ထင်ချင်သလို မထင်လိုက်ကြပါနဲ့ 

တစ်ခါတစ်လေမှာလူတွေဟာတစ်ဦးနဲ့ တစ်ဦးထင်မြင်ချက်တွေနဲ့ သုံးသပ်တတ်ကြတယ်။
လူတစ်ဦးရဲ့ထင်မြင်ချက်ဆိုတာအမှန်တကယ်ဖြစ်လိမ့်မယ်လို့ ပုံသေတွက်ဆလို့ မရဘူးလေ။
ထင်မြင်ချက်ဆိုတာအမှန်ဖြစ်နိုင်သလို၊ အမှားလည်းဖြစ်နိုင်တာပဲ။
ထင်မြင်ချက်ဟာကိုယ်လက်ခံတွေးတောမိတဲ့အကြောင်းအရာတွေပါ။ တစ်ခါတစ်ရံမှာကိုယ့်ရဲ့ထင်မြင်ချက်တွေဟာတစ်ဖက်လူအပေါ်ထိခိုက်နစ်နာစေတယ်ဆိုတာ
ကိုတော့သတိပြုမူသင့်ပါတယ်။ကိုယ့်ရဲ့ထင်မြင်ချက်တွေကြောင့်တစ်ဖက်လူအပေါ်အထင်ကြီးတတ်သလို၊
အထင်သေးသွားတာမျိုးလည်းဖြစ်သွားကြပါတယ်။ လူတစ်ယောက်ရဲ့စိတ်ဆိုတာမှန်းဆရခက်လွန်းပါတယ်။ ကိုယ့်စိတ်ကိုတောင်ကိုယ်အသေအချာမသိနိုင်ခဲ့သေးတာမို့ တစ်ဖက်လူရဲ့စိတ်ဆိုတာကို
ကိုယ်ကဘယ်လိုမှထင်မြင်ရုံနဲ့ သုံးသပ်လို့ မရပါဘူး။
လူတွေဟာသူများကိုမကောင်းထင်တတ်တာများတယ်နဲ့ တူတယ်။
ဒီလိုပြောလိုက်လို့ ကျွန်မကိုယ်တိုင်က ထင်မြင်မှုတွေဖြစ်သွားပြီ။ ဟုတ်ပါတယ် ။
ဓမ္မဒူတ အရှင်ဆေကိန္ဒ ရဲ့ ဆုံးမစာလေးကိုရေးချင်လို့ ပါ။
သူများကို မကောင်းထင်တတ်တယ်၊ ကိုယ့်ကိုကိုယ် အကောင်းထင်တတ်တယ်။
" ထင်ချင်သလို မထင်လိုက်ပါနဲ့ " တဲ့လေ။
အဲဒီဆုံးမစာလေးထဲကအတိုင်း ထင်ချင်သလိုမထင်ကြရင်ကောင်းမယ်နော်။
ဘာလို့ ကျွန်မဒီလိုပြောလည်းဆိုတော့ ကျွန်မကသူတစ်ကာရဲ့ အထင်ခံရတဲ့သူ ဖြစ်ဖြစ်သွားတတ်လို့ ပါပဲ။ တကယ်တော့ကျွန်မကအူကြောင်ကြောင်သမား၊ ဒါကြောင့်သူတစ်ကာ ရဲ့အထင်ခံရမှုများတယ်။
နောက်ပြီး ကျွန်မက တော်ရုံကိုပြန်မပြောတတ်တဲ့သူမျိုး။ တစ်ခါတစ်ရံဖြေရှင်းချက်တွေပေးချင်ပေမယ့် မပြောဖြစ်တာများတယ်။ ကြုံခဲ့ရတဲ့ အချစ်ရေးကိစ္စမှာလည်း ဒီလိုပဲ ။ ကျွန်မဘာကိုမှမပြောဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ ကျွန်မအတွက်ဆုံးရှုံးမှုတွေ ဖြစ်အုံးမယ်ဆိုရင်တောင်ကျွန်မရဲ့စကားနည်းတဲ့အကျင့်က ပျောက်မှာမဟုတ်ဘူးထင်ပါရဲ့။ အခြားနေရာတွေမှာတော့ စကားသိပ်မနည်းပေမယ့်
ပြဿနာတက်ဖို့ ကြုံရပြီဆိုရင်တော့ ကျွန်မဘာကိုမှမတုန့် ပြန်တတ်ဘူး။
ကျွန်မ သူငယ်ချင်းတစ်ယောက်ကဆိုရင်ကျွန်မကို အုံပုန်းကြီး တဲ့လေ။
အိမ်မှာတောင် အမေနဲ့ ပြဿနာတက်တော့မယ်ဆိုရင်ကိုပြန်မပြောတတ်လို့ ။
ရေငုံနှုတ်ပိတ်ဆိုတာမျိုးလေ။
ရင်ထဲမှာတော့ ပြောချင်တာတွေအပြည့်ရှိနေပါတယ်။
ဒါကြောင့်ပဲ ကျွန်မကိုဆိုအမြဲအထင်လွဲတတ်ကြတယ်။
ဘယ်ကိစ္စမဆို၊ ဘာကိစ္စမဆိုပေါ့။
အဲလိုလူတွေရဲ့ထင်မြင်ချက်တွေကြောင့်တစ်ဖက်လူအပေါ်မထိခိုက်စေဖို့ 
ကျွန်မပြောချင်တာကလည်း
ဆရာတော်ရဲ့ဆုံးမစကားလေးဖြစ်တဲ့ " ထင်ချင်သလိုမထင်လိုက်ပါနဲ့ " လို့ ......

အနမ်း

0 ယောက်ဆွေးနွေးချက်: