အလှူခံခြင်းမဟုတ် ကူညီခြင်းသာ..

ရန်ကုန်မြို့ အပူရှိန်မြင့်မားလာတာကြောင့် အနယ်နယ်အရပ်ရပ်မှာ ရေဒုက္ခတွေဖြစ်ပွားလာကြ တာကို အားလုံးလည်းသိပြီးဖြစ်နေပါလိမ့်မယ်။ ကျွန်မဆီကိုလည်း မေလ်းထဲကနေ အလှူခံ လာတဲ့မေလ်းတွေ ရောက်လာသလို ဘလော့တော်တော်များများ မှာလည်း ဖတ်ရတာတွေ ရှိပါ တယ်။ တစ်ချို့လည်း ဓါတ်ပုံများနဲ့တကွ ဖော်ပြထားပါတယ်။ မေလ်းတွေကိုလည်း တတ်နိုင် သလောက် အသိမိတ်ဆွေတွေ အွန်လိုင်းကလူတွေကို ဖြန့်ပေးဖို့ မလေးဘလော့ဂါအသင်းမှ မောင်လေးတစ်ယောက်က ပြောလာတာကြောင့် ကျွန်မလည်း ပြန်လည်ဖြန့်ဝေရင်း အလှူခံတဲ့ မက်ဆေခ့်ျလေးတွေပါ ပေးပို့မိပါတယ်။


ကျွန်မ အလှူခံရခြင်းကို သိပ်မလုပ်ချင်ပါဘူး။ လူဆိုတာ အမျိုးမျိုးရှိတယ် မဟုတ်လား။ တစ်ချို့က အလှူခံတာကို မကြိုက်ပါဘူး။ သူတို့တတ်နိုင်ပေမယ့် လှူချင်စိတ်ရှိအုံးမှ မဟုတ်လား။ မတတ်နိုင်တဲ့ သူကျတော့လည်း လှူချင်စိတ်ရှိတာတောင် မလှူနိုင်တာတွေ လည်း တပုံကြီးပါ။ အလှူခံလိုက်လို့ ကျွန်မကိုနားလည်မှုလွဲမှားကာ စိတ်ဆိုးကြမှာကိုလည်း မလိုလားတဲ့အတွက် ကျွန်မကြုံတွေ့ရသမျှကိုလည်း ကျွန်မတတ်နိုင်သလောက် လှူခဲ့သလို ဘယ်သူ့ကိုမှလည်း လှူပါအုံးလို့ အကူအညီမတောင်းခဲ့ဖူးပါဘူး။


တစ်ခါတစ်ရံ ဆေးရုံမှာ ဆေးကုသဖို့မတတ်နိုင်ကြတဲ့သူတွေ ချို့တဲ့တဲ့သူတွေ သူတို့တစ်တွေရဲ့ လိုအပ်မှုတွေကို အလှူလေးခံပေးချင်ပေမယ့် ကျွန်မ တတ်နိုင်သလောက်သာ ကူညီခဲ့ပြီး ဘယ်သူ့ကိုမှ အလှူမခံခဲ့ပါဘူး။ နာဂစ်ကြောင့် ဒုက္ခရောက်သူများ၊ မိဘမဲ့ကလေးများ၊ ပညာ ရေးအတွက် ကျောင်းဆောက်မှုများ အလှူခံရာမှာလည်း အလှူခံပေးခြင်းမရှိခဲ့ပါဘူး။ ကိုယ် တတ်နိုင်သလောက်သာ ကိုယ်ထည့်နိုင်တာ ထည့်လှူလိုက်ပါတယ်။ သူများတကာတွေထက်တော့ ကျွန်မလှူတာက မဖြစ်စလောက်လေးပါ။ ဒါပေမယ့် ကိုယ့်စေတနာကိုသာ အဓိကထားပါတယ်။ စေတနာရှိမှလည်း စွမ်းဆောင်နိုင်တာလို့ မှတ်ယူထားလို့ပါ။


အခုတော့ ကျွန်မတို့နိုင်ငံမှာ နေရာဒေသတော်တော်များများ ကို ရေပြဿနာတွေ ကြုံတွေ့ခဲ့ရ တာကြောင့် သောက်ရေအလုံအလောက်မရတာတွေဖြစ်သွားရတာကို အလွန်ပဲစိတ်မကောင်း ဖြစ်မိပါတယ်။ ရေအသက် တမနက်လို့တောင်အဆိုရှိတာ မဟုတ်လား။ ကျွန်မတို့တစ်တွေတောင် ရေမသောက်ပဲနေကြည့်ပါအုံး။ ကျွန်မကတော့ အစာအိမ်နာလို့ဆေးရုံတက်တုန်းက ကြုံတွေ့ဖူး ပါတယ်။ ရေတောင်သောက်လို့မရပဲ နာခဲ့တာကြောင့် ရေမသောက်နိုင်ခဲ့သလို၊ နောက်တစ်နေ့ မနက်မှာ ဗိုက်ကိုစမ်းသပ်ဖို့အတွက် ဆရာဝန်က ည၁၀နာရီကနေ နောက်နေ့ မနက်၁၀နာရီ အထိ ရေမသောက်ပဲ နေခိုင်းပါတယ်။ ရေငတ်ရင် နှုတ်ခမ်းကို ဂွမ်းလေး နဲ့သာ သုတ်ရုံလေး လုပ်ရပါတယ်။ အဲဒီလို နေ့တစ်ဝက်စာ အချိန်လေးကို ရေမသောက်ရတာကြောင့် ကျွန်မ အလူးအလိမ့်ပါပဲ။ အစားမစားရရင်နေနိုင်ပေမယ့် ရေကတော့ မသောက်ပဲနေရတာ အတော်ခံ ရခက်ပါတယ်။ ဒါကြောင့်လည်း ရေဒုက္ခသည်တွေကို ကိုယ်ချင်းစာကြည့်မိတာ ထင်ပါရဲ့။


ဒါနဲ့ ရေဒုက္ခသည်များအတွက် အခုလို မေလ်းပို့ မက်ဆေခ့်ျပို့ကာ အလှူခံပေးမိပါတယ်။ မေလ်းထဲမှာလည်း စကာင်္ပူ၊ မလေးရှား နဲ့ ရန်ကုန် အသီးသီးကို လှူဒါန်းနိုင်ကြောင်းနဲ့ ဆက်သွယ် လှူဒါန်းရမယ့် နေရာတွေပါပါတယ်။ အဖွဲ့အစည်း အသီးသီးကိုလည်း တိုက်ရိုက် လှူနိုင်ပါတယ်။ ကျွန်မ ဖုန်းနံပါတ်တောင် ထည့်မထားပါဘူး။ ကျွန်မညီမကတောင် ကျွန်မက တဆင့် လှူပေးတယ်ဆိုတာ ကိုထည့်သင့်တယ်၊ ကျွန်မဖုန်းနံပါတ်လည်း ထည့်ပေးသင့်တယ်လို့ အကြံပြုပါသေးတယ်။ ဒါပေမယ့် လှူချင်တဲ့သူကတော့ ဒီမေလ်းရရင် ကျွန်မကို မေးမြန်းလို့ ရတာကြောင့် ဘာမှ အထွေအထူးမပြောခဲ့ပါဘူး။


ကျွန်မပေးပို့တဲ့ မက်ဆေခ့်ျကြောင့် လှူချင်လို့ မေးမြန်းလာတဲ့သူအချို့ရှိသလို ကျွန်မအလှူခံလို့ လှူကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း ၀မ်းသာမိပါတယ်။ ကျွန်မ မျှော်လင့် မထားတဲ့ လူငယ်လေး တွေက အများဆုံးပေးလှူကြပါတယ်။ သူတို့တွေနေထိုင်တဲ့ နိုင်ငံအသီးသီးမှာ ကောက်ခံတဲ့ အဖွဲ့အစည်းများကို ဆက်သွယ်လှူဒါန်းသလို၊ အွန်လိုင်းမှ ကျွန်မမိတ်ဆွေများ ကလည်း ကျွန်မကို လှူဒါန်းခိုင်းတာကြောင့်၊ ကျွန်မမှာ လှူဒါန်းပေးဖို့အတွက် ငွေလိုက်စုရပါတယ်။ အဲဒီနောက် ရပ်ဝေးက သူများကတော့ ကျွန်မကို သူတို့လှူဒါန်းပြီးတဲ့ အကြောင်း အွန်လိုင်းကနေ ပြောပါတယ်။ သူတို့အလှူဒါနအတွက် ကျွန်မ သာဓုခေါ်နိုင်တာပေါ့။


