Showing posts with label ဗုဒ္ဓဆိုင်ရာ. Show all posts
Showing posts with label ဗုဒ္ဓဆိုင်ရာ. Show all posts

ဓမ္မစကြာအခါတော်နေ့

6 ယောက်ဆွေးနွေးချက်

မဟာသက္ကရာဇ် ၁၀၃ခု ၀ါဆိုလပြည့်နေ့ ညနေချမ်း အချိန်တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား မိဂဒါဝုန်တော၌ တရားဦး ဒေသနာတော် ဓမ္မစက္ကပ၀တ္တနသုတ်ကို ဟောကြားခဲ့ပါသည်။

ဓမ္မစက္ကပ၀တ္တနသုတ်၏ အဓိပ္ပါယ်မှာ တရားဒေသနာတည်းဟူသော ဘီးကိုလည်စေခြင်း၊ လှိမ့်ပေးလိုက်ခြင်းဟု အဓိပ္ပါယ်ရပါသည်။

တရားတော်ဟောကြားသည့် ၀ါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍညမထေရ် သောတာပန်တည်ခဲ့ပါသည်။ ထို့နောက် လပြည့်ကျော် ၁ရက် ၊ ၂ရက်၊ ၃ရက်၊ ၄ရက်များတွင် အရှင်ဝပ္ပထေရ်၊ အရှင်ဘဒ္ဒိယထေရ်၊ အရှင် မဟာနာမ်ထေရ်၊ အရှင်အဿဇိထေရ်တို့ အသီးသီးသောတာပန်တည်ကြပါသည်။

၅ရက်နေ့ အနတ္တလက္ခဏာသုတ်ကို ဟောကြားတော်မူသောအခါတွင်မူ ငါးပါးလုံး ရဟန္တာအဖြစ်သို့ရောက် တော်မူခဲ့ကြပါသည်။

ယနေ့သည် ၁၃၇၂ခု ဒုတိယ၀ါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ဖြစ်ပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဟောနေသော ဤပုံတော်ဖြင့်ပူဇော်ပါသည်။


ထူးမြတ်သည့်ကဆုန်လပြည့်နေ့  ညောင်ရေသွန်းလောင်းခြင်း

3 ယောက်ဆွေးနွေးချက်



ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့ ၏နေ့ ထူးနေ့ မြတ်ကြီးဖြစ်ပေသည်။

ထိုနေ့ ၏ ထူးခြားချက်များကား_

၁။ ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ အမည်ဖြင့် ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတ ဗျာဒိတ်ကို ကဆုန်လပြည့်နေ့ တွင်ခံယူခြင်း

၂။ မဟာသက္ကရာဇ်(၆၈)ခု ကဆုန်လပြည့်နေ့ တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓမင်းသားအား ဖွားမြင်တော်မူခြင်း

၃။ မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်း တော်သည် သဗ္ဗညုတညာဏ်တော် ရရှိတော်မူခြင်း

၎။ မဟာသက္ကရာဇ်(၁၄၈)ခု ကဆုန်လပြည့်နေ့ မလ္လာမင်းတို့ ၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ်လေသည်။

ထိုကဲ့သို့ ဘုရားရှင်၏အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့  အား“ဘုရားနေ့ ”့ဟုဗုဒ္ဓဘာသာဝင်အပေါင်းတို့ က အထွဋ်အမြတ်ထားကြလျှက် ဂေါတမဘုရား ရှင်သည် ဤနေ့ ဤအခါ၌ သဗ္ဗညုတရွှေညာဏ်တော်ကိုရတော်မူရန် အားထုတ်ရာတွင် အမှီပြု တော်မူသော ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသောကုသိုလ်ကောင်းမှုတို့ ကိုပြုကြကုန် သည်။ မြတ်စွာဘုရားကို အမှတ်ရကာ၊ ပူဇော်ခြင်းတစ်မျိုးဟု မှတ်ယူနိုင်ပါသည်။

ထိုသို့ အလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့ အဖို့ပျောက်ကွယ်သွားခြင်းမရှိပဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့ တိုင်းတွင် ညောင်ရေသွန်းပွဲများပြုလုပ်လျှက်ရှိကြသည်ကိုတွေ့  နိုင်ပေသည်။

