ဆုံခဲ့ရတဲ့ ကျောင်းဆရာလေးတစ်ယောက် အကြောင်း

ဒီတစ်ခေါက်ဆေးရုံရောက်တော့ ကျောင်းဆရာလေးတစ်ယောက်နဲ့ ဆုံခဲ့ရတယ်။ မြောင်းမြမြို့ က မူလတန်းနဲ့ တွဲဖက်အလယ်တန်းပြ ကျောင်းဆရာလေးတစ်ယောက်ပါ။ ကျောင်းဆရာလေး သာဆိုတယ် အသက်က ၂၂နှစ်သာသာလေးရှိသေးတယ်။ ကျွန်မတို့တုန်းက အဲဒီအရွယ်ဆို ပျော်လို့ကောင်းတုန်းပေါ့။ ခုခေတ်ကလေးတွေ ၂၀ကျော်လေးနဲ့ အလုပ်ကိုယ်စီ ကြိုးစားလုပ် ကိုင်နေကြတာသိရတော့ ၀မ်းသာမိသလို အားကျမိပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ အဲဒီ အရွယ်ကိုကျော်လွန်ခဲ့ပြီလေ။


အသက်၂၂နှစ်သာရှိသေးတဲ့ ကျောင်းဆရာလေးမှာ မွေးချင်းညီအစ်ကိုမောင်နှမ ၇ယောက်ရှိ ပါတယ်။ အကြီးဆုံးအစ်မဖြစ်သူမှာ ယောကျာင်္းနဲ့ သမီးလေးတစ်ယောက်ရှိတယ်။ ဒါပေမယ့် သူတို့မိသားစုက လပွတ္တာမြို့မှာ ယောက္ခမဖြစ်သူများနဲ့ အတူတူနေကြပြီး၊ ၂၀၀၈ခုနှစ်က မမျှော်လင့်တဲ့ နာဂစ်မုန်တိုင်းဒါဏ်ကြောင့် မိသားစုအားလုံး သေဆုံးကုန်ကြတယ်လို့ဆိုတယ်။ ကံတရားဆိုတာ ကြိုမမြင်နိုင်ဘူးကိုး။ ကျောင်းဆရာ ကောင်လေးတို့ မိသားစုအတွက် စိတ် မကောင်း ဖြစ်မိတယ်။


သူ့အစ်ကို၂ယောက်ကတော့ မြောင်းမြမြို့မှာပဲ အိမ်ထောင် ကိုယ်စီရှိကြတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးက အသောက်အစားရှိတာကြောင့် သူတို့ရှာသမျှလစာ သူတို့ဖြုန်းသလို ဖြစ်နေတာပေါ့။ ဒါကြောင့် မိဘနဲ့မောင်နှမများကို မထောက်ပံ့နိုင်တဲ့အပြင် ဖြစ်လာသမျှ ပြဿနာပေါင်းစုံကိုလည်း ညီဖြစ်သူ ကျောင်းဆရာလေးက လိုက်လံဖြေရှင်းပေးနေရတယ်။


ဒီလိုဆိုတော့လည်း မိသားစုအရေးကြုံခိုက်မှာတောင် အစ်ကိုနှစ်ယောက်ကို အားကိုးလို့မရ ဘူးဆိုတာ သိနိုင်ပါတယ်။ ကျောင်းဆရာလေး တစ်ယောက်ကသာ ည်ီမ၂ယောက်နဲ့ အတူ မိဘများနဲ့ နေထိုင်ပြီး မိသားစုတစ်ခုလုံးကို အလုပ်အကျွေးပြုနေရပါတယ်။ အဖေကလည်း လေဖြတ်လို့ ကိုယ်တစ်ပိုင်းသေပြီး အိပ်ယာထဲလဲနေပါတယ်။ ဘာမှမလုပ်နိုင်မကိုင်နိုင်တဲ့ အခြေအနေမှာ အဖေကိုယ်တိုင် သားဖြစ်သူ ကျောင်းဆရာလေးကိုပဲ အားကိုးအားထားပြုနေ ရတယ်ဆိုတာသိတော့ ပိုပြီးစိတ်မကောင်းဖြစ်ရပြန်တယ်။


