ရာထူးတိုးပေးတဲ့ မျိုးဆက်သစ်ကလေး

ဒီတစ်ခေါက် ဦးလေးနဲ့အဒေါ်တို့ ရေခြားမြေခြားကရောက်လာပြီး၊ ကျွန်မတို့အိမ်မှာပဲ နေသွားကြပါတယ်။ အစ်ကိုဝမ်းကွဲနဲ့ အစ်မ၀မ်းကွဲတွေကလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြတာကြောင့် မဆုံတာ ကြာပြီဖြစ်တဲ့ ဆွေမျိုးအချို့ ပြန်ဆုံခဲ့ရတယ်။ အဒေါ်တို့လင်မယားလာရခြင်း အဓိကအကြောင်းရင်း ကတော့ အဖွားရဲ့မွေးနေ့အလှူ လုပ်ပေးချင်လို့ပါပဲ။ အဖွားကအသက် (၁၀၀ပြည့်) ဆိုတော့ အံ့သြလောက်ဖွယ်ရာပဲ မဟုတ်လား။ ဖွားဖွားက အသက်ရှည်သလို အနာရောဂါ လည်းကင်းတယ်။ ဒါကြောင့် အတိတ်ကကုသိုလ်ကံ ဘယ်လောက်ကောင်းခဲ့သလဲ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ကျွန်မတို့ လူငယ်တွေကသာ နေထိုင်မကောင်း ခဏခဏဖြစ်နေကြပေမယ့် အဖွားကတော့ အသက်ကြီးလာလို့ နားလေးခြင်း၊ မျက်စိမှုန်ခြင်း ဖြစ်တာကလွဲပြီး အခြားထွေထွေထူးထူး ရောဂါရယ်လို့ ဘာမှမဖြစ်သေးပါဘူး။ အဖွားရဲ့ သမီး၊ သမက် နဲ့ မြေး ဖြစ်သူတို့ကတောင် အဖွားရဲ့ရှေ့ကနေ ထွက်ခွာသွားကုန်ကြပါပြီ။


ဖွားဖွားရဲ့ အသက်(၁၀၀ပြည့်)အကြိုကို အဒေါ်တို့လင်မယားက ဦးစီးပြီးတော့ အဖွားအတွက် မွေးနေ့အလှူပွဲလေး ကျင်းပပြုလုပ် ပေးသွားခဲ့ပါတယ်။ ကျန်တဲ့သားသမီးမြေးမြစ်များက ဖွားဖွားအလှူအတွက် ၀ိုင်းဝန်းထောက်ပံပေးကြပါတယ်။ ဖွားဖွားမွေးနေ့အမှန်က လာမယ့်မတ်လ၁၉ရက်ပါ။ အဒေါ်က ဘန်ကောက်မှာ သူ့ရဲ့သားသမီး၊ မြေးများနဲ့တွေ့ဆုံရင်းမှ ကြိုတင်ရောက်လာလိုက်တာကြောင့် အလှူကိုလည်းကြိုတင်လုပ်ဖြစ်သွားခြင်းပါပဲ။ အလှူကကြီးကြီးကျယ်ကျယ် ခန်းခန်းနားနားတော့မဟုတ်ပါဘူး။ မိုးညှင်းဘုန်းကြီး ကျောင်းမှာ ကျောင်းထိုင်ဆရာတော်ကို သိက္ခာထပ်ရင်း ဆွမ်းကျွေးအလှူလေးပါပဲ။ နာက်တစ်ခုကတော့ ရွှေတိဂုံစေတီတော် ထောင့်လေးထောင့်ရှိ ဘုရားရှင်ကိုယ်တော် မြတ်တို့ကို သင်္ကန်းတော်များ ဆပ်ကပ်လှူဒါန်းခြင်းပါ။


