သီတင်းကျွတ်ကန်တော့ပန်း



သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဟာ မြတ်စွာဘုရားရှင် တာဝတိံသာမှာ မယ်တော် သန္တုဿိနတ်သားကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည် လူ့ရွာကို ပြန်လည် ဆင်းသက်လာခဲ့တဲ့နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပါလိမ့်မယ်။ ကျွန်မတို့ရဲ့ မြတ်စွာဘုရားရှင်က ၀ါတွင်းသုံးလလုံးလုံးကို မိခင်နို့၇ရက်တိုက်ကျွေးခဲ့တဲ့ မယ်တော်ရင်း မဟာမာယာဒေ၀ီကနေ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတနတ်သားကို အဘိဓမ္မာ တရားဟောကြားပေးခြင်းဖြင့် သောတာပန်ဖြစ်အောင် ဓမ္မနို့ရည်တိုက်ကျွေးခဲ့တယ်လို့ဆိုပါ တယ်။ သောတာပန်မှ မကြာမီအချိန်အတွင်း ရဟန္တာဖြစ်ဖို့သေချာသွားတဲ့အတွက်လည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ မိခင်ရဲ့ကျေးဇူး (နို့နှစ်လုံးဖိုး) အကျေဆပ်ခဲ့တယ်လို့ သိရ ပါတယ်။

ဗုဒ္ဓစာပေကိုမှီငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့ တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုတွေ့ရတော့ သိပ်ကို အံ့သြမိပါတယ်။
ပိဋကတ်တော်ထဲမှာ မပါတာကို ပါသလိုရေးသားပြောဆိုတာဟာ အရမ်းကိုအပြစ်ကြီးပါတယ်။ ဤအချက်ကို ဘုရားရှင်ကိုယ်တော်တိုင် မဟောကြားခဲ့သလို၊ အဋ္ဌကထာဆရာ၊ ဋ္ဋီကာဆရာ တွေကလည်း ဖွင့်ဆိုထားခြင်းမရှိပါဘူး။ ဘုရားတောင်မှ မိဘကျေးဇူးနို့တစ်လုံးဖိုးပဲကျေတယ် လို့ပြောတဲ့သူဟာ ဘုရားကိုလည်း စော်ကားရာရောက်သလို တရားကိုလည်း ဖျက်ဆီးရာ ရောက်ပါတယ်လို့ အရှင်ဆန္ဒာဓိကရဲ့ စာအုပ်မှာဖတ်ရပါတယ်။

ထို့သို့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိဘကျေးဇူးအကျေဆပ်နိုင်ခဲ့သလို ကျွန်မတို့လို လူသားတွေအဖို့လည်း ကျေးဇူးဆပ်နည်းများကို. “ချစ်သား ချစ်သမီးတို့…. မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွှန်ပြပါရစေ.. သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါ တရားနဲ့ပြည့်စုံအောင်၊ သီလမရှိတဲ့မိဘကို သီလပြည့်စုံအောင်၊ မပေးရက်မလှူရက် နှမြောဝန် တိုတဲ့ မိဘကို စွန့်ကျဲပေးကမ်းလှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်၊ ပညာဉာဏ်မရှိတဲ့ မိဘကို ပညာ ဉာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူဆောက်တည်စေမယ်၊ လေးလေးနက်နက် သက်ဝင် စေမယ်၊ ခိုင်ခိုင်ခံခံတည်တံ့မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကိုတုံ့ပြန်ပြီးသား အကျေဆပ်ပြီး သားဖြစ်သွားပါတယ်” လို့ ဟောကြားတော်မူထားခဲ့ပါတယ်။

