ဘုရားပေးတဲ့ဆေး

တရားရှုမှတ်ခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတွေထဲကနေ သိပ္ပံနည်းကျဖေါ်ထုတ်တွေ့ရှိ ချက်တွေကိုတင်ဆက်လိုတာဖြစ်ပါတယ် ၊ ဒါပေမယ့် တရားအားထုတ်ခြင်းနဲ့ သက်ဆိုင်တာ လေးတွေကို ရှေ့ပိုင်းမှာ ရေးသွားရင်းနဲ့ ဖြည်းဖြည်းတင်ပြသွားပါရစေ။

ဒီနေ့ခေတ်မှာ ကမ္ဘာနိုင်ငံပေါင်းများစွာကလူများစွာဟာ တရားအားထုတ်ခြင်းကို စိတ်ကျန်းမာ ရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုလိုလုပ်နေကြပြီဖြစ်ပါတယ်။ ပထမဆုံး ကျွန်တော်တို့သိထားသင့်တာက တရားအားထုတ်ခြင်းကို ဘယ်လိုဘာသာဝင်မျိုးကမဆို ပြုလုပ်ခွင့်ရှိတယ်၊ ပြုလုပ်နိုင်တယ်ဆိုတာပါပဲ ၊ မြတ်ဗုဒ္ဓရဲ့ တရားတွေဟာအချိန် မရွေး၊ နေရာ မရွေး၊ လူပုဂ္ဂိုလ်မရွေး လုပ်ရင်လုပ်သလောက်အကျိုး ပေးတယ်လို့ နာယူ မှတ်သားဖူးပါတယ်။

ဗုဒ္ဓဘာသာဝင်မဟုတ်သူများက တရားအားထုတ်ကြတဲ့ အခါမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များနဲ့ ရည်ရွယ်ချက်ခြင်းကတော့ တူချင်မှတူပါလိမ့်မယ်၊ ကျွန်တော်တို့ကတော့ အနည်း ဆုံး စိတ်တည်ငြိမ်အေးချမ်းဖို့၊ သမာဓိအားကောင်းလာဖို့၊ အဲဒီကမှ တစ်ဆင့်တက်ပြီး
ဝိပဿနာဥာဏ်နဲ့ယှဉ်ပြီး၊ ဖြစ်၊ ပျက်၊ ပြောင်းလဲ တတ်တဲ့တရားတွေ ၊ မမြဲတဲ့တရားတွေကို ကိုယ်တိုင်လက်တွေ့သိမြင်လာတဲ့ ခန္ဓာသိကိုရရှိဖို့နဲ့ နောက်ဆုံးမှာတော့ ဒုက္ခတွေချုပ်ငြိမ်း ရာ နိဗ္ဗန်အထိ ရည်ရွယ်အားထုတ်ကြတယ်မဟုတ်ပါလား ၊ ဗုဒ္ဓစာပေများကို နှံစပ်ကျွမ်းကျင် တဲ့ ကျမ်းတတ်ဆရာတော်တစ်ပါးထံမှာ ဘာသာခြားပုဂ္ဂိုလ်များက တရားအားထုတ်ကြတဲ့ အခါ အမြင့်ဆုံးဘယ်အဆင့်ထိရနိုင်မလဲလို့ မေးလျှောက်ခဲ့ဖူးပါတယ် ၊ ဆရာတော်ဖြေကြား တာကတော့ သူတို့အမြင့်ဆုံးဗြဟ္မာပြည်ထိရောက်နိုင်တယ် ၊ ဒါပေမယ့် နိဗ္ဗန်ကိုတော့ ဗုဒ္ဓ ဘာဘာဖြစ်မှပဲရနိုင်မယ်လို့မိန့်ပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ သရဏဂုံမတည်သေးလို့ပါ။