ကျောင်းဆရာလေးကို အားထားနေရတဲ့ မိသားစုလေးက ခုတော့ ကျောင်းဆရာလေးရဲ့ ရိုးတွင်းခြင်ဆီအားနည်းနေတဲ့ ရောဂါကြောင့် ကမောက်ကမ ဖြစ်ကုန်ကြပြီထင်ပါရဲ့။ လေဖြတ် သူဖခင်ကြီးကို ခုနှစ်တန်းကျောင်းသူ ညီမအငယ်ဆုံးလေးနဲ့ ထားခဲ့ရပြီး၊ မိခင်နဲ့ ဆယ်တန်း ကျောင်းသူ ညီမတစ်ယောက်ကတော့ ကျောင်းဆရာကောင်လေးနဲ့အတူ ဆေးရုံကို လိုက်လာ ခဲ့ရတယ်ဆိုတာ မြင်ရုံနဲ့သိပါတယ်။ ရန်ကုန်မြို့မှာ ဆွေမျိုးမရှိရင် ဆေးရုံတက်ဖို့ အင်မတန် ခက်ခဲပါတယ်။ တည်းတော့ ဘုန်းကြီးကျောင်း၊ စားတော့ လမ်းဘေးဆိုင်က ၀ယ်စားကြရတာ ကို ကျွန်မ သိနေလို့ပါ။ ရန်ကုန်မြို့မှာ ဆေးကုဖို့အတွက် တော်ရုံဝင်ငွေ ရှိတဲ့သူမျိုးတောင် မလွယ်ပါဘူး။ စားစရိတ်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုလာတာကြောင့် ငွေလုံလုံ လောက်လောက်မရှိသူများအဖို့ အခက်အခဲတွေချည်းပါပဲ။ ကျောင်းဆရာကောင် လေးလည်း အခုဆိုရင် သူရှာခဲ့တဲ့ ၀င်ငွေတွေက သူနဲ့ သူ့မိသားစုအတွက် လုံလောက်နိုင်တော့မယ် မထင်ပါဘူး။ ညီမလေး ၂ယောက်ကိုတောင် ကျောင်းကထွက်ခိုင်းလိုက်ရပြီး သူ့ရောဂါကို ကုသနေရတာလို့ပါပဲ။


အရင်ကတော့ ကျောင်းဆရာလေးက ကျောင်းလခအပြင် စာအုပ်အငှားဆိုင်လေး ဖွင့်ထား တာကြောင့်၊ မိဘ၂ဦးကိုလုပ်ကိုင်ကျွေးမွေးရုံမက ညီမ၂ယောက်ကို ကျောင်းထားပေးနိုင်ခဲ့ပါ တယ်။ ကျောင်းဆရာလခထက် စာအုပ်ငှားရတဲ့ဝင်ငွေက အထောက်အကူပြုခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ဘ၀ကို သူ့မိသားစုအတွက် ပေးဆပ်နေရတာကို သူကိုယ်တိုင်ကျေနပ်နေခဲ့ပြီး ဘ၀ကို အရှူံးမပေးပဲ ကြိုးစားနေတဲ့ လူငယ်လေးတစ်ဦးဆိုတာ သူ့ရဲ့တက်ကြွနေတဲ့ စကားလုံးတွေက တဆင့် ဖော်ပြနေပါတယ်။ သူ အခုလိုဖြစ်ရတာကို အားမလိုအားမရ ဖြစ်နေပုံပါပဲ။ ဟုတ်မှာ ပေါ့လေ၊ သူက ငယ်ရွယ်သေးတဲ့ လူငယ်လေးတစ်ယောက်ပဲ။ သူတို့ရဲ့ အနာဂတ်ဆိုတာ အဝေးကြီးလို့ ထင်နေအုံးမှာပေါ့။ သူတို့အတွက် နောက်ထပ် အများကြီး ကြိုးစားနိုင်သေးတာ ပဲလို့ သူလည်း မျှော်လင့်နေအုံးမှာအမှန်ပါ။


