့် ကျွန်မတို့ကို လိုက်ပို့ပေးခြင်းပါ။ ဒီမှာရှိတဲ့သူတွေ အဲဒီနေရာလေးကို သွားသင့်တယ်။ ငါးစာကျွေးလို့ပဲဖြစ်ဖြစ်၊ ငါးလွှတ်ချင်ရင်ပဲ ဖြစ်ဖြစ်ပေါ့လေ။ အေးအေးချမ်းချမ်း နဲ့ ငါးတွေကို အစာကျွေးရင်း ကုသိုလ်ယူ နိုင်တဲ့နေရာလေးပါ။ ကန်ရေပြင်က အတော်ကျယ်ဝန်းတာကြောင့်လည်း ငါးတွေ လွတ်လွတ်လပ်လပ် နေခွင့်ရှိတာပေါ့လေ။

အနမ်း




ရောက်သွားခဲ့ တဲ့ဆိုင်လေး

1 ယောက်ဆွေးနွေးချက်














ဒီနှစ် ဒီဇင်ဘာကတော့ မချမ်းအေးလှပါဘူး။ ကမ္ဘာကြီး ပူနွေးလာပြီ ဆိုတာ ဟုတ်မယ်ထင်တယ်။ အအေးဆုံးလလို့ သတ်မှတ်ကြတဲ့ ဒီဇင်ဘာလတောင် မအေးတော့ဘူး ဆိုတော့...။















သို့ပေမယ့်လည်း ဒီဇင်ဘာလဖြစ်တဲ့ သည်လမှာ ထိုင်ဝမ်က အမ ပြန်ရောက်လာတာရယ်၊ လွန်ခဲ့တဲ့ ၇နှစ် လောက်ကအမေရိကကို ထွက်သွားတဲ့ အမ တစ်ယောက်နဲ့ သူ့သမီးလေး ပြန်လာတာရယ် က ကျွန်မအဖို့ ၀မ်းသာစရာ ဖြစ်လာပါတယ်။ သူ့သမီးလေးဆိုရင် ကျွန်မတို့ လက်ထဲမှာပဲ ကြီးပြင်းခဲ့တာပါ။ သူတို့သားအမိနဲ့တော့ တစ်ခေါက် သာတွေ့ ပြီးပေမယ့်၊ ထိုင်ဝမ်က အမနဲ့တော့ နေ့ တိုင်းလိုလို ပဲ အတူသွား၊ အတူစားပေါ့။ ညတိုင်းလည်း တစ်မျိုးပြီး တစ်မျိုး အပြင်ထွက်စားကြတယ်။ အမလာမှပဲ ကျွန်မလည်း အိမ်ထဲမှာ အိမ်တွင်းပုန်း လုပ်နေလို့ မရတော့တာလေ။


ရန်ကုန်မှာလည်း စားသောက်ဆိုင်တွေက ပေါပါတယ် ဆိုပေမယ့် တကယ် တမ်းတစ်နေ့ တစ်နေ့ ဘယ်သွားလို့သွားရမှန်း မသိအောင်ဖြစ်တော့တာပဲလေ။ အစားအသောက်ကောင်းပေမယ့် နေရာထိုင်ခင်း မကောင်းတာ နဲ့ နေရာထိုင်ခင်း ကောင်းပေမယ့် အစားအသောက် သိပ်မကောင်းတာ နဲ့ ဆိုတော့ တစ်ခါတစ်ခါ သွားစားဖို့အရေး အတော်စဉ်းစားရပါတယ်။ များသောအားဖြင့် အသားကင်ဆိုင်တွေ ချည်းပါပဲ။ ယိုးဒယား ဆိုင်တွေလည်းများပါတယ်။ ပူပူ စပ်စပ် တွေပေါ့။ ကြာတော့လည်း ဒါတွေ ကိုချည်း စားရပြန်တော့ မစားချင်ကြတော့ပြန်ဘူးလေ။ လူ့ အလိုနတ်မလိုက် နိုင်ဆိုသလိုပေါ့။ အဲဒီတော့ တွေး...၊ ခေါင်းပူအောင်စဉ်းစား.. ဘယ်သွားမလဲ ?? ဘာစားမလဲ?? ပေါ့။