ဗောဓိပင်ဆိုသည်ကို ယခင်က ဘုရားပွင့်တော်မူရာ ညောင်ပင်ဟုသာကျွန်မတို့ တစ်တွေ သဘောပေါက်မိသည်။ သို့ သော်အမှန်စင်စစ် ဗောဓိပင်ဟူသည် ဘုရားရှင်တို့ သဗ္ဗညုတ တည်း ဟူသော ဗောဓိညာဏ် တော်ရရန် အားထုတ်ရာ၌အမှီပြုသောအပင်များ (၀ါ) ဘုရားပွင့် တော်မူရာအပင်များဖြစ်လေသည်။ ထိုအပင်များကို ဌာနျူပစာအားဖြင့် ဗောဓိပင်ဟုခေါ်ဆို ကြခြင်းဖြစ်သည်။ ဂေါတမ ဘုရားအလောင်းတော်သည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ ဘုရားအဖြစ် သို့ရောက်တော်မူခဲ့ရာ၊ ထိုညောင်ဗုဒ္ဓဟေပင်ကိုဗောဓိညောင်ပင်ဟူ၍ခေါ်တွင်ခဲ့ကြလေသည်။


ဗုဒ္ဓအယူဝါဒီ ဘုရားဖူးများအတွက် ဗုဒ္ဓဂါယာ၌ အဓိကဖူးမြှော်ကြသော မဟာဗောဓိပင်သည် ပေတစ်ရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏အနောက်ဖက်တွင်ရှိသည်။ မြတ်စွာဘုရားသခင် ၏ဖွားဖက်တော်တစ်ပါးဖြစ်၍ သဗ္ဗုညုတရွှေညာဏ်တော်ကို ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင် ကားမဟုတ်ပေ။ သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္ကသည် ထိုဗောဓိပင်ကိုခုတ်လှဲ ဖျက် ဆီးခဲ့သည်။ သို့ သော် ထိုမဟာဗေဓိပင်၏အမြစ်နေရာမှပင်ပေါက်လာသည်။ ထိုဗောဓိပင် သည်လည်း ၁၁၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ၊ ထိုအချိန်ကမဟာဗောဓိစေတီကို ဗြိတိသျှ အစိုးရအမိန့် ဖြင့်ပြင်ဆင်မွန်းမံလျှက်ရှိသော ဆာ အယ်လက်ဇန္ဒာ ကန္နင်ဂမ်က မူလဗောဓိပင် နေရာ၌ လဲကျသွားသောပင်မကြီးမှ အကိုင်းတစ်ကိုင်းကို ပြန်၍စိုက်ထားခဲ့ရာ၊ ယခုဖူးတွေ့ ကြ ရသောဗောဓိပင်သည် ထိုဗောဓိပင်ပွားဖြစ်လေသည်။

ယခုနှစ် ၁၃၇၁ခုနှစ်ကဆုန်လပြည့်နေ့ ၊ ၂၀၀၉ခုမေလ၈ရက်( သောကြာနေ့ )တွင် ဗုဒ္ဓဘာသာ ၀င် အပေါင်းတို့  မြတ်စွာဘုရားရှင်အား အထွဋ်အမြတ်ထားသောအားဖြင့် ညောင်ရေသွန်းကာ ပူဇော်ဖို့ သတိပေးကာတိုက်တွန်းနိုးဆော်ရင်း ဤဆောင်းပါးအား ရေးသားလိုက်ရခြင်းဖြစ်ပါ သည်။

ရေးသားသူ။ မအနမ်း
ကျမ်းကိုး။ ။မြန်မာ့စွယ်စုံကျမ်းအတွဲ (၈)

