တော်ပါသေးတယ်




blogspot ဖွင့်ရလို့ ၀မ်းသာမယ်မှမကြာသေးဘူး .net .com တွေ ဖွင့်လို့မရပြန်ဘူး။ အော်.. ဘာတွေက ဘာတွေဖြစ်မှန်းကိုမသိတော့။ blogspot ဖွင့်ရတယ်ဆိုတာကလည်း အစ်မတော် ဖွားကိ ကိကီ ကွိကွိစ့် ကနေ သူ့မိတ်ဆွေပြောပြလို့ Freegate ဆော့ဝဲလ် တစ်ခုရမ်းပြီး ဖွင့်ပေးသွားလို့ပါပဲ။ .net .com က Mozilla နဲ့ တိုက်ရိုက် ဖွင့်ရပြန်တယ် ဆိုလို့ တစ်ခါ အဲဒီဆိုက်တွေမှာ စာဖတ်ချင်ရင် Mozilla နဲ့ သွားဖွင့်ဖတ်ရပြန်ပါတယ်။ တယ်လည်း မလွယ်ပါလားနော်။ ဘလော့စပေါ့ ရတယ်ဆိုပေမယ့်လည်း စီဗုံးကမမြင်ရပြန်လို့ ကွန့်မန့်ပဲ ပေးနိုင်တယ်။ အင်းလေ ဘာပဲဖြစ်ဖြစ် သူငယ်ချင်း blogspot အချို့ကိုဝင်ပြီး သူတို့ရဲ့ ပိုစ့်လေး တွေ ဖတ်နိုင်တာ ကိုပဲ ကျေးဇူးတင်ရအုံးမယ်။ ဒါတောင် ကွန်နက်ရှင်က ဖောက်သေးတာ။ ဒါပေမယ့် သူများတွေထက် စာရင် ကိုယ့်အဖြစ်က မဆိုးပါဘူးလို့ပဲ ကိုယ့်ထက်ဆိုးတဲ့ သူကို ကြည့်ရင်းဖြေသိမ့်နေရတာ အကျင့်တစ်ခုလို ဖြစ်နေရပါပြီ။

ကိုယ့်နိုင်ငံမှာနေရင် ကိုယ့်နိုင်ငံကအတိုင်း နေထိုင်နိုင်ရမယ်ပေါ့။ အဲဒီလို နှလုံးသွင်းပါမှ ဒေါသ နည်းနည်း ငြိမ်းနိုင်မယ်လေ။ မဟုတ်ရင် မကျေနပ်ချက်တွေကြုံရတိုင်း ဒေါသတွေ ဖြစ်ဖြစ်နေရတာနဲ့ အသက်တောင် တိုမလားပဲ။ အင်း... ခုတော့ ပိုစ့်လေးကို ကိုယ်တိုင် တင်နိုင်တာရယ် ဘလော့ဂါတွေဆီကို အလည်သွားပြီး စာဖတ်နိုင်တာလေးရယ်က ဟိုတုန်းကလို လုံးဝ ဖွင့်မရ လည်မရတာထက်စာရင် အများကြီးကို တော်ပါသေး တယ်လို့..။ နောက်ထပ် ကျော်ခွနည်းတွေ ဆော့ဝဲလ်တွေ ရပြီးဖွင့်နိုင်အုံးမယ်ဆိုရင်တော့ အကောင်းဆုံး ပေါ့လေ။ ခုတော့လည်း ဖြစ်သမျှအကြောင်း အကောင်းပဲလို့သတ်မှတ်ရင်း သည်းခံနိုင်တဲ့စိတ်ကို မွေးရပါတယ်။ သည်းခံခြင်းနဲ့ ပတ်သတ်လို့ တစ်ခါက မေလ်းထဲကနေ ရဖူးတဲ့ အကြောင်း အရာလေးကိုပါ ထည့်သွင်း ဖော်ပြလိုက်ပါအုံးမယ်။

သည်းခံခြင်းကိုကျင့်ကြပါ တဲ့

မြန်မာနိုင်ငံအတွင်း Internet သုံးစွဲကြသော ရဟန်း ရှင် လူ , သီလရှင် ပြည်သူများအတွက် သည်းခံခြင်းရှိကြဖို့ လိုပါတယ်။

အခါတစ်ပါးမှာ ခိုးသား ဓါးပြတွေကြီးစိုးနေတဲ့  နေရာကိုမှရွေးပြီး တရားသွားအားထုတ်ချင်တဲ့  ရဟန်းတပါးကို မြတ်ဘုရားရှင်ကခေါ်တွေ့ပြီး မေးမြန်းဟောပြောမှုပြုပါတယ် ။

ဘုရား > ငါ့ ရှင် ခိုးသား ဓါးပြတွေက အသင့်ကို ကြမ်းတမ်းစွာဆဲရေးတဲ့အခါ ဘယ်လိုနှလုံးသွင်းဆင်ခြင်မလဲ ။
ရဟန်း> ဆဲရုံသာဆဲတာ ရိုက်ပုတ်မှုမလုပ်လို့  တော်ပါသေးတယ်ဆိုပြီး နှလုံးသွင်းပါ့မယ် ။

ဘုရား> ရိုက်ပုတ် နှိပ်စက်ရင်ကော ဘယ်လိုနှလုံးသွင်းမလဲ ။
ရဟန်း> ရိုက်ရုံသာရိုက်တာ ကိုယ်လက်အင်္ဂါကို မချိုးဖဲ့ မဖြတ်တောက်လို့ တော်ပါသေး တယ်လို့ နှလုံးသွင်းပါ့မယ် ။

ဘုရား> ကိုယ်လက်အင်္ဂါကို ဖြတ်တောက် နှိပ်စက်ခဲ့ ရင်ကော ဘယ်လိုနှလုံးသွင်းမလဲ ။
ရဟန်း> ဖြတ်ရုံသာ ဖြတ်သာ အသေမသတ်လို့ တော်ပါသေးတယ်ဆိုပြီး နှလုံးသွင်းပါ့မယ် ။

ဘုရား> သေအောင်သတ်ခဲ့ ရင်ကော ဘယ်လို နှလုံးသွင်းမလဲ ။
ရဟန်း> တနေ့ ကျသေရမှာပဲ သူတို့ ကြောင့်မြန်မြန် ၀ဋ်ကျွတ်ရပေတယ်လို့ ဆိုပြီး နှလုံး သွင်းပါ့မယ် ။

မြတ်ဘုရားလည်း ရဟန်းရဲ့  ဆင်ခြင်သည်းခံနိုင်မှုကိုစိတ်ချပြီး ရဟန်းသွားလိုရာအရပ်ကိုသွား ခွင့်ပြုလိုက်ပါတယ်။

မြန်မာပြည်မှာ Internet အသုံးပြုမယ်ဆိုရင်လည်း အထက်ကဖော်ပြခဲ့တဲ့  ရဟန်းတော်လို သည်းခံ နှလုံးသွင်းဆင်ခြင်နိုင်ဖို့ လိုအပ်ပါတယ် ။ဒါမှ စိတ်ညစ်/စိတ်ပျက်မှု ဒေါသတွေ တစစ လျော့ နဲပြီး သည်းခံနိုင်စွမ်းပြည့်ဝတဲ့  အမျိုး ကောင်း သား/သမီးတွေဖြစ်လာမှာအမှန်ပါ။ ဒါကြောင့်  အောက်မှာ ဖော်ပြထားတဲ့ အတိုင်း လိုက်နာဆောင်ရွက်နိုင်ခဲ့ ရင်ဖြင့်  သင်ဟာ Internet သုံးစွဲရင်း ကုသိုလ်စိတ်တွေ တိုးပွားရရှိနိုင်ပါစေဟု စေတနာအရင်းခံဖြင့် တင်ပြအပ်ပါသည် ။


1. သင်အသုံး ပြုနေတဲ့  Internet ရဲ့  နှေးကွေး လေးလံ ထိုင်းမှိုင်းမှုတွေက သင့် ကို စိတ်တို စိတ်ပျက် ဒေါသထွက်အောင် ဖန်တီးနေတယ်ဆိုရင် သင်ဘယ်လိုနှလုံးသွင်းမလဲ ။
သင်> အော် ... နှေးကွေးလေးလံရုံလေးပါ ဖွင့် ကြည့်လို့ ရလို့တော်ပါသေးရဲ့ ဆိုပြီးနှလုံး သွင်းပါ့ မယ်။

2. သင်ကြည့် ချင်တဲ့  Site ကို Ban ထားခဲ့ရင် သင်ဘယ်လို နှလုံးသွင်းမလဲ ။
သင်> သည် Site ကို မကြည့် သင့် လို့  Ban တာဘဲ တခြား Site တွေကြည့် လို့ ရလို့  တော်သေးတာပေါ့ ဆိုပြီး နှလုံးသွင်းပါ့ မယ် ။