ဟုတ်ပါတယ် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နိဗ္ဗန်အထိရနိုင်တဲ့ အခွင့်အရေး တစ်ခုသာနေပါတယ် ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေကတောင် တရားအားထုတ်နေကြပြီ ဆိုရင် ကျွန်တော်တို့က ပိုပြီးတော့တောင် အားထုတ်သင့်ကြတယ်မဟုတ်လား ၊ ဒါပေမယ့် အများစုက သိပ်မလုပ်ဖြစ်တာတွေ့ ရပါတယ်၊ တရားအားထုတ်ဖို့ကို စီမံချက်ကြီးတစ်ခုလို သေသေချာချာ စဉ်းစားစီစဉ်ပြီးမှ လုပ်ချင်နေကြတယ် ၊ ဥပမာအားဖြင့် အလုပ်တွေ အေးအေး ဆေးဆေးဖြစ်တဲ့အခါကျမှပဲ ရိပ်သာမှာတရားစခန်းဝင်ပြီး တရားအားထုတ်ချင်တာမျိုးပေါ့၊ အဲဒီလိုမျိုးဖြစ်နိုင်ရင်ကောင်းပါတယ်၊ တရားပြဆရာတစ်ဦးဦးဆီကနေ ဆင်ခြင်ရှုမှတ်နည်းကို သိလာရတဲ့အခါ ပိုပြီးထိရောက်ပါတယ် ၊ ဒါပေမယ့် အဲဒီလိုမျိုး အခြေအနေတွေပေးလာသည် အထိ စောင့်နေမယ်ဆိုရင် တရားအားမထုတ်ဖြစ်တာကပိုများပါလိမ့်မယ် ၊ အသက်ကြီးလာမှပဲ လုပ်တော့မယ်လို့ဆိုသူတွေလဲ ရှိသလို၊ အလုပ်တွေမအားလို့ အားမထုတ်နိုင်သေးဘူးလို့ ပြောသူတွေလည်းရှိပါတယ်၊ တကယ်တမ်းမှာတော့ ဘယ်လိုပဲဖြစ်စေ၊ စပြီးလုပ်ဖြစ်ဖို့ က အဓိကကျပါတယ်၊ လူရဲ့သဘာဝပါပဲ ဘယ်အလုပ်မဆို စပြီးတော့ မလုပ်ဖြစ်သေးဘူးဆိုရင် တော်တော်နဲ့ မလုပ်ဖြစ်တော့ပါဘူး ။

အစပိုင်းမှာ သေသေချာချာကျကျနနကြီး မဟုတ်သေးပေမယ်လို့လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ စနစ်တကျ ကောင်းကောင်းမွန်မွန်လုပ်လာနိုင်ပါတယ် ၊ ကျွန်တော် သိတာ ကတော့ တရားအားထုတ်ခြင်းဆိုတာကို ထိုင်လျက်ဖြစ်စေ ၊ လျောင်းလျက်ဖြစ်စေ ၊ ရပ်လျက် ဖြစ်စေလုပ်နိုင်ပါတယ် ၊ ဒါကြောင့်မို့ အနည်းဆုံးတော့ မအိပ်ခင်မှာ လှဲလျောင်းနေရင်းကပဲ မိနစ်အနည်းငယ်စီစပြီး တရားမှတ်ကြည့်နိုင်ပါတယ် ၊ လူတိုင်းကတော့အိပ်ကြမှာပါ ၊ အဆင့်မြင့်တဲ့ ၀ိပဿနာရှုနည်းတွေကတော့ နောက်ပိုင်းမှပေါ့ ၊ ဒီလိုပြောတာက တရားမှတ် ခြင်းကိုသေးသိမ်အောင်ပြောတာမဟုတ်ပါဘူး၊ တရားရှုမှတ်ခြင်းရဲ့ အရသာနဲ့အကျိုးကျေးဇူး တွေကိုသိလာတဲ့အခါမှာ နောက်ထပ်အားထုတ်ချင်တဲ့ စိတ်တွေပေါ်လာပါလိမ့်မယ်၊ ပိုပြီး တော့ ကောင်းမွန်ရိုသေတဲ့နည်းတွေနဲ့လုပ်နိုင်လာပါလိမ့်မယ် ။

