ကျွန်မရဲ့ ဖြစ်ပုံ

ခုတလော ကျွန်မဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်ကိုဖြစ်နေတယ်။ စိတ်ရှုပ်စရာတွေလည်း အနည်းငယ်စီ ကြုံတွေ့ရလို့ဖြစ်မယ်လို့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်မိတယ်။ ဟုတ်တယ်၊ ဘလော့တွေလည်း အပိတ်ခံရတယ်ဆိုလား ဘာကြောင့်မှန်းလည်းမသိ။ ကျွန်မဘလော့ဆိုရင် ကျွန်မကိုယ်တိုင်ဝင်မရခဲ့လို့ စိတ်ပေါက်ပေါက်နဲ့ပစ်ထားခဲ့တာကြာပြီ။ ဘလော့ဝင်လို့မရတာကြောင့် ဘလော့သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတော့ စိတ်ထဲမှာတစ်မျိုးတော့ဖြစ်နေတယ်။ ခါတိုင်းဆို တစ်နေ့တစ်ခေါက်လောက်တော့ ဘလော့တက်ဖြစ်တယ်၊ အနည်းဆုံး ဘလော့အိမ်၂အိမ် ၃အိမ်လောက် လည်ဖြစ်တယ်။ အဲတော့ စာတွေလည်းဖတ်ရ ဘလော့မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လည်းဆုံရဆိုတော့ ကိုယ့်ကျန်းမာရေးကို ကိုယ်နည်းနည်းမေ့မေ့ပျောက်ပျောက် ဖြစ်မိတယ်ပေါ့။ ခုတော့ ကိုယ့်ဘလော့ဝင်လို့မရသလို သူများဆီလည်ဖို့ကျတော့လည်း ကွန်နက်ရှင်က ညံ့ပြန်နဲ့ နောက်ဆုံးလက်လျော့ပြီး နေလိုက်တော့တယ်။

ဒါနဲ့ တစ်နေ့တော့ မောင်လေး(မင်းထက်) က လိုင်းထဲကနေ ကျွန်မကို နေကောင်းလား နှုတ်ဆက်ရင်း ကျွန်မရဲ့ဖြစ်ပုံကိုပြောပြမိတယ်။ ကျွန်မဘလော့ ဘယ်လိုဖြစ်သွားမှန်းမသိအောင် စာတွေဖတ်လို့မရပဲ အောက်ခံဒီဇိုင်းကလည်း ပျက်စီးသွားတဲ့အကြောင်းပေါ့။ အဲဒီနောက်ပိုင်း ဘလော့တွေလည်းဖွင့်လို့ မရတော့တဲ့အကြောင်းပြောတော့ မောင်လေးက သူဝင်ကြည့်ပေးမယ်ပြောတာနဲ့ အကူအညီတောင်း မိတော့တာပဲ။ ဒါနဲ့သူက ကျွန်မဘလော့က အရင်ပုံစံပျက်စီးသွားလို့ အသစ်လုပ်ပေးမယ်ဆိုပြီး လုပ်ပေး သွားခဲ့တာ။ ဘလော့နာမည်ကိုလည်းပြောင်းလိုက်ပါလားတဲ့။ ဒါနဲ့ ကျွန်မရော သူရော နာမည်ကိုစဉ်းစား လိုက်ရတာ…။ သုခုမရိပ်မြုံတဲ့ .ဟဲ့ ဘာတုန်း ရိပ်မြုံဆိုတော့ ဂေဟာကျနေတာပဲလို့…။ အဲဒါဆို သုခုမရိပ်သာ တဲ့ ဟားဟား … ကျွန်မရယ်မိတယ်၊ ကျွန်မက ရိပ်သာဖွင့်တာမဟုတ်ဖူးလေ၊ ဘလော့ ဖွင့်တာလို့..။ အင်းလေ အမက ဘုရားတရားအကြောင်းလည်းရေးတာကိုးတဲ့…။ သူကလည်း ခပ် နောက်နောက်ရယ်။ နောက်တစ်ခုက သုခုမလွင်ပြင် ဒါလည်းတစ်မျိုးကြီးပေါ့၊ လွင်ပြင်သဘောကြီးလည်း မဟုတ်သေးဘူးလေ။ ပြီးတော့ သူကပဲပြောသေး သုခုမလွင်ပြင်က သီချင်းခွေရောင်းတဲ့ဆိုင်တဲ့။ ဟားဟား ဖြစ်ရမယ်လို့… ။ သုခုမကိုတော့ သူက ကျွန်မစာရေးတိုင်း ထည့်သုံးတဲ့နာမည်လေးဖြစ်လို့… သုခုမတော့ ထည့်ရမယ်ဆိုပြီး အဲလိုတွေ စဉ်းစားတာပါ။ ကျွန်မကလည်း အဖွားရဲ့အမွေအနှစ်လေးမို့ သုခုမကို ထည့်သုံးဖြစ်တာပါ။ နောက်ဆုံးတော့ သုခုမနန်းတော် ဖြစ်သွားတယ်။ ဒါလည်း ဂျီးများတဲ့ ကျွန်မက ပြောပါသေးတယ် စိန်နန်းတော် ရွှေနန်းတော်တို့လိုပေါ့လို့ ရတနာဆိုင်ပဲဖြစ်သွားမလား ဆိုပြီး..။ ဒါပေမယ့် အဲဒါကိုပဲ ရွေးခြယ်ဖြစ်သွားတယ်။ ရွေးစရာကလည်း မရှိတော့ဘူးလေ။း)) သူလည်း အင်္ဂလန်က ကျောင်းစာမေးပွဲဖြေရတာထက် ဦးနှောက်စားနေပြီမို့ ထပ်ပြီးမနှိပ်စက်တော့ ပါဘူးလို့တွေးရင်း သုခုမနန်းတော် ကို အတည်ပြုလိုက်တယ်။

အဲလိုနဲ့ မောင်လေးကတော့ ကျွန်မဘလော့လေးကိုပြင်ပေးပြီး နောက်နေ့တွေမှာ ဘလော့ဝင်လို့ရပီလားအမ ဆိုတဲ့မက်ဆေခ်ျ့တွေနဲ့လှမ်းလှမ်းမေးပါတယ်။ သူကလည်း သူလုပ်ပေးထားတာလေးကို မြင်တွေ့စေချင်တယ်ထင်ပါရဲ့။ ဒုတိယအကြိမ် ကျွန်မအိမ်ပုံစံလေးပြောင်းတော့လည်း မောင်ကောင်းကို အကူအညီ တောင်းခဲ့ရဖူးတယ်။ ဒီဇိုင်းပုံစံတွေကိုတော့ သူပို့ပေးတဲ့အထဲကမှ ကျွန်မက၂မျိုးလောက် ကိုရွေးပြီး သူက ပြန်လုပ်ပေးခဲ့တာပါ။ ခုတစ်ခါမှာ သူ့ကိုလည်းလိုင်းထဲမတွေ့ ကျွန်မကလည်း ပုံမှန်လိုင်း မတက်နိုင်နဲ့ဆိုတော့ ကျွန်မလည်း ဒီအတိုင်းပစ်ထားတာ စာလာဖတ်တဲ့ ညီမတွေကပြောတော့မှ ကိုယ့် ဘလော့ ကိုယ်ပျက်စီးနေပြီဆိုတာ သိလိုက်ရတယ်။ အဲဒီအခါ တော်တော်လေးလည်း စိတ်ပျက်သွားရတယ်။ ကျွန်မဖွင့်တိုင်း ကျွန်မနဂိုဒီဇိုင်းကပျောက်နေပြီး စာတွေကလည်းခပ်မှိန်မှိန်နဲ့ ဖတ်လို့မရချင်ဘူး ဒါကြောင့် အဲဒီအချိန်က ကျွန်မဆီလာလည်ပြီးစာဖတ်တဲ့သူတွေကို အားနာမိနေတယ်။ သူတို့ကလည်း စီဗုံးထဲမှာ ဘာမှအော်မသွားတော့ ကျွန်မကလည်းကိုယ့်ဖက်ကပဲ ဖြစ်နေတယ်လို့ထင်တာ..။

