ကျေးဇူးကြီးပေ တို့မေမေ


အဖေဆုံးတော့ ကျွန်မတို့အားလုံးက ကျောင်းသား/သူအရွယ်တွေသာဖြစ်ပါသေးတယ်။ အမေက အဖေမရှိတဲ့ အချိန်မှာ နောက်အိမ်ထောင်ပြုလို့ရသေးတဲ့ အရွယ်ပေမယ့် ကျွန်မတို့ရှေ့ရေးကိုကြည့်ပြီး တစ်ယောက်တည်း နေထိုင်ခဲ့ပါတယ်။ အမေက ကျောင်းဆရာမပါ။ ဒါကြောင့်လည်း ကျွန်မတို့ကို ကျောင်းဆက်ထားနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က အမေလည်း ကျောင်းဆရာမအလုပ် မလုပ်တော့ပါဘူး။ အလုပ်ဆိုလို့ လိုင်းကားလေးတစ်စီးသာထောင်ပြီး ရန်ကုန်နဲ့ပြည် ကိုပြေးဆွဲပါတယ်။ အဖေရှိကတည်းက အဖေလုပ်ခဲ့တဲ့ အလုပ်ပါ။ ၈၈ခုနှစ် နောက်ပိုင်း အဖေလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ဒီအလုပ်လေးကို ၀င်ငွေရဖို့ လုပ်ကိုင်ခဲ့တာပါ။ အဖေကိုယ်တိုင် ရန်ကုန်-ပြည် ခရီးစဉ်ကို လိုက်သွားလေ့ရှိပါတယ်။ မကြာပါဘူး အဖေလည်း သွေးတိုးရှိတာကြောင့် ဦးနှောက်သွေးကြော ပြတ်ကာ အိပ်ရင်း သေဆုံးသွားခဲ့ပါတော့တယ်။


အဖေမရှိတဲ့အခါ အမေကပဲ မိန်းခလေးတန်မဲ့ ဒီအလုပ်ကို ဦးဆောင်လုပ်ကိုင်လာရပါတယ်။ အဲဒီလိုနဲ့ ကျွန်မတို့ကို ကျောင်းထားပေးခဲ့ရတယ်။ ကျောင်းလခနဲ့ကျူရှင်ဖိုးအပြင် သား/သမီးများကို မုန့်ဖိုးကောင်းကောင်း မပေးနိုင်ခဲ့ပါဘူး။ ၈၈ခုနှစ်နောက်ပိုင်း ကာလများမှာ အဖေကမရှိ။ စီးပွားရေးတွေကကျဆင်း အလုပ်အကိုင်တွေ ကမောက်ကမမို့ အဲဒီအချိန်ကာလတွေမှာ အမေနဲ့ကျွန်မတို့လည်း အတော်လေး ဒုက္ခတွေ့ကြရပါတယ်။ ကိုယ်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပါပဲ၊ အဲဒီတုန်းက ကျွန်မတို့မိသားစု အခက်အခဲကို ဘယ်သူမှသေချာသိနိုင်မယ် မထင်ပါ ဘူး။


အမေက ကျွန်မတို့ကို ပညာရေးတော့ အပြည့်အ၀ပေးချင်တာကြောင့် ကားအရောင်းအ၀ယ်လည်း မိန်းမတန်မဲ့ လုပ်ခဲ့သလို၊ နယ်စပ်တစ်နေရာထိ စီးပွားရေးလုပ်ဖို့ သူ့တပည့်များနဲ့ လိုက်သွားခဲ့ဖူးပါသေးတယ်။ ဒါတွေက အိမ်ထောင်ဦီးစီး ဖြစ်တဲ့ အဖေမရှိတော့တဲ့နောက် အမေ့ရဲ့ရုန်းကန်မှုတွေပါ။ အဖွားကသိတော့မှ အမေ့ကို တားမြစ်ပြီး ဘာမှမလုပ်ခိုင်းပဲ သူနဲ့သာ အတူနေစေပါတယ်။ အဖွား (အမေအရဲ့ အမေ) က ပိုက်ဆံရှိလူတန်းစားမို့ အမေနဲ့ကျွန်မတို့ကို သူ့အိမ်မှာနေစေပြီး ကျွေးမွေးထားလို့သာ အမေ့အတွက် အနည်းငယ်သက်သာရာရခဲ့တယ် ဆိုရပါမယ်။ ဒါပေမယ့်လည်း အမေ့မှာ ကျွန်မတို့ကျောင်းစရိတ်အတွက် အဖေနဲ့ကတည်းက စုဆောင်းထားတဲ့ ရွှေတိုရွှေစတွေကို ရောင်းချရတော့တာပေါ့။