လွန်ခဲ့တဲ့ ငါးလလောက်ကစပြီး သူ ဒီဆေးရုံကိုရောက်လာကာ ကျန်းမာရေးစစ်ဆေးချက်တွေ လုပ်ခဲ့ရပါတယ်။ အဖြေထွက်လာတော့ ရိုးတွင်းခြင်ဆီအားနည်းတဲ့ ရောဂါပါတဲ့။ အဲဒီနောက် သွေးသွင်းနေရတဲ့ လူနာတစ်ယောက် ဖြစ်လာခဲ့ရတယ်။ “ဘယ်လိုက ဘယ်လို ဒီရောဂါက ရုတ်တရက် ဖြစ်လာတယ်မသိဘူးဗျာ” ဆိုတဲ့ သူ့စကားသံ ကြားမိတဲ့အခါ သူ့ကို ကျွန်မ အားပေးမိပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို တောင် အားမရဖြစ်နေမိတတ်တဲ့ ကျွန်မက သူ့ကို စိတ်ဓါတ်မကျဖို့ အားပေးမိခဲ့တယ်။ သူရောဂါ သက်သာစေဖို့လည်း အမှန်တကယ်ကို လိုလားမိတယ်။ သူ့မိသားစုရဲ့ ကံတရားကလည်း ဘာလို့ ဒီလောက်တောင် ဆိုးရသလဲလို့ တွေးရင်း စာနာမိသလို၊ ကိုယ်ထက်ဆိုးတဲ့ သူတွေရှိနေပါသေးလားလို့ မျက်ဝါးထင်ထင် သိမြင်ခွင့်ရလိုက်တယ်။ ဒါကြောင့် အမေက ပြောဖူးတယ် ကိုယ့်အထက်က သူတွေကို မကြည့်နဲ့တဲ့ ကိုယ့်အောက် က လူတွေကိုသာကြည့်တဲ့၊ ဒါနဲ့တင် ကိုယ်က သူတို့ထက်တော့ သာသေးပါလားဆိုတာ သိမြင်လာမယ်တဲ့။ ဒါမှလည်း လူဆိုတာ ကျေနပ်မှုလေးရှိလာမယ်ပေါ့။ ကျွန်မတို့ မကျေနပ်မှုလေးတွေ ရှိရင် အမေဆုံးမ ခဲ့တာပါ။ (အဲဒီစကားကို တစ်ခါက ရုပ်ရှင် မင်းသားကြီး မောင်သင် ကိုယ်တိုင်ပြောခဲ့ဖူးတာလို့ ဆိုပါတယ်)


ကျွန်မနဲ့ ကျွန်မညီမတို့ရဲ့ အားပေးစကားများကြောင့် ကျောင်းဆရာကောင်လေးနဲ့ သူ့အမေရဲ့ မျက်နှာများက ချက်ချင်းပဲ ပြုံးရွှင်သွားတာကို မြင်တွေ့ရပါတယ်။ ကောင်လေးကလည်း သူအလုပ်မှဆက်လုပ် နိုင်ပါအုံးမလားလို့ စိုးရိမ်နေသလို၊ သူ့မိခင်ကလည်း သူ့သား လူလိမ္မာ လေးမှဖြစ်ရခြင်းကို စိတ်မကောင်းဖြစ်နေပုံပါပဲ။ သူ့သားလေးမှ မလုပ်နိုင်မကိုင်နိုင်တော့ရင် သူတို့ဘ၀က မလွယ်ဘူးဆိုတာ ကျွန်မနားလည်မိတာကြောင့် သူ့အမေကိုလည်း စာနာမိသလို စိတ်မပူဖို့ပြောလိုက်မိပါတယ်။ အခုတစ်ခါက ၀မ်းသွားရင်းသွေးယိုတာကြောင့် ဆေးရုံတက်ပြီး သွေးထပ်မံသွင်းရခြင်းပါပဲ။ အမြဲတမ်းလည်း နှာခေါင်းသွေးယိုခြင်းနဲ့ သွားဖုံးများသွေးယိုခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။


ဒါကြောင့်လည်း သူက သူ့ရောဂါကိုပျောက်ပါ့မလားဆိုပြီး ပြောနေလေတော့ သွေးကင်ဆာ တောင် ပျောက်ခဲ့သေးတဲ့ လူနာတွေရှိသေးတာကို ပြောပြရင်း ထပ်မံအားပေးမိပါတယ်။ သူလည်း ရိုးတွင်းချဉ်ဆီ အားနည်းတယ်ဆိုတော့ သွေးကင်ဆာဟုတ်/မဟုတ်တော့ ကျွန်မလည်း အသေအချာမသိခဲ့ပါ။ ကောင်လေးက ကျွန်မတို့နဲ့ စကားပြောရတာ အားတက်လာသလို ပျော်သလိုလိုရှိလာပုံပါပဲ။ သူ့မျက်နှာလေး လန်းပြီးပြုံးလာတယ်။ စကားပြောရာမှာလည်း အားတက်သရော ဖြစ်လာတယ်။ ညနေ ကျွန်မတို့ ပြန်တော့မယ် ဆိုတော့ ဒီည အမတို့ရှိနေ အုံးမယ် ဆိုရင်ကောင်းမှာပဲ လို့ ပြောလာပါတယ်။


