ခွဲခွာကြတဲ့အခါ


အခုတစ်လော စိတ်မကောင်းစရာ၊ ၀မ်းနည်းစရာကိစ္စများနဲ့ ကြုံတွေ့နေရလို့ပါ။