ဘလော့မှာ စာလည်းမရေးတင်နိုင်ခဲ့သလို စာတွေလည်းလည်မဖတ်နိုင်ဖြစ်ခဲ့ရတဲ့ကျွန်မ ခုတော့ ပိုစ့်တစ်ခု အနေနဲ့ ကျွန်မရဲ့ဖြစ်ပုံလေးကိုတင်လိုက်ရတာပါပဲ။ ဒီလိုတင်လို့ ကျွန်မဘလော့ထဲ ပြန်ဝင် လို့ရပြီတော့မထင်ပါနဲ့။ ကျွန်မ ညီမကိုတင်ခိုင်းမလို့ပါ။ blogspot တွေက ဒီကနေ လုံးဝဖွင့်လို့မရပါ ဘူး။ တစ်ချို့ .net နဲ့ .com တွေကတော့ ကွန်နက်ကောင်းရင်ဖွင့်လို့ရပါသေးတယ်။ ဒါပေမယ့် တင်ထားတဲ့ ပုံတွေကိုတော့ မမြင်နိုင်သလို comment တွေလည်း ရေးသားလို့မရပါဘူး။ ဒီတော့ ဘာထူးအုံးမလဲနော်။ ဟိုတစ်နေ့ကတော့ ကျွန်မညီမနဲ့ စကားပြောရင်း vzo ကနေ သူက ကင်မရာနဲ့ ကျွန်မဘလော့ကိုဖွင့်ပြ လို့မြင်လိုက်ရပါတယ်။ ဒါပေမယ့် မျက်စိကအားမကောင်းတော့ ခပ်ဝါးဝါးပေါ့။ မြင်လိုက်ရတာကိုပဲ ကျွန်မက ညီမဖြစ်သူကို ကျေးဇူးတင်နေမိတာပါ။ သူက ကင်မရာနဲ့ပြလို့သာပေါ့။ ကျွန်မရဲ့ဖြစ်ပုံက အဲဒီလိုပါ။း)) နောက်ပြီး ကျွန်မအိမ်ကိုလာလည်ပြီး စီဗုံးမှာအော်သွားတာတွေကို မောင်လေးက copy ကူးကာ ပြရရှာပါတယ်။

အခုတော့ ကျွန်မအိမ်လည်း ဘာပိုစ့်အသစ်မှမရှိသလို ဘောလုံးပွဲအချိန်အခါမို့လည်း အလည်လာမယ့် သူတောင်ရှိရှာမယ်မထင်ပါဘူး။ အင်းလေ အိမ်ရှင်မရှိတဲ့အိမ်ကို ဘယ်သူကတကူးတကလာလည် မှာလဲနော်။ ကျွန်မလည်း စာတွေအများကြီး ဆက်လက်ရေးသားချင်ပါတယ်။ ရေးလည်း ရေးမှာပါ၊ ဒါပေမယ့် ဘလော့တင်နိုင်ဖို့ကတော့ လွယ်အုံးမယ်မထင်ပါဘူး။ အမြဲတမ်း သူများကိုအကူအညီ တောင်းတယ်ဆိုတာက မဖြစ်နိုင်ဘူးလေ။ ကိုယ်ကလည်း တဖက်သားကို သိတတ်ဖို့လိုသေးတယ်။ အားလုံးက အလုပ်ကိုယ်စီနဲ့ပဲမဟုတ်လား။ အခုတောင် မောင်လေးကို အားနာမိသလို၊ အရင်တုန်း ကလည်း မောင်ကောင်းကို အားနာမိခဲ့သေးတယ်။ ဒါပေမယ့် သူတို့က လှိုက်လှိုက်လှဲလှဲနဲ့ကို လုပ်ပေးခဲ့တာဆိုတော့ ကျွန်မ၀မ်းသာမိပါတယ်။ သူတို့ကိုကျေးဇူးတင်ပါတယ်။ သူတို့တင်ပဲလားဆိုတော့ မဟုတ်ပါဘူး. ။ ဘလော့ အလည်လာကြသူအပေါင်းနဲ့ ဘလော့ဂါမိတ်ဆွေ အားလုံးလိုလိုပါပဲ။

ကျွန်မလည်း သူတို့ဘလော့တွေမ၀င်နိုင်တဲ့အတွက် သူတို့ရဲ့ ပိုစ့်အသစ်တွေမဖတ်နိုင်ခဲ့ပါဘူး။ ကျွန်မ အားလုံးကို သတိရပါတယ်။ မောင်ကောင်း၊ ဖိုးသားနဲ့ တောသားလေးတို့ရဲ့ ဓမ္မစာပေ ကောင်းကောင်း လေးများ ဆရာတော်များရဲ့ ဆုံးမစကားနဲ့ ဗုဒ္ဓစာပေများ၊ ဇွန်မရဲ့ ဇာတ်နိပါတ်တော်များ၊ မိုးသွေးငယ်ရဲ့ သတင်း အကြောင်းအရာများ၊ ဧရာဝတီညီမများရဲ့ ဘာသာရေးဆိုင်ရာဆောင်းပါးများနဲ့ ပုံတိုပတ်စများ၊ နှင်းဟေမာရဲ့ တရားပွဲနဲ့အလှူအကြောင်းများ၊ ဦးလူထွေးရဲ့ ပျော်စရာရွှင်စရာပိုစ့်များ၊ ကိုဇော်ရဲ့ မရိုးနိုင်တဲ့အကြောင်းအရာ စုံစုံလင်လင်များ၊ ဂျစ်တူးရဲ့ ဓါတ်ပုံလှလှလေးများ၊ မြစ်ကျိုးအင်းရဲ့ ရသစာပေများ၊ ဂျပန်ကောင်လေးရဲ့ ရင်တွင်းဖြစ် အကြောင်းလေးများ၊ ဏီလင်းညိုရဲ့ ဖတ်လို့ကောင်းသောပိုစ့်များ၊ မိုးစက်အိမ်ရဲ့ ကဗျာများ ရွှေပြည်သူရဲ့ ၀တ္ထုတိုလေးများ၊ နိုင်းနိုင်းရဲ့ဘာသာပြန်များ၊ မက်မက်ရဲ့ ချစ်ခင်ဖွယ်ကောင်းသော တဂ်ပိုစ့်များ၊ ၀က်ဝံလေးရဲ့ ရေးချင်ရာရေးသောပိုစ့်လေးများ၊ နတ်သမီးရဲ့ ရောက်တတ်ရာရာပိုစ့်များ၊ ကိုကိုမောင်ရဲ့ အတွေ့အကြုံ ပိုစ့်နဲ့ကဗျာ၊ စာများ၊ ကိုမင်းထက်ရဲ့ ပညာရှိအဆိုအမိန့်များနဲ့ နိုင်ငံတကာရေးရာ ဆောင်းပါးများ၊ ဖိုးဂျယ်ရဲ့ ခံစားချက်ပိုစ့်များ၊ ခင်ဦးမေရဲ့ ကြုံတွေ့ရသမျှအကြောင်းအရာများ၊ ရွှေလမ်းငွေလမ်း ဦးဝင်းကြည်ရဲ့ ပြည်တွင်း သတင်းများ၊ သက်တန့်ချိုရဲ့ ထူးဆန်းအံ့သြဖွယ်ကောင်း သောအကြောင်းများ၊ ဇောင်းရဲ့မြန်မာစာ မြန်မာ စကား နဲ့ မအိန္ဒြာရဲ့ ကဗျာနဲ့ ၀တ္ထုတိုများ၊ ပိုးဟပ်လေး၊ ဧပရယ်ပူးတေ၊ လသာည၊ ကိုပီတာ၊ ဆရာလင်းဦး၊ နှင်းနဲ့မာယာ အခြားအခြားသော ဘလော့ဂါတို့ရဲ့ ပိုစ့်တွေကိုလည်း ဖတ်ချင်ပါတယ်။

လောလောဆယ်တော့ ပိုစ့်တွေကို သူများကနေတစ်ဆင့် တင်ခိုင်းရအုံးမယ်ထင်ပါတယ်။ အခြားသော blogspot များကိုတော့ လာရောက်လည်ပတ်လို့မရလို့ စိတ်မကောင်းပါဘူး။ blogspot များပြန်ဖွင့်လို့ ရရင်တော့ ဘလော့အားလုံးကို လာရောက်ကာ စာဖတ်ဖြစ်မှာပါ။ ခုတော့ ကျွန်မရဲ့ဖြစ်ပုံက အဲဒီလိုပါ။ ခုလည်း မောင်လေး မင်းထက်ကျေးဇူးပေါ့း))))

9 ယောက်ဆွေးနွေးချက်:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်ချင်းစာမိပါရဲ့
ကျွန်မကိုယ်တိုင်လည်း အသစ်တစ်ခု လုပ်လိုက်ရပါပြီ..
ဘာဘဲဖြစ်ဖြစ် ဖြစ်တဲ့နည်းနဲ့ ဘလော့ပင်လယ်ကြီးကို လက်ပစ်ကူးကြတာပေါ့နော်..
ပျော်ရွှင်အဆင်ပြေပါစေ..

khin oo may said...

blog reader နဲ့ဖတ်ပါ။ မောင်လေးကို မေးပါ . blog reader နဲ့ဘယ်လိုဖတ်ရသလဲဆိုတာ အီးမေလ်းဝင်လို့ရရင် ဖတ်လို့ရပါပြီ။

ကိုဇော် said...

သုခုမနန်းတော် ဆိုတာလေးလည်း အဆင်ပြေပါတယ်။
လင့်မှာပါ အသစ်ပြောင်းချိတ်လိုက်ပါ့မယ်ဗျာ။
စာအသစ်မတင်လို့တော့ ဖတ်သူကတော့ မလျော့ပါဘူးဗျာ။ ကျနော်လည်း ခုတလော မအားလို့ အသစ်မတင်နိုင်ပေမဲ့ တစ်နေ့ကို အယောက် ၃၀၀ ကျော်လောက် လာဖတ်ပါတယ်။ သူတို့ဖာသာ အဟောင်းလေးတွေ ဖတ်နေတာ တွေ့ရတယ်။ ဒီတော့လည်း ကိုယ့်မှာ အားနာပြီး ကြိုးစားရေးရတာပါပဲ။

ကွန်ကောင်းပြီး အဆင်ပြေပြေ ပို့စ်တွေ တင်နိုင်ပါစေဗျာ။

ဧပရယ်လ်ပူး@ပူးတေ said...

ရတယ်မမ။ နားလည်တယ် မြန်မာပြည်ကွန်အကြောင်းကို မြန်မာပြည်သူပြည်သားတွေ နားလည်ပေးကြပါတယ်။ မြန်မာပြည်က ကွန်က ပူးတေကိုယ်တိုင်ပြန်မှပဲ သိတော့တယ်... ကိုယ်က ဘယ်သူမှလဲမသိတော့ ပရောက်စီတွေ ဘာတွေလဲမသိတော့ပိုဆိုးတယ်လေ။
လိုအပ်ရင်ပြောလေမမ ပူးတေပို့စ်တင်ပေးဆိုလဲ တင်ပေးမယ်နော်မမ။ cbox တွေ ကွန်မန့်တွေလဲ အီးမေးလ်ပို့ပေးဖို့လိုတယ်ဆိုပြောနော်မမ။ တကယ်ကူညီမှာ။

ခင်တဲ့
ပူးတေ

နေ၀သန် said...

ဟင်.. မအနမ်း... ဘလော့ခ်က ဘာလို့ အပိတ်ခံရတာလဲ.. မြန်မာပြည်တွင်းမှာမို့လား... မကြားမိပါဘူး..... အဆင်ပြေပါစေဗျာ...

ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

ကျွန်မရဲ့ဖြစ်ပုံအစုံစုံကို
အရောက်လာလို့ဖတ်သွားပါတယ်။
အဆင်ပြေစွါနဲ့စာတွေဆက်လက်ရေးသားနိုင်ပါစေဗျာ။

သူကြီးမင်း (တုံးဖလား) said...

ဘလော့စပေါ့က ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေပုံရတယ်။ ဘာကြောင့်လဲ မသိဘူး။
တချိန်ချိန်တော့ အဆင်ပြေလာမှာပါ အမ။

အဖြူရောင်နတ်သမီး said...

အခုမှရောက်တယ်..“မ”ရေ..
ဒီမှာလည်း မြန်မာပြည်ကပြန်လာကတည်းက အရှုပ်အထုပ်တွေကိုရှင်းနေရတယ်...
ဒီကြားထဲ အခန်းထဲမှာတပ်ထားတဲ့အင်တာနက်လိုင်းပိုင်ရှင်က ငွေပြန်ထုတ်ပြီးလိုင်းဖြုတ်လိုက်လို့ ကိုယ်ပိုင်လိုင်းအသစ်ချိတ်ဖို့ ၃..၄ရက်လောက် စောင့်ရအုံးမယ်..။
အဆင်ပြေပါစေနော်...

အင်ကြင်းသန့် said...

အစ်မ....အခုရော ဘယ်လိုနေသေးလဲ အဆင်ပြေသွားပြီလားဟင်....ဘလော့ရေးစားရတာလဲ မလွယ်ဘူးနော်....တပြားမှမရတဲ့အပြင် စိတ်မောလူမော။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ။ ကိုယ်တွေမှ မရေးပဲမနေနိုင်တာနော်.....

အစ်မအဆင်ပြေပါစေ....