လေးကျွန်းတစ်မြင့်မိုရ် စင်္ကြာရှင်ရုပ်ပွားတော်မြတ်

2 ယောက်ဆွေးနွေးချက်
လျှပ်စစ်မီးများပျက်နေခိုက် ဖူးတွေ့ ရစဉ် ဗုဒ္ဓရုပ်ပွားတော်ပုံ

ဘုရားလေးငယ်ငယ် ထူးခြားတယ်

2 ယောက်ဆွေးနွေးချက်


သည်ဘုရားပင့်ရခြင်း အကြောင်းစတင်ပြောရရင်၊ ကျွန်မ ညီမအကြောင်း စပြောရမှာပဲ၊ သူနဲ့ ကျွန်မက အထက်အောက် ညီမပေါ့။ သူ က လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်(လပေါင်း၂၀) လောက်က အနောက်နိုင်ငံ တစ်နိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။

ပထမတော့ အစ်မ၀မ်းကွဲကခေါ်တာဆိုတော့ အစ်မအိမ်မှာအတူနေတယ်ပေါ့။ နောက်ပိုင်း သူဖာသာကြိုးစား အလုပ်လုပ်ချင်တာကတစ်ကြောင်း၊ အမနဲ့ အဆင်မပြေတော့တာက တစ်ကြောင်းကြောင့်၊ သူတစ်ယောက် တည်း နေထိုင်နိုင်အောင် လုပ်ကိုင်ရပါတယ်။


သူရောက်တဲ့နိုင်ငံက မြန်မာလူမျိုးလည်း အင်မတန်နည်းပါတယ်။ အသိမိတ်ဆွေဆိုလို့ သူ့မှာ ရင်းရင်း နှီးနှီးနဲ့ ကူညီမယ့်သူ တစ်ယောက်မှမရှိတဲ့အချိန်၊ သူ့အတွက် တော်တော်လေး ဒုက္ခရောက်ခဲ့တယ် လို့ဆိုနိုင်ပါတယ်။ အမ ၀မ်းကွဲပေးတဲ့မုန့်ဖိုး ပိုက်ဆံလေးနဲ့ ဟိုယောင် ယောင် ဒီယောင်ယောင်ဖြစ်နေခဲ့ပြီး၊ အဲဒီနိုင်ငံရဲ့ ဘာသာစကားကလည်း ကျွမ်းကျွမ်းကျင်ကျင် မတတ်တာကြောင့် ဒုက္ခများစွာကိုကြုံနေခဲ့ရပါတယ်။ ကျွန်မတို့ကလည်း အဝေးကနေရတာကြောင့် ဘာကိုမှ အသေအချာမကူညီနိုင်ခဲ့ပါဘူး။ တတ်နိုင်သလောက်တော့ ကိုယ်သိရာ၊ ခင်ရာသူတွေ ဆက်ပေးခဲ့တယ်ဆိုပေမယ့်၊ သူရောက်နေတဲ့နိုင်ငံမှာက အသိမိတ်ဆွေ မရှိကြ ပါဘူး။


ကျွန်မအမေကတော့ ထုံးစံအတိုင်း သူ့အတွက် ဗေဒင်တွေမေး၊ ယတြာချေပေး၊ သက်သတ်လွတ် စားပေးရတာနဲ့ လျှောက်လုပ်ပါတော့တယ်။ မိခင်ဆိုတော့လည်း ဟုတ်တာမဟုတ်တာ အပထား လုပ် ပေးနိုင်တာတွေ အကုန်လျှောက်လုပ်ပေးတော့တာပေါ့။ အဲဒီကာလ အတောအတွင်း မှာပါပဲ၊ ကျွန်မ အစ်မ တစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်သူအိမ်မှာ ဘုရားတစ်ဆူပင့်တာ လှမ်းဖိတ် လို့ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ဘုရားက ထူးထူးဆန်းဆန်း နဲ့  ပုံတော်ကသေးသေးလေးပါ။ `လေးကျွန်းတစ်မြင့်မိုရ် စကြာင်္ရှင်` ရုပ်ရှင်တော်မြတ်ဘုရား လို့ ဘွဲ့တော်ပေးထားပါတယ်။


