အချစ်=??? (Tag Post)

ဘ၀မှာအချစ်ဆိုတာ မရှိရင်မပြည့်စုံဘူးတဲ့လား။ ကျွန်မအသေအချာပြန်စဉ်းစားကြည့်မိတဲ့အခါ လူတွေကအချစ်ကိုအတော်လိုလားကြတာပဲ။ ကျွန်မကိုယ်တိုင်လည်းဒီလိုပဲလေ။ ငယ်စဉ်အချိန် ကလေးဘ၀၊ နားလည်တတ်စကတည်းက မိဘတွေရဲ့ ချစ်ခြင်းကို စတင်လိုချင်လာကြတယ်။ အဲဒီအချိန်ကတည်းက အချစ်ကိုလိုလားကြတာလူ့ သဘာဝပဲလား။ မိဘက ကိုယ့်အပေါ်ချစ် ခင်မှုမရှိရင်(သို့ ) အခြားမောင်နှမတွေကိုပိုချစ်ရင်တောင်မှ မကျေမနပ်ဖြစ်တတ်ကြတဲ့ ကျွန်မ တို့ တစ်တွေဟာ အချစ်ကိုအလေးအနက်ထားကြတာ၊ အချစ်ခံချင်ကြတာထင်ရှားကြပါတယ်။

အဲဒီနောက် ကျောင်းစနေလို့ သူငယ်ချင်းတွေရလာတဲ့အခါမှာလည်း အပေါင်းအသင်းတွေကို ချစ်ခင်တွယ်တာတဲ့စိတ်ဖြစ်လာပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုချစ်ခင်မယ့် သူတွေကို မျှော်လင့်တတ်ပါတယ်။ ကျွန်မအပါအ၀င်ပေါ့။ ကျွန်မလည်း မိဘတွေကစလို့ အပေါင်းအသင်း မိတ်ဆွေအားလုံးရဲ့ ချစ်ခင်မှုကိုလိုလားပါတယ်။ မိတ်ဆွေအပေါင်းအသင်းတော့ များများမရှိခဲ့ ပေမယ့် မိတ်ဆွေတိုင်းရဲ့  ကိုယ့်အပေါ်ခင်တွယ်မှုကျတော့လိုလားကြတာပဲလေ။ အထူးသဖြင့် ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်နိုင်မယ့်သူ၊ ကိုယ့်အပေါ်နားလည်ခွင့်လွှတ်နိုင်မယ့်သူမျိုးကိုပိုပြီး ချစ်ခင်ကြတာလည်း သဘာဝပါပဲ။ ကိုယ်ကချစ်ခင်ရတဲ့သူတွေ ကိုယ့်ကိုပြန်လည်ချစ်ခင် စေချင် တဲ့ စိတ်ကလည်း လူအများဆုံးဖြစ်တတ်ကြမယ်ထင်ပါတယ်။

အချစ်ဆိုတာကိုးကွယ်အားထားစရာလားလို့ သေချာမသိပေမယ့်၊ အချစ်ကိုမျှော်လင့်တောင့် တ တတ်ကြတာတော့အမှန်ပဲဖြစ်ပါလိမ့်မယ်။ လူသားတိုင်းက အချစ်ကိုလိုလားကြပါတယ်။ တကယ်တော့ ငါမချစ်တတ်ဖူး၊ အချစ်ဆိုတာ အလကားပါ လို့ ပြောနေကြတဲ့သူတွေက အချစ် ကိုပိုပြီး ရယူတတ်ကြပါတယ်။ လူတစ်ယောက်ကို သနားလို့ ပဲဖြစ်ဖြစ်၊ ခင်တွယ်လို့ ပဲဖြစ်ဖြစ်၊ အားကိုးလို့ ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ချစ်တတ်လာကြတာပါ။ ဘ၀မှာမချစ်ဖူးတဲ့ သူဆိုတာမရှိပါဘူး။ (သမီးရည်းစားအချစ်တစ်မျိုးတည်းကိုဆိုလိုခြင်းမဟုတ်ပါ။)