စပြီးလုပ်ခါစမှာ ထွက်လေ၊ ၀င်လေကိုပဲမှတ်ကြည့်ပါ ၊ စိတ်ဟာ သူ့ကို တစ်ခုခု ခိုင်းတာနဲ့ သူက ပြေးထွက်ပြီး သွားချင်ရာကိုသွားတော့တာပါပဲ ၊ စိတ်ကို ပြန်ဆွဲခေါ်လာ ပြန်မှတ်ခိုင်းနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတတ်ပါတယ် ၊ ကျွန်တော်သိသလိုပြောရရင်တော့ အပြင်မှာ အတွေးတွေရွက်လွှင့်နေတတ်တဲ့ စိတ်ကို ပြန်မခေါ်တော့ပဲနဲ့ ကိုယ်ဖာသာ မှတ်နေတဲ့ဆီ မှာပဲ အာရုံကို ပို့ထားလိုက်ပါ ၊ အဲဒါဆို သူကဝေးဝေးမသွားတော့ပဲနဲ့ ပြန်ပြန်လာပါတယ် ၊ အဲဒီလို အချိန်မှာတော့ ၀င်လေ၊ ထွက်လေမှတ်နေတာကမမှားတော့ပါဘူး၊ တိုင်မင် ( timing ) ကိုက်ပါတယ် ၊ ဒါပေမယ့် ၀င်လေနဲ့ ထွက်လေကြားအချိန်လေးမှာပဲ စိတ်ဟာ အပြင်ကို ထွက် ထွက်သွားပါသေးတယ် ၊ တကယ်တော့ စိတ်ကတစ်ခုတည်းပါပဲ အလွန်လျင်မြန်နဲ့ နှုန်းနဲ့ သွားချည်လာလှည့်လုပ်နေတော့ စိတ်ဟာ နှစ်ခုလိုဖြစ်နေတယ်လို့ ထင်နေတတ်ပါတယ် ။

ကျွန်တော်သဘောကျတဲ့ နည်းကတော့ ထွက်လေ၀င်လေတင်မကပဲ ထွက်လေဟာ အဆုတ် ထဲကနေ လေလမ်းကြောင်းအတိုင်းတက်လာပြီး အပြင်ကိုထွက်သွားတယ်၊ ၀င်လေက ၀င်လာ ပြီး လေလမ်းကြောင်းအတိုင်းဆင်းလာတယ်၊ အဆုတ်ထဲဝင်သွားတယ်၊ ပျံ့ကားလာတယ်၊ ပြီး ရင် ပြန်ထွက်လာပြီ စသည်ဖြင့် ထွက်လေ ၀င်လေရဲ့ လမ်းကြောင်းတစ်လျှောက် လိုက်မှတ် တဲ့အခါ စိတ်ကို အပြင်သွားဖို့ အချိန်မပေးသလိုဖြစ်ပြီး စူးစိုက်တည်ငြိမ်မှု သမာဓိကို အမြန်ရ နိုင်တယ်လို့ ထင်မိပါတယ် ၊ ပြီးတော့တွေးနေတဲ့ အတွေးကို ကိုယ့်ခေါင်းထဲကခံစားမှုဆီကို ပြန်ပို့ထားလိုက်ပါ၊ ဥပမာ ကြည်လင်လာတယ်၊ အေးမြလာတယ်၊ ပေါ့ပါးလာတယ်၊ လင်းလက် လာတယ် စသည်ဖြင့်ပေါ့။