ဘုရားရဲ့ ရာဇ၀င်ကိုပြောရမယ်ဆိုရင်တော့ ၁၉၆၅ ခု ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တရုတ် နိုင်ငံနယ်စပ်တစ်နေရာမှာ အစိုးရတပ်နဲ့ သောင်းကျန်းသူတို့ တိုက်ပွဲဖြစ်လေရာ ပေ၅၀၀၀ ခန့် မြင့်သောတောင်ကုန်း တစ်ကုန်းကို တပ်မတော်ကသိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။ ထိုတောင် ကုန်းပေါ်မှာ အရိယာသူတော်စင်များသီတင်းသုံးနေသော တောကျောင်းကလေး တစ်ကျောင်းကို တွေ့ရပါတယ်။ တိုက်ပွဲအပြီး တပ်မတော်သားများ ကျောင်းပေါ်သို့ တက်ရောက်ခဲ့ရာ ကျောင်းပေါ်မှာ လူတစ်ဦး တစ်ယောက်မှ မတွေ့ရပဲ၊ ဗုဒ္ဓရုပ်ပွားတော်များနဲ့ အငွေ့ တစ်ထောင်း ထောင်း ထနေသော ကောက်ညှင်းပေါင်းတစ်ပန်းကန် ကိုသာထူးဆန်းစွာတွေ့ ရတယ်လို့သိရ ပြန်ပါတယ်။


အောင်ပွဲရတပ်မတော်သားများက ထိုကျောင်းဘေးတွင်၃ ညတာစခန်းချကြပါတယ်။ ပထမရက်မှာ ရှမ်းလိုလို၊ ကချင်လိုလို အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသမီး၆ဦး ကျောင်းပေါ်သို့တက်၍ ဘုရားပန်းလဲခြင်း၊ ဘုရားဝတ်ပြုခြင်းတို့ကို တပ်ကြပ်ကြီး ဆရာ တင်မြင့်က တွေ့ ရှိလိုက်ပါတယ်။ ထို့နောက် ၄င်းအမျိုးသမီးများနောက်သို့ နောက်ယောင်ခံ လိုက်ကြည့်ရာ တောတန်းအလွန်၌ အားလုံးပျောက်ကွယ်သွားပါတယ်။ ထိုညမှာပဲ ဆရာ တင်မြင့်အား ဗုဒ္ဓရုပ်ပွားတော်အား ပင့်ဆောင်ရန် အိမ်မက်ပေးခဲ့ပါတယ်။



ဒုတိယနေ့နံနက်မှာ အိမ်မက်အကြောင်း အရာရှိအားပြောပြပေမယ့်၊ အရာရှိက ကျောင်းပေါ် ကဘုရားများကို မယူဆောင်ရန် အမိန့်ရှိပါတယ်။ ဆရာတင်မြင့်ကိုယ်တိုင်ကလည်း များပြား သော ဘုရားများမှ မည်သည့် ဘုရားကိုပင့်ဆောင်ရမည် မသိဖြစ်နေပါတယ်။ ထိုညမှာတော့ ပင့်ဆောင်သွားရမည့်ဘုရားမှာ ရွှေရောင်တစ်ဝင်းဝင်းနှင့် ပုတီးတစ်ကုန်းချိတ်ထားသော ကျောင်းတိုင်တစ်လုံးအတွင်း၌ ကိန်းဝပ်စံပယ်နေသည့် ဘုရားဖြစ်ကြောင်း အိမ်မက် ဆက်၍ ပေးပါတယ်။


