ဆားတောင်ဆရာတော်၏ အဆုံးအမ
၁။ ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ် တရားကတော့အားထုတ်ရမှာပဲ။ အားထုတ်ခွင့်ကြုံတုန်း အားထုတ် ကြ၊ သာသနာပပြီဆိုတော့ဝိပသာနာနဲ့တွေ့ရတာမဟုတ်ဘူး။ဒီတော့ပိုနစ်နာတယ်။
၂။ တရားအားထုတ်ဖို့တော့မအားဘူး။ မအားဘူးလို့ပြောကြတယ်။
သေချိန်ကျလာလို့မသေချင်သေးဘူးလို့ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူးလို့ ပြောလို့ ရတာ မဟုတ်ဘူး။
၃။ တရားအားထုတ်တယ်ဆိုတာအားနဲ့မာန်နဲ့ထုတ်ရတယ်။ မသေချာမရေရာဘူးလို့ပြောလို့ ရတဲ့ အလုပ်တွေတောင်မှဟုတ်နိုးနိုးနဲ့သက်စွန့်စံဖျားလုပ်နေရတာပဲ။သေချာရေရာတဲ့အလုပ် ဘာပဲလုပ်စရာရှိလဲ။ ဆင်းရဲတစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှခဏလေးပါ။
၎။ ထိတိုင်းထိတိုင်း သိနေပါစေ။ ကိလေသာကြားမခိုစေနဲ့။
၅။ တရားအားထုတ်တယ်ဆိုတာတမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်းလိမ့်မယ်ထင်ပေမယ့် တကယ်စားတော့မြိန်ချင်မှမြိန်တာ။ မကောင်းဘူးထင်လို့ လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့မထုတ်ချင်လည်းထုတ်၊ ထုတ်ချင်လည်း ထုတ်ပေါ့။
၆။ ၀ိပသာနာ တရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ်လဲပြောင်းစရာမလိုဘူး။ ဂူထဲအောင်းစရာမလိုဘူး။ ပုထုဇဉ်စရိုက်မူပြောင်းဖို့လိုတယ်။
၇။ ကိုယ့်ခန္ဓာ ကိုယ်ရူနေတော့ အမူပွေတာပေါ့။
၈။ မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကိုသည်းခံရူမှတ်နိုင်မှ ပတ်ဝန်းကျင်ရဲ့လောကဓံကိုလည်း ခံနိုင်ရည်ရှိမှာပဲ။
၉။ တရားအားထုတ်တဲ့အခါ ကိလေသာကြာမခိုအောင် နှာသီးဝလေကို ထိတိုင်းသိနေပါစေ။
ထိတဲ့ပေါ် သတိထား၊သတိထားရင် တရားမြင်မယ်၊ သတိမထားရင် အမှားဝင်မယ်။
၁၀။ အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ် ဒီသုံးဦးနဲ့ပဲ အဖော်ပြု နေတာပါ။ သူတို့မှာပျင်းတယ်မရှိပါဘူး။
၁၁။ လူ၏သာဓုခေါ်၊ နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ ဘုရား၊ ရဟန္တာ အရိယာပုဂ္ဂိုလ်တွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။
၁၂။ ပထမတော့ တရားကို လူကဦးဆောင်တယ်။ နောက်တော့ တရားက လူကိုဦးဆောင် တယ်။ အဒီအချိန်မှာ လူက တရားနောက်လိုက်ဖို့လိုတယ်။
၁၃။ ခန္ဓာကတော့ သူ့တရားသူပြနေတာပဲ။ လောဘ၊ ဒေါသ၊ မောဟ ဖုံးနေတော့ ဘာမှမသိ လိုက်ရဘူး၊
၁၄။ အားကိုးမမှားစေနဲ့၊ မိမိကိုယ်ကို အားကိုးရမယ်။
၁၅။ ဘာမဆို အတွင်းက အေးနေအောင်လုပ်ရတယ်။ အပြင်ကဘယ်လောက်ပူပူ အတွင်းက အေးနေတော့အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းကပူတော့ ပူတာပဲ။
၁၆။ တရားနှင့်အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒ တရားပဲ။
၁၇။ လောကီချမ်းသာက တစ်ဘ၀တစ်နပ်စာ။ လောကုတ္တရာချမ်းသာမှ တစ်သံသရာလုံး အေးတာ။ တစ်ဘ၀တစ်နပ်စာလုပ်နဲ့။ တစ်ဘ၀သံသရာစာလုပ်ကြ။
၁၈။ မကောင်းတာလုပ်တာသာကြောက်ရမှာ။ ကောင်းတာလုပ်တာကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမရဲစရာရှိသလဲ။
၁၉။ မဟုတ်လည်းသည်းခံ၊ ဟုတ်လည်းသည်းခံရမှာပဲ။ ခံရမည့်အတူတူတော့ အခုကတည်း က ခံလိုက်တော့ သံသရာပြတ်တာပေါ့။
၂၀။ လောဘ၊ ဒေါသ၊ မောဟကင်းအောင် ပြတ်အောင်လုပ်ကြ။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်းမလုပ်နဲ့။ ဖြစ်အောင်လုပ်တာ လောဘ၊ ပျက်အောင်လုပ်တာက ဒေါသ။ ဖြစ်တာပျက်တာ မသိတာက မောဟ။
၂၁။စိတ်ကဖြတ်လို့ပြတ်တာမဟုတ်ဘူး။ တရားက ဖြတ်မှပြတ်တာ။ တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့ တရားကပဲဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပယ်ပေးတယ်။
၂၂။ အမြတ်က မရူံးစေနဲ့၊ အရူံးကသာ မြတ်ပါစေ။ အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ်မဖြစ်စေနဲ့။
၂၃။ ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့။ အခုလည်း မကောင်းတာလုပ်နေသလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့မကောင်းတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ ကိုယ့်တရားကိုယ်ရူဖို့ပဲလိုတယ်။
၂၄။ ဘုရားစကား နားလည်အောင်လုပ်၊ ဘုရားစကားနားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။
၂၅။ နိဗ္ဗာန်မဂ်ဖိုရလိုကြောင်း ဆုတောင်းခဲ့တာများပြီ။ ၀ိဇ္ဇာဥာဏ်မပါ၊ ဓမ္မတာတောင်းမို့၊ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြုကာ အခါခါတောင်းလဲ၊ ငါကောင်းချင်မှု ခုခံနေသည်။ ငါတစ်လုံးပယ်ကာ၊ ကွယ်ကာပေးမှ လွန်စွာမနှေး နိဗ္ဗာန်မြင်မည်။
ကူးယူမျှဝေပါသည်။
အသိနှင့် သတိလွတ်နေသူများ
သူတပါး၏ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲကို လူအများ သိလွယ် မြင်လွယ် ထင်လွယ်ကြပါသည်။
ထို့ကြောင့်- ယခု ငါမအိုသေး ငါမနာသေး ငါမသေသေးဟု ယူဆထားပြီး နောက်မှ အိုမည် နာမည် သေမည်ဟု ထင်နေမိပါသည်။ ထိုသူများ သတိနှင့် အသိလွတ်နေကြပါသည်။
မှတ်စု (၉)
တရားရရန်အကြောင်း
ကြား မြင် သိ မှန် ဤလေးတန် တရားရရန်အကြောင်းတည်း
ဘုရားရှင်လက်ထက်-
ခေမာမိဖုရားကြီး ဇရာကိုမသိ၊ အလှမာန်ယစ်ပြီး ဘုရားကိုရှောင်ခဲ့သူ…
တစ်နေ့-
ဘုရားက သူ့ထက်လှသူ ယမင်းကညာ နတ်သမီးတမျှ လှသူကို ဖန်ဆင်းပြ၍ ဆွဲဆောင်ခဲ့….
ဘုရားလက်ထက် အလှအပကို စိတ်ဝင်စားသူ မိဘုရားကြီး မျက်စိတမှိတ်အတွင်း ကြည့်နေဆဲ….
ယမင်းကညာအလှက ဇရာပြပြီး အိုမင်းလာပုံ၊ အိုရာမှ အနာပေါက်ပြီး ပျက်ပြီးပုံ၊ ပျက်စီးရာမှ သေခြင်းဒုက္ခသို့ ကျဆင်းသွားပုံကို အဆင့်ဆင့် မျက်မြင်တွေ့လိုက်ရာမှ…..
အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဉာဏ်မှာပွင့်ထွန်းလာပြီး တရားရသူ ဖြစ်သွားခဲ့ဘူးပါသည်.
စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မစာစုများ
မှတ်စု (၈)
တရားမရနိုင်သူများ
“ဓမ္မ” ကိုမြင်ပြီး မကြား၊ ကြားပြီးမမြင်၊ မြင်လည်းမသိ၊ သိလည်းအမှား၊ ထိုသူများ တရားမရနိုင်
တရားဆိုသည်က အကြားနှင့်အမြင်၊ အမြင်နှင့်အသိ၊ အသိနှင့်အမှန် ဤလေးတန်ကို ပေါင်းစပ် နိုင်မှ အောင်မြင် ကြရိုးဖြစ်ပါသည်။
ဘုရားက “ ဇာတိပိ ဒုက္ခ” ဟု ဟောပြောပါသည်။ နားပါသူများး ထိုတရားသံကို ကြားကြပါ သည်။
သို့သော် မွေးလာသော ခလေးနှင့် မိမိ လူဖြစ်လာသည်ကို ဒုက္ခစတင်ပြီဟု မသိ၊ အများအားဖြင့် မိဘ ဘိုးဘွား အားလုံး ၀မ်းသာနေတတ်ကြပါသည်။ ထိုအထဲတွင် သံဃာအချို့ပင် ပါဝင် နေတတ်ပြီး “ မွေးနေ့မင်္ဂလာပွဲကို နှစ်စဉ် အကြိမ်ကြိမ် ပြုလုပ်ပျော်ရွှင်နိုင်ကြပါသည်။
လောကတခွင်၌ လူအို လူနာ လူသေနှင့် ရုတ်တရက် ဘေးကျရောက်ပြီး ပျက်စီးမှု၊ သေဆုံးမှု အဖုံဖုံကို မျက်ဝါးထင်ထင် မြင်နေကြားနေ သိနေကြပါသည်။ သို့သော် ထိုဒုက္ခဘေး အဖုံဖုံထဲ၌ မိမိမပါဝင်သကဲ့သို့ လောလောဆယ် မိမိမခံစားရချိန်ကို မှတ်ယူထားပြီး မေ့လျော့နေသူများ သည် ဒုက္ခဟူသော တရားအသံကို ကြားရပြီး ဒုက္ခကိုမမြင်သူ အိုနာသေဘေး ဒုက္ခကို မြင်သော်လည်း ထိုဒုက္ခဘေးအဖုံဖုံထဲတွင် ငါမပါဝင်သေး၊ ငါမဖြစ်သေး ဝေးပါသေးသည်ဟု မှတ်ထင်ထားသူ ဇရာကို သေခြင်းဟု မသိသေးသမျှ တရားရရန် မလွယ်ပါ။
စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မမှတ်စုများ
မှတ်စု (၇)
တရားတော်ကို ဘယ်လိုပူဇော်ကြမလဲ

ဗုဒ္ဓဘာသာတိုင်း အနန္တောအနန္တငါးပါး ရတနာသုံးပါးကို ဦးညွှတ်ပူဇော်ကြလေ့ရှိပါသည်။
ဘုရားရှင်မြတ်အား ပန်း ဆီမီး သစ်သီးဆွမ်းတို့ဖြင့် ပူဇော်ကြလေ့ရှိပါသည်။ ဂုဏ်တော်၉ပါး၊ ဗုဒ္ဓါနုဿတိဖြင့် ဂုဏ်တော်နှင့် ပုံတော်ကိုပါ ကြည်ညိုပူဇော်တတ်ကြပါသည်။ ထို့အတူ သံဃာတော် အရှင်သူမြတ်အပေါင်းအားလည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ပူဇော်သကဲ့သို့ အာရုံပြု ကြည်ညိုပူဇော် တတ်ကြပါသည်။
သို့သော် ဂုဏ်တော်သာရှိ၍ ပုံတော်မရှိသော " ဓမ္မ " ကို ဘယ်လို ပူဇော်ကြမည်နည်း။ ဘုရားရှင်နှင့် သံဃာတို့ကို ပူဇော်သကဲ့သို့ ပူဇော်ရန်မဖြစ်နိုင်ပါ။ ဓမ္မကို ဘယ်လိုပူဇော်ရမည်ကို ဗုဒ္ဓရှင်တော်မြတ်က ဤသို့မိန့်ကြားခဲ့ဘူး ပါသည်။
ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်အခိုက် ဘုရားရှင်က-
ချစ်သားတို့ နောက်လေးလမျှလွန်လျှင် ငါဘုရား ပရိနိဗ္ဗာန်စံဝင်တော့မည် ဟုမိန့်ခဲ့ပါသည်။
ပုထုဇဉ်ရဟန်းအများက ၀မ်းနည်း၍ ငိုယိုကြပါသည်။ ထိုရဟန်းများထဲမှ ရဟန်း ဓမ္မရာမ သည် ကျန်ရဟန်းများ ကဲ့သို့ မငိုယိုတော့ပဲ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလတွင်ပင် ငါ ကိလေသာကုန်အောင် တရားကျင့်၍ ဘုရားရှင်အား ကျေးဇူးဆပ်ပူဇော်တော့မည်ဟု ဆုံးဖြတ် လိုက်ပြီး နာကြားဖူးသမျှ တရားတော်များကို ဆင်ခြင်၍ တစ်ပါးတည်း တရားအားထုတ်နေ လိုက်ပါသည်။
ဘုရားအနီးအပါးမှ ရှောင်ထွက်သွားခဲ့သော ဓမ္မရာမ ရဟန်းကို ကျန်ရဟန်းများက အမျိုးမျိုးကဲ့ရဲ့ကြပြီး ဘုရားရှင်အား လျောက်ထားကြပါသည်။ ဘုရားရှင်က ဓမ္မရဟန်းအား အကြောင်းရင်းကို မေးမြန်းခဲ့ရာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလအတွင်း ကိလေသာ ကုန်ခမ်းအောင် တရားကျင့်သည် ဖြစ်ကြောင်း ဓမ္မရာမ ရဟန်းက ပြန်လည်လျောက်ထားခဲ့ပါသည်။
ဤတွင် ဘုရားရှင်တော်မြတ်က သာဓုသုံးကြိမ်ခေါ်ပြီး ငါဘုရား၌ ချစ်မြတ်နိုးသောရဟန်းသည် ဓမ္မရာမ ကဲ့သို့ တရားကိုကျင့်ရာ၏။ ပန်းနံ့သာ ဆီမီးတို့ဖြင့် ပူဇော်ခြင်းသည် ငါဘုရားအား ပူဇော်သည် မမည်နိုင်သေး။
ယခုကဲ့သို့ ငါဘုရားဟောကြားထားသော တရားတော်များအတိုင်း ကျင့်ကြံနေမှုသည်သာ
ငါ ဘုရားအား ထိုက်ထိုက်တန်တန် ပူဇော်သည် မည်၏။
ငါ ဘုရား၏ သံဃာကိုလည်း ပူဇော်သည် မည်၏
ငါ ဘုရား၏ တရားတော်ကိုလည်း ပူဇော်သည် မည်၏ ဟူ၍ဖြစ်ပါသည်။
ဓမ္မပူဇေမိ သည် ဆိုရုံ ရွတ်ရုံမျှဖြင့် အကျိုးမပြီးမြောက်နိုင်ပါ။
ဓမ္မံပဿတိ မယံပဿတိ (တရားကိုမြင်လျှင် ငါဘုရားကိုလည်းမြင်၏)
စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မမှတ်စုများ
မှတ်စု(၆)
ပုံကို google မှကူးယူရရှိပါသည်။