ဒီနေ့လည်း ဘယ်သွားရမယ်မှန်း မသိတာကြောင့် စဉ်းစားမရဖြစ်နေတုန်း၊ MRTV-4 ထဲမှာ ကြော်ငြာတဲ့ ဆိုင်လေးတစ်ဆိုင်ကို အမေက ညွှန်ပါတယ်။ 24 hours လည်းဖွင့်တယ်ပေါ့။ အစားမျိုးစုံလည်း ရတယ်တဲ့ ။ ဒါနဲ့ အဲဒီနေရာကိုပဲ ဦးတည်ဖြစ်တယ်။ သမတရုပ်ရှင်ရုံ အနီး ၊ သမတဟိုတယ် နဲ့ ကပ်လျှက်ဖွင့်ထားတဲ့  365 ဆိုတဲ့ ဆိုင်လေးပါ။ ဆိုင်လေး က အပြင် အဆင်လေး လည်း ကောင်းပါတယ်။ ထိုင်ခုံတစ်ချို့ ကလည်း တော်တော် ခန်းနား တယ်။ ချစ်စရာကောင်းပြီး ထိုင်လို့ ကောင်းသလို၊ အစားသောက် ကလည်း အတော် စားလို။ ဈေးနည်းနည်းလေးများတယ် ဆိုပေမယ့်အစားကောင်းတော့လည်း တန်တယ်လို့ ဆိုရမှာပေါ့။ ကျွန်မတို့ စားချင်ကြတဲ့  ကိုးရီးယား ကင်ချီထမင်း၊ ဂျပန် ရေညှိ ထမင်းလိပ်(ဆူရှီ) နဲ့ တရုပ်ဟင်းမျိုးစုံ လည်းရတယ်ဆိုတော့ ကိုယ်စားချင် တာတွေကိုမှာ စားနိုင်တယ်လေ။ နောက်ပြီး coffee ၊ cold drink မျိုးစုံလည်း ရပါတယ်။ ဆိုင်ကိုကြော်ငြာပေးသလိုများ ဖြစ်နေပြီလားမသိဘူး။း)း) ကြော်ငြာခရလို့ မဟုတ်ပါဘူး။ ချစ်စရာကောင်းပြီး အေးအေးဆေးဆေး ထိုင်လို့ ကောင်းတဲ့ နေရာလေးမို့ ပါ။

သူငယ်ချင်းတွေ လာရင်လည်း အဲဒီဆိုင်လေးကို သွားထိုင်အုံးမယ်လို့ စိတ်ကူးတာပါပဲ။နောက်တစ်ခါ အမပြန်လာရင်လည်း သွားဖြစ်မယ်ထင်တယ်။ သည်ဆိုင်လေး နောက်တစ်ခေါက် အမ ပြန်လာတဲ့ အထိရှိနေပါအုံးမလားတော့ မသိဘူးလေ။


(24 hours ဖွင့်လို့ 365 လို့ နာမည်ပေးတာလားမသိပါဘူး။ တစ်နှစ်မှာ 365 ရက် ရှိတာဆိုတော့...
သူငယ်ချင်းတစ်ယောက်ကတော့ တိုက်နံပါတ် လို့ ပြောတာပဲ ။ သေချာတော့မသိဘူးး)) )

မဟာဓမ္မရံသီအိမ်တော်ရာစေတီ

0 ယောက်ဆွေးနွေးချက်

သီတင်းကျွတ်ဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ ဘုရားအားလုံးမှာ လူအပြည့်ပါပဲ။ ။ ရွှေတိဂုံစေတီဆို ပိုဆိုးပါတယ် ရင်ပြင်တစ်ခုလုံး လူအပြည့်ပါပဲ။ ကျွန်မကတော့ လူများတဲ့နေရာမျိုး သွားလို့မရတာကြောင့် လပြည့်နေ့ကို ဘုရားကလည်းသွားချင်တာနဲ့ နီးရာဘုရားကိုပဲ သွားရောက်ဖူးမြော် ခဲ့ရပါတယ်။ ဒါတောင် လိုက်ပို့မယ့် သူငယ်ချင်းကလည်း ကိစ္စများနေတာကြောင့် ညီမဖြစ်သူကပဲ ကားမောင်းလိုက်ပို့ရပါတယ်။

အခု ကျွန်မတင်ပြထားတဲ့ ပုံတော်ပါ။ ဒဂုံမြို့နယ်က မြို့မကျောင်းလမ်းမှာရှိတဲ့ မဟာဓမ္မရံသီအိမ်တော်ရာစေတီ တော်မြတ်ကြီးပဲဖြစ်ပါတယ်။

မြန်မာသက္ကရာဇ်၁၂၁၀ခုနှစ်က ပုံဂံမင်းတည်ထား ကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။