ဒါဆိုရင်တော့ ကျွန်မအလှူခံတာ အထောက်အကူဖြစ်တယ်လို့ ကျွန်မယူဆမိတယ်။ လှူဒါန်းသူ အားလုံးကိုတော့ ရေဘေး ဒုက္ခသည်တွေအစား ကျေးဇူးပါလို့ပြောချင်ပါတယ်။ ဒီလို အလှူ လိုက်ခံပေးရတာ ကျွန်မမှာလည်း မ၀ံ့မရဲပါပဲ။ တကယ်တမ်း လှူကြတဲ့အခါမှာတော့ မထင်မှတ်တဲ့ ကလေးလူငယ်တွေ ဆီကနေ သဒ္ဒါတရား ထက်သန်စွာ မေးမြန်း လှူဒါန်းကြတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း သူတို့လေးတွေကို မှတ်တမ်းတင်ချင် လို့ အမှတ်တရ ဒီပိုစ့်ကို ရေးဖြစ် သွားတာပါပဲ။


ကျွန်မ မက်ဆေခ်ျ့ပို့ပြီး အလှူခံတဲ့သူတွေထဲမှာ မလှူဖြစ်ကြတာတွေလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးပေါ့။ ကျွန်မလည်း အခုလိုအလှူခံရတဲ့အတွက် တဖက်လူကို အရမ်းပဲ အားနာရပါတယ်။ သူတို့ရဲ့ လက်ရှိ အခြေအနေကို ကျွန်မအသေအချာမသိဘူး မဟုတ်လား။ ဂျပန်က ညီမငယ်လေးဆိုလည်း သူပြန်လာတုန်းက နေမကောင်းဖြစ်လို့ ဆေးကုရ၊ ပြန်သွားတော့လည်း ကောင်းကောင်းနေမကောင်းသေးပဲ ဆရာဝန်နဲ့ ဆက်ပြ နေရပါသေးတယ် ဆိုတာခုမှသိရပါတယ်။ ဒါကြောင့် ရန်ကုန်ရောက်ခိုက်လေး ကျွန်မနဲ့တောင် မဆုံဖြစ် လိုက်ပါဘူး။


တစ်ရက်မှာတော့ ဘန်ကောက်က ညီမ၀မ်းကွဲဖြစ်သူကို အလှူခံမိလို့ ထပ်ပြီး အားနာခဲ့ရပါသေးတယ်။ ဘန်ကောက်မှာ တိုက်ခိုက်နေတာကို အမှတ်တမဲ့ဖြစ်ပြီး ကျွန်မက အလိုက်ကန်းဆိုး မသိသလို ဖြစ်သွားရလို့ပါ။ ဘန်ကောက်မှာ တိုက်ခိုက်မှုများကြောင့် သူတောင်မှ သူ့ကိုယ်သူ စားဖို့ သောက်ဖို့ အခက်အခဲ တွေ့နေတာပါတဲ့။ အဲတော့မှ ဟုတ်ပေသားပဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။ နောက်တစ်နေ့မှ ဘန်ကောက်မြို့ရဲ့ တိုက်ပွဲ အခြေအနေကိုလည်း ဆိုက်တစ်ခုကနေ အသေအချာ မြင်တွေ့ခဲ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ မီးမလာခြင်း ကွန်နက်မကောင်းခြင်းများကြောင့် သတင်းသိရတာကလည်း နောက်ကျပါတယ်။ တွေ့မြင်ကြားသိ ရတာတွေလည်း နောက်ကျပါတယ်။ ဘယ်မှမသွား ဘာမှမလုပ်ဖြစ်တဲ့ ကျွန်မက တစ်ခါတစ်လေ မျက်စိပိတ် နားပိတ်ဖြစ်နေတာမျိုးလည်း ရှိပါတယ်။