ထို့ကြောင့် တတိယနေ့တွင် ဆရာတင်မြင့်က အရာရှိသို့ ထပ်မံတင်ပြရာမှ ပူဇော်စေချင်လို့ အိမ်မက်၂ခါ ပေးတာဖြစ်မည်ဟုဆိုကာ အိမ်မက်အတိုင်း မှန်ပါကပင့်ဆောင်ပါဟု ခွင့်ပြုခဲ့ ပါတော့တယ်။ ထို့နောက် ဆရာတင်မြင့်အိမ်မက်ထဲက တွေ့ရသော ကျောင်းတိုင်အား သေနတ်လှံစွပ်ဦးဖြင့် ကလန့်၍ ဖွင့်လိုက်ရာ ယခုတွေ့ရသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရှမ်းဘာသာဖြင့် ရေးထားသော ပုရပိုဒ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ရှမ်းဘာသာတတ် ကျွမ်းသူ အား ပုရပိုဒ်ကိုဖတ်ခိုင်းကြည့်ရာ ဤရုပ်ပွားတော်မြတ်သည် အလွန်တန်ခိုးကြီးကြောင်း၊ ဤဘုရားအား ရေသပ္ပါယ်ပြီး ရေကိုသောက်သုံးခြင်းဖြင့် ရောဂါဝေဒနာများ ပျောက်ကင်း ကြောင်း၊ အန္တရာယ်ကင်းနိုင်ကြောင်းနှင့် ဤဗုဒ္ဓရုပ်ပွားတော်အား ရဟန္တာတစ်ပါး၊ ဆံရှည် ရသေ့တစ်ပါး၊ ပိတ်ဖြူဝတ်လေးကျွန်းစကြာင်္ ၀ိဇ္ဇာလေးပါးမှ တစ်ပါး စောင့်ရှောက်ကြောင်း စသည်တို့ သိရပါတယ်။



တပ်ကြပ်ကြီးတင်မြင့်က ဘုရားကိုပင့်ဆောင်လာပြီး မိဘများထံကိုးကွယ်စေရာ၊ မိမိအိမ်သို့ ပင့်ဆောင်ကိုးကွယ်ပါဟု အိမ်မက်ပေးပြန်ပါတယ်။ အိမ်သို့ ပင့်ဆောင်ပူဇော်စဉ် ဆရာတစ်ဦးမှ မိမိအား ကိုးကွယ်ခွင့်ပြုပါဟုဆိုသဖြင့် ယာယီပူဇော်ခွင့်ပြုကာ၊ ၇ရက်အကြာမှာ ဘုရားအား မူလဒကာသို့ ပြန်လည်ပို့ဆောင်ရန်၊ တစ်ဦးတစ်ယောက်တည်းကိုးကွယ်ရန်မဟုတ်၊ ၇ရက် သားသမီး များကိုးကွယ်ရန် အိမ်မက်ပေးသဖြင့် ပြန်လည်ပို့ဆောင်ရပြန်ပါတယ်။ ထို့ကြောင့် မူလဒကာ တပ်ကြပ်ကြီးဦးတင်မြင့်အိမ်မှာပဲ ယာယီကိန်းဝပ် စံပယ်၍ ၇ရက်သားသမီး အိမ်များ သို့ ဒေသစာရီကြွချီလျှက်ရှိပါတယ်။ သို့ပေမယ့် ယခုတော့ တပ်ကြပ်ကြီး ဦးတင်မြင့်ဆိုသူမှာ ရဟန်းဘ၀သို့ ကူးပြောင်းရောက်ရှိနေပြီဖြစ်ပြီး၊ သထုံမြို့ ( ) တောင်ပေါ် မှာပဲသီတင်းသုံးကာ၊ နေထိုင်ပါတော့တယ်။ ဗုဒ္ဓရုပ်ပွားတော်ကိုကား ယုံကြည်ရသူ ဒကာမ တစ်ဦးထံအပ်နှံကာ ၇ရက်သားသမီးများကို လှည့်လည် အပူဇော်ခံစေပါတယ်။



ကျွန်မ ထိုဗုဒ္ဓရုပ်ပွားတော်ကို သွားရောက်ဖူးမျှော်ဖြစ်တော့ ညီမဖြစ်သူ အတွက်ဓိဌာန်ပြီး ဆုတောင်းမိခဲ့ပါတယ်။ ကျွန်မ ညီမအဆင်ပြေပြေနေထိုင်နိုင်ပါက ဗုဒ္ဓရုပ်ပွားတော်အား ပင့်ဆောင်ပူဇော်နိုင်ရပါလို၏။ ကျွန်မသည်လို ဆုတောင်းပြီး ဓိဌာန်ခဲ့ပါတယ်။ အသားများ၊ အသွေးများ စားသောက်ခြင်းကိုရှောင်ကြဉ်ပြီး၊ နေ့နံအလိုက် ဘုရားရှိခိုးနည်းကို ၁၀၈ခေါက် ရွတ်ရပါတယ်။