ဘ၀မှာ အချစ်ဆိုတာတော့ လိုအပ်နေကြမှာပါ။ ဘယ်လို အချစ်မျိုးမဆို ဘယ်နေရာမျိုးမဆို ပေါ့။ အချစ်ဟာ အားတစ်ခုကိုပေးစွမ်းတာတော့အမှန်ပဲ။ အိမ်ထောင်တစ်ခု မှာ (သို့ မဟုတ်) မိသားစုတစ်ခုမှာလည်း အချစ်ဆိုတာ အမြဲလိုအပ်နေတာပဲ။ သူက ငါ့ကိုတော့ ဂရုမစိုက်ဘူး လို့ အသိဝင်တာနဲ့  သူက ငါ့ကိုမချစ်လို့  ဆိုတာ မှတ်ယူလိုက်မိတတ်ကြပါတယ်။ ဒါကြောင့် အိမ်ထောင် တစ်ခု(သို့ မဟုတ်) မိသားစုတစ်ခုမှာလည်း အချစ်ကို ဝေမျှပေးဖို့ လိုတယ်လို့  ထင်ပါတယ်။ မိဘ နဲ့ သားသမီးတွေ အမြဲတမ်းဖြစ်တတ်တဲ့ ပြဿနာဟာလည်း၊ မိဘတွေက သားသမီးတွေကို ညီမျှစွာမချစ်လို့ ဆိုတဲ့ အကြောင်းအရာတွေအများဆုံးပါဝင်ပတ်သတ်နေ တာကိုတွေ့ မြင်နိုင်မှာပါ။

အချစ်ကြောင့်အဆင်ပြေသွားတဲ့သူတွေရှိသလို၊ အချစ်ကြောင့်ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ ရတာ မျိုးလည်းရှိတတ်ပါတယ်။ အချစ်ဟာကောင်းသလား၊ ဆိုးသလားလို့ ဘယ်သူက အတိအကျ

ဝေဖန်ပိုင်းခြားနိုင်မှာလဲ။ ဒါ့ပေမယ့် လောကမှာရှိတဲ့လူသားအားလုံးကတော့အချစ်နဲ့ မကင်း နိုင်ကြပါဘူး။ ကျွန်မလည်း ပါဝင်တာပေါ့။

၁၅၀၀ဆိုတဲ့ ချစ်ခြင်းမေတ္တာကို
သမီးရည်းစားအချစ်လို့ ပြောကြတယ်လေ။
အဲဒီ
အချစ်ဆိုတဲ့ခံစားချက်ဟာဘယ်လိုများမွေးဖွားလာခဲ့တယ်ဆိုတာကိုဘယ်သူများသေသေ ချာချာသိနိုင်ပါ့မလဲ။ ချစ်ဆိုတာကိုအမျိုးမျိုးအဓိပ္ပါယ်ကောက်ယူလို့ ရကြတာပဲ။
အချစ်ကိုခံစားခဲ့ဖူးသူတိုင်းကတော့ အချစ်ကိုသူတို့ ခံစားကြရသလို သူတို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ ရ နိုင်တာပဲ မဟုတ်လား။ လူတစ်ယောက်စီမှာ ချစ်ရဲ့အယူအဆတွေလည်းအမျိုးမျိုးရှိကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်တူဖို့  လည်း မဖြစ်နိုင်ပါဘူးထင်ပါရဲ့။
ကျွန်မတော့
အချစ်ကိုသေသေချာချာအဓိပ္ပါယ်မဖွင့်တတ်ဘူး။

အချစ်ဟာမီးလိုပူတယ် လို့ ပြောကြတဲ့သူတွေရှိပါတယ်။ သူတို့ ရဲ့  အချစ်ကအဆင်မပြေရင် ပြောကြတဲ့ စကားလားတော့ ကျွန်မလည်းမသေချာဘူး။ အချစ်ကို ဝေဖန်ပိုင်းခြားထား ကြတာ တွေများပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အချစ်ကို အချစ်လို့ ပဲသိတယ်။ နှလုံးသားက ခံစား ရတဲ့ ခံစားချက်တစ်ရပ်လို့ လေ။