ဒါကြောင့် ကျွန်မအလှူမခံတတ်သလို အလှူမခံချင်ပါဘူး။ ဒါပေမယ့် ကျွန်မ နိုးဆော်လို့ လှူပေးကြတဲ့ အွန်လိုင်းမှ လူငယ်များနဲ့ သူငယ်ချင်း မိတ်ဆွေ အစ်မ စတဲ့ ပုဂ္ဂိုလ်များကိုတော့ အထူးကျေးဇူးတင်မိပါတယ်။ အလှူကောက်ခံခြင်းမှာလည်း ကျွန်မကိုယ်တိုင် မလုပ်နိုင်တာကြောင့် သူတဖက်သားကို အကူအညီတောင်းခံ ခဲ့ရတာတွေရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျွန်မနည်းနည်း စိတ်ရှုပ်မိပါတယ်။ နောက်ထပ် အလှူခံ ပေးစရာ ကိစ္စများ ကြုံခဲ့ရင်တော့ မေလ်းကို forward လုပ်ပေးရုံသာ လုပ်ပေးပြီး အလှူခံဖို့ကို ကျွန်မတဆင့်ခံ လုပ်ပေးနိုင်တော့မယ် မထင်ပါဘူး။ ဒီအတွက်လည်း ကျွန်မ ၀မ်းနည်းမိပါတယ်။ တကယ်တော့ ကျွန်မက အလှူခံခြင်းမဟုတ်ပါဘူး၊ ရေဘေးဒုက္ခသည်တွေအတွက် ကူညီပေးခြင်းသက်သက်ပါပဲ။ အဲဒီနောက် လှူချင်ပြီး မအားလို့ ကိုယ်တိုင်သွားရောက်မလှူနိုင်တဲ့ သူတွေကို အကူအညီပေးခြင်းပါ။


ဒီလိုပြောလို့ ရေအလှူ လှူဒါန်းသူ ပုဂ္ဂိုလ်များကို ကျွန်မ ချီးကျူးစကားပြောပြီး လှူဒါန်းမှု မပြုသူများကိုတော့ ကျွန်မ အပြစ်တင်နေခြင်းမျိုး မဟုတ်ပါဘူး။ လှူတာမလှူတာဟာ ကျွန်မနဲ့ လုံးလုံး မပတ်သတ်ပါဘူး။ ဒါကြောင့် ကျွန်မပိုစ့်ကို ဖတ်ရသူများ အနေနဲ့လည်း တလွဲမတွေးစေချင်ပါဘူး။ ပြီးတော့ ဘလော့က အလှူခံပေးသူများ ကိုလည်း ဝေဖန်နေခြင်း မဟုတ်ပါဘူး၊ ကျွန်မ သူတို့ကို အားကျပါတယ်။ ဒါပေမယ့် ကျွန်မသူတို့လို စွမ်းဆောင် နိုင်မှာမဟုတ်ပါဘူး။ တကယ်တော့ ကျွန်မအတွက် သူတစ်ပါး အခက်ကြုံရခြင်းကို ကျွန်မ မလုပ်လိုတော့တာပါ။ သို့ပေမယ့် တစ်စုံတစ်ဦးက အကူအညီတောင်းခဲ့ရင်တော့ ကျွန်မ တတ်နိုင်သမျှ ကူညီမိ အုံးမလား ဆိုတာ မသေချာပါဘူး။ အခုတော့ အလှူတစ်ခုကို ပြီးဆုံးအောင် လုပ်နိုင်သွားခဲ့လို့ ကျွန်မ ပီတိဖြစ်ရသလို၊ ကျွန်မနဲ့ အတူ ကိုယ်စွမ်းအား၊ စိတ်စွမ်းအား တို့နဲ့ ကူညီပေးခဲ့သူများ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်။


အားလုံးကိုကျေးဇူးအထူးတင်လျှက် …

(မ) အနမ်း

9 ယောက်ဆွေးနွေးချက်:

ကိုဇော် said...

ကျနော် နည်းနည်းပြောကြည့်မယ်ဗျာ။
ဒါပေမဲ့ လူဆိုတာ ကိုယ့်ဖာသာ ယူဆမိသလိုပဲ ယူဆထားနိုင်ပါတယ်။
အလှူနဲ့ ပတ်သတ်ပြီး လူအမျိုးအစား လေးမျိုး ရှိပါတယ်။
၁။ ကိုယ်တိုင်လည်း လှူ ၊ သူများကိုလည်း တိုက်တွန်းသော သူ။
၂။ ကိုယ်တိုင်လှူ သော်လည်း ၊ သူများကို မတိုက်တွန်းသော သူ။
၃။ ကိုယ်တိုင်မလှူနိုင်သော်လည်း ၊ သူများကို တိုက်တွန်းသော သူ။
၎။ ကိုယ်တိုင်လည်း မလှူ ၊ သူများကိုလည်း မတိုက်တွန်းသော သူ။