3. ISP Server Down လို့  Internet အဆက် လုံးဝပြတ်သွားတာမျိုးနှင့် သင်ကြုံခဲ့ ရင် ဘယ်လိုနှလုံးသွင်းမလဲ
သင်> တချိန်ချိန်တော့ ပြန်ရတန်ကောင်းရဲ့ လို့ နှလုံးသွင်းပြီး သည်းခံစောင့်နေပါ့မယ် ။

4. သင်ဟာ Complaint များတဲ့အတွက် သင့်ရဲ့ Internet Access ကိုအပြီးရပ်စဲခြင်းခံရရင် ဘယ်လို နှလုံးသွင်းမလဲ ။
သင်> တနေ့ တနေ့  ISP Server Down သွားမလား / Upgrade လုပ်တယ်ဆိုပြီး အဆက် ပြတ်သွားမလား / Exchange Black Out ဖြစ်သွားမလား /

5. မြန်မာတစ်နိင်ငံ လုံး လုံးဝသုံးလို့မရအောင် ပိတ်လိုက်မယ်ဆိုရင်တော့အော် တရက်ကို 500 ဆိုရင် တလကို 15000 တနှစ်ကို 180000. ၁၀ နှစ်ကို 18 သိန်း သက်သာပါလား ဆိုပြီး နှလုံးသွင်းလိုက်ပေါ့ (ဂလို :P)

... စသည့် စိုးရိမ်ပူပန်ထိတ်လန့် မှုတွေက လွတ်ကင်းသွားတယ်လို့ ပဲ နှလုံးသွင်းဆင်ခြင်ပါ့မယ်။

# Internet အသုံးပြုကြသူများအတွက် အထူးသည်းခံမှုထားကာ ကုသိုလ်ပွားနိုင်ကြပါစေ။ ။
Forward mail မှရလာတဲ့အကြောင်းအရာလေးကို ပြန်လည်ပိုစ့်တင်ပြခြင်းပါ။ အင်တာနက် အသုံးပြုကြ သူများအနက် ကျွန်မတို့ ဆီကအသုံးပြုသူတွေက အခက်အခဲပေါင်းများစွာကို ပိုပြီးကြုံတွေ့ ရပါတယ်။ အဲဒီလိုကြုံတိုင်းမှာလည်း စိတ်တိုကြ၊ ဒေါသထွက်ကြရတာကြောင့် သည်းခံနိုင်ကြဖို့ အတွက် ဒီပိုစ့်လေးကိုဖတ်ရင်းသဘောကျတာကြောင့်ပါ။ စာရေးသူရဲ့ နှိုင်းယှဉ်ချက်ဖြစ်တဲ့ ရဟန်းရဲ့ သည်းခံခြင်း ကတော့အလွန်သာပါတယ်။ သို့ ပေမယ့်လည်း သည်းခံ ခြင်းအကြောင်းကို သိလိုခြင်း ဖြစ်တာကြောင့် လူတိုင်းလည်း ဒေါသနည်းအောင် သည်းခံနိုင်ခြင်း ကိုကျင့်ကြံကြဖို့ လိုမယ်ထင်ပါတယ်။

မှတ်ချက်။ ။ forward mail ထဲမှရခြင်းကြောင့် မည်သူမည်ဝါရေးသားသည်ကိုမသိပါသဖြင့်၊ ရေးသားသူ အမည်ကိုသိပါလျှင် အကြောင်းကြားနိုင်ပါသည်။

14 ယောက်ဆွေးနွေးချက်:

သူကြီးမင်း (တုံးဖလား) said...

အော်... အမ ပျောက်နေတာ ဒါကြောင့်ကိုး။
တော်ပါသေးတယ်။ တော်ပါသေးတယ်။
သည်းခံရမှာပေါ့။ ကျနော်တို့လဲ မြန်မာပြန်ရောက်ရင် သည်းခံတတ်ဖို့ အထက်က တရားအားထုတ်သာသနာပြုသွားတဲ့ ရဟန်းတစ်ပါးရဲ့ နည်းစနစ်ကိုဘဲ မှတ်သားထားလိုက်ပါတယ်။

ပေါ့ဆိမ့် said...

mail ထဲမှ ရေးတဲ့ သူရော ပြန်လည် မျှဝေတဲ့ သူကို ရော ကျေးဇူးတင် ကြောင်း အရင်ပြော လိုက်ပါတယ် ..
တရားဆန်ဆန်လေး ဆို တော့ ဖတ်ရတာ တော်ပါသေးတယ် လို့ ထပ်ပြော ခဲ့ပါတယ်

