ဘယ်လိုလုပ်ရပါ့ ?????

ဘယ်လိုလုပ်ရပါ့ မလဲ ??? လို့ အကြံအိုက်နေမိလို့ ပါ။
ကျွန်မရဲ့ ခုလောလောဆယ်ပြဿနာလေးပေါ့။ ကြီးကြီးမားမား ကိစ္စရပ်တော့မဟုတ်ပါဘူး။

တကယ့်ကိုဖြေရှင်းခက်တဲ့ အကြောင်းလေးတစ်ခု မထင်မှတ်ပဲ ကျွန်မဆီကို ရောက်လာခဲ့ တယ်။ ဒါကြောင့် ခုလောလောဆယ် ဘာလုပ်ရမှန်းမသိ။ စိတ်ရှုပ်နေရတယ်။
စိတ်ကလေးလည်းညစ်သွားတယ်။ အကြံညာဏ်လေးများ ပေးနိုင်မယ်ဆိုရင်တော့ ပေးစေလိုပါ တယ်။ ကျွန်မ လတ်တလောဖြစ်နေတာက ဒီလိုပါ.....

ကျွန်မနဲ့ အွန်လိုင်းမှာ မောင်လေးတစ်ယောက်ကဲ့သို့ ခင်မင်ရတဲ့ကောင်လေး တစ်ယောက် ရှိပါတယ်။ သူနဲ့ ပတ်သတ်လို့ ပါ။ သူ့ ကိုကျွန်မ အတော်ခင်သလို သူကလည်း အစ်မ မရှိသူမို့  ကျွန်မကိုအစ်မ တစ်ယောက်ကဲ့သို့ သဘောထားကြောင်း အမြဲပြောပါတယ်။ အင်း.. အဲလို သံယောဇဉ်တွယ်မိတာကြောင့်လည်း သူတို့ အရေးကိစ္စတစ်ခုတစ်ခု ဆို ကျွန်မကပါလိုက်ပြီး စိတ်ညစ်ပေးတာတို့ ဖြေရှင်းပေးတာတို့ ဖြစ်ပေးတတ်တယ်။ ဒါက ကျွန်မရဲ့ အကျင့်လို့ ပြောရ မလားမသိဘူး၊ တစ်ချို့ ကတော့ ကောင်းပါတယ်လို့ ပြောတတ်သလို၊ တစ်ချို့ ကလည်း အဲဒါဟာ မကောင်းဘူးလို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ကိုယ် တစ်အားခင်
သွားတဲ့သူမျိုးဆို သူ့ အရေးက ကိုယ့်အရေးလိုပဲသဘောထားမိတာပါ။

ကဲ ပြောပါမယ် သူ့ အကြောင်းလေး.. ခုလောလောဆယ် သူက ကျွန်မနဲ့ နီးစပ်တဲ့သူ တစ်ယောက် အကြောင်းလေးကိုမေးလာပါတယ်။
ဒါကလည်း ကျွန်မက ရိပ်မိသွားတာကြောင့်ပါ။ ကျွန်မစိတ်ထဲထင်ပါတယ်၊ ဒီကောင်လေး တစ်မျိုးပါလို့ ၊ သူက ခုတော့ အဲလိုသူသိချင်တဲ့အကြောင်းကိုမေးလာတော့ ကျွန်မက ကာယကံရှင်ကိုပဲ မေးဖို့ ပြောပါတယ်။ ကျွန်မ ဒီလိုကိစ္စတွေမှာ ကြားမညပ်ချင်ဘူးလေ။

ကျွန်မ ကအရင်ကတည်းက ကျွန်မကို လူတစ်ယောက်က အကောင့်တစ်ခုတောင်းမယ်ဆိုရင် ဒီတိုင်းကြီးမပေးလိုက်တတ်ဖူး။ ပေးမယ့်သူကိုလည်းမေးတယ်၊ ပေးလိုက်ရမလား၊ လက်ခံ မလား။ ပြီးတော့ နောက်ဖြစ်လာမယ့်ကိစ္စရပ်တွေကိုလည်း ကိုယ်ဘာသာကိုယ် တာဝန်ယူ ဖြေရှင်းကြရမယ်ဆိုပြီး လက်ခံသဘောတူညီမှုတောင်းတယ်။ ကျွန်မပေးလိုက်ဖူးတဲ့သူတွေ တစ်ယောက်နှစ်ယောက်ရှိခဲ့ဖူးပါတယ်၊
အဲဒီတစ်ယောက် နှစ်ယောက်ကလည်း၊ အဆင်ပြေသွားကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မလည်း အဲလိုတွေလုပ်မပေးနိုင်တော့ဘူး။ ဘာလို့  လဲဆိုတော့ ကျွန်မနဲ့ သိတဲ့ရိုးရိုးသားသား ကောင်မလေးတွေ ကျွန်မအကောင့်မှာမရှိတော့လို့ ပဲ။ ကျွန်မက ဘော်ဘော်နည်းတယ်လေ။ ပြီးခဲ့တဲ့ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ပြဿနာရယ်တော့ တစ်ခါမှမဖြစ်ဖူးပါဘူး။ အဆင်ပြေတော့လည်း သူတို့ အဆင်ပြေပါတယ်ပေါ့။ အဆင်မပြေ တော့လည်း သူတို့ အဆင်မပြေတော့ဘူးဆိုတာလောက်ပဲ ပြန်ပြောကြပါတယ် ။

