စိတ်ချမ်းသာတာကိုလုပ်မှာလား ???

စိတ်ချမ်းသာချင်ရင်ကိုယ်တကယ်စိတ်ဝင်စားတာကိုလုပ်နေပါ တဲ့။
ဘာမှမလုပ်ပဲရေရှည်စိတ်ချမ်းသာအောင်နေဖို့မလွယ်ဘူး။
ဆရာတော်ဦးဇောတိကရဲ့ဆုံးမစာလေးပါ။

ကျွန်မလည်းစိတ်ချမ်းသာချင်တဲ့လူတစ်ယောက်မို့ဆရာတော်ပြောသလိုပဲ၊ ကျွန်မစိတ်ဝင်စားတဲ့ ၀ါသနာပါတဲ့ စာရေးခြင်းအလုပ်ကိုလုပ်ဖြစ်တာပါ။
စာရေးခြင်းဆိုတဲ့အလုပ်ကလည်းဝါသနာပါမှလုပ်နိုင်တာပါ။
ဘာလို့လဲဆိုတော့စာရေးလို့ဝမ်းတော့ဝမှာမဟုတ်လို့ပါပဲ။
တစ်ချို့ကဆို စာရေးတာကိုအလုပ်တစ်ခုအနေနဲ့တောင်မသတ်မှတ်ကြပါဘူး။ သူတို့အနေနဲ့ကစီးပွားရေးလုပ်ငန်းတစ်ရပ်ကိုလုပ်ကိုင်မှသာအလုပ်လုပ်တယ်လို့ထင်တတ်ကြတာပါ။
စာရေးတဲ့အလုပ်ကိုသိမ်ငယ်တယ်လို့ထင်မြင်ကြတယ်။
စာရေးခြင်းအလုပ်ကစီးပွားမဖြစ်ဘူးလို့လည်ဲးတွက်ဆကြတယ်လေ။
စီးပွားရေးမျက်လုံးနဲ့ကြည့်ရင်တော့၊စာရေးတဲ့အလုပ်ဟာငွေကြေးရမှုအလွန်တရာမှနည်းပါတယ်
ဆိုတာလူတိုင်းသိနေကြတာပဲ။ဒါပေမယ့်နာမည်ရသွားလို့စာအုပ်ထုတ်နိုင်တဲ့စာရေးဆရာ
တစ်ယောက်ဖြစ်ရင်တော့လည်းတစ်မျိုးပေါ့။

ကျွန်မကတော့ဝါသနာလည်းပါတယ်၊ အခြားလုပ်နိုင်တာလည်းဘာမှမရှိတော့
ဒီစာရေးနေရတဲ့ကိစ္စပဲကျွန်မအလုပ်ဖြစ်နေတာ။
ဝါသနာပါတာပဲရှိတယ်၊ရေးတတ်လွန်းလို့တော့မဟုတ်ဖူး။ ကျွန်မစာတွေရေးခဲ့တဲ့ကာလတော်တော်ကြာကြာအထိ၊ကျွန်မရဲ့စာတွေမဂ္ဂဇင်း၊ဂျာနယ်တွေမှာ
ပါမလာခဲ့တာကြောင့်လည်း ၊ ကျွန်မစိတ်ဓါတ်ကျဖူးသေးတယ်။
“၀ါသနာပါသောအလုပ်သည်အဘယ်မျှသိမ်ငယ်စေကာမူ အလုပ်ကြီးဖြစ်နိုင်လေသည်” ဆိုတဲ့
ဆရာကြီးပီမိုးနင်းရဲ့ရေးသားထားချက်လေးကိုတွေ့ ရတော့၊ ကျွန်မအားတက်လာမိတာပဲ။ အဲဒီမှာတင်ကျွန်မစာတွေကိုဆက်ရေးဖြစ်တော့တာ။ စာရေးတဲ့အလုပ်ကိုတော့သိမ်ငယ်တယ်လို့ဘယ်တုန်းကမှကျွန်မ မယူဆခဲ့ဖူးပါဘူး။

လက်သမားအလုပ်ကိုဝါသနာပါတဲ့သူကဗိသုကာကြီး၊ကန်ထရိုက်တာကြီးဖြစ်နိုင်တယ်။
ပန်းထိမ်ဝါသနာပါတဲ့သူလည်းရွှေကျောက်ကုန်သည်ကြီးအထိဖြစ်လာနိုင်တယ်လို့ ပီမိုးနင်းကဆိုပါတယ်။
ဟုတ်ပါတယ်။ ဘယ်ကိစ္စမဆိုလည်းအခြေခံကစလုပ်ကြရတာပဲလေ။
ယနေ့ခေတ်ချမ်းသာကြွယ်ဝနေတဲ့သူဌေးကြီးတွေလည်း၊ဟိုတစ်ချိန်ကအောက်ခြေကစပြီး
လုပ်ကိုင်ခဲ့ကြရတာပါ။ ဒါပေမယ့် သူတို့ စိတ်ချမ်းသာကြပါရဲ့လား။
သူတို့လုပ်တဲ့အလုပ်ကသူတို့စိတ်ဝင်စားတဲ့အလုပ်မျိုးရောဖြစ်ကြပါရဲ့လား။