ချစ်မှာအကြောင်းပြချက်မရှိဘူးတဲ့။ တစ်ချို့ ပြောကြပါလိမ့်မယ်။ ဒါတော့မှန်မလား မသိဘူး။
တကယ်ချစ်ပြီဆိုတဲ့ သူတွေမှာ ဂုဏ်ပကာသနဆိုတာလည်း မရှိကြတော့ဘူး။ အဆင့်အတန်း တွေဘာတွေလည်း မကြည့်တော့ဘူး။ ဘာကိုမှထည့်မတွက်ကြတော့ဘူးလေ။ နှလုံးသားမှာ ဂဏန်းသချာင်္တွက်သလိုတွက်တတ်တဲ့ အက္ခရာကိန်းဂဏန်းတွေမရှိဘူး၊ ဂဏန်းပေါင်းစက် တွေ၊ ကွန်ပျူတာတွေလည်းမရှိဘူး။
အချစ်မှာတစ်ဦးနဲ့ တစ်ဦး နားလည်နိုင်ဖို့ ကအဓိကပဲလို့  ကျွန်မလည်း ခံယူမိပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ ဒါမျိုးအချစ်က ရှားပါးသွားပြီထင်ပါရဲ့ ။

နားလည်မှုမရှိနိုင်တဲ့သူကို တကယ်ချစ်ပါတယ်လို့ ပြောနိုင်ပါ့မလား။
အချစ်ဆိုတာ နားလည်မှုတွေနဲ့ တည်ဆောက်ထားတာလို့ လည်းထင်မိပါတယ်။
လူနှစ်ယောက်လမ်းခွဲဖြစ်ကြတယ်ဆိုတာ ဘယ်လိုအကြောင်းအရာတွေကြောင့်ပါလဲ။
တစ်ချို့ က မချစ်ကြတော့လို့မဟုတ်ပါဘူး။ ချစ်နေကြလျှက်ကို လမ်းခွဲဖြစ်သွားတယ်။
ဒါဟာ ယုံကြည်မှုကင်းမဲ့ပြီး နားလည်မှုမရှိနိုင်တော့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သူ့ နှလုံးသားမှာ ကိုယ့်အတွက်ခံစားချက်မရှိတော့ရင် သူ ကိုယ့်ကိုမချစ်တော့လို့ ပေါ့။
ဒီလိုပဲ ကိုယ့်နှလုံးသားကလည်း သူ့ အတွက်ခံစားမပေးနိုင်တော့ရင်လည်း သူ့ ကို ကိုယ်မချစ် တော့တာပဲလေ။ လူတစ်ယောက် ကိုယ့်ကိုချစ်နေတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ကိုယ့်ကို အမှတ်တရရှိနေလိမ့်မယ်။ ဆက်သွယ်နေလိမ့်မယ်လို့ ထင်မိတယ်။ အဲဒါဟုတ်မလားတော့မသိဘူး။
တကယ်ချစ်ရင် ဒီလိုပဲပြုမူတတ်ကြတယ်လို့ ဆိုတာပဲလေ။း)
အချစ်ကို ကျွန်မနားလည်ခံစားမိရသလောက်လေးကိုတင်ပြမိတာပါ။


ကျွန်မကတော့အချစ်ဆိုတာကိုအဓိပ္ပါယ်အတိအကျမသိပါ။
အချစ်ဆိုတာပိုင်ဆိုင်ရယူလိုခြင်းလား????
စွန့် လွှတ်ခြင်းလား????
အချစ်ဆိုတာရင်ခုန်တပ်မက်ခြင်းလား????
စားသုံးပြီးသော်လည်းမ၀သည့်ပျားရည်စက်တွေလား????
နက်ရှိုင်းစွာတိုးဝင်ဖို့ ဆွဲဆောင်သည့်မွှေးပျံသောအမှောင်ထုတစ်ခုလား????
နေပူထဲမှလာသောသူကိုအရိပ်ထဲမှကြိုဆို၍တိုက်သောအေးစိမ့်သည့်ရေတစ်ခွက်လား????
အချစ်ကိုကျွန်မခံစားသိဖြင့်သိနေပါသည်။

(ကျွန်မနှစ်သက်မိတဲ့ ဂျူးရဲ့ အချစ်ဆိုတာကြိုးနဲ့ သီဖို့ မလိုတဲ့ပန်းပွင့်လေးတွေ မှ စာသားလေးပါ။ ပိုစ့်တစ်ခုမှာ လည်းရေးခဲ့ဖူးပါတယ်။)
ကဲ မက်မက်ရေ… ဘယ်လိုလဲ၊ ဖတ်ပြီးမကျေနပ်လည်း ငြိမ်နေလိုက်တော့နော်။ သိသမျှတော့ ဖျစ်ညှစ်ထုတ်ပြီး ရေးလိုက်တာပဲ။း)

မ အနမ်း



16 ယောက်ဆွေးနွေးချက်:

kiki said...

ကျန်သေးတယ် ...အချစ်အကြောင်းတွေ...ဟေးဟေးးး
ကိုယ့်ကိုတော့ လာမချစ်နဲ့ ပြောပြီး သူများတွေကို ချစ်အောင်လုပ်နေတာရော... ဘယ်လို အချစ်လဲ...
ပြီးတော့ အီစီကလီအချစ်ဆိုတာရော ... ဘာကြီးလဲ..
ဒါးသွားပေါ်က ပျားရည်စက်ဆိုတာကရော..
အချစ်က ဒါးသွားလား .. ပျားရည်စက်လား ဟင်..

ပြန်ဖြေပေးပါ ဆြာမကြီး နမ်းနမ်းရေ ...
နောက်စဉ်းစားမိတော့မှ ထပ်မေးတော့မယ် ။
ဒီ ၃ မျိုး အရင်ဖြေ နော် ... နော်လို့။။
သွပ်ပြားကတော့ ဘာပဲ ခြစ်ရ ခြစ်ရ .. ခြစ်မှာပဲ ကွယ် ...အုန်းသီး ဆို ပိုကောင်း...

may16 said...

ချစ်တော့ချစ်တာပဲ ဘယ်လိုအချစ်မျိုးတွေနဲ့ ချစ်လည်းတော့ သိတော့ဘူး :P

Ree Noe Mann said...

အချစ်ဆိုတာကို သေသေချာချာ မသိလိုပဲ
တော်တော့တယ်နော် အမနန်း။

သိများသိခဲ့ရင် တော့ ...............

အမရေ ကျနော်လည်း အချစ်ကို နားလည်နိုင်အောင် မကြီုးနိုင်ဘူး။

ကျနော် နားလည်တာတစ်ခုကတော့
ပိုက်ဆံရှိရင် အချစ်က ပျော်ရွှင်စရာကောင်းတယ်။
ပိုက်ဆံမရှိရင် စိတ်ညစ်တယ်။

ရီနို

နဒီမိုးညို said...

အချစ်ဆိုတာ နားလည်မူပဲ..ဆိုတာအမှန်ပါ
ယုံကြည်မူဆိုတာမရှိတော့ရင်
အချစ်ကပျောက်ဆုံးသွားတတ်ပါတယ်။

Lucifer said...

အခြစ် အခြစ် အဲ့အဲ မှားလို့ အချစ်...
နားလည်ရခက်တယ်..
မမီးတော့သိဘူး..
သိအောင်တော့ စမ်းကြည့်ချင်တယ်

desertraindrops said...

မနမ်းရဲ့ အချစ်အဓိပ္ပာယ်ဖွင့်ဆိုချက်က မိုက်တယ်ဗျာ။ ဒါနဲ့ မချစ်တတ်ဘူးဆို. ယုံတော့ဘူးနော်။ :)
မငုံတော့ ဘယ်လိုခြစ်မိနေ အဲ ချစ်မိနေတယ် မသိဘူး။
တယောက်နဲ့တယောက် ယုံကြည်ချက်လေး ထားရင် ထာဝရလက်တွဲခိုင်မြဲပါတယ်။

Angel Shaper said...

အဟားးးး အချစ်အကြောင်းလေ့လာသွားတယ်ဗျိုးးးးး အချစ်ကျောင်းသူ လာလုပ်ပါတယ်။
ဟိဟိ..... ပျော်ရွှင်ပါစေနော်။

ဇော် said...

အလဲ့
ဒေါ်လေးနမ်းက ကြာသာမိုးကြိုး အချစ်အကြောင်းတွေ ပြောနေတယ်ဟ။ ခိခိ။
စီပုံးမှာလဲ အော်သွားကြတာကို တွေ့တယ်နော။ ဟဲဟဲ။
ဟဲဟဲလို့ပဲ ပြုံးစိစိလုပ်သွားတယ်။ ပြောပြ၀ူး။ သတ်ချင်သတ်။ ဟိဟိ။ =P

သူကြီးမင်း (တုံးဖလား) said...

အချစ်အဘိဓမ္မာဆရာမကြီး အမ
အချစ်အကြောင်းတွေ စုံအောင်ရေးထားတော့ ကျနော်တောင် ဘယ်လိုမျိုးအချစ်ထဲ ပါနေမှန်းမသိတော့ဘူး။

ပျော်ရွှင်ပါစေ အမ။

ကိုလူထွေး said...

အချစ်နဲ့ အနမ်းနဲ့ကို ဆက်စပ်ပြီး ဖတ်သွားတယ်...

အပေါ်ကလူတွေကို ပြန်ပြောက်လိုက်စမ်းဘာ...

"အနမ်းမှာလဲ အသည်းနှလုံးနဲ့ပါ..ချစ်တတ်ပါတယ်" လို့...

းဝ)

Unknown said...

အချစ်တဲ့...

အချစ်ဆိုတာ သူ့အတိုင်းက အရမ်းဖြူစင်တာဗျသိလား
လူတွေက အရောင်တွေပြောင်းနေကြလို့သာ... သူလည်း......

ကျနော်ခံယူထားတာက..
အချစ်ဆိုတာ ချစ်နေဖို့ပဲလေ ...


ပျော်ရွှင်ပါစေနော်...

ပြည့်စုံ(ဝေါသားလေး)

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ်နော် အစ်မအနမ်း... ခံစားသိနဲ့သိရုံကလွဲလို့ အတိအကျပြန်ပြောပြဖို့ မလွယ်တဲ့အရာပါပဲ... အချစ်ခံချင်ကတော့ လူ့သဘာဝပဲ ထင်ပါရဲ့။ အဲလို အချစ်ခံချင်ကြလို့ပဲ ပူကြလောင်ကြရတာ...

သုခုမလေဒီ said...

ဖွားကိတို့ ကတော့လုပ်ပြီ။ မချစ်နဲ့ ဆိုတာနဲ့ ချစ်အောင်လုပ်နေတာကတော့@#$%^&*($%^& ဂလိုရှိတယ်။
အချစ်ကို ကိုယ်ယူဆချင်သလို ယူဆကြ၊ အဓိပ္ပါယ်ဖွင့် ဆိုနေကြတာပဲလေ။ အချစ်က ဓါးသွားလည်း ဖြစ်နိုင် သလို၊ ပျားရည် စက်လည်းဖြစ်နိုင်တာပဲ။ အီစီကလီအချစ်ကတော့ ဖွားကိ တို့ အသိဆုံးဖြစ်မှာပါ။း)
ခြစ်သာခြစ် အပြစ်မရှိဘူးးး

ကောင်းကင်ပြာ said...

ခုတလော ဘလော့ဂါ တချို့လည်း အချစ် ဆိုတဲ့ တဂ်ပို့စ်လေး တွေရေးကြသည်၊ တို့လည်း ရေးထားတာကို ကျေနပ်စွာဖတ်သွားသည်

မယ့်ကိုး said...

မရေ..မရေးထားတဲ့ အချစ်အကြောင်းကို လေ့လာသွားပါတယ်။ ကျွန်မကလည်း အချစ်ဆိုတာ နာမည်ကြီးတဲ့ မသိကိန်းဟာ အချစ်ပဲထင်ပါတယ်။

Yu Ya said...

အချစ်ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်လေ... ဘယ်တစ်ခုကမှ ပြီးပြည့်စုံတဲ့ ခံစားချက်ကို မဖြစ်ပေါ်စေဘူး။ ဒါကြောင့်လည်း ဒီနေ့ထိ အဲဒီ အချစ်ဆိုတာကြီးက လူတိုင်းပါးစပ်မှာ ရေပန်းစားနေတာထင်ပါ့..အဟီး။ တကယ်တော့

အချစ် = အချစ်

လို့ပဲ အဓိပ္ပါယ်ဖွင့်လိုက်ရင် အကောင်းဆုံးထင်ပါတယ်။

yu ya