ခုတစ်ကြိမ်ကျတော့ ဒီကောင်လေးက ကျွန်မနဲ့ အနီးစပ်ဆုံးသူ တစ်ယောက်အကြောင်း ကို မေးတယ်၊ ကာယကံရှင်ကိုလည်းမေးတယ်ပေါ့၊ ကျွန်မဆီကလည်းသိချင်တယ်ပေါ့။ ကျွန်မဆီက အကြံညာဏ်လည်းတောင်းတယ်၊ သူဘာလုပ်ရမလဲတဲ့။
ကဲ..ကျွန်မ ဘယ်လိုပြောမလဲ??? ကျွန်မ သူမေးတဲ့အကြောင်းကိုမပြောချင်ဘူး၊ ဒါကလည်း ကျွန်မကြားထဲမ၀င်ချင်လို့ ပဲ။ အရင်ကိစ္စတွေတုန်းကလည်း ဒါမျိုးတွေ ကျွန်မ မကြုံခဲ့ရဘူး။ ကျွန်မကိုလာမေးမြန်းတာမျိုးတွေပေါ့။ ခုတော့....
ဒါပေမယ့် သူကလည်း ကျွန်မပြောသလို လုပ်ပါ့မယ်တဲ့။ ရှေ့ တိုးဆိုလည်းတိုးမယ်၊ နောက်ဆုတ်ဆိုလည်းဆုတ်မယ့်သဘော။ အဲဒါကိုက ပိုဆိုးနေပြီထင်တယ်။
ကျွန်မနဲ့ အနီးစပ်ဆုံးသူဆိုတော့ ကျွန်မ ကောင်းကောင်းသိတာပေါ့။ ဒါပေမယ့် ကျွန်မ အဲလိုပြောသင့်ပါ့မလား???? ကျွန်မမဟုတ်တဲ့သူတစ်ယောက်အကြောင်းကို ကောင်း၏ ဆိုး၏ ကိုပေါ့။ တကယ်လို့ ကျွန်မက ကောင်းတဲ့အကြံကိုပဲပေးတယ်ဆိုအုံးတော့ တစ်ဖက်ကသိရင် ကျွန်မကို ဘယ်လိုထင်မလဲ၊ ပြဿနာကို ကျွန်မ မဖိတ်ခေါ်ချင်ဘူး။ ကျွန်မ အကျင့်သိက္ခာ ကို လည်း အထိအခိုက်မခံနိုင်ဘူး။

ကျွန်မ မပြောဘူးဆိုရင် သူဘာဆက်လုပ်မလဲ၊ ဒါတော့ ကျွန်မ မမေးဖြစ်သေးလို့ မသိသေးဘူး။ သူကတော့ ကိုယ့်အစ်မမို့ မေးတာပေါ့ဆိုပြီး အတင်းဇွတ်မေးနေတယ်။ ဒါကိုသူမမေးသင့်ဘူး ဆိုတာ သူမတွေးမိဘူးလား ။ တွေးမိကောင်းလည်းတွေးမိမယ်၊ ကျွန်မကို အားကိုးတကြီး လည်းဖြစ်လိမ့်မယ်။
နောက်ဆုံး ကျွန်မဘယ်လိုလုပ်ရမလဲ ဒါကိုပဲ စဉ်းစားနေမိတယ်။ ကျွန်မကိုပဲ block လုပ်လိုက် ပါလို့ ပြောရမလား။ ဒါဆိုရင်တော့ ကျွန်မ တကယ့်မောင်လေးတစ်ယောက်ကို ဆုံးရှုံးသလိုတော့ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ပြဿနာတော့ မတက်လာနိုင်တော့ဘူးလို့  ထင်တာပဲ။ ကျွန်မဝေခွဲမရသေးဘူးဖြစ်နေတယ်။
ကျွန်မက သူမေးတဲ့အကြောင်းကိုမပြောနိုင်သလို ၊ သူ့ ကိုရှေ့ မဆက်ပါနဲ့ လို့ တားလို့  ရော ကောင်းပါ့မလား???
ကဲ..ကျွန်မ ဘာလုပ်ရမလဲ??? ကျွန်မဘာလုပ်သင့်သလဲ???
ခုလောလောဆယ် ၂ရက်၃ရက်လောက်တော့ ကျွန်မ အကောင့်ကိုမဖွင့်သေးဘူးလို့ ဆုံးဖြတ် ထားတယ်။ ကျွန်မဘာလုပ်ရမှန်းမသိသေးလို့ ပါ။

ကျွန်မ စိတ်ညစ်စရာလေးကို တင်ပြရလို့ ဝိုင်းစိတ်ညစ်ကြမှာကိုတော့ မလိုလားပါဘူး။ ကိုမြစ်ကျိုးအင်းပြောသလိုပါပဲ၊ ဘလော့မောင်နှမတွေကို စိတ်ညစ်စရာအကြောင်းတွေ အကျိုး မရှိတဲ့အကြောင်းတွေနဲ့ သူတို့ ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကုန်ကြမှာမလိုလားပေမယ့်၊ ကျွန်မကိုယ်တိုင် ဆုံးဖြတ်ရခက်နေတဲ့ ကိစ္စလေးလည်းဖြစ်နေလို့ ဘလော့ရေးရခြင်းပါ။ ကျွန်မကို နားလည်ပေးကြမယ်ဆိုရင် ကျွန်မ ဘယ်လို လုပ်သင့်သလဲဆိုတာလေးလည်း လမ်းညွှန်ပေး၊ အကြံညာဏ်ပေးကြည့်ကြပါလား။

အားလုံးသော ဘလော့ဂါမိတ်ဆွေအပေါင်းတို့ ကိုကျေးဇူးအထူးတင်ပါတယ်။

13 ယောက်ဆွေးနွေးချက်:

မီးမီးချစ် said...

ဒါလေးများ နှာစေးနေလို့  ဘာမီတွန် သောက်နေရတယ် မပျောက်သေးဘူးလို့  ...း))

Lucifer said...

အကြံပေးမယ်... ပွင့်ပွင့်လင်းလင်းသာပေးလိုက် (သူများအကြောင်းဖြစ်နေတာမို့ ကောင်းတာရောဆိုးတာပါမပြောလိုပါ) လို့လေ..
ကောင်းတယ်မို့လား မမီးအကြံ

မေဇင် said...

မမ ရေ...မင်းဘာသာ....တခြားကစုံစမ်းပါ လို့ ပြောပါမမရဲ့...။ မမ မမပြောချင်တာ သူသိသွားရင်..သူ့ဘာသာ နားလည်သွားပါလိမ့်မယ်..။း)


ခင်တဲ့
မေဇင်

kiki said...

အဟက် ... ဘာများစိတ် ညစ်​နေတာလဲလို့  ။
သူများ အပူ.. ကိုယ့်အပူ လုပ်ပြီးများ ပူ​နေရ​သေး ၊
ပြော . မ​ပြော လိုက်ချင်ဘူး ..
တယ်​လေ ....
သူများကြား ဝင် မပါနဲ့  ။
အေး​ဆေး​နေ ။
ဒါက အစ လိုက်​ပြော​နေရတာ .ဟွန်းး
နောက်ဒီလို မဟုတ်တာ ​တွေ လာ​မေး ​နေရင် နာပြီသာ ပြင် ...
ကိုယ့်  ဘုရားစာ ကိုယ် ​ရေး​နေ ...
ခက်တယ် ... ​ပြောလဲ မကြိုက်ချင်ဘူး ..

ပဲ​လှော် မစားတဲ့ 
အမ ကိ
ဟိဟိ

JulyDream said...

တခါတလေကျရင် ပွင့်ပွင့်လင်းလင်း ရှင်းလိုက်တာ ကောင်းပါတယ်။ မျက်နှာနာစရာရှိပေမယ့် ပြောစရာရှိတာ ပြောချလိုက်ပါ။ မဟုတ်ရင် ရေရှည်မှာ မီးခိုးကြွက်လျှောက်သလို ဖြစ်ပြီး သပွတ်အူ အစရှာမရသလို ပဲကြီးလှော်ကြား ဆားညှပ်ပါမယ်။ ဒါကြောင့် ခဏခဏ စိတ်ညစ်စရာ မရှိရအောင် တစ်ခါပဲ အမုန်းခံလိုက်ပါ။

yaewoori said...