ပထမ ရေးသားထားသော ပိုစ့်မှာ စာပိုဒ်ကျန်သွားပါသဖြင့် ယခုမှသာ ကျန်ခဲ့သော အပိုဒ်အား ပြန်လည် ဖြည့်စွက်ထားရပါတယ်။ ကွန်နက်ရှင် နှင့် မီးအားမရပါသောကြောင့် ပိုစ့်တင်ရသည်မှာ အခက်အခဲများ ရှိသည်ကို နားလည်ပေး ကြစေလိုပါတယ်။ အခုလို ဖြစ်သွားခြင်း ကိုလည်း စာဖတ်သူ အပေါင်းအား အနူးအညွှတ် တောင်းပန်အပ်ပါ တယ်။
မ အနမ်း
ကုသိုလ်နည်းနည်း ငရဲများများ
“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ”ဆိုသော စကားပုံကို မြန်မာတိုင်းသိကြပါသည်။ သို့သော် မိမိသည်ပင် နေ့စဉ် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်နေသည်ကို ပြုပြင်ရန် မေ့လျော့နေတတ်ကြပါသည်။
ဥပမာ။ ။ ဘုရားဝတ်ပြုချိန်၊ အလှူဒါနပြုချိန်သည် နေ့စဉ် နာရီဝက် တစ်နာရီမျှသာပြုကြပြီး ကျန်အချိန်တို့ သည်ကား လောဘ၊ ဒေါသ၊ ကာမတို့နှင့် စပ်သောကိစ္စမျိုးများနှင့်သာ တစ်နေကုန်သွားကြပါသည်။
ကျွန်ုပ်အနေဖြင့် ကုသိုလ်များများ ငရဲနဲနဲဖြစ်အောင် ပြုပြင်လိုက်ပါသည်။
ကျွန်ုပ်ပြုပုံကား_
သိကြားမင်းကြီးအား ဘုရားရှင်ဟောကြားသော ( သက္ကပဉာသုတ်တော်လာ) တရားအတိုင်း ဣဿာမစ္ဆိရိယ (မနာလိုဝန်တို) ခြင်းဆိုသည့် စိတ်မျိုးမဖြစ်ပေါ်အောင် သတိအမြဲထားပြီး ဒါနတစ်ခုခုကိုပြုရန် စိတ်ကူးနေ လိုက်ပါသည်။ ထို့ပြင် ဒီနေ့ ငါးပါးသီကိုလုံခြုံအောင် စောင့်မည်ဟု အဓိဋ္ဌာန်ပြုထားလိုက်ပါသည်။
အချိန်အားတိုင်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်သော ဘုရားဂုဏ်တော်(၉)ပါးကို စိတ်ထဲမှသော်လည်းကောင်း၊ နှုတ်မှသော်လည်းကောင်း ရွတ်ဆိုအောင်းမေ့လိုက်ပါသည်။
စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မမှတ်စုများ
မှတ်စု (၅)
အသက်တိုခြင်း ရှည်ခြင်းနှင့် ဘ၀ချမ်းသာခြင်း ဆင်းရဲခြင်းအကြောင်းရင်း
ပထမ စိတ်သေမည်၊ နောက် ရုပ်သေမည်၊ နောက် လူသေမည်။ နောက် ဘ၀ဘ၀ ဆက်သေပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပထမ စိတ်မသေအောင်နှင့် ရုပ်မသေအောင် အတွက် မိမိစိတ်ချမ်းသာအောင် အမှုအမျိုးမျိုးကို ကြိုးစားရှာဖွေနေကြရပါသည်။
ဥပမာ။ ။ မိန်းမ/ လင်ရှာဖွေယူခြင်း၊ စီးပွားဥစ္စာရှာဖွေခြင်း၊ အငယ်အနှောင်းထားခြင်း၊ အိမ် ကား ဂုဏ် ရာထူး မက်မောရယူနေခြင်းများနှင့် ဇိမ်ခံစားမှုအမျိုးမျိုးတို့သည် လူတိုင်းနှစ်သက် ကြသော အာဟာရများပင်ဖြစ်ကြပါသည်။ ဓမ္မက ထိုအာဟာရများကို ဖဿ အာဟာရနှင့် မနော အာဟာရ ဟုဖော်ပြထားပါသည်။ လူမသေ အောင်အတွက် ထမင်း ဟင်း အစားအစာနှင့် ဆေးဝါးအမျိုးမျိုးကို နေ့စဉ်မှီဝဲနေကြခြင်းသည်လည်း လူမသေ အောင် (ကာဗရီ အာဟာရ) ကိုမှီဝဲခြင်းဖြစ်ပါသည်။ လူတိုင်း ဖော်ပြပါ အာဟာရ (၃)မျိုးကို ရနိုင်သမျှ လုပ်ကြံ ရှာဖွေ စားတတ်ကြပါသည်။
သို့သော် ဘ၀ဘ၀ ဆက်မသေအောင် ဘ၀ဘ၀ ဆက်မဆင်းရဲအောင် (စေတနာဟာရ) ကိုမူ မှီဝဲသုံးဆောင် ရန်အလွန်အားနည်းနေတတ်ကြပါသည်။
ထို့ကြောင့် ဘ၀ဘ၀တိုင်း မဆင်းရဲရအောင် အသက်မတိုရအောင် နိဗ္ဗာန်အထိဆက်သွား နိုင်အောင် ကုသိုလ် ဒါန(အာဟာရ) နှင့် ပါရမီဒါန (အာဟာရ) မျိုးကိုပြုတတ်ရပါမည်။
စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မမှတ်စုများ
မှတ်စု (၄)
အလိုဆန္ဒ၏ ပြင်ပသဏ္ဍာန်နှင့် အတွင်းစိတ်ရင်းအမှန်
ဥပမာ။ ။ လမ်းသွားသူတစ်ဦးအား “ ထမင်းစားပါအုံး” ဟု ထမင်းစားနေစဉ်ဖိတ်ခေါ်ပါက ထိုသူ တကယ်ဝင်စားလျှင် စိတ်ခုသွား တတ်ပါသည်။ ကျွန်ုပ်ဆိုချင်သည်က အစကတည်းက မကျွေးချင်လျှင် ထမင်းစားမခေါ်ပါနှင့် ခေါ်လျှင်လည်း တကယ်ကျွေးချင်မှ ခေါ်ပါဟု တင်ပြသော်လည်း ဘယ်သူမျှလက်မခံကြပါ။ စိတ်ထဲတွင်တစ်မျိုး ပြင်ပတစ်မျိုး ဟန်ဆောင်ခြင်းကို လူအများလက်ခံနေကြ ဖြစ်ပါသည်။ ထိုဟန်ဆောင်စိတ်များလျှင် ထိုသူ တရားရရန်မလွယ်ပါ။
ဓမ္မပဒတစ်ပုဒ်တွင် ဘုရားရှင်က ဤသို့မိန့်ကြားခဲ့ပါသည်။ “ သင်သာရိုးသားမှု၊ မှန်ကန်မှုရှိပါစေ၊ ငါဘုရားထံလာခဲ့ ၇နှစ်၊ ၇လ၊ ၇ရက် အတွင်း တရားကိုသိစေရမည်” ဟုဆိုထားခဲ့ပါသည်။
မှတ်ချက်။ ။ ယနေ့ ကျွန်ုပ်တို့ အသက်အရွယ်ကြီးသော ပုဂ္ဂိုလ်များ၊ ၀ါကြီးသည်ကို ဂုဏ်ယူနေသော ပုဂ္ဂိုလ်များ၊ ဘုရား၊ တရားအလုပ် ကိုလုပ်နေပါသည်ဟု ပြောနေသော ပုဂ္ဂိုလ်များ၊ မိမိ၏ကိုယ်နှင့်စိတ်ကို ပြန်စစ်ရန်လိုနေပြီး ဖြစ်ပါသည်။
စာရေးသူ။ ဓမ္မမိတ်ဆွေ၏ ဓမ္မစာစုများ
မှတ်စု (၃)
အမြင်တူပြီး အသွင်မတူသော သူတော်ကောင်းနှင့် သူယုတ်မာ
တစ်ဦးသောသူက အမြဲတမ်း “ ဘာကျွေးမလဲ” “ ဘာစားရမလဲ” ဟု ဦးဦးဖျားဖျား မေးတတ်သူသည် သူတော် ကောင်းမဟုတ်နိုင်သလို ...