ဘုန်းကြီးကျောင်းအလှူကိုတော့ ဒီမှာရှိနေကြတဲ့ ကျွန်မတို့ဆွေမျိုးတွေ အစုံအညီရောက်လာပြီး ဖွားဖွား ကို ဂါရ၀ပြုကြပါတယ်။ ဒီမြေ ဒီရေမှာသာ ဆွေမျိုးတွေရှိနေကြပေမယ့် သူ့အလုပ်နဲ့သူ ကိုယ့်အလုပ်နဲ့ ကိုယ်မို့ ဆွေမျိုးတွေလည်း ဆုံဆည်းဖို့ခဲယဉ်းကြပါတယ်။ ဒီလိုမျိုးအလှူလုပ်မှသာ ဆုံဖြစ်ကြတာများပါ တယ်။ အဲဒီတော့မှ ဘယ်သူကဘာတွေလုပ်နေကြတယ်၊ သားသမီးတွေ ဘယ်နှစ်ယောက်ရနေတယ် ဆိုပြီးသိရပါတယ်။ ကျွန်မနဲ့ နှစ်ဝမ်းကွဲညီအစ်မတွေဆိုလည်း အချို့လက်ထပ်သွားတာသာသိရတာ၊ ကလေးတွေ ဘယ်နှစ်ယောက်ရနေလဲဆိုတာ မသိကြတော့ပါဘူး။ အခုလိုဆုံဖြစ်မှပဲ စကားတွေပြောလို့ မဆုံးနိုင်ကြပဲ သူ့ဖက်ကိုယ့်ဖက် မိသားစု သာကြောင်း၊ မာကြောင်း အားလုံးမေးဖြစ်ကြတော့တယ်။


တစ်ခါတစ်လေ ဖွားဖွားမောင်ကနေမွေးတဲ့ သားသမီး၊ မြေးမြစ်တွေကိုတောင် မသိကြတော့သလို အလှမ်းဝေးကုန်ကြပါတယ်။ ဖွားဖွားမှာ မောင်နှမ သုံးယောက်တည်း ရှိပါတယ်။ ဖွားဖွားအစ်မကလည်း သားတစ်ယောက်တည်း မွေးသလို၊ အဲဒီသားကလည်း ကျွန်မနဲ့မောင်နှမ နှစ်ဝမ်းကွဲ နှစ်ယောက်သာ ရှိပါတယ်။ ဖွားဖွားမောင်ကတော့ မိန်းမနှစ်ယောက်ယူတာကြောင့် အဲဒီမိန်းမတွေကမွေးတဲ့ သားသမီး (အမေတို့နဲ့ဝမ်းကွဲ မောင်နှမတွေ) လောက်သာ အသေအချာသိပါတယ်။ သူတို့ကမွေးကြတဲ့ ကျွန်မ တို့နဲ့ နှစ်ဝမ်းကွဲ မောင်နှမတွေကိုတော့ လက်လှမ်းမှီသလောက်သာ သိပါတော့တယ်။ သူတို့တွေ ကတစ်ဆင့်မွေးဖွားကြတဲ့ ကျွန်မနဲ့ဆို တူ/တူမတွေကိုတော့ လုံးဝမသိတော့ပါဘူး။ တမြေတည်း ပေမယ့် အနေကဝေးနေကြတာကိုး၊ ပြီးတော့ သူသူ ကိုယ်ကိုယ် အလည်သွားနိုင်ခြင်းကမရှိကြဘူး။ ကိုယ့်ကိစ္စ ကိုယ် စားဝတ်နေရေးအတွက် လုံးပမ်းနေကြတာချည်းပါပဲ။ အရင်တုန်းကလို အိမ်ထောင်ဦးစီး တစ်ယောက်ကအလုပ်ရှိရင် တစ်အိမ်လုံးထိုင်စားလို့ရတဲ့ အခြေအနေမဟုတ်တော့ ဘူးလေ။