အမ နှလုံး မကောင်းဘူး ဆို?
ဆက်မေးရင် ငါသေသွားနိုင်တယ်လို့
စိတ် ပင်ပန်းလို့လို့
သေစေချင်ရင်မေးလို့

ဟီး ဟိုကသူ့ဘက်သူယက်ပီးတွေးသွားရင်တော့ မသိဘူးနော်

desertraindrops said...

ကိုယ်က ကူညီလိုက်လို့ အဆင်ပြေရင်တမျိုး ၊ အဲ အဆင်မပြေတဲ့ခါကျတော့ ကိုယ်ကပဲ ကြားကနေ မြေပဲဆားလှော်ဖြစ်ဦးမယ် :))

သိဘူးလို့ပဲ ဖြေမယ်နော်။

Unknown said...

မအနမ်း...

အမရေ... ကိစ္စက ဘယ်လိုဘယ်ဝါဆိုတာ မသိရတော့လည်း ပြောပြဖို့က အခက်သားဗျ...
ဒါပေမယ့်လေ...

ဘယ်သူ့မှလည်း မနစ်နာစေချင်ပါဘူး...
သူ့အလိုလိုနားလည်စေချင်တယ်လေ...
အချိန်တော့ပေးမရမှာပေါ့လေ...
အမရဲ့ စေတနာတွေကို သူနားလည်လာမှာပါ...
မဖြစ်နိုင်မှန်းသိနေရင် ရှေ့ဆက်မတိုးစေချင်ဘူး အမရယ်...
အချိန်က ကုစားပေးသွားပါလိုက်မယ်...


ပျော်ရွှင်ပါစေ...
ခင်တဲ့
ပြည့်စုံ(ဝေါသားလေး)

မိုးစက်အိမ် said...

မနမ်းရေ ကျွန်တော်ပြောချင်တာတော.
မနမ်းရဲ. အခင်ဆုံးဆိုတဲ.လူကို နည်းနည်းပါးပါး
တီးဂေါက်ကြည်.ပေါ. ... အဲ သူ.ဘက်က
အမ မောင်လေးကို မီးစမ်း ပြနိုင်တယ်ဆိုရင် အတိုင်း
အတာတခုလောက်အထိ ပြောပြပေါ. ... အခင်ဆုံး
သူက မီးနီ ပြနေရင်တော. အမ မောင်လေးကို မပြော
သင်.ဘူးလို. ထင်ပါတယ်...အဲဒီ အခါကျရင်
တော. သူနားလည်အောင် ရှင်းပြ လိုက်ပါ...တကယ်
လို. အမက အားနာနေရင်တော. 2 ဘက်လုံးအတွက်
မကောင်းဘူး ဖြစ်နေမယ်ထင်ပါတယ်...ကြားထဲက အမ
လည်းမြေစာ ပင်ဖြစ်ရမှာပါ...အကောင်းဆုံးဆုံးဖြတ်နိုင်ပါစေဗျာ...

ဆောင်းနှင်းဝေ said...

အမအနမ်းရေ
ပထမတော့အကြံညာဏ်ပေးမလိုပါပဲ။အမူတွဲထဲပါ
မှာဆိုးလို့မပေးတော့ဘူးနော်။ ကြား၃ကြားလျှောင်အို
တောင်မဆင်းရဲဗျို့။။။။။ ဟီ

သူကြီးမင်း (တုံးဖလား) said...
This comment has been removed by the author.
သူကြီးမင်း (တုံးဖလား) said...

မအနမ်းရေ..
လက်ရှောင်တာတော့ အကောင်းဆုံးပါဘဲ။ အပြစ်ကင်းတာပေါ့။ မိဘတွေပေးစားလို့ ညားသွားကြတဲ့ စုံတွဲတွေတောင် အဆင်မပြေတဲ့အခါ မိဘတွေကို ပြန်အပြစ်တင်ကြသေးတာဘဲ။

မအနမ်းက မိဘလဲ မဟုတ်ဘူး။ ဆွေမျိုးလဲ မဟုတ်ဘူး။
ဟိုဘက် ဒီဘက် ကိုယ့်ဘက်.. သုံးဖက်ကြီးကြည့်ပြီး လုပ်ရမဲ့ကိစ္စဆိုတော့...
ဆွမ်းခံရင်း ငှက်သင့်တတ်တယ်မဟုတ်လား။

ဝေါင်ဝေါင်ရှေး... မအနမ်းရေ...

သုခုမလေဒီ said...

ကိုယ်သိသလောက်ကို အကြံညာဏ်ပေးကြလို့ အားလုံး ကိုကျေးဇူးအထုးတင်ပါတယ်။