မြန်မာတို့ရဲ့ တပေါင်းလ

မြန်မာလများတွင် ၁၂ကြိမ်မြောက်လသည် တပေါင်းလဖြစ်လေသည်။ ပဌမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလ သည် ဆောင်းတ၀က် နွေတ၀က်ဖြစ်၍ နေ့ပူလို့ ညချမ်း၊ တပေါင်းလ သရမ်း ဟု လူတို့ဆိုစမှတ် ပြုကြသည်။

၂၇လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်လာခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်း ဟူသောစကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း တပေါင်းလ ဟုခေါ်တွင်သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး၂ကောင်ဖစ်သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီ ကိုရာသီပန်းအဖြစ် အသိအမှတ်ပြုကြသည်။ ယင်းလတွင်မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်။ ထိုလ၌ နေထွက်ချိန် ၆နာရီ ၁၀မိနစ်ဖြစ်၍ နေ၀င်ချိန်မှာ ၅နာရီ ၅၀မိနစ်ဖြစ်သည်။ ထို့ကြောင့် နေ့တာ အနည်းငယ်တို၍ ညတာရှည်သည်။


တပေါင်းလသည် ဆောင်ကြွင်း နွေဦးလဖြစ်သဖြင့် လောက သဘာဝအလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောင့်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။ မြန်မာစာပေ လောကတွင် ရှေးစာဆိုများသည် တပေါင်းလကို အထူးဖွဲ့ဆိုရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆိုရှင် ဥတ္တမကျော်သည် သူ၏တောလားကဗျာကြီး၌ တပေါင်း၏တင့်တယ် သာယာပုံကို လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။


ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ်ကောင်းပုံကို ဂါထာ၆၀ပျို့တွင် ကာဠုဒါယီအမတ် က မြတ်စွာဘုရားအား လျှောက်ထားသည့်ဟန်ဖွဲ့စပ်ဆိုထားခဲ့သည်။ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည် သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့ ၊ ဖူးကွန့်ကိုက်စည်။ ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော် ကွဲ။ ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်ထိုင်မှ၊ ညာဏ်မခိုင် ဈာန်ယိုင်လျောရတယ်၊ ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ။ ဟု တပေါင်းလ ၏ စာပန်းချီကိုသီကုံးခဲ့ပေသည်။


မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ မှ..

4 ယောက်ဆွေးနွေးချက်:

kiki said...

တပေါင်း လ...
ပူလို့ အိုက်လို့  ဘာမှ မပေါင်းချင်ပါဘူး ။။

အဲ့ ဒီလမှာ တော်လှန်ရေး က ဒါကြောင့်ဖြစ်လာတာ ..သိလား..း)

Unknown said...

အနမ်းရေ
နန်း လာသွားတယ်
တပေါင်းလ ဟာ လွမ်းစရာသိပ်ကောင်းတယ်နော်

သူကြီးမင်း (တုံးဖလား) said...

လွမ်းစရာတပေါင်းလဘဲ အမရေ...
တပေါင်းလပြည့်ဆို ဘုရားပွဲတော်နေ့ကြီးဘဲ။
ပိုပြီးသတိရသွားပြီ။

တောသားလေး said...

အစ်မ တပေါင်းလအကြောင်းလာပြီးဖတ်မှတ်သွားပါ
တယ်။
အစ်မကျန်းမာပြီးပျော်ရွင်ပါစေ။