မိဘကိုကျေးဇူးဆပ်တဲ့နေရာမှာ လောကနည်းနဲ့ကျေးဇူးဆပ်ခြင်း၊ ဓမ္မနည်းနဲ့ကျေးဇူးဆပ်ခြင်း ၂မျိုးရှိပါတယ်။ မိဘအတွက် ပြည့်စုံအောင်ဖန်တီးပေးတာ လောကနည်းနဲ့ကျေးဇူးဆပ်တာပါပဲ။ ရုပ်ဝတ္ထုတွေနဲ့ ကျေးဇူးဆပ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာကျေးဇူးဆပ်နည်းလို့ ခေါ်ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့တော့ ကျွန်မမိခင်ရဲ့ကျေးဇူးကို ကျွန်မဆပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဘုရားဟောတဲ့ ဓမ္မနည်းနဲ့ ကျေးဇူးဆပ်ဖို့ ကြိုးစားလာမိပါတယ်။

ကျွန်မ မသိခင်က မိဘကျေးဇူးဆိုတာ ပြန်လည်ကျွေးမွေးပြုစုလုပ်ကိုင်ပေးခြင်းဖြင့် ကျေးဇူး ဆပ်ရတယ်ဆိုတဲ့ အယူအဆတို့ပျောက်ကွယ်လာပြီး၊ ကျွန်မမိခင်ကို ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစား လာတော့တာပါပဲ။ ဒါ့ကြောင့်လည်း စာအုပ်ဖတ်တဲ့အကျင့်မရှိတဲ့ မိခင်ကို အရှင်ဆန္ဒာဓိကရဲ့ စာအုပ်လေးတစ်အုပ်ကိုစပြီး ပေးဖတ်ခဲ့သလို၊ တရားမနာတတ်ဖူးလို့ပြောတတ်တဲ့ မိခင်ကို ခုတရားတွေက အရင်တုန်းကလိုတရားတော်တွေလို ရွတ်ဆိုဟောကြားနေတာမျိုးမဟုတ်ပဲ နားလည်သဘောပေါက်လွယ်အောင် ဟောကြားပေးတဲ့အကြောင်းပြောရင်း စီဒီတရားချပ် တစ်ချပ်ကို နာယူဖို့ပေးခဲ့မိပါတယ်။

အခုဆိုရင် ကျွန်မအမေ တရားစာအုပ်မဖတ်ပေမယ့်၊ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်တည်ပြီး တရားတော်များ နာကြားလာတာကိုတွေ့ရပါတယ်။ ဒါဟာ ကျွန်မပြောလို့မဟုတ်ပဲ သူ့အသိစိတ်လေးနဲ့ လုပ်လာတာဆိုရင်တောင် အမေ့ကိုကြည့်ရင်း ကျွန်မပျော်နေမိပါတယ်။ ဒီထက်မက အမေ့စိတ်ထား အမေ့အပြုအမူ ပုံသဏ္ဍာန်လေးတွေကိုလည်း နူးညံ့စေချင်မိ ပါတယ်။ ကျွန်မ အမေ့ရဲ့ကျေးဇူးတွေကို အကျေမဆပ်နိုင်ရင်တောင် အသက်ရှိနေစဉ်မှာ အမေ့ကို ကျေးဇူးဆပ်ခွင့် ဆက်ရမယ်ဆိုရင်ဖြင့် ကျေနပ်သွားမှာပါ။

ရှင်ဆန္ဒာဓိကရဲ့ နို့နှစ်လုံးဖိုးကျေပါတယ် စာအုပ်မှ ကိုးကားချက်များနဲ့ ဒီပိုစ့်ကိုရေးလိုက် ပါတယ်။ ၀ါကျွတ်မှာ ကျေးဇူးရှင်မိခင်ကို ကန်တော့ပန်းဆင်ရင်းပေါ့..။
ပုံကို google မှကူးယူပါတယ်။