တစ်ဦးသောသူက တွေ့တိုင်းဆုံတိုင်း “ ဘာစားမလဲ” “ ဘာစားချင်လဲ” ဟု ဦးဦးဖျားဖျား မေးတတ်သူက သူယုတ်မာ မဖြစ်နိုင်ပါ။
ဥပမာ။ ။ အလှူအိမ် ထမင်းဝိုင်း၌ ဦးဦးဖျားဖျား အသားတုံးများကို ဝေစုရပိုင်ခွင့်ကဲ့သို့ မဆင်မခြင်ပဲယူစားရဲသော သူသည် အလိုလောဘကို မထိန်းနိုင်သော သူယုတ်မာများဖြစ်ကြပါသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် သူတပါးအပေါ် ဘယ်သောအခါမျှ ကောင်းကျိုးပေးလိမ့်မည်မဟုတ်ပါ။ ယခု လူ့ဘ၀တွင် သူတော်ကောင်းတရားမျိုးကို ရရန်မလွယ်ပါ။
စာရေးသူ.. ဓမ္မမိတ်ဆွေ၏ ဓမ္မစာစုများ
မှတ်စု (၂) မှ..
တရားရလွယ်သူနှင့် တရားမရနိုင်သူ
*အသိအမှတ် ကြဲသူ မေ့ထားသူက တရားရရန်မလွယ်
ဥပမာ.. မိမိနှစ်သက်သော ၀က်သားတုံးကို ကိုက်စားနေလျှက်က ကြမ်းပြင်ပေါ်သို့လွတ်ကျခဲ့ သော်လည်း ပြန်ကောက်စားနိုင်ပါသည်။ ထိုစားဆဲ ၀က်သားတုံးက ကြမ်းပြင်သို့မကျပဲ မစင်ပုံပေါ်သို့ကျသွားပါက ပြန်ကောက်၍ မစားနိုင်တော့ပါ။ ရေဆေးပေးသော်လည်း မစားတော့ပဲ စွန့်ပစ်နိုင်ကြပါသည်။ သို့သော် အလားတူစွာသော ၀က်တစ်ကောင်သည် မစင်လူးပြီး မစင်ကိုစားနေဆဲ၊ ထိုဝက်ကို တစ်နေရာတွင် သတ်ပြီး အသားကိုလာရောင်းပါက ၀ယ်စားနိုင်ပြန်ပါသည်။
အဓိကတရားအချက်က..
ပဌမ မစင်ပုံပေါ်ကျသွားသော ၀က်သားတုံးကိုရေဆေးထားသော်လည်း မစင်နှင့်လူးခဲ့ပြီးဖြစ်သောကြောင့် မစင်ပုံပေါ်ကို ကျခဲ့သည်ကိုမြင်၍ အစွဲမပြတ်သောကြောင့် မစင်ကိုရွံရှာသဖြင့် မိမိနှစ်သက်သော ၀က်သားတုံးကို စွန့်ပစ်နိုင်ခြင်း ဖြစ်ပါသည်။
ဒုတိယ ၀က်သားဟင်းချက်ထားသော ၀က်သားသည်လည်း မကြာမီကပင် မစင်လူး၊ မစင်စားခဲ့သော ၀က်ဟု သိထားသော်လည်း အမြင်မသန် အသိမစွဲ အသိမမြဲသောကြောင့် စားနိုင်ခြင်းဖြစ်ပါသည်။ ထိုသဘောတရားကဲ့သို့ ယနေ့ ကျွန်ုပ်တို့သည် ဆင်းရဲ၊ ငရဲ၊ အကုသိုလ်တရားဆိုးများက ဘ၀သံသရာ တလျှောက်တွင် ဒုက္ခဆင်းရဲကို ကြုံတွေ့ပါမည်ဟု ဓမ္မက မည်မျှပင်ဖော်ပြဆုံးမထားသော်လည်း အသိအမှတ်ကြဲပြီး ဒုက္ခဆင်းရဲကို မေ့ထားနိုင်သဖြင့် အကုသိုလ်စရိုက်ဆိုးများကို ပြုကျင့်ရဲကြပါသည်။ မစင်လူးပြီး မစင်စားထားသော ၀က်ကို သတ်စားနိုင်သကဲ့သို့ ပင်ဖြစ်ပါသည်။
ထိုပုဂ္ဂိုလ်များ တရားရရန် မလွယ်ပါ။
စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မစာစုများ
မှတ်စု (၁) မှဖော်ပြပါသည်။
ယောနိသောရှိမှ စိတ်ကောင်းရ
ယောနိသောရှိမှ စိတ်ကောင်းရ
ယောနိသောရှိမှလည်း စိတ်ကောင်းနှလုံးကောင်းရရှိနို
ယောနိသောရှိခြင်းမရှိခြင်းတို့ ၏အကြောင်းများကား စာကောင်းပေကောင်းကြည့်ရှုခြင်း၊ မကြည့်ရှုခြင်း ပညာရှိထံနည်းခံခြင်း၊ မခံခြင်းများပေတည်း။ စာကောင်းပေကောင်းကို ကြည့်ရှုလေ့ရှိသူ၊ ပညာရှိ ၊သူတော်ကောင်းထံ နည်းခံလေ့ ရှိသူ (ပညာရှိ သူတော်ကောင်းနှင့် ပေါင်း
ထို့ ကြောင့်ပင် မိမိအတွက်အကျိုးရှိသော စာပေများကိုသာ များများဖတ်ယူသင့်ကြပါတယ်။ ထို့ နောက် “အသေ၀နာစ ဗာလာနံ” ဆိုတဲ့ လူမိုက်နှင့်မပေါင်းသင်းရာ ဆိုတာ မင်္ဂလာ တရားတော်မှာ ပါပါတယ်။ ကိုယ်ပေါင်းသင်းတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ် အသိဆုံးပါပဲ။ ကိုယ်ကျင့်တရားဟာလည်း အလွန်အရေးကြီးပါတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့သူနဲ့ ပေါင်းသင်းခြင်းဟာလည်း၊ မကောင်းတဲ့ အကျင့်ဆိုး ညာဏ်ဆိုးတွေကို ဖြစ်စေတာပါပဲ ၊ ထိုသူတို့ အတိုင်း ကိုယ်ကျင့်တရားမပျက်ပဲနေနိုင်
ကိုယ်ကျင့်တရားကို ဦးစားပေးတတ်တဲ့ ကျွန်မအကျင့်ကြောင့် ကိုယ်ကျင့်တရား ပျက်ယွင်းတဲ့သူမျ
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ 
မမှီဝဲနဲ့ ကင်းအောင်နေ
ပညာရှိကို အရှည်တွဲလို့ 
မှီဝဲဆည်းကပ် နည်းယူစေ ဆိုပြီး ၃၈ဖြာမင်္ဂလာတရားတော်မှာဖော်ပြထား
လူမိုက်ဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ လူဆိုး၊ သူခိုး၊ ဓါးမြ သေရည် အလွန် သောက်သုံးသူများ စသည်ဖြင့် အမျိုးမျိုးပါပဲ။ ကျွန်မခုန တင်ပြသလို ကိုယ်ကျင့်တရား မကောင်းတဲ့သူမျို
ဆရာတော်က ယောနိသောရှိခြင်း ဟာ စာကောင်းပေကောင်းများဖတ်ခြင်းနဲ့  သူတော်ကောင်း များနဲ့  ပေါင်းသင်းဆက်ဆံခြင်းတို့ ဖြစ်တယ်လို့ ဆိုတာကြောင့် မိမိတို့ ကိုယ်ကို မိမိတို့  မည်သည့် စာကောင်း ပေကောင်းများဖတ်ဖြစ်သလဲ မည်သည့်သူတော်ကောင်းများနဲ့ ပေါင်းသင်းနေသလဲကို သုံးသပ်ကြည့် နိုင်ပါတယ်။ ဒါမှလည်း တွေ့ ရာကြုံရာကိစ္စ၌ ယောနိသောရှိသဖြင့်၊ သင့်လျော်အောင်နှလုံးသွင်းကာ အရာရာ၌ ဗြဟ္မစိုရ်တရား လက်ကိုင် ထားလျှက် ကြီးမားသောစိတ်သဘောရှိသူ၊ အပေါင်းအသင်းဆံသူ ဖြစ်စေပါလိမ့်မယ်။ ဆရာတော်ကလည်း ဤသို့ဖြစ်စေရန်ရည်ရွယ်ခဲ့ပါတယ်။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ မှ ယောနိသောရှိမှ စိတ်ကောင်းရ အား ကိုးကား၍ တင်ပြ ပါသည်။