အမေက စိတ်ဓါတ်ကြံခိုင်သူ တစ်ဦးပါ။ အဖေရှိစဉ်ကတည်းက အမေက အရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိလို့ အဖေကတောင် အမေ့ကို ဦးစားပေးပြီး မေးမြန်းလုပ်ကိုင်တတ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ကို အမေက စိတ်ဓါတ်မကျပဲ ယခုထိ ကျွေးမွေးပြုစုလာနိုင်ခဲ့တာပေါ့။


အမေနဲ့ ကျွန်မတို့က တစ်ခါတစ်လေ ညီအစ်မတွေလိုပါပဲ။ အမေက ကျွန်မတို့ကို ညီအစ်မတွေလို ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံပါတယ်။ ပွင့်ပွင့်လင်းလင်းလည်းပြောတတ်တယ်။ ဆူစရာရှိ ဆူသလို ရယ်စရာရှိရယ်တတ်တယ်။ ဆရာမဖြစ်တဲ့အတွက် စည်းကမ်းတော့တော်တော်ကြီးတယ်။ ကျွန်မတို့ငယ်ငယ်ကတည်းက ထမင်းပန်းကန် ဟင်းပန်းကန်၊ ရေခွက် စတာတွေကို တစ်ယောက်တစ်ရောင်စီ သတ်မှတ်ပေးထားသလို၊ ထမင်းစားရင် အသားဟင်း တတုံးပဲ စားရပါတယ်။ ထမင်းကတော့ ကိုယ်စားနိုင်သလောက်ပေါ့။ အပိုတော့မဖြစ်စေရပါဘူး။


ကျွန်မတို့ ညီအစ်မတစ်တွေကလည်း အဖေမရှိတဲ့နောက် အမေ့ကိုပဲ မှီခိုအားထားရပြီး၊ အမေ့ကိုပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ကြပါတယ်။ ကျွန်မရဲ့ညီအစ်မနှစ်ယောက်ကဆို သူတို့ကို ချစ်ကြိုက်ကြတဲ့သူတွေအကြောင်းကိုပါ မချွင်းမချန်ပြောလေ့ရှိကြတယ်။ ကျွန်မကတော့ သူတို့လောက်မပွင့်လင်းခဲ့ဘူး။ အချို့ကိစ္စတွေဆို လျို့ဝှက်တတ်တယ်။

ဘာရယ်မဟုတ်ပါဘူး။ အားလုံးကို ပြောနေစရာမလိုဘူးလို့ထင်လို့ပါ။


တစ်ခါတစ်လေ အမေနဲ့ ကျွန်မသဘောထားတွေ ကွဲလွဲတတ်တယ်။ ကျွန်မတို့တစ်တွေ ကို အမေက သံယောဇဉ် အတော်ကြီးပါတယ်။ ကျွန်မတို့ ဖြစ်ချင်သမျှ အရာအားလုံးကို လိုက်လံဖြည့်ဆည်းပေးသလို၊ ဖြစ်လာသမျှကိုလည်း ဖြေရှင်းပေးတတ်ပါတယ်။ ကျွန်မတို့တစ်တွေကလည်း ဒီအမေ တစ်ယောက်တည်း သာရှိတော့တာမို့ အမေကို တန်ဖိုးထားကြပါတယ်။ တစ်ခါတစ်ရံ မိဘနဲ့သားသမီး အဆင်မပြေတာ ရှိကြတယ်ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် အမေဟာ ကျွန်မတို့အတွက် အားထားရာ အလေးထားရာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရှင်သန်နေမယ် ဆိုတာကတော့ ပြောဖို့မလိုအောင်ပါပဲ။


အမေများနေ့အတွက် အမှတ်တရ အမေ့အကြောင်းရေးသားခြင်းပါ။

15 ယောက်ဆွေးနွေးချက်:

ကိုဇော် said...

အမေကို ချစ်တဲ့ သူတွေမို့လို့ ခံစားမိပါတယ်ဗျာ။

လသာည said...

မအနမ်းရဲ့ အမေ့အကြောင်းကို လေးလေးစားစားဖတ်သွားပါတယ်။
အတူတူပဲ တို့မေမေလည်း အဲလိုပဲ..

မြန်မာပြည်ကိုလွမ်းတယ် said...

မအနမ်းရဲ့အမေကသတ္တိရှိပြီး..အမျှော်အမြင်ကြီး
တဲ့မိခင်တစ်ယောက်ပဲနော်..ကောင်းကင်မှာလ
ရောင်ရှိနေသေးတာကံကောင်းပါတယ်..။မအနမ်း
ရဲ့မေမေအသက်ရာကျော်ရှည်ပါစေလို့ဆုတောင်း
ပေးခဲ့ပါတယ်

တောသားလေး said...