သီတင်းကျွတ်လက်ဆောင်
မိဘကျေးဇူးအကျေဆပ်နည်း
စိတ်မထားတတ်တဲ့မိဘ
စိတ်ထားတတ်အောင်၊
စိတ်ထားတတ်ပြီးသားမိဘ
ပို၍ပို၍ စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမ ပေးရင်
မိဘကျေးဇူး ကျေပါတယ်။
ကုသိုလ်မလုပ်သေးတဲ့ မိဘ
ကုသိုလ်လုပ်အောင်၊
ကုသိုလ်လုပ်နေတဲ့ မိဘ
ပို၍ပို၍ ကုသိုလ်လုပ်အောင်
ကူညီပံ့ပိုးပေးရင်
မိဘကျေးဇူးကျေပါတယ်။
တရားမရှိသေးတဲ့ မိဘ
တရားရှိအောင် ၊
တရားရှိပြီးသား မိဘ
ပို၍ပို၍ တရားရှိအောင်
စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ် ။
ကိုယ့်ရဲ့ ကူညီပံ့ပိုးပေးမှုကြောင့် မိဘရဲ့ စိတ်ဓာတ်မြင့်မားမှုနဲ့  ကုသိုလ်တိုးပွားမှုက ဘ၀လွတ်မြောက်မှု အဆင့်အထိ တတ်လှမ်းသွားနိုင်ပြီ ဆိုရင် အဲဒီလို တတ်လှမ်းနိုင်အောင် ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တဲ့ သားသမီးအနေနဲ့ မိဘကျေးဇူးကို အကျေဆပ်ပြီးသားဖြစ် သွားတော့တာပါပဲ။
http://www.newworldnanda.ning.com/
မှ သီတင်းကျွတ်လက်ဆောင် ဆိုတာလေးကို ကူးယူမျှဝေပါတယ်..။

10 ယောက်ဆွေးနွေးချက်:

ခြင် said...

နမ်းရေ... သတိရတယ်..နေကောင်းလားသူငယ်ချင်းရေ

အဖြူရောင်နတ်သမီး said...

မနမ်း.......
သီတင်းကျွတ်လက်ဆောင်လေး လာယူသွားတယ်နော်...။

ကိုဇော် said...

ကောင်းတယ် . . .မအနမ်း။

ဧပရယ်လ်ပူး@ပူးတေ said...

မနမ်းရေ

ဗဟုသုတရပါတယ်အစ်မရဲ့... အရင်က သူများတွေ ပြောနေကြတာပဲ ဘုရားတောင်မှ နို့တလုံးဖိုးပဲကြေတယ်ဆိုတာပဲ ကြားဖူးနေတာ။ ကျေးဇူးမမနမ်းရေ။ ပြီးတော့ ဆရာတော် ရှင်ဆန္ဒာဓိကရဲ့ နို့နှစ်လုံးဖိုးကျေပါတယ် စာအုပ်လေးလဲ ဝယ်ဖတ်ကြည့်ဦးမယ်...

ပူးတေလဲ အမေကို မနမ်းလိုပဲ ကျေအောင် ကြိုးစားဆပ်နေပါတယ်...

မိုးယံ said...

အဲဒီလို စကားအမှားတွေကို ခံပြင်းနေတာ ကြာB ။ ဒါပေမယ့် ရေးမယ် စဉ်းစားနေတာနဲ့ မရေးဖြစ်သေးဘူး။ ရှိသေးတယ်ဗျ ဘုရားတောင် အမှီရှိမှ ပွင့်ရတယ် ဆိုတာမျိုး


ခုလို အများအကျိုးရှိတာလေး ဖေါ်ပြပေးတာ ကျေးကျေးပါဗျာ။

လေးစားလျှက်

တောသားလေး (and) ထွန်းမြတ်တေဇ (မြန်အောင်) said...

အစ်မ
သီတင်းကျွတ် ကန်တော့ပန်း ပိုစ်လေးကို လာဖတ်သွား
ပါတယ်ခင်ဗျာ။ အစ်မ အဆင်ပြေကျန်းမာပျော်ရွင်ပါစေ။
ခင်မင်လျှက်
တောသားလေး

~ဏီလင်းညို~ said...