အဲဒီလို စိတ်အစဉ်ကို သိနေခြင်းဟာလည်း တရားအားထုတ်ခြင်းတစ်မျိုးပါပဲ ၊ သမထရဲ့သဘောနဲ့ ၀ိပဿနာ ရဲ့ သဘောကို ပေါင်းစပ်လိုက်သလိုလဲ ဖြစ်သွားပါတယ် ၊ အဲဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ ပြင်ပအကြောင်းအရာတွေကိုတွေးဖို့ အချိန်မပေးသလို တွေးဖို့ အခွင့်အရေးလည်းမရှိတော့ပါဘူး ၊ ဒါကြောင့်သမာဓိကိုမြန်မြန်ရလာပါလိမ့်မယ် ၊ စူးစိုက် တည်ငြိမ်မှု သမာဓိရလာတာနဲ့ ထွက်လေ၀င်လေဟာလည်း ညင်ညင်သာသာလေးပဲ အလိုလို ဖြစ်သွားပါတော့တယ် ၊ ဒါပေမယ့် အသက်ရှုလို့လည်းဝပါတယ် ၊ လန်းဆန်း ကြည်လင် လာသလို ကိုက်ခဲနာကျင်မှုတွေ ရှိရင်လည်းပျောက်သွားပြီး ၊ ပေါ့ပါးလာပါတယ် ၊ သာယာ သလိုဖြစ်လာပါတယ် ၊ တချို့တွေဆိုရင် တရားထိုင်ရတာကောင်းလို့ မထချင်ပဲ အကြာကြီး ထိုင်ကြတယ်လို့ သိရပါတယ် ၊ ဒါပေမယ့် ဆရာတော်ကတော့ အဲဒီအဆင့်မှာတင် ကျေနပ် ရပ်တန့် မနေပဲ၊ ဆက်ပြီးရှုမှတ် အားထုတ်သွားရမှာဖြစ်တယ် ၊ ဒီအဆင့်မှာပဲ နေရတာ ကောင်းလို့ဆိုပြီးနေနေရင် အကျိုးမများလှဘူးလို့မိန့်ပါတယ် ၊ ဒါဖြင့်ဘယ်လို ဆက်ပြီး အားထုတ်ရမလဲ မေးလာရင်တော့မဖြေတတ်သေးပါဘူး ၊ ကျွန်တော်လည်း အနည်းငယ် ပဲသိတာ ၊ အနည်းငယ်ပဲရဖူးတာဖြစ်ပါတယ် ၊ တည်ငြိမ်ပြီးမပျံ့လွင့်တဲ့ သမာဓိကိုရတဲ့ အဆင့် ထိရောက်ပြီဆိုရင်တော့ သေချာကျနတဲ့ တရားရှုမှတ်နည်းတစ်ခုခုကို လက်ကိုင်ထားပြီး လုပ် သင့်ပါပြီ ၊ ကျွန်တော် အခုရေးခဲ့တာတွေက သိသလောက်နဲ့ အတွေ့ အကြုံ အနည်းငယ်ကို သာပြန်လည်မျှဝေတဲ့သဘော၊ တိုက်တွန်းလိုတဲ့သဘောနဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ တိုက်တွန်းချင်တာလည်းဆိုရင် အခု ဥရောပနဲ့ အမေရိကနိုင်ငံတချို့မှာ မူလတန်း အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားလေးတွေကိုတောင် တရားအားထုတ်စေတဲ့ အလေ့အကျင့်ကိုပျိုးထောင်ပေးနေကြပါပြီ ၊ သိသာစေလိုတဲ့အတွက် ရည်ညွှန်း ကိုးကားချက် လေးတွေကို ထည့်ပေးလိုက်ချင်ပါတယ်..

နယ်သာလန်နိုင်ငံ Lelystad ဆိုတဲ့ မြို့လေးက မူလတန်းကျောင်းမှာ ကလေးငယ်များကို တစ်ကြိမ်မှာ ၁၀ မိနစ်စီနဲ့ တစ်နေ့မှာ ၂ ကြိမ် တရားထိုင်စေတဲ့အခါ ၊ ကလေးငယ်များဟာ ပိုပြီးတော့ တိဆ်ဆိတ်ငြိမ်သက်သွားတယ် ၊ တည်ငြိမ်လာတယ် ပြီးတော့ စာမေးပွဲမှာ အမှတ် ပိုကောင်းလာတယ်လို့ တွေ့ရတယ်လို့ဆိုပါတယ် ။ (Source: De Telegraaf, a Dutch daily, 22/01/04 )

အမေရိကန်နိုင်ငံက အလယ်တန်းကျောင်းတစ်ခုမှာတော့ ကျောင်းသား ကျောင်းသူတွေကို တရားထိုင်စေတဲ့အခါ ရမှတ်တွေပိုကောင်းလာသလို၊ အလုပ်လုပ်တဲ့အလေ့အကျင့်နဲ့ ပူးပေါင်း ဆောင်ရွက်တတ်လာတာ ၊ ကျောင်းပျက်ရက်လျော့နည်းလာတာတွေ တွေ့ရပါတယ်။ (Journal of Research and Development in Education, Volume 33, pages 156-165, Spring 2000 )

