ဝေဘူဆရာတော်တရားအနှစ်ချုပ်

ပိဋကတ်သုံးပုံဆိုတာအလွန်ကျယ်ဝန်းတယ်။
ပိဋကတ်သုံးပုံကိုအကျဉ်းချုံးပါရင် ဗောဓိပက္ခိယတရား ၃၇ပါးရတယ်။

ဗောဓိပက္ခိယတရား ၃၇ပါးကို အကျဉ်းချုံးရင် သိက္ခာသုံးပါးရတယ်။
သိက္ခာသုံးပါးကိုအကျဉ်းချုံးရင်(ကောဓမ္မော) ဟုဆိုအပ်သော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရားတစ်ခုရတယ်။
သိက္ခာသုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါပဲ။

ကာယကံသောင်းကျန်းမှု ၀စီကံသောင်းကျန်းမှုမရှိရင် အဓိသီလ လို့ ခေါ်တယ်။
အဓိသီလအားကောင်းရင်၊ စိတ်တွေသောင်းကျန်းမှုမရှိပဲ ငြိမ်ဝပ်ပိပြားပြီးနေရင် (သမာဓိ)
အဲဒါ အဓိစိတ္တပဲ။ အဓိစိတ္တအားကောင်းလို့ အချိန်ကြာရင် ဘယ်လူဘယ်နတ်၊ ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး။ လျှပ်တပြက်အတွင်းမှာ ကုဋေတစ်သိန်းဖြစ်ပြီးပျက်နေတယ်၊ ရုပ်ကိုနာမ် က သိနေရင် ဖြစ်ပျက်ကိုသိတော့တာပဲံ။ ဖြစ်ပျက်ကိုသိတာ အဓိပညာလို့ ခေါ်တယ်။

အများနားလည်အောင်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာထင်ရှားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့နှာဖျား နှာဝမှာ လေနှစ်ရပ်ဟာ အမြဲတိုက်ဝင်၊ တိုက်ထွက်ဖြစ်နေတယ်၊ နှာဖျားနှာဝ ကာယပသာဒအကြည်ဓါတ်ကအထိခံ၊ ထွက်လေ၊ ၀င်လေဖြစ်တဲ့လေနှစ်ရပ်ဟုဆိုသော
ဝါယောဓါတ်က ထိတဲ့ဟာ။

အထိခံကလည်းရုပ်၊ ထိတဲ့ဟာကလည်းရုပ်ပဲ။ အဲဒီရုပ်နှစ်ခုထိ၊ ဒါကိုသိတာက နာမ်ဆိုတော့
ဒကာကြီး၊ ဒကာမကြီးတို့ သူများမမေးနဲ့ ၊ ကိုယ့်နှာဝကို နာမ်နဲ့ စောင့်ကြည့်။ ၀င်တော့လည်းထိဝင်မယ်၊ ထွက်တော့လည်းထိထွက်မယ်။ ထိတာကိုသိရင် သိနေတာလောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့်မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီးငြိမ်းတယ်။ ငြိမ်းတော့အေးတယ်။

မထိခင်ကလည်းသိလို့ မဖြစ်ဘူး။ ထိပြီးပြန်တော့လည်းသိလို့ မဖြစ်ဘူး။ ထိတုန်းကသာ သိတာဖြစ်တယ်။ အဲဒါကိုပစ္စုပ္ပန်တည့်တည့်လို့ ဆိုတယ်။ ထိတာကိုသိနေရင် ရုပ်၊ နာမ်သာ ရှိပါလားလို့ သိလိမ့်မယ်။

ရုပ် နာမ်မှတစ်ပါး၊ ငါ သူတစ်ပါး၊ ယောကျာင်္း၊ မိန်းမ၊ လူ နတ် ဗြဟ္မာမရှိဘူးဆိုတာ ဘုရားရှင်ရဲ့ တရားဟာ အမှန်ပါလားလို့ ကိုယ့်ဟာကိုယ်သိလိမ့်မယ်။ သူများမေးနေဖို့ မလိုဘူး။ နှာဝမှာထိ တာကိုသိရင်ထိုအချိန်မှာအတ္တဆိုတဲ့ ကိုယ်မရှိဘူး။ ထိုသိနေတဲ့အချိန်မှာ ဉာဏ်အမြင်စင်ကြယ် တယ်၊ သမ္မာဒိဌိဖြစ်တယ်။ ထိတာကို သိနေတဲ့အချိန်မှာ ရုပ်နာမ်မှတစ်ပါးဘာမှမရှိပါလားလို့ သိ တာကိုနာမ်နဲ့ ရုပ်ကိုပိုင်းခြားပြီးသိတာမို့  နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တယ်။ တထိတည်းထိ ၊ တသိတည်းသိနေလျှင် အတ္တစင်၍ ဉာဏ်အမြင်စင်ကြယ်တဲ့အကျိုးရတယ်။ ဒါဟာ တဒင်္ဂပ ဟာန် ခဏအချိန်လေးမှာရတဲ့အကျိုး။ နည်းတယ်လို့ မမှတ်ကြနဲ့ ၊ ကမ္မဌာန်းထိုင်ရတာများ ဘာမှလည်းမတွေ့ ပေါင်လို့ မမှတ်လိုက်နဲ့  ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့အခါမှာ အင်မတန် ကြီးမားတဲ့ အကျိုးထူးများရနိုင်ပါတယ်။

အထူးကြိုးစားကြပါ လို့ ဆရာတော်ဘုရားက ဟောကြားတော်မူ သည်ကိုအကျဉ်းချုပ် ရေးသားပါသည်။

7 ယောက်ဆွေးနွေးချက်:

မိုးခါး said...

အကျိုးရှိပါတယ် အမ .. ကျေးဇူးပါနော် ..း)

kiki said...

အဓိသီလ မရှိလို့ သေးလို့ ကျင့်ရဦးမယ်..
ခုထိပေါက်ကရ ပြောနေတုံးဘဲ ..

ကိုယ့်ကို ထိမှန်းလည်းသိသေးပါ ..
ကျင့်စရာတွေ တပုံကြီးပါလား ...

ခုလို သတိပေးတာ ..သတိတွေရသွားပါတယ် ...
ကျေးဇူး .. :)

may16 said...

မှတ်သားသွားပါတယ် မအနမ်း ကျင့်ရဦးမှာ အများကြီး

Anonymous said...

လာရောက်နာယူဖတ်ရူ သွားပါတယ်ဗျား..။

Min Myat Soe said...

တရားအနှစ်ချုပ်လေး ကူးသွားပါတယ် နောက်လည်းဒီထက်မက ဖော်ပြနိုင်ပါစေဗျာ

မယ့်ကိုး said...

အစ်မရေ..သိပ်ကောင်းတဲ့စာလေး ရေးသားဖော်ပြပေးလို့ ကျေးဇူးပါနော်။

သူကြီးမင်း (တုံးဖလား) said...

အမရေ..
တရားအနှစ်ချုပ်ကလေး ကောင်းတယ်။