ဒီပို့စ်လေး အရောက်လာဖတ်ပါတယ်မအနမ်းရေ့....။
ကျေးဇူးပါခင်ဗျာ.....။
ပုံလေးလည်းကြိုက်တယ်........။
(နေကောင်းတယ်ဟုတ်.......)

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

သီတင်းကျွတ်လက်ဆောင်လေး လာယူသွားပြီနော်..

blackcoffee said...

ကျွန်တော်တသက်လုံး သိလာတာ မြတ်ဘုရား ရှင်တော်မှ နို့ တစ်လုံးဖိုးသာကျေလို့ သိထားခဲ့တာ ဒီပိုစ့်လေးဖတ်ပြီးမှ နို့ နှစ်လုံးဖိုးကျေမှန်း သိရတော့တယ်။ ကျေးဇူးပဲ အစ်မ.........

buddha said...

ဒီပိုစ့်လေးဖတ်ပြီးမှ နို့ နှစ်လုံးဖိုးကျေမှန်း သိရတော့တယ်။

ဗုဒ္ဓကျမ်းကို ခဏခဏ မပြင်ဖို့ တောင်းဆိုလိုပါတယ်. ဗုဒ္ဓ၀င်ကျမ်းအား ရှင်ဂေါတာမ သေပြီးပြီးခြင်း ပြုစုထားသည်မဟုတ်ပါ.. နှစ်ပေါင်း (၅၀၀)ကျော်မှ ဤကျမ်းအား ရဟန်းနာ ဘုန်းကြီးများက ပြုစုထားသည်ဟု wiki ကမှာ တွေ့ရှိနိုင်ပါတယ်....

တကယ်မှန်သော် တကယ်ထင်ရှားမည်... မည်သူကမှ ဖယောင်းတိုင်မီးအား အလုံပိတ်ပုံးထဲတွင် မီးမသွားထွန်းပါဘူး.. လူအများအလင်းရှာရှိမည်နေရာတွင်သာ ဖယောင်းတိုင်မီးအား ထွန်းထားကြပါတယ်. ဗမာစကားပုံအရ ဟုတ်လျှင် ကျော်၊ ပုပ်လျှင် ဖော် . ဆိုသည့်စကားပုံအတိုင်းပဲ ယနေ့ လူအနည်းစုသာ ကိုးကွယ်တော့သည် ဘာသာတရားပင်ဖြစ်ပါတယ်...

ဗုဒ္ဓဘာသာဝင် သန်းပေါင်း ၃၅၀ ဆိုတာ အိန္ဒိယတနိုင်ငံစာ၏ လူဦးရေထက်ပင် အလွန်လွန်နည်းပါးပါတယ်. အိန္ဒိယနိုင်ငံဟာ ဟိန္ဒူဘာသာဝင်များ နိုင်ငံဖြစ်ပါတယ်.... သန်းပေါင်းတစ်ထောင် (၁၀၀၀) ကျော်ရှိပါတယ်.... ၈၅% ဟာ ဟိန္ဒူဘာသာဝင်များ ဖြစ်ပါတယ်.. ကျန်ရှိသည့် မွတ်စလင်မ် ခရစ်ယာန် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြပါတယ်...စာရေးသူ ဘာပြောချင်လဲဆို သူ၏စကားနှင့် ပြောဆိုသိမြင်နိုင်စွမ်းရှိသည်သူများပင် သူ၏စကားကို ကောင်းကောင်း နားလည်နေတဲ့သူ တွေကပင် ရှင်ဂေါတာမအား မကိုးကွယ်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါတယ်.... နောက်များမလည်း ဒီဘာသာကို စွန့်လွှတ်ဖို့ လူအများ ရှိလာမည့်ကို စာရေးသူ ယုံကြည်ပါတယ်၊ ယနေ့ တရုတ်နိုင်ငံမှာဆို ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်လု ဖြစ်နေပါပြီ