အထက်တန်းကျောင်းသားတွေမှာလည်း အဲဒီလိုပဲ တရားအားထုတ်ခြင်းကြောင့် ကိုယ့်ကို ကိုယ်မှီခိုအားထားလိုစိတ်တွေ သိသိသာသာကြီးတိုးတက်လာတယ်လို့ ဆိုပါတယ် ။ ( The Journal of Research and Development in Education, Volume 27, pages 226-231, 1994 )

အခြေအနေ၊ အဆင့်အတန်း၊ အလုပ်အကိုင် အမျိုးမျိုးသော တရားအားထုတ်သူတွေဆီကနေ ရရှိတဲ့ အချက်အလက်တွေကိုလည်းတင်ပြလိုက်ပါတယ်။

အိပ်မပျော်တဲ့ ဒါမှမဟုတ် အိပ်ခြင်းနဲ့စပ်ဆိုင်တဲ့ ဝေဒနာတစ်မျိုးမျိုးကို ခံစားနေရသူတွေထဲ က ၁၀၀ % ဟာ တရားအားထုတ်ခြင်းကြောင့် အိပ်စက်ခြင်းမှာတိုးတက်မှုတွေရလာတယ် လို့သိရပါတယ်၊ ၉၁ % ကတော့ ယ္ခင်က အိပ်ဆေးတွေသောက်သုံးနေရတာကနေ ဆေး သောက်ဖို့မလိုတော့တာ ၊ လျှော့ပြီးသောက်လာရတာတွေရှိတယ်လို့ဆိုပါတယ် ( The American Journal of Medicine, Volume 100, pages 212-216, 1996 )

တရားအားထုတ်သူများဟာ ရောဂါဝေဒနာများကနေ အလျင်အမြန်သက်သာစေပြီး၊ စိတ်တင်း ကြပ်စေတဲ့ အဖြစ်အပျက်တွေကိုလည်း မကြုံတွေ့ ရတော့ကြောင်း၊ တိုင်း(မ်)မဂ္ဂဇင်းက ဖေါ်ပြ ပါတယ် (Time Magazine 27/10/03 )

ရိုက်တာသတင်းရဲ့ ဘလောက်(ဂ်) မှာ UCLA (University of California Los Angeles ) က ပြုလုပ်တဲ့လေ့လာမှုတစ်ခုမှာ တရားအားထုတ်ခြင်းဟာ ကိုယ်တွင်းမှာ HIV ရောဂါပိုး ပွားများ မှုကို နှေးကွေးစေတယ်လို့ လေ့လာမှုကို ဦးဆောင်သူ David Creswell က ထုတ်ဖေါ်ပြောဆို တဲ့အကြောင်းလည်း ဖေါ်ပြထားပါတယ်။ (WASHINGTON (Reuters) Jul 24, 2008 )

ဆရာဝန်လည်းဖြစ်ပြီး၊ တွေးခေါ်ပညာရှင်လည်းဖြစ်သူ Deepak Chopra ကတော့ နှစ်ပေါင်း များစွာ တရားအားထုတ်လာသူရဲ့ biological age ဟာ chronological age ထက် ၅ နှစ်မှ ၁၀ နှစ်အထိ ငယ်ရွယ်နေလိမ့်မယ်လို့ဆိုပါတယ်၊ chronological age ဆိုတာက မွေးနေ့ ကနေ ပြက္ခဒိန်နှစ်အတိုင်း ရေတွက်တဲ့အသက်ဖြစ်ပြီး၊ biological age ကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝလုပ်ဆောင်မှုတွေ အပေါ်မှာ တိုင်းတာတဲ့အသက်ဖြစ်ပါတယ် ၊ သဘောကတော့ ရှိရင်းစွဲ အသက်ထက် ကိုယ်ခန္ဓာဟာနုပျိုနေမယ်လို့ဆိုလိုတာပါ ၊ ပြီးတော့ အောက်ဆီဂျင်ကို အသုံးပြုမှုဟာလဲ အိပ်နေချိန်မှာ ၈% ကျဆင်းသွားပြီး ၊ တရားအားထုတ်နေစဉ်မှာ ၁၀% ကနေ ၂၀ % ထိ ကျဆင်းသွားတယ်လို့ဆိုပါတယ် ၊ သဘောကတော့အသက်ရှုတာကို သာသာလေးရှုယုံနဲ့ အောက်ဆီဂျင်လုံလောက်ပြီး အသက်ရှုဝနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