အစ်မ ရေ အမေနေ့မှာ အစ်မရဲ့အမေအကြောင်းကို
လေးစားစွာဖြင့်ဖတ်သွားပါတယ်ခင်ဗျာ။
အစ်မတို့ မိသားစုလေး ပျော်ရွင်ချမ်းမြေ့ပါစေ။
ခင်မင်လျှက်
တောသားလေး

ညလင်းအိမ် said...

ခံစားမိပါတယ်ဗျာ ...

kiki said...

အမေ ရှိနေသေးတုန်း အမေ့ ကျေးဇူး ပြန်ဆပ် နိုင်ပါစေ .......( ပြောစရာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြော ပါ .... အထင်လွဲ တယ်/ အထင်လွဲ ခံရတယ် ၊ ဆိုတာ ကောင်းတဲ့ လက္ခဏာ မဟုတ် .. )

ကမ္ဘာပေါ်ရှိရှိသမျှ အမေအားလုံး ကျန်းမာချမ်းသာ ပြီး ချမ်းမြေ့ ပျော်ရွှင် နေနိုင်ကြပါစေ....

Nge Naing said...

သားသမီးတိုင်းမှာ အမေတွေအတွက် အမှတ်ရစရာ တခုခုတော့ ရှိနေမှာ သေချာပါတယ်။

ကိုလူထွေး said...

အခုတော့ အဖေလည်း အမေ
အမေလည်း အမေဖြစ်နေတော့
ကျေးဇူးတရားက အမြဲတမ်း နှဆ ဖြစ်နေတော့တာပါ့...
မိဘကျေးဇူးကို ဆထက်ပိုပြီး ပေးဆပ်နိုင်ပါစေ...

းဝ)

အဖြူရောင်နတ်သမီး said...

ရောက်ခဲ့ပြန်ပြီ
“အမေများနေ့”..တဲ့လေ
အမေလွမ်းကဗျာ..
အမေလွမ်းစာတွေ...
ပလူပျံနေတဲ့..“ဒီနေ့”
လွမ်းတယ် အမေ...
ရယူခြင်းဆိုတာ ...အမေ မသိ
ပေးဆပ်ခြင်းအတိကိုသာပိုင်ဆိုင်သည့်
တုနှိုင်းစရာမရှိတဲ့
“မာတာ အမိ”

Flower said...

လေးစားဖွယ် အမေတစ်ယောက်အကြောင်းကို လာဖတ်သွားပါတယ်..
အမေတွေဟာ နမူနာယူစရာ စံပြမေတ္တာရှင်တွေပါဘဲနော်..
အမေအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

သဒ္ဓါလှိုင်း said...

ကျေးဇူးကြီးလှတဲ့အမေအကြောင်းဖတ်သွားခဲ့ပါတယ်။
အဝေးကသားသမီးတွေအတွက်တော့လွမ်းစရာတွေပေါ့။
မိခင်များအားလုံးကျန်းမာရွှင်လန်းပါစေ...
ခင်တဲ့
သဒ္ဓါ

သုခုမလေဒီ said...

အမေများနေ့ အမှတ်တရ ကွန်မန့်ပေးခဲ့သူများအားလုံးကို ကျေးဇူးပါ။ အဖြူရောင်နတ်သမီးရဲ့ ကဗျာလေးအတွက် လည်းကျေးဇူးပါ နတ်သမီးရေ...။

မိုးစက်အိမ် said...

အမအမေလည်းတကယ်ကိုလေးစားထိုက်တဲ့ မိခင်
တစ်ဦးဆိုတာ ဒီပို့ စ်လေးကသက်သေပါဘဲဗျာ
အမလည်း အမအမတွေလို ပွင့်ပွင့်လင်းလင်းမပြော
ဘဲ ဥ ထားလို့ ထင်တယ် ခုထိအပျိုကြီးဖြစ်နေတာ
ဟီးးးးးးးးး မှန်တယ်ဟုတ် အနော်ဟောတာ ဟောခ
ကတော့ သိပ်မကျပါဘူး $ နဲ့ ဘဲဖြစ်သလိုရှင်းပေး
လိုက် ဟီးးးးးးးး

thaingarra said...

လူမှန်း သိတတ်စ ဘယ်ဟုတ်လိမ့်မလဲ ...

လူဆိုး” မှန်း သိတတ်စ ပါ ဗျာ ... :)

အမေ အကြောင်း ပြောကြရစတမ်း ဆို ...

လူတိုင်းလို မှာ ဒီလို မကုန်ခမ်းနိုင်အောင်

အကြောင်းတရားတွေ များတတ်မြဲပါလား ... :)

ဝက်ဝံလေး said...

အမ ရေ
အမ အမေအကြောင်းလေး လာဖတ်သွားတယ်နော်
ပျော်ရွှင်ပါစေ မ ရေ