အဓိကကတော့၊ ကိုယ်လုပ်တဲ့အလုပ်ကကိုယ်စိတ်ချမ်းသာဖို့အရေးကြီးတာပါပဲ။
စိတ်မချမ်းသာတဲ့အလုပ်ကိုကိုယ်လုပ်နေရပြီဆိုရင်လည်း၊ကိုယ်ဟာပျော်ရွှင်တဲ့သူတစ်ယောက်
ဖြစ်နိုင်မှာမဟုတ်တော့ပါဘူး။ ဘာမှမလုပ်ပဲနေတဲ့သူဆိုရင်လည်း ဆရာတော်ပြောသလို စိတ်ချမ်းသာမှုရေရှည်ရှိနိုင်ပါ့မလား။

ကျွန်မ အစ်ကိုတစ်ဝမ်းကွဲတစ်ယောက်ရှိပါတယ်။ သူကဆယ်တန်းအောင်တုန်းက
ဂုဏ်ထူးတွေအများကြီးနဲ့ဆေးတက္ကသိုလ်တက်လို့ရပါတယ်။
ဒါပေမယ့်၊ သူကလည်းသူဝါသနာပါတဲ့ စက်မှုတက္ကသိုလ်ကိုပဲတက်ခဲ့ပါတယ်။
ဒါကြောင့် သူ ဟာခုဆိုရင် အောင်မြင်တဲ့အင်ဂျင်နီယာတစ်ဦးဖြစ်သွားခဲ့ပါတယ်။ တကယ်လို့သာမိဘများကလည်းအတင်းအကြပ်ဆရာဝန်သာလုပ်ခိုင်းခဲ့မယ်ဆိုရင်
သူဝါသနာမပါတဲ့အလုပ်မို့၊ဆရာန်သာဖြစ်သွားခဲ့ပေမယ့် ထူးချွန်တဲ့ ဆရာန်တစ်ယောက်ဖြစ်လာပါ့မလားမသိနိုင်ပါဘူး။

ဒါကြောင်ကိုယ့်ဝါသနာပါတဲ့အလုပ် ဟာကိုယ်စိတ်ချမ်းသာတဲ့အလုပ်ပဲမို့၊
ဘယ်လောက်ပဲသိမ်ငယ်နေပါစေရဲရဲဝံ့ဝံ့ဆုံးဖြတ်ကာလုပ်ကိုင်နိုင်ဖို့လိုပါတယ်။ သူတစ်ပါးအထင်ကြီးအောင်လုပ်တဲ့အလုပ်မျိုးဟာ တစ်ခဏတာသာလုပ်ကိုင်နိုင်မှာဖြစ်ပြီး၊ ကိုယ့်အတွက်စိတ်ချမ်းသာမှုလည်းရေရှည်ပေးစွမ်း နိုင်မှာမဟုတ်ပါဘူး ဆိုတာကိုယုံကြည်စေချင်ပါတယ်။

အနမ်း

2 ယောက်ဆွေးနွေးချက်:

kiki said...

အင်းလေ ။ အကောင်းဆုံးကတော့ အားလုံးစိတ်ချမ်းသာစေမဲ့ အလုပ်ကို လုပ်နေရတဲ့ ဘဝပေါ့ ။ ဒါပေမဲ့ ကိုယ်ဖြစ်စေချင်တာတိုင်း အမြဲဖြစ်နေနိုင်တာ မဟုတ်ဘူးလေ ။ ဒီတော့ အားလုံးစိတ်ချမ်းသာပြီး ကိုယ့်တယောက်ထဲ စိတ်ဆင်းရဲနေရမဲ့  အလုပ်ဆိုရင်ရော ?? ...မျက်စိမှိတ် ပြီးအောင့်အဉ်းသည်းခံပြီး ဆက်လုပ်နေရမှာလား ???
ပြန်လည်ဖြေကြားပေးစေချင်ပါတယ် ၊ ညာဏ်ကြီးရှင်ရေ။

သုခုမလေဒီ said...

ကိုယ်စိတ်ချမ်းသာတာဟာ အကောင်းဆုံးဖြစ်ရမယ်
လို့ ဆိုလိုပါတယ်။ ကျွန်မရေးထားတဲ့ စာထဲံက အစ်ကိုဆိုတာ မိဘ ဖြစ်စေချင်တဲ့ ဆရာဝန်ဆိုတဲ့ ဆေးကုခြင်းအလုပ်ကိုမရွေးခြယ်ဖြစ်ခဲ့ပါဘူး။
ကျွန်မရေးတာ ရှင်းရှင်းလေးပါ။
ဝါသနာပါတဲ့အလုပ်ဟာ စိတ်ချမ်းသာတဲ့အလုပ်ဖြစ်ပြီး အကောင်းဆုံးဖြစ်ဖို့ ပါပဲ။့ ဒီအချက်၃ချက်ဟာ တသားတည်းဖြစ်စေရပါမယ်။
ကျေးဇူးတင်ပါတယ်။