Wisconsin University ရဲ့ တွေ့ရှိချက်ကတော့ တရားအားထုတ်တဲ့ ၀န်ထမ်းများဟာ ပိုပြီး သည်းခံလိုစိတ် ရှိလာတယ် ၊ အလုပ်မှာ ပိုပြီး ပျော်ရွှင်လာတယ် ၊ အကောင်းမြင်သဘော တရားတွေ ပိုမိုဖြစ်ထွန်းလာတယ် ၊ ၀န်ထမ်းများကြားမှာ အခြေအတင်ဖြစ်မှုတွေနဲ့ မလိုလား အပ်တဲ့ ဆက်ဆံရေးတွေလျော့နည်းလာတယ်လို့သိရပါတယ် ။

တစ်ဦးချင်းစီ အားထုတ်ကြတဲ့ သဘောတင် မဟုတ်တော့ပဲနဲ့ ကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးတွေ ၊ ကုမ္ပဏီ ကြီးတွေမှာလည်း တရားအားထုတ်နိုင်စေတဲ့ အစီအစဉ်တွေ လုပ်ဆောင်ပေးနေကြပါပြီ နမူနာ အနေနဲ့ပြောရရင် Deutsche Bank, Google နဲ့ Hughes Aircraft တို့ ဖြစ်ပါတယ် ၊ ၀ါရှင်တန်မှာ အခြေစိုက်တဲ့ Tower Co., ရဲ့ CEO ဖြစ်တဲ့ Mr. Jeffery Abramson ကဆိုရင် သူ့ရဲ့ လုပ်ငန်းက ၀န်ထမ်းတွေအတွက် သင်တန်းတွေ စီစဉ်ပေးထားပြီး ၇၅% ဟာ meditation free classes တွေကို တက်နေကြပြီလို့ ပြောပါတယ် ၊ ရလဒ်အနေနဲ့ကတော့ ၀န်ထမ်းတွေကို ပိုပြီးထက်မြက်စေတယ် ၊ ထုတ်လုပ်မှုကို တိုးစေပြီး ပျက်ကွက်မှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ် ။

အခု မကြာသေးခင်နှစ်များ အတွင်းမှာပဲ နိုင်ငံတကာ သိပ္ပံအသိုင်းအ၀န်းက အဖွဲ့အစည်းတွေဟာ တရားမှတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပို၍ ပို၍ အသိအမှတ်ပြုလာကြသလို လူအများကပါ လက်ခံလာကြပါတယ် ၊ အဲဒီလိုပဲ ဆက်လက်ပြီးတော့လည်း သူတေသနပြု ဖေါ်ထုတ်လျှက် ရှိပါတယ် ။ အထူးသဖြင်တော့ ခေတ်သစ် ဦးနှောက်သုတေသန ပြုလုပ်ချက်များကနေ စိတ်ပိုင်းဆိုင်ရာ နဲ့ ကျန်းမာရေး ဆိုင်ရာ အကျိုးသက်ရောက်မှု တို့ကို လေ့လာလျှက်ရှိပါတယ်။

ဦးလေးကြီး (or) kwno
ဦးလေးကြီးပေးပို့ လာတဲ့တရားထိုင်ခြင်းနှင့် ကျန်းမာရေးအကြောင်းကိုယှဉ်တွဲဖော်ပြထားတဲ့ အကြောင်းအရာလေးပါ။ ဗဟုသုတလည်းရစေတာကြောင့် ပိုစ့်တင်လိုက်ရခြင်းပါ။
စာအရမ်းရှည်သွားပြီး၊ ဖတ်ရတာအဆင်မပြေမှာစိုးလို့ အပိုင်းခွဲလိုက်ရပါတယ်။ ဆက်လက်ဖော်ပြပါအုံးမယ်။
ကျေးဇူးတင်ပါတယ်။

7 ယောက်ဆွေးနွေးချက်:

kiki said...