တစ်နေ့ သုံးကြိမ် ရွတ်ဆိုပွားများရပါတယ်။ မနက်အိပ်ယာထ တစ်ကြိမ်၊ နေ့လည် မွန်းတည့်ချိန် တစ်ကြိမ် နဲ့ ညအိပ်ယာဝင်ချိန် တစ်ကြိမ်ဖြစ်ပါတယ်။ ဘုရားဖူးပြီးနောက် လစဉ်တိုင်း ကျွန်မ ဓိဌာန်ပြုလုပ်ခဲ့ပါတယ်။ ဆုကတော့ ကျွန်မဓိဌာန်ထားတဲ့ ဆုတစ်ဆုကိုပဲတောင်းဆိုပါတယ်။ အဲဒီအတောအတွင်းမှာတော့ ကျွန်မ ညီမဆီကဆက်သွယ်လာမှုကိုပဲ နားစွင့်ခဲ့ရတာပေါ့။ ကျွန်မရဲ့ညီမ အဆင်ပြေပါ့မလား ဆိုတာကိုပဲ မျှော်လင့်စောင့်စားနေရပါတယ်။ သူနေတဲ့ နိုင်ငံကလည်း လူတိုင်းကွန်ပျူတာကိုယ်စီရှိကြတဲ့ သူဌေးနိုင်ငံ ဆိုတော့ ကွန်ပျူတာမရှိတဲ့ သူ့မှာ မေးလ်ပို့ဖို့တောင် စာကြည့်တိုက်ကို သွားရပါတယ်။


ဒီလိုနဲ့ တစ်လကနေတစ်လ အင်တာဗျူးတွေဖြေဆိုကာ နောက်ဆုံးအဆင့်အထိ အောင်မြင်မှု ရသွားခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှုလည်းပါပါတယ်။ ကိုယ်တစ်ယောက်တည်း ဓိဌာန်လို့ ရတယ် မဆိုလိုပါဘူး။ သို့ ပေမယ့် ထူးခြားတာတော့ ထူးခြားပါတယ်။ အဲဒီနောက် ဗုဒ္ဓရုပ်ပွားတော်ကို ဆုတောင်းပြီး လျှောက်ထားကာ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ဓါတ်ပုံကလည်းထူးခြားပါတယ်။ သုံးပုံ ရိုက်တာမှာ တစ်ပုံကိုတစ်မျိုးစီ ထူးခြားစွာမြင်တွေ့ရပါတယ်။ တစ်ပုံက ညာဖက် မျက်လုံးတော် ပွင့်ခြင်း၊ ဒုတိယပုံက ရောင်ခြည်တော်ကွန့် မြူးခြင်းနဲ့ တတိယပုံတော်ကတော့ ရုပ်ပွားတော်ရဲ့ ရင်ဘတ်တော်မှာ ၀တ်ဖြူစင်ပုဂ္ဂိုလ် တည်ရှိနေခြင်းတို့ပါပဲ။ ကျွန်မ ညီမကိုရည်စူးတာကြောင့်၊ သူ့ ရဲ့မွေးနေ့ ဒီဇင်ဘာ၁၀ ရက်နေ့ ကိုပဲရွေးချယ်ကာ ပင့်ဆောင်ပူဇော် လိုက်ပါတယ်။



လေးကျွန်းတစ်မြင့်မိုရ်စကြာင်္ရှင်ရုပ်ပွားတော်ရဲ့ အံ့ဖွယ်ကိုးပါးရှိပါတယ်။

(၁) ရုပ်ပွားတော်သည် မျက်လွှာချ၍လည်းကောင်း၊ မျက်လုံးတော်ဖွင့်၍လည်းကောင်း၊

ပြုံး၍လည်းကောင်းအကြည်ညိုခံကာ တစ်ခါတစ်ရံ ရယ်၍အပူဇော် ခံခြင်း

(၂) ရုပ်ပွားတော်အား အာရုံပြုနေသူများသည် တစ်ခါတစ်ရံ တစ်ဆူမှနှစ်ဆူ၊ နှစ်ဆူမှ သုံးဆူပွား၍ ဖူးတွေ့ ရခြင်း(၃) ဓါတ်ပုံရိုက်မှတ်တမ်းတင်ရာတွင် ရိုက်ကူးသူ၏ယုံကြည်မှုအပေါ် ပုံမထင်ရှားခြင်း၊ မျက်နှာတော်မပေါ်ခြင်း၊ ထူးခြားသော ဓိဌာန်သူများအတွက် အံ့သြထူး ခြားသောပုံတော်များရခြင်း