ပေါ့ဆိမ့် said...

mail ထဲမှ ရေးတဲ့ သူရော ပြန်လည် မျှဝေတဲ့ သူကို ရော ကျေးဇူးတင် ကြောင်း အရင်ပြော လိုက်ပါတယ် ..
တရားဆန်ဆန်လေး ဆို တော့ ဖတ်ရတာ တော်ပါသေးတယ် လို့ ထပ်ပြော ခဲ့ပါတယ် ..
ခုဏ သိတိမထားမိလိုက်ဘူး ..မန့် လေး တတ်လား မတတ် လား မသိလို့ ထပ်မန့် လိုက်ပါတယ်.

ဖိုးဂျယ် said...

တော်ပါသေးတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

စာရေးချင်လို့သီးခံရတဲ့ဒုက္ခကလည်း တကယ်မလွယ်ပါဘူးနော်။။။
ကိုယ်ချင်းစာမိပါတယ်..
အမြန်ဆုံး အဆင်ပြေပါစေ..

ကိုဇော် said...

မြန်မာနိုင်ငံသည် အလွန်ပျော်စရာ ကောင်းသော နိုင်ငံ ဖြစ်သည်။
မီးလာလျှင်လည်း ပျော်ရသည်။
ရေလာလျှင်လည်း ပျော်ရသည်။
အင်တာနက် မြန်လျှင်လည်း ပျော်ရသည်။
ထိုကဲသို့သော ပျော်စရာများ တခြားနိုင်ငံများမှာ လုံးဝ မရနိုင်ပါချေတကား . .. :P

Anonymous said...

သည်းခံ အနမ်းရေ။ သည်းခံနိုင်စွမ်းတော့ တိုးမယ် ဗမာပြည်မှာနေရတာ။ မအယ် အမဆို အဲ့လို ကျော်ခွတာလည်း မလုပ်တတ်လို့ ခက်နေပါ့။


မအယ်

ဧပရယ်လ်ပူး@ပူးတေ said...

တော်ပါသေးတယ် မအနမ်းစာတွေ ဖတ်ခွင့်ရလို့....

နေ၀သန် said...

:)))... ဖတ်လို့ကောင်းတယ်..... မြန်မာပြည်ရောက်ရင် အဲဒီဒုက္ခကတော့ ကြီးသဗျ...


ခင်မင်တဲ့
နေ၀သန်

Unknown said...

ဖတ်လို့ရလို့တော်သေးတယ်
မန့်လို့ရလို့တော်သေးတယ်
ကျော်လို့ရလို့တော်သေးတယ်
ပရောက်စီတွေ တစ်ခုပြီး တစ်ခုရှာရနေလို့ တော်သေးတယ်
ဘက်ပေါင်းစုံမှ သည်းခံပြီး ဖတ်ပါမယ့်

ခင်မင်စွာဖြင့်
seesein

ဂျစ်တူး ( မုံရွာ ) said...

ဝူး-----
သီးခံရမှာဘယ်အထိမှန်းတောင်မသိတော့ပါဘူးဗျာ-
အပေါ်ကပြောသလိုမျိုးဘဲ-
တော်ပါသေးရဲ့ လို့ဘဲပြောခဲ့ ရတော့မယ်-
နှစ်ဦးစလုံးကိုကျေးဇူးတင်မိပါတယ်။

ညလင်းအိမ် said...

ဖြစ်ရမယ့် မအနမ်းရေ ...
အဲဒီစိတ်လေး ထားနိုင်လို့ တော်သေးတာပေါ့ ..

သဒ္ဓါလှိုင်း said...

မနမ်းရေ..သည်းခံခြင်းပါရမီရင့်သန်လာတာပေါ့..။
ကျေးဇူးတောင်တင်ရမလိုပဲနော်..။
အဆင်ပြေပျော်ရွှင်ပါစေမနမ်းရေ..။

ခင်တဲ့
သဒ္ဓါ

အင်ကြင်းသန့် said...

ဟဟဟ...မှတ်သားစရာပါပဲ။ ဟုတ်ပ....မြန်မာပြည်မို့လို့သာ ဒီလို သည်းခံနိုင်စွမ်းတွေ တိုးအောင်လေ့ကျင့်လို့ရတာပေါ့....ဂုဏ်ယူသင့်တယ်။း)))