အင်း အဟုတ်ပဲ..
မြန်မြန် တရားအားထုတ်မှ ..
(တရုတ် အားထား နေလို့  မဖြစ်တော့ဘူး ...)

အသက် ၅ နှစ်မှ ၁၀ နှစ်ထိ ငယ်မယ် ဆိုလို့ လေ.
ပြီးတော့ အောက်စီဂျင် သုံးရတာ လည်း နဲသွားတော့ ချွေတာရေး လုပ်ရာလည်း ကျတာပေါ့ ..
ပြောပြောက မစောဘူး ...
အင်နာဂျီတွေ အလဟသဖြစ်ခဲ့ ရတာ နှမြောပါတယ် ..
( သိပ္ပံနည်း ကျကျ တွေးမိခြင်းသာ.. ဖြစ်ကြောင်း )

ကျေးဂျူးးး

မောင်ကောင်း said...

ဘုရားပေးတဲ့ ဆေးတစ်ခွက်ကို လူတိုင်း သောက်စေချင်ပါတယ်ဗျာ... လူတိုင်းလည်း သောက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်...

Younggun said...

နိဗ္ဗန်ကိုတော့ ဗုဒ္ဓ ဘာဘာဖြစ်မှပဲရနိုင်မယ်လို့မိန့်ပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ သရဏဂုံမတည်သေးလို့ပါ။ အဲဒီအချက်ကိုတော့ ကျွန်တာ် စူးစမ်းမေးမြန်းပါဦးမယ်။ ဘာပဲဖြစ်ဖြစ် တွေးဆဆင်ခြင်စရာတွေမို့ ကျေးဇူးတင်ပါတယ်။ နောင်လဲ ဖတ်ခွင့်ရချင်ပါတယ်။

သူကြီးမင်း (တုံးဖလား) said...

ဘုရားပေးတဲ့ဆေးကို လာမြည်းသွားပါတယ် အမ။
တကယ်လဲ အစွမ်းထက်မယ်ဆိုတာ ယုံကြည်ပါတယ်။
ဒီပို့စ်လေးက တကယ်အကျိုးရှိစေမှာပါ။ လူများများဖတ်ဖို့သင့်တယ်။

ပျော်ရွှင်ပါစေအမ

Unknown said...

နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အချိန်မှာ သရဏဂုံမျှသာမက ရဟန်း (သို့) ရဟန်းမ ဖြစ်နေရပါတယ် ၊ လူအဖြစ်နဲ့ နိဗ္ဗာန်ကို ရရှိရင် မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုပေးရပါတယ် ၊ မြတ်စွာဘုရားရှင်လက်ထက်က လူအဖြစ်နဲ့ နိဗ္ဗာန်ရရှိသူတစ်ဦးဟာ ရဟန်းပြုဖို့ သင်္ကန်းရှာဖွေနေစဉ်မှာပဲ နွားဝှေ့ခံရပြီး ပရိနိဗ္ဗာန်ပြုသွားရတဲ့ ရဟန္တာတစ်ပါး ရှိခဲ့ပါတယ် ၊ သင်္ကန်းလှူခဲ့ဖူးတဲ့ ကံရှိရင် မြတ်စွာဘုရားက ဧဟိဘိက္ခု ချစ်သား/ချစ်သမီး ရဟန်း လာလှည့် ဟုခေါ်ရုံမျှနှင့်ပင် ရဟန်းအဖြစ်ကို အလိုလို ရနိုင်ပါတယ် ။ ဒါကြောင့် သင်္ကန်းလှူခြင်းဟာ အကျိုးကျေးဇူး ကြီးပါတယ် ၊ သောတာပန် အဆင့်မှာတင်ပဲ သရဏဂုံတည်ဖို့ရာဟာ လိုအပ်ပါတယ် ခင်ဗျာ..

buddha said...