ဝေဘူဆရာတော်တရားအနှစ်ချုပ်
ပိဋကတ်သုံးပုံကိုအကျဉ်းချုံးပါရင် ဗောဓိပက္ခိယတရား ၃၇ပါးရတယ်။
ဗောဓိပက္ခိယတရား ၃၇ပါးကို အကျဉ်းချုံးရင် သိက္ခာသုံးပါးရတယ်။
သိက္ခာသုံးပါးကိုအကျဉ်းချုံးရင်(ကောဓမ္မော) ဟုဆိုအပ်သော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရားတစ်ခုရတယ်။
သိက္ခာသုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါပဲ။
ကာယကံသောင်းကျန်းမှု ၀စီကံသောင်းကျန်းမှုမရှိရင် အဓိသီလ လို့ ခေါ်တယ်။
အဓိသီလအားကောင်းရင်၊ စိတ်တွေသောင်းကျန်းမှုမရှိပဲ ငြိမ်ဝပ်ပိပြားပြီးနေရင် (သမာဓိ)
အဲဒါ အဓိစိတ္တပဲ။ အဓိစိတ္တအားကောင်းလို့ အချိန်ကြာရင် ဘယ်လူဘယ်နတ်၊ ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး။ လျှပ်တပြက်အတွင်းမှာ ကုဋေတစ်သိန်းဖြစ်ပြီးပျက်နေတယ်၊ ရုပ်ကိုနာမ် က သိနေရင် ဖြစ်ပျက်ကိုသိတော့တာပဲံ။ ဖြစ်ပျက်ကိုသိတာ အဓိပညာလို့ ခေါ်တယ်။
အများနားလည်အောင်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာထင်ရှားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့နှာဖျား နှာဝမှာ လေနှစ်ရပ်ဟာ အမြဲတိုက်ဝင်၊ တိုက်ထွက်ဖြစ်နေတယ်၊ နှာဖျားနှာဝ ကာယပသာဒအကြည်ဓါတ်ကအထိခံ၊ ထွက်လေ၊ ၀င်လေဖြစ်တဲ့လေနှစ်ရပ်ဟုဆိုသော
ဝါယောဓါတ်က ထိတဲ့ဟာ။
အထိခံကလည်းရုပ်၊ ထိတဲ့ဟာကလည်းရုပ်ပဲ။ အဲဒီရုပ်နှစ်ခုထိ၊ ဒါကိုသိတာက နာမ်ဆိုတော့
ဒကာကြီး၊ ဒကာမကြီးတို့ သူများမမေးနဲ့ ၊ ကိုယ့်နှာဝကို နာမ်နဲ့ စောင့်ကြည့်။ ၀င်တော့လည်းထိဝင်မယ်၊ ထွက်တော့လည်းထိထွက်မယ်။ ထိတာကိုသိရင် သိနေတာလောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့်မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီးငြိမ်းတယ်။ ငြိမ်းတော့အေးတယ်။
မထိခင်ကလည်းသိလို့ မဖြစ်ဘူး။ ထိပြီးပြန်တော့လည်းသိလို့ မဖြစ်ဘူး။ ထိတုန်းကသာ သိတာဖြစ်တယ်။ အဲဒါကိုပစ္စုပ္ပန်တည့်တည့်လို့ ဆိုတယ်။ ထိတာကိုသိနေရင် ရုပ်၊ နာမ်သာ ရှိပါလားလို့ သိလိမ့်မယ်။
ရုပ် နာမ်မှတစ်ပါး၊ ငါ သူတစ်ပါး၊ ယောကျာင်္း၊ မိန်းမ၊ လူ နတ် ဗြဟ္မာမရှိဘူးဆိုတာ ဘုရားရှင်ရဲ့ တရားဟာ အမှန်ပါလားလို့ ကိုယ့်ဟာကိုယ်သိလိမ့်မယ်။ သူများမေးနေဖို့ မလိုဘူး။ နှာဝမှာထိ တာကိုသိရင်ထိုအချိန်မှာအတ္တဆိုတဲ့ ကိုယ်မရှိဘူး။ ထိုသိနေတဲ့အချိန်မှာ ဉာဏ်အမြင်စင်ကြယ် တယ်၊ သမ္မာဒိဌိဖြစ်တယ်။ ထိတာကို သိနေတဲ့အချိန်မှာ ရုပ်နာမ်မှတစ်ပါးဘာမှမရှိပါလားလို့ သိ တာကိုနာမ်နဲ့ ရုပ်ကိုပိုင်းခြားပြီးသိတာမို့  နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တယ်။ တထိတည်းထိ ၊ တသိတည်းသိနေလျှင် အတ္တစင်၍ ဉာဏ်အမြင်စင်ကြယ်တဲ့အကျိုးရတယ်။ ဒါဟာ တဒင်္ဂပ ဟာန် ခဏအချိန်လေးမှာရတဲ့အကျိုး။ နည်းတယ်လို့ မမှတ်ကြနဲ့ ၊ ကမ္မဌာန်းထိုင်ရတာများ ဘာမှလည်းမတွေ့ ပေါင်လို့ မမှတ်လိုက်နဲ့  ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့အခါမှာ အင်မတန် ကြီးမားတဲ့ အကျိုးထူးများရနိုင်ပါတယ်။
အထူးကြိုးစားကြပါ လို့ ဆရာတော်ဘုရားက ဟောကြားတော်မူ သည်ကိုအကျဉ်းချုပ် ရေးသားပါသည်။
ဘုရားပေးတဲ့ဆေး
အဲဒီလို စိတ်အစဉ်ကို သိနေခြင်းဟာလည်း တရားအားထုတ်ခြင်းတစ်မျိုးပါပဲ ၊ သမထရဲ့သဘောနဲ့ ၀ိပဿနာ ရဲ့ သဘောကို ပေါင်းစပ်လိုက်သလိုလဲ ဖြစ်သွားပါတယ် ၊ အဲဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ ပြင်ပအကြောင်းအရာတွေကိုတွေးဖို့ အချိန်မပေးသလို တွေးဖို့ အခွင့်အရေးလည်းမရှိတော့ပါဘူး ၊ ဒါကြောင့်သမာဓိကိုမြန်မြန်ရလာပါလိမ့်မယ် ၊ စူးစိုက် တည်ငြိမ်မှု သမာဓိရလာတာနဲ့ ထွက်လေ၀င်လေဟာလည်း ညင်ညင်သာသာလေးပဲ အလိုလို ဖြစ်သွားပါတော့တယ် ၊ ဒါပေမယ့် အသက်ရှုလို့လည်းဝပါတယ် ၊ လန်းဆန်း ကြည်လင် လာသလို ကိုက်ခဲနာကျင်မှုတွေ ရှိရင်လည်းပျောက်သွားပြီး ၊ ပေါ့ပါးလာပါတယ် ၊ သာယာ သလိုဖြစ်လာပါတယ် ၊ တချို့တွေဆိုရင် တရားထိုင်ရတာကောင်းလို့ မထချင်ပဲ အကြာကြီး ထိုင်ကြတယ်လို့ သိရပါတယ် ၊ ဒါပေမယ့် ဆရာတော်ကတော့ အဲဒီအဆင့်မှာတင် ကျေနပ် ရပ်တန့် မနေပဲ၊ ဆက်ပြီးရှုမှတ် အားထုတ်သွားရမှာဖြစ်တယ် ၊ ဒီအဆင့်မှာပဲ နေရတာ ကောင်းလို့ဆိုပြီးနေနေရင် အကျိုးမများလှဘူးလို့မိန့်ပါတယ် ၊ ဒါဖြင့်ဘယ်လို ဆက်ပြီး အားထုတ်ရမလဲ မေးလာရင်တော့မဖြေတတ်သေးပါဘူး ၊ ကျွန်တော်လည်း အနည်းငယ် ပဲသိတာ ၊ အနည်းငယ်ပဲရဖူးတာဖြစ်ပါတယ် ၊ တည်ငြိမ်ပြီးမပျံ့လွင့်တဲ့ သမာဓိကိုရတဲ့ အဆင့် ထိရောက်ပြီဆိုရင်တော့ သေချာကျနတဲ့ တရားရှုမှတ်နည်းတစ်ခုခုကို လက်ကိုင်ထားပြီး လုပ် သင့်ပါပြီ ၊ ကျွန်တော် အခုရေးခဲ့တာတွေက သိသလောက်နဲ့ အတွေ့ အကြုံ အနည်းငယ်ကို သာပြန်လည်မျှဝေတဲ့သဘော၊ တိုက်တွန်းလိုတဲ့သဘောနဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။
တဏှာမူလက တရားကိုးပါး
၂။ ရှာမှီးခြင်းကိုအစွဲပြုပြီး ရခြင်းဖြစ်ပေါ်လာသည်။
၃။ ရခြင်းကိုအစွဲပြုပြီး စီမံဆုံးဖြတ်ချက်ကြောင်းဖြစ်ပေါ်လာသည်။
၎။ စီမံဆုံးဖြတ်ခြင်းကိုအစွဲပြုပြီး မက်မောခြင်းဆန္ဒရာဂ ဖြစ်ပေါ်လာသည်။
၅။ မက်မောမှုဆန္ဒရာဂကိုအစွဲပြုပြီး စွဲလန်းခြင်းဖြစ်ပေါ်လာသည်။
၆။ စွဲလန်းခြင်းကိုအစွဲပြုပြီး သိုမှီးသိမ်းဆည်းခြင်းဖြစ်ပေါ်လာသည်။
၇။ သိမ်းဆည်းရခြင်းကိုအစွဲပြုပြီး ၀န်တိုခြင်း မစ္ဆရိယဖြစ်ပေါ်လာသည်။
၈။ ၀န်တိုခြင်းမစ္ဆရိယကိုအစွဲပြုပြီး စောင့်ရှောက်ရခြင်းဖြစ်ပေါ်လာသည်။
၉။ စောင့်ရှောက်ရခြင်းကိုအစွဲပြုပြီး တုတ်ကိုင်ရခြင်း၊ လက်နက်ကိုင်ရခြင်း၊ အငြင်းခုန်ရခြင်း
ကုန်းတိုက်ခြင်း၊ မုသားဆိုခြင်း စသော အကုသိုလ်များဖြစ်ပွားလာရသည့်ဆိုတဲ့ ၉မျိုးပါ။
ဒီဒုက္ခတွေက ကင်းလွတ်ချင်လို့ ဒါနပြုကြတာပါပဲ။
မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေ၀ဒတ်၏ တပည့်များ” စာအုပ်မှ ကူးယူရေးသား ဖော်ပြပါသည်။
အခွင့်အခါကိုမစောင့်နဲ့ ၊ လုပ်ယူပါ
(ဥဂ္ဃါဋိတညူ=အဓိပ္ပါယ်အစအန၊ အကျဉ်းပြောရုံမျှဖြင့်သိသောသူ)
ဒါမှမဟုတ် ကျယ်ကျယ်ပြန့် ပြန့် ဟောပြီးလို့ တရားအဆုံးမှာ (၀ိပဥ္စိတညူ ပုဂ္ဂိုလ်လိုမျိုး) အားမ ထုတ်ရပဲနဲ့ ၊ တရားသိသွားသောနည်းမျိုးကို မျှော်မှန်းတောင့်တနေတတ်ကြသည်။
(၀ိပဥ္စိတညူ=အဓိပ္ပါယ်အကျယ်ချဲ့၍ ပြကာမှသိသောသူ)
“ အဲဒီအချိန်မရောက်ခင် ဒီအတွင်းမှာ ဒုက္ခတွေ ပင်လယ်ဝေရမှာကိုတော့ ထည့်ပြီးမတွက်ကြ ဘူး” ဟူ၍ မိုးကုတ်ဆရာတော်ဘုရားကြီးကအပြစ်တင်တော်မူသည်။
မိုးကုတ်ဆရာတော်ဘုရားကြီးကမူ ထိုသို့ မဟုတ်ချေ၊ နေယျပုဂ္ဂိုလ်တို့ လိုကျင့်ယူပါ၊ လိုလား အပ်တဲ့အကျိုးကို အဖိုးအခပေး၍ယူပါ၊ ကိုယ့်မှာရရှိလာတဲ့ အခြေအနေကို အသုံးချပါ၊ လက် လွတ်မခံပါနဲ့ ၊ “ နောင်” ဆိုတဲ့ အနာဂတ်ဟာ မသေချာဘူး။
(နေယျပုဂ္ဂိုလ်= အကျဉ်းဟောရုံမျှဖြင့်လည်းမသိ၊ အကျယ်ချဲ့၍ဟောသော်လည်းမသိသေး၊ ထပ်ပြန်တလဲလဲ ကြိမ်ဖန်များစွာဟောတော်မူမှ အဓိပ္ပါယ်တွေသိလာသောသူ)
ဒါကြောင့်ယခုပစ္စုပ္ပန်မှာ ယခုအခွင့်ကောင်းကြုံခိုက်တွင် ယခုလုပ်ယူပါ၊ ကျင့်ယူပါ၊ အရင်းမနှီး ပေးစိုက်ထုတ်ပါ။ အလုပ်လုပ်ပါ၊ ထိုအခါတရားနှင့်တွေ့ ပါလိမ့်မည်။ တရားနှင့်တွေ့ ဖို့ ကအဓိ ကပါ- ဟုဆိုလိုတော်မူသည်။
(ကမ္မ=အလုပ်၊ ကမ္မဖလ=လုပ်အားခ) အလုပ်လုပ်မှလုပ်အားခ ရနိုင်မည်။
အလုပ်မလုပ်ပဲနဲ့ လုပ်အားခ မရနိုင်ဟူလို။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ မှကူးယူရေးသားတင်ပြခြင်းပါ။
ဓာရဏပရိတ်တော်( မြန်မာလိုအနက်အဓိပ္ပါယ်)
ဓာရဏပရိတ်တော်ကို နေ့ စဉ်မှန်မှန်ရွတ်ဖတ်ပါက သူတစ်ပါးလက်နက်၊ သူတစ်ပါးပယောဂ ဖြင့်သေရခြင်း၊ ကျား မြွေစသည်သားရဲတိရိစ္ဆာန်တို့ ကိုက်ကာသေရခြင်း၊ ချောက်ကမ်းပါးကျ ကာသေရခြင်း၊ ရေနစ်သေရခြင်း၊ ကားမှောက်ကာသေရခြင်း စသည့် ဥပစ္ဆေဒကကံဖြင့် သေရခြင်းများ ကင်းလွတ်နိုင်ပါတယ်လို့ ဆိုပါတယ်။ သေခြင်း၎မျိုးမှာ ဥပစ္ဆေဒကကံဖြင့် သေရခြင်းဟာ အဆိုးဝါးဆုံးလို့ ကျွန်မထင်ပါတယ်။ ဒါကြောင့် ဓာရဏပရိတ်တော်ကို ရွတ်ဖတ်သင့်ပါတယ်။ ဓာရဏပရိတ်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ အာဝေဏိကဂုဏ်တော် ၁၈ပါး ဖြစ်ပါတယ်။
ကျွန်မကတော့ ဓာရဏပရိတ်တော်ကို ခုလိုအတိုင်း မြန်မာလိုအနက်အဓိပ္ပါယ်အတိုင်းပဲ ရွတ်ဆိုပါတယ်။ မြန်မာလို အနက်အဓိပ္ပါယ်မသိသေးသူများလည်း ရှိကောင်းရှိမယ်ထင်လို့  ပိုစ့်တင်လိုက်ခြင်းပါ။
၁။ ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား၊ မြတ်စွာဘုရား၏အသက်တော်ကို မည်သူမျှမပြုနိုင်၊ ထို့ အတူ တပည့်တော်အားလည်း ဖြစ်ပါစေသတည်း။
၂။ ကံတော်အနန္တနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား၊ မြတ်စွာဘုရား၌လွန်လေပြီးသော အတိတ်ကာလအဖို့ ၌ အပိတ်အပင်အတားအဆီးမရှိသော ညာဏ်တော်သည်ဖြစ်၏။
၃။ ညာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား၊ မြတ်စွာဘုရား၌ နောင်လာလတ္တံ သော အနာဂတ်ကာလအဖို့ ၌ အပိတ်အပင်အတားအဆီးမရှိသော ညာဏ်တော်သည်ဖြစ်၏။
ဖြင့်မတွေ့ မထိမသိအပ်သော တရားသည်မရှိပါတကား။
ဤဂုဏ်ကျေးဇူးများနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည်လက်စုံမိုး၍ ရှစ်ခိုးပူဇော်ဖူးမြှော်မာန်လျှော့ကန်တော့ပါ၏အရှင်ဘုရား။
is the Best.....