ကျွန်မတို့အရင်းအချာဖြစ်တဲ့ အနေနီးကြတဲ့ ဖွားဖွားရဲ့ သားသမီး၊ မြေး၊ မြစ်တွေတောင် ကိုယ့်မိသားစု ကိုယ့်အကြောင်းတရားတွေနဲ့ကိုယ်မို့ မတွေ့ဖြစ်ကြတာများပါတယ်။ ကျွန်မသူငယ်ချင်းတွေကတောင် အမျိုးတွေက တစိမ်းဆန်သလိုပဲနော်လို့ပြောကြပါတယ်။ အနေဝေးနေကြတဲ့ သူတွေကိုတော့ ပြောဖွယ် ရာ မရှိတော့ပါဘူး။ ဒါကြောင့်ပဲလားမသိ ကျွန်မရဲ့ဝမ်းကွဲအစ်မအကြီးဆုံး (ဖွားဖွားရဲ့မြေးအကြီးဆုံး) ရဲ့သားက လက်ထပ်သွားပြီးနောက် ကလေးတစ်ယောက်ရလာတာတောင် ကျွန်မတို့မသိလိုက်ပါဘူး။ ဖွားဖွားအလှူမှာဆုံတော့မှ တူတော်မောင်ကိုမေးရပါတယ်။ ကလေးက နှစ်လသားတောင်ရှိပြီဆိုပဲ။ ဖွားဖွားရဲ့ မြစ်ကမွေးတာဆိုတော့ ဖွားဖွားရဲ့ တီ တော်တာပေါ့လို့ ကျွန်မတို့ဆွေမျိုးစပ်ကာ ပြောဖြစ် ခဲ့ကြပါတယ်။ ဖွားဖွားလည်း အဲဒီကလေးနဲ့ဆို အဘွေးမ ပေါ့နော်။ ကျွန်မ ဆွေမျိုးစပ်တတ်လို့တော့ မဟုတ်ပါဘူး။ ဆွေမျိုး၇ဆက်ကို ကျွန်မဖတ်ခဲ့ဖူးလို့သိရတာပါ။ ကျွန်မငယ်ငယ်တုန်းက သိသလောက် ကတော့ ဖိုး၊ ဘွား၊ ဘီ၊ ဘင် ဆိုပြီးကြားဖူးတာ။ ဒါပေမယ့် အဲလိုမဟုတ်ပါဘူး။ တော်စပ်ပုံလေးက ဒီလိုပါတဲ့…


အမိ အဖ သား/ သမီး

အဖွား အဖိုး မြေး

အဘေးမ အဘေး မြစ်

အဘွေးမ အဘွေး တီ

အဘဲမ အဘဲ မြော့

အဘိမ အဘိ ကျွတ်

အဘော်မ အဘော် ကျွတ်ဆတ်


အဲဒါလေးကို ကျွန်မအသေအချာမှတ်ထားရတာ။ ကျွန်မက အလှမ်းဝေးသွားတဲ့ဆွေမျိုးတွေဆို သိပ်မခေါ်တတ်တော့ဘူး။ ကျွန်မညီမကမှ ပိုဆိုးပါသေးတယ် ခဲအိုနဲ့ခယ်မတောင် သေသေချာချာ မသိရှာဘူး။ ဒီလို ဆွေမျိုးစဉ်ဆက်ဆိုပိုဆိုးမယ်။ ဟိုးအရင် ဘုရင်ခေတ်တွေတုန်းကဆိုရင် အပြစ် ကြီးမားတဲ့ အပြစ်သားတွေကို ဆွေစဉ်မျိုးဆက်၇ဆက်ထိ သတ်ဖြတ်ကြတယ်လို့ကြားဖူးပါတယ်။ အဲလိုသာဆို တကယ် မျိုးပြုတ်ကုန်မှာပါပဲ။ ၇ဆက်ဆိုတာ နည်းတာမှမဟုတ်တာပဲ။ ဖွားဖွားတောင်မှ ခုမှ တီ တစ်ကောင်း)) အဲ.. တီတစ်ယောက်ပဲနော် ။ အဲဒီကလေးကိုတော့ နေမကောင်းဖြစ်နေတာကြောင့် အလှူခေါ်မလာဖြစ်လို့ ဓါတ်ပုံပဲမြင်ခဲ့ရသေးတယ်။