နိဗ္ဗန်ကိုတော့ ဗုဒ္ဓ ဘာဘာဖြစ်မှပဲရနိုင်မယ်လို့မိန့်ပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ သရဏဂုံမတည်သေးလို့ပါ။ Ridiculous!!!!!!

ဗုဒ္ဓရဲ့ အဟောအပြောကို လူတိုင်းသာ လိုက်နာကျင့်နာရရင်လည်း အကုန်တောထွက်ပြီး တရားကျင့်ဖို့ပဲ ၇ှိပါတော့တယ်.... သူ့၇ဲ့ သြ၀ါဒတွေမှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင်၊ မိသားစုများ၏ အိမ်ထောင်ရေးဆိုင်ရာများ များစွာသော အချက်အလက်များကို ဤသို့သော သွန်သင်မူများကို လုံးဝမတွေ့ရှိရပါဘူး.. သူသွန်သင်ခဲ့ စကားများဟာ အရမ်းပင်လွယ်ကူလှပါတယ်... ကောင်းတာလုပ်လျှင် ကောင်းတာရမည်ဟုသော စကားသည် (၅)နှစ်ကလေးငယ်ပင် သိပါတယ်.. သူရဲ့အချုပ်က ဘာကိုမှ စွဲလမ်းခြင်း မရှိရဘူးဟုဆိုထားလေသောအခါ အိမ်ထောင်သည် ကလေး(၃)ယောက်အဖေလိုလူမျိုးကြတော့ ကိလေသာတဏာမက်မောကင်းစင်ရန် တောထွက်တရားကျင့်မယ်ဆိုရင် ကလေး၊ မိန်းမများဟာ ငတ်ပြတ်သေရုံပဲ ရှိပါတော့မယ်ဗျာ.... တဦးတယောက်တကောင်ကြွက်တမျက်နှာလူမျိုး ကိုယ့်အပေါ်မှာ မှီခိုအားထားစရာ မရှိသောသူများ အဖို့ဆိုရင်တော့ သူ့ရဲ့ အကျင့်နဲ့ ကိုက်ညီကောင်း ကိုက်ညီပါလိမ့်မယ်.. ဤသို့သော အချက်အလက်များကို ထောက်၍ စာရေးသူက တကိုယ်ကောင်းဆန်သည့် အကျင့်ဟု စွပ်စွဲလျှင် လွန်မည်မဟုတ်ပ

buddha said...

MEDITATION IS THE HINDU'S CULTURE AND HINDU'S RELIGION. BUDDHA MIXED THEM. THAT'S IT...

ဗုဒ္ဓဘာသာဝင် သန်းပေါင်း ၃၅၀ ဆိုတာ အိန္ဒိယတနိုင်ငံစာ၏ လူဦးရေထက်ပင် အလွန်လွန်နည်းပါးပါတယ်. အိန္ဒိယနိုင်ငံဟာ ဟိန္ဒူဘာသာဝင်များ နိုင်ငံဖြစ်ပါတယ်.... သန်းပေါင်းတစ်ထောင် (၁၀၀၀) ကျော်ရှိပါတယ်.... ၈၅% ဟာ ဟိန္ဒူဘာသာဝင်များ ဖြစ်ပါတယ်.. ကျန်ရှိသည့် မွတ်စလင်မ် ခရစ်ယာန် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြပါတယ်...စာရေးသူ ဘာပြောချင်လဲဆို သူ၏စကားနှင့် ပြောဆိုသိမြင်နိုင်စွမ်းရှိသည်သူများပင် သူ၏စကားကို ကောင်းကောင်း နားလည်နေတဲ့သူ တွေကပင် ရှင်ဂေါတာမအား မကိုးကွယ်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါတယ်.... နောက်များမလည်း ဒီဘာသာကို စွန့်လွှတ်ဖို့ လူအများ ရှိလာမည့်ကို စာရေးသူ ယုံကြည်ပါတယ်၊ ယနေ့ တရုတ်နိုင်ငံမှာဆို ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်လု ဖြစ်နေပါပြီ