The Eightfold Path is the best;
of all the truths
The Four Noble Truths are the best;
of all things
Passionlessness is the best;
of men the Seeing One (the Buddha)
is the best
လမ်းအားလုံးတို့ တွင် အင်္ဂါရှစ်ပါးရှိသောလမ်းသည် အမြတ်ဆုံးဖြစ်၏။
သစ္စာအားလုံးတို့ တွင် သစ္စာလေးပါးတို့ သည်အမြတ်ဆုံးဖြစ်၏။
သဘောတရားအားလုံးတို့ တွင် ရာဂကင်းသောသဘောတရား(နိဗ္ဗာန်)သည် အမြတ်ဆုံးဖြစ်၏။
ခြေနှစ်ချောင်းရှိကုန်သော လူ၊ နတ်၊ ဗြဟ္မာအားလုံးတို့ တွင် ပညာရှိဖြစ်တော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။
ဓမ္မပဒ Dhammapada
တစ်ခါလာလဲ ဒါပါပဲ
လမ်းမှန်အတိုင်းစွဲစွဲမြဲမြဲဇွဲရှိရှိသွားနေသူ၊ လမ်းမှန်နေသူအတွက်တော့ ဒီစကားဟာ ချီးမွမ်းဂုဏ် တင်တဲ့စကားမျိုးပါ။ “အို မင်းကတော့ တစ်ခါလာလဲ ဒါပဲ၊ တစ်ခါလာလဲ ဒါပဲ၊ နေ့ စဉ်မပျက်စွဲစွဲ မြဲမြဲလုပ်နိုင်လိုက်တာကွယ်၊ တယ်လဲဇွဲရှိပါလား” ချီးမွမ်းဂုဏ်တင်စကားပြောတတ်ကြတယ်။
လူဆိုတာ အလုပ်သမားဖြစ်လို့ အလုပ်လုပ်ဖို့ လူဖြစ်လာတာဖြစ်လို့ အလုပ်လုပ်တတ်တဲ့အရွယ် အလုပ်လုပ်နိုင်တဲ့အရွယ် ကစ အလုပ်လုပ်နေကြရပါတယ်။ လမ်းမှားလိုက်နေသူလဲ အမှန်မသိ သေးသမျှ အမှန်အတိုင်း မလိုက်နိုင်သေးသမျှ ဒီအမှားကိုပဲ ဆက်ကာဆက်ကာလုပ်နေမှာပဲ။ လမ်းမှန်လိုက်နေသူလည်းအမှန်လိုက်နေသေးသမျှ အမှန်ကိုပဲထပ်တလဲလဲ လုပ်နေမှာပါ။ တစ်ခါလာလဲ ဒါပါပဲပေါ့။
ဒီ “တစ်ခါလာလဲ ဒါပါပဲ” ဆိုတဲ့သဘောလေးပေါ်လွင်အောင် ကိုယ့်ရဲ့ တစ်ဘ၀လုံးကို ခြုံငုံ ကြည့် စမ်းပေါ့။ ကြည့်တတ်ရင် ညာဏ်ထဲမှာထင်ထင်ရှားရှားပေါ်လာပါလိမ့်မယ်။
(၁) တစ်ခါလာလဲ ဒါပဲပြင်နေရတယ်၊ တစ်ခါလာလဲ ဒါပဲပြင်နေရတယ်၊ စားဝတ်နေရေး ကျန်းမာရေးကိစ္စတွေနဲ့ နေ့ စဉ်လိုအပ်သမျှဖြည့်ဆည်းပေးပြီးပြုပြင်နေရပါတယ်။ ပြင်လိုက် တိုင်းပျက်ပျက်သွားတာကြောင့် ပြင်လို့ မပြီးနိုင်တာပါ။ ပြင်လိုက်ပျက်လိုက်၊ ပျက်လိုက်ပြင် လိုက်ပေါ့။
(၂) တစ်ခါလာလဲ ဒါပဲပျက်တယ်၊ တစ်ခါလာလဲ ဒါပဲပျက်တယ်၊ ဒီခန္ဓာလည်းပြုပြင်လိုက်တိုင်း ပျက်တာပဲ။ ခန္ဓာနဲ့ ဆက်စပ်တဲ့ သက်မဲ့ ပစ္စည်းဝတ္ထုတွေလဲ ပြုပြင်လိုက်တိုင်းပျက်တာပဲ။ မခိုင် မာတဲ့အရာတွေနဲ့ ပြုပြင်ထားတာဖြစ်လို့  ပြိုကျပျက်စီးရတာပါ။
(၃) တစ်ခါလာလဲ ဒါပဲနှိပ်စက်တယ်၊ တစ်ခါလာလဲ ဒါပဲနှိပ်စက်တယ်။ ပျက်တိုင်းလည်းနှိပ်စက် တယ်၊ ပြောင်းလဲတိုင်းလည်းနှိပ်စက်တယ်။ အိုတာနဲ့ နာတာကိုပြောတာပါ၊ မရဏတွင်းထဲ အရောက် ခြေထောက်၂ဖက်နဲ့ လှိမ့်ကန်နေသလို အဆက်မပြတ်ကန်နေတာပဲ၊ ဒုက္ခခန္ဓာ ရ ထားတာကိုး။
(၄) တစ်ခါလာလဲ ဒါပဲပူတယ်၊ တစ်ခါလာလဲ ဒါပဲပူတယ်။ ကိလေသာမကင်းသေးတာကိုပြော တာပါ။ မရှိလည်းပူ၊ ရှိလည်းပူပါပဲ၊ သတိလွတ်တိုင်း အပူချင်းထပ်နေတတ်ပါတယ်။
(၅) တစ်ခါလာလဲ ဒါပဲယူပါ၊ တစ်ခါလာလဲ ဒါပဲယူပါ။ ပြင်လိုက်ပျက်လိုက် နှိပ်စက်လိုက် ပူလိုက်နဲ့ သာဆိုရင် လူ့ ဘ၀ဟာ ဘာမှတန်ဖိုးမရှိ၊ ဘာမှလည်းအဓိပ္ပါယ်မရှိ၊ ဂုဏ်ယူစရာ လည်းဘာမှမပါ၊ ဒါကြောင့် လူ့ ဘ၀ရလာဒ်ဖြစ်တဲ့ ကောင်းမှုတရားကို အပ္ပမာဒ ခေါ်တဲ့ သတိညာဏ်နဲ့ တစ်ခါလာလဲ ရအောင်ယူပါ၊ နောက်တစ်ခါလာလဲ ဒီကောင်းမှုတရားကိုပဲ အရ ယူပါ၊ ဒါမှပဲ မြင့်မြတ်တဲ့ လူ့ ဘ၀ဖြစ်ခွင့်ရမှာပေါ့။
*တစ်ခါလာလဲ ခန္ဓာပဲ၊ အမြဲပြင်ရသည်။
*တစ်ခါလာလဲ ခန္ဓာပဲ၊ အမြဲပျက်နေသည်။
*တစ်ခါလာလဲ အိုနာပဲ၊ အမြဲနှိပ်စက်သည်။
*တစ်ခါလာလဲ ရှုပ်ညစ်ဆဲ၊ အမြဲပူလှသည်။
*တစ်ခါလာလဲ ကုသိုလ်ပဲ၊ အမြဲယူရမည်။
တိပိဋကယောဆရာတော်ရဲ့  တစ်ခါလာလဲ ဒါပါပဲ ဓမ္မလက်ဆောင်(၄၈) စာအုပ်ကို အမေ့သူငယ်ချင်း အန်တီကြီးတစ်ယောက်ဆီမှ လက်ဆောင်ရရင်း ဖတ်မိသလောက်လေးကို ရေးသားတင်ပြမိတာပါ။
တရားတော်ကိုကြည်ညိုရင်..
ဘုရားဟောထက် ဗေဒင်ကို ယုံကြည်သူတွေ၊ နမန္တာကျမ်းကို ယုံသူတွေက များပါတယ်။
တစ်နှစ် တစ်ခါ ထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးက ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ
တစ်ယောက်လက် တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား။
ဗေဒင်က ယခုထိခေါင်းပြတ်ကြီး မပုတ်သေးဘူး၊ မြန်မာပြည်က ယုံကြည်လက်ခံသမျှပုတ်မှာ မဟုတ်ဖူး၊ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို မဓာနထားသကွဲ့ ၊ မြတ်စွာဘုရားက ကုသိုလ်နဲ့  အကုသိုလ်ကို ပဓာနထားသကွယ့်၊ ဗေဒင်က မဟာဘုတ်ကို မဓာနထား၍ထူသကွဲ့ ၊ မြတ်စွာ ဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။
ကဲ မဆန့်ကျင်ပါလား။ မြတ်စွာဘုရားနဲ့ ဆန့်ကျင်တာကို ယုံလျှင် ဘုရား၊ တရားကို မယုံရာ ကျမှာပေါ့။ မြတ်စွာဘုရား ဟောတာ " သဗ္ဗေ ကမ္မဿကာသတ္တာ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဖတိ"တဲ့။
ကဲ ဘယ်မှာလဲကွဲ့ နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လည်းမပါ။ မသာကို စုန်ချရင် တစ် လောင်းနဲ့ မပြီးတတ်ဖူးလို့ လည်းမပါ။
အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မင်္ဂလာဆောင်တာ ရက်မရွေး ရလို့ ပျက်စီး တတ်တယ်လို့လည်း မပါ။ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာကျလို့ ပျက်စီးတာလည်းမပါ။ သားဦးစနေ မီးလိုမွှေဆိုတာလည်း မပါ။ တနင်္ဂနွေ၊ တနလာင်္၊ အင်္ဂါ ဆိုတာတွေဟာ ပညတ် သင်္ကေတတွေပဲ၊ လူကို ကောင်းအောင် ဆိုးအောင်မလုပ်နိုင်ပါဘူး။ ကုသိုလ်ကံသာလျှင် ကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကံ သာ မကောင်းအောင် လုပ်နိုင်တယ်။ ဒါကြောင့် အကုသိုလ်ဆိုရင် မြွေဆိုး၊ ကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး၊ ကုသိုလ်ကံကို ကုစ္ဆာသယ ပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံ သရဏံ ဂစ္ဆာမိ ဖြစ်မှာ မဟုတ် လား။
ကချင်ပြည်နယ်၊ နမ္မားမြို့ ၊ မင်္ဂလာရာမေကျောင်း ဆရာတော်ဦးညာဏ၏ တရားစစ်တမ်း ဆွေနွေးခန်းမှ စာကို မေတ္တာရှင်ဆရာတော်က ပြန်လည်ပို့ ချထားခြင်းဖြစ်ပါတယ်။
လူတိုင်းနှစ်သက်သောဂုဏ်
ခန္ဓာကိုယ်နှင့် ဂုဏ်ကျေးဇူး၏ ခြားနားချက်ကားကြီးမားလှ၏။ ခန္ဓာကိုယ်သည်သေပြီးခဏနှင့် ပျက်စီးသောလည်းဂုဏ်ကျေးဇူးကား ကမ္ဘာဆုံးသည့်တိုင်အောင်မပျက်စီးဟုဆိုလိုပါ၏။ ဟင်း မှန်သမျှအရသာရှိရန်အတွက် အခေါင်အချုပ်သည်ဆားဖြစ်သကဲ့သို့ လောက၌ရှိသမျှဂုဏ် ကျေးဇူးတို့ တန်ဖိုးတက်ရန်အတွက် အခေါင်အချုပ်ကားရိုးသားဖြောင့်မတ်ခြင်းဖြစ်သုည်။မည်မျှ ကောင်းသောဟင်းဖြစ်ပါစေ၊ ဆားမပါလျှင်ဘယ်လိုမှ အရသာမရှိနိုင်သကဲ့သို့ ရပ်ရွာကောင်း ကျိုး နိုင်ငံအကျိုးဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ပင်ဖြစ်စေ စာရိတ္တချို့ ယွင်းသွားသည်နှင့် သူ၏ ကောင်းခဲ့သောလုပ်ဆောင်ချက်မှန်သမျှသည်ဘာမှတန်ဖိုးမရှိတော့ချေ။
ရိုးသားဖြောင့်မတ်မှုတစ်ခုတည်းနှင့်ပင် လူတစ်ယောက်အတွက်အထွဋ်အထိပ်ရောက်နိုင် ကြောင်း ဓမ္မာစရိယ ဦးဌေးလှိုင်က `လုပ်တာကိုင်တာ၊ ပြောတာဆိုတာ နောက်ဆုံး နှလုံးစိတ် ၀မ်းထဲကိုကရိုးသားရ၏။ အရိယာပုဂ္ဂိုလ်တို့ ၏အလုပ်ဂုဏ်မှာလည်း ဥဇုပ္ပဋိပန္န၊ ရိုးသားစွာပြော ဆိုနေထိုင်လုပ်ကိုင် ကြံစည်ခြင်းပင်မဟုတ်ပါလော။ ဤရိုးသားခြင်းသည်ကိုယ်ကျင့်တရား (သီလ) အားလုံးပါဝင်နေသဖြင့် လောက၌ ဤအရည်အချင်းတစ်ခုတည်းနှင့်ပင် အရာရာ အထွဋ်အထိပ်ရောက်နိုင်၏။ ရိုးသားမှုသည် ထိုမျှလောက်တန်ဖိုးကြီး၏။ အရိယာတို့ ၏နေ နည်းပေတည်း။ ရိုးသားမှုအ တွက်အထွဋ်အထိပ်ရောက်သူကိုပင် အရိယာဟုခေါ်ရ၏။ `ဟု ဖော်ပြခဲ့ပါသည်။
အင်းဝခေတ်က တောင်ဖီလာဆရာတော်ဘုရားကြီးသည် ခွေးများကိုအစာကျွေးရင်းဖြင့်၊ ကြီး သောခွေးကငယ်သောခွေးကို အနိုင်ကျင့်ပြီးကိုက်သောအခါ တဟဲ့ဟဲ့ဖြင့်မောင်းနေရ၏။ တစ် ချို့ ခွေးကြီးများကဘယ်လောက်မောင်းမောင်းမရ၊ ပိုဆိုးလာ၏။ ထိုအခါ ဆရာတော်ကြီးသည် စိတ်တိုသွားသဖြင့် တောင်ဝှေးကိုကိုင်မြှောက်ရင်း ‘ တယ်..ဒီခွေးတွေရိုက်လိုက်ရ၊ ငါပါသုံး ကောင်ဖြစ်သွားရော့မယ်’ ဟုညည်းတွားရှာလေသည်။
ယခုဆုတ်ကပ်ခေတ်ကြီးတွင်လည်း မကောင်းသောသူများ များလာသောအခါ၊ အနည်းစုဖြစ် သောကောင်းသောသူများက မထူးပါဘူးကွာ သူများမိုးခါးရေသောက်၊ ကိုယ်လည်းသောက် တာပဲကောင်းပါတယ်ဆိုပြီး မကောင်းတာကိုလုပ်မိသွားကြသူကများ၏။ ထိုသူမျိုးကား မိမိ ကိုယ်ကို သုံးကောင်ဖြစ်စေသူများသာဖြစ်ကြပါ၏။
မိမိကိုယ်ကိုသုံးကောင်ထဲမပါအောင်ထိန်းသိမ်းနိုင်သော စာရိတ္တသတ္တိရှိသူ၊ (ရိုးသားသူ) များ ဖြစ်ကြစေဖို့ ကြိုးစားစေလိုပါသည်။ ရိုးသားဖြောင့်မတ်ခြင်း (စာရိတ္တသတ္တိ) ၏အဓိကရန်သူမှာ အလိုလောဘကြီးခြင်းသည်သာဖြစ်သောကြောင့်၊ မိမိတို့ သည် အလိုလောဘနည်းအောင်ကြိုး စားခြင်း၊ သူတစ်ပါးကို မနာလိုသော ကုဿာမစ္ဆရိယမဖြစ်စေဖို့ ကြိုးစားနေထိုင်ကြရမည်သာ..။
မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)၏ဘ၀နှင့်ရင်းရသောအတွေးအမြင်များ(အတွဲ၁) မှကောက်နုတ်ကူးယူရေးသားထားပါသည်။
မ အနမ်း