ဒီလို ရှိရာမှာ ကျနော်ကတော့ ကိုယ်တိုင်လည်း တတ်နိုင်သလောက် လှူမယ်ဗျ။ သူများကိုလည်း တိုက်တွန်းမယ်။ လူ ဆိုတာ တွန်းတွန်းမှ လုပ်တတ်တဲ့ သူတွေ ရှိတယ်။ အဲဒီလို လူတွေ အတွက် ကျနော်တို့ နည်းနည်းလေး တိုက်တွန်းပေးရတာ ဘာဖြစ်လဲဗျာ။ သူတို့ဖာသာ မလှူဘူး ဆိုရင်လည်း ကိုယ့်အတွက် အကျိုးမယုတ်ပါဘူး။ လှူဖြစ်သွားတယ် ဆိုရင်တော့ ဝမ်းမြောက်စရာပေါ့ဗျာ။ တစ်ခု ရှိတာက သူတို့ မလှူဖြစ်တာကိုတော့ ငါ ပြောရဲ့ သားနဲ့ မလှူဘူး ကြည့်စမ်း ဆိုပြီး ကိုယ်က ခံစားမနေနဲ့ပေါ့ဗျာ။
ဒီလိုပဲ တွေးမိပါတယ်။

SHWE ZIN U said...

လှူနှိင်တဲ့ သူတွေ လှူဖြစ်တဲ့ သူတွေ အတွက် သာဓုခေါ် ပါတယ်ဗျာ

နီးစပ်ရာတော့ လှူပါတယ်

ခင်တဲ့
ရွှေစင်

သုခုမလေဒီ said...

ကျေးဇူးပါ ကိုဇော်ရေ..
အမြင်လေးကိုတင်ပြတာ ကျေးဇူးပါ။ အဲဒီလို မြင်နိုင်ပြီး အလှူနဲ့ပတ်သတ်လို့ လူအမျိုးအစား လေးမျိုးကိုရှင်းပြ သွားတာကြောင့်လည်း ကျေးဇူးအထူးတင်ပါတယ်။

thadarhline said...

မနမ်းလိုပဲသဒ္ဓါလည်းလှူဖို့ပြောရမှာ အရမ်းအားနာမိတယ်။
အလှူမခံလိုဘူးပေါ့နော်။ ဒီတခေါက်ရေကိစ္စမှာတော့
မဖြစ်မနေပြောလို့ရတဲ့သူတွေဆီကနေအလှူခံလိုက်တယ်။
အဆင်ပြေနိုင်မဲ့သူတွေဆီကပေါ့။ ဒါကြောင့်စိတ်ချမ်းချမ်း
သာသာနဲ့အလှူဖြစ်သွားတယ်။
နေကောင်းတယ်နော်မနမ်း..
ခင်တဲ့
သဒ္ဓါ

မော်ကွန်းသစ် said...

ပေပေတေတေ လုပ်နိုင်ရင် ကောင်းတာပ....။ ကျန်းမာစွာ လုပ်ဆောင်နိုင်ပါစေ။

သူကြီးမင်း (တုံးဖလား) said...

အမရေ...
သာဓုခေါ်ပါတယ်။ အမကိုယ်တိုင်လဲ လှူ၊ အလှူလဲ ခံပေးဆိုတော့ စေတနာကပိုပြီး မွန်မြတ်သွားတာပေါ့။

ဂျစ်တူး ( မုံရွာ ) said...

ဟုတ်တယ်ဗျ-
ဂျစ်တူးတိုလည်းအတုယူရတယ်-
ကျေးဇူးကြီးမားလှပါတယ်ဗျာ-
လေးစားလျှက်ပါ-

kiki said...

လှူတာပဲဖြစ်ဖြစ် ကူတာပဲဖြစ်ဖြစ်
စေတနာမှန်ရင် ကုသိုလ်ဖြစ်တာပါပဲ ။

sosegado said...

ဘာပဲဖြစ်ဖြစ် နှစ်ခုလုံးကောင်းပါတယ်၊ ကုသိုလ်တွေပါပဲ၊