သူ့ကို နှုတ်ဆက်ရင်း ကျွန်မ အားပေးစကား ထပ်ပြောမိပါသေးတယ်။ သူ့အတွက် ကျွန်မ တစ်ခုခုလုပ်ပေးချင်မိပေမယ့် ပိုင်ဆိုင်မှုဆိုတာ မရှိတဲ့အတွက် အမ ဖုန်းဆက်လိုက်မယ်နော် လို့သာ ပြောခဲ့ပြီး ဆေးရုံရဲ့ အခန်းထဲက ထွက်လာခဲ့ပါတော့တယ်။


10 ယောက်ဆွေးနွေးချက်:

poemflower said...

အင်း အမရေ ဘ၀တွေ က မျိုးစုံပဲနော် ဖတ်ပြီးစိတ်မကောင်းဘူးရှင်

နှင်းမိုး said...

စိတ်မကောင်းစရာလေးနော် မမ

ကိုဇော် said...

ဖြစ်တတ်ပါတယ်။ တကယ်ကို ကြိုးစား ရုန်းကန် နေရတဲ့ လူတွေ ဆိုရင် ကံကြမ္မာက ပိုပြီး အကဲစမ်းတတ်တယ်။ ဒါပေမဲ့လည်း ဘုရားဟော နဲ့ ကြည့်မယ် ဆိုရင် ဒါဟာ ရှေးဘဝက ကံတွေပေါ့လေ။
ဝဋ်ကြွေးတွေပေါ့. . . ကြေအောင် ဆပ်ပါစေ။

kiki said...

လူတွေအားလုံး သူ့ ဟာနဲ့သူ ဝဋ်ကြွေးကိုယ်စီ ရှိနေကြတာပါပဲ လေ ။
စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာတတ်နိုင်ကြမှာလဲ ။
တောင်မင်း ကို မြောက်မင်း မကယ်နိုင် ....
ဖုံးသာ များများဆက် ပြီး အားပေးပေါ့ ..
( ဖုံးဖိုးကုန်တယ် ဆို ပြီး အအော် ခံ ရရင်တော့ မသိဘူး ..နော် .. )

ကိုလူထွေး said...

သတ္တဝါတခု ကံတခု ဆိုပေမယ့်
တရားကို နတ်စောင့်သတဲ့...

တရားကိုသိတဲ့အနမ်းက
တရားသိအောင် ပြပေးပေါ့...

သဒ္ဓါလှိုင်း said...

အော်....
စိတ်မကောင်းစရာဘ၀တွေပါပဲလား မနမ်းရေ..
မကူညီနိုင်တဲ့အခြေအနေမှာပိုဆိုးတယ်နော်..။

ခင်တဲ့
သဒ္ဓါ

Angel Shaper said...

ဖတ်ရတာ ရင်ထဲမကောင်းဘူးးးးး
အဲလိုပဲ ပိုသိတတ်တဲ့လူတွေဆို ပိုဖြစ်သလားလို့တောင်ထင်မိပါတယ်..

Flower said...

တစ်ခါတစ်လေမှာတော့
အချို့သောသူတွေအတွက်
အားပေးစကားလေး တစ်ခွန်းနှစ်ခွန်းကလည်း
အလွန်ထိရောက်သော အားဆေးတစ်ခွက်ပါဘဲ
အခြားနည်းနဲ့မကူညီနိုင်ရင်တောင် အားပေးစကားလေးတွေဟာလည်း အကျိုးရှိပါတယ်..

ဂျူနို said...

ကိုယ်တို့ တိုင်းပြည်ရဲ့ လူနေမှု့စနစ်ကတော့ ဘာဆို ဘာမှ ဘယ်လိုမှကို မလုံခြုံလေတော့ တခုခုဆို ရှေးကံပဲလို့ ကိုယ့်ကိုကိုယ်နားချရင်းနဲ့ တိုင်းပြည် အရှေ့အနောက် တောင်မြောက် မျက်ရည် ချောင်းစီးနေပြီ။


မအယ်

သဇင်ဏီ said...

ဖတ်ပီးရင်ထဲကျန်ခဲ့တယ်း(