(၄) ရုပ်ပွားတော်၏ယာဖက်လက်သန်းတော်၊ နှာဖျားတော်၊ ဦးခေါင်းတော်တို့ အား၊ ရွှေသင်္ကန်းကပ်လှူ၍မရခြင်း

(၅) မသန့် ပြန့် သော အတိုက်အခိုက်ရှိသောအိမ်များသို့ ပင့်ဆောင်ပါက ရုပ်ပွားတော်မြတ်လည်သွားခြင်း၊ ကျောခိုင်းတတ်ခြင်း

(၆) ရောင်ခြည်တော်ကွန့် မြူးခြင်း၊ ကိုယ်လုံးတော်ဝယ် နီသော၊ ၀ါသော၊ စိမ်းသောရောင်ခြည်များ ဖူးတွေ့ ရခြင်း

(၇) သောက်တော်ရေ နှင့် အချိုရည်များကပ်လှူရာတွင် ဆူပွက်လာခြင်း။ ချိုးရေတော်ကို ဓိဌာန်ပြုကာသောက်သုံးပါက ရောဂါမျိုးစုံပျောက်ကင်းခြင်း

(၈) ရုပ်ပွားတော်အား ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များလာရောက်ဖူးမြှော်ခြင်း

(၉) ရုပ်ပွားတော်အား ဓိဌာန်ပြု ဆုတောင်းလုပ်ကိုင်ကြသော လောကီကိစ္စအများစု ပြည့်ဝခြင်း တို့ ဖြစ်ပါတယ်။



ဗုဒ္ဓရုပ်ပွားတော်အား ယုံကြည်စွာကိုးကွယ်သူ တို့ အား အထက်ပါအံ့ဖွယ်ကိုးပါး မှတစ်ပါးပါး ကိုတော့ ထူးထူးခြားခြား မြင်တွေ့ နိုင်မှာဖြစ်ပါတယ်။

ဒါကတော့၊ ထိုဘုရားရဲ့ ဆောင်ပုဒ်လေးပါ။

ဘုရားလေးငယ်ငယ်

ဆုတောင်းပြည့်တယ်

ငယ်သာငယ် ကယ်ဆယ်မယ့်ဘုရား

ကပ်ကျော် လာဘ်ခေါ်ထူးတာမို့ 

အဓိဌာန် စိတ်အကြံဦးရအောင်

ဖူးကြအများ။


မှတ်ချက်။ ။ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း သက်တော်ထင်ရှားမြတ်စွာဘုရားကဲ့သို့ ဖူးမြော်ပြီး မိမိတို့လုပ်အပ်သည့် ကိစ္စတို့ကို လည်း လုပ်ကိုင်မှသာ အကျိုးသက်ရောက်မှုရှိမှာပါ။

ဗုဒ္ဓပုံတော်

0 ယောက်ဆွေးနွေးချက်

ဒီပုံလေးကိုလည်း မနည်းကြိုးစားပမ်းစားနဲ့ တင်ရတာပါပဲ။
ကျွန်မတို့ရဲ့ မြတ်စွာဘုရားရှင် တာဝတိံသာမှာ မယ်တော်မိနတ်သားကို ၀ါတွင်းသုံးလ အဘိဓမ္မာ ခုနှစ်ကျမ်းတရားဟောပြီး၊ လူ့ပြည်ကို ပြန်လည်ကြွမြန်းလာချိန် သီတင်းကျွတ်လပြည့်နေ့ ပုံတော်ပါပဲ။
သူငယ်ချင်း မိတ်ဆွေတို့ ပူဇော်နိုင်ကြဖို့ပါ။