ဖွားဖွားအတွက် တီလေးတစ်ယောက်ရတယ်ဆိုလို့ ၀မ်းသာနေလိုက်ကြတာ။ အလှူပြီးတဲ့ထိ ကိုယ်နဲ့ ဘယ်လိုတော်မှန်း ဆွေမျိုးစပ်မကြည့်မိသေးဘူး။ ဆွေမျိုးထဲမှာ ကလေးငယ်လေးတစ်ယောက် ၀င်လာ လို့ပျော်နေကြတာလေ။ ကျွန်မအစ်မကြီးဆိုလည်း သားကမွေးတဲ့ မြေးရလို့ပျော်နေမှာအမှန်ပါပဲ။ (သူ့မြေးဓါတ်ပုံကိုဖုန်းနဲ့ရိုက်ထားပြီး၊ လူတကာလိုက်ပြနေလို့လေ) ကျွန်မလည်းအားကျမခံ တူတော် မောင်ရဲ့ကလေးအကြောင်း ထိုင်ဝမ်ကအစ်မကို သွားကြွားမိတယ်။ အဲဒီလိုသွားကြွားတော့မှ ဒုက္ခလှလှ တွေ့တော့တာ။ ကိုယ့်ကိုကိုယ် ရာထူးတက်မှန်းမသိတက်သွားလို့ပါ။ ကျွန်မကလည်း တူတော်မောင် ရဲ့ သားနဲ့ဆို မြေးအဖွားတဲ့။ ဟိုက်! ကောင်းရော။ ရာထူးကတော်တော်ကြီးတာပဲး))။ မနှစ်ကပဲ အစ်မက သူ့တူတော်မောင်ရဲ့ မိန်းခလေးက ကလေးမွေးလို့ သူအဖွားဖြစ်သွားတဲ့အကြောင်း ပြောပြလို့သိခဲ့ရပြီး၊ အစ်မကို ဟားခဲ့၊ နောက်ခဲ့တာဘာကြာသေးလို့လဲ။ အခုကိုယ်ကပြန်ပြီး ၀ဋ္ဋ်လည်နေပြီ။ ခုခေတ်များ ၀ဋ္ဋ်လည်တာမြန်လိုက်တာနော်၊ (ကြောက်စရာပဲ) နောက်ဆို ဘာမှတောင်မပြောရဲတော့ဘူး။း))


ဘယ်ရမလဲ ကိုယ်လည်း တစ်ယောက်တည်းတော့ အဖွားမဖြစ်ချင်ပါဘူး။ နီးစပ်ရာ ကိုယ့်ညီမတွေကိုပါ နင်တို့လည်း ဒီလိုပဲ အဲဒီကလေးနဲ့ အဖွားတော်တယ်နော်လို့ ပြောလိုက်တာပေါ့။ အဲဒီတော့မှ အမျိုးစပ်မကြည့်ကြတဲ့သူတို့တွေလည်း အာမေဋ္ဋိတ်သံတွေ ထွက်လာ တော့တယ်။ ဘယ်တတ်နိုင်မလဲနော် ကျွန်မတစ်ယောက်တည်းမှမဟုတ်တာ။ ကျွန်မတို့ရဲ့မျိုးဆက်သစ်လေးက ကျွန်မတို့အားလုံးကို ရာထူး အသီးသီးတိုးပေးလိုက်တာပဲပေါ့။း))


အမှတ်တရ ရေးသားပါသည်။


4 ယောက်ဆွေးနွေးချက်:

kiki said...

ဟဲ ဟဲ ကျုပ်က အဖွားလေးဖြစ်သွားတာတောင် ၁နှစ် ရှိသွားပြီ .. နောက်ဆို တီတွေ ကျွတ်တွေ မျှော့တွေ ဘောက်ဖတ်တွေ ပိုးလောက်လန်းတွေ ဖြစ်လာကြအုံးမှာ ...
ဘွားဘွားကြီး မွေးနေ့ တောင် ရောက်တော့ မယ် နော် .. အသက် ၁၀၀ ဆိုတာ နည်းတဲ့ ကုသိုလ်မဟုတ်ပါဘူး ။
ကိုယ်တို့  အလှည့်ကျ မအိုခင်တည်းက နာ နေကြပြီ ... တောင့်ထား.. တောင့်ထား..

သုခုမလေဒီ said...

ဖွားကိ မွေးနေ့ကအရင်လေး))
တောင့်ထားရလို့ အတောင့်စားတောင်ဖြစ်နေပြီးဝ

ဂျစ်တူး ( မုံရွာ ) said...

အသက် ၁၀၀ ရှိသွားတဲ့အဖွား ဓါတ်ပုံကလေးတင်တော့
ဘူးလားဗျာ-ဖွားဖွား ကျန်းမာပါစေ ချမ်းသာပါစေ--လို့ 

သူကြီးမင်း (တုံးဖလား) said...

အဲဒါပြောတာပေါ့အမရ။
မခေါ်ဘဲနေလို့ရတယ်။ မတော်ဘဲ နေလို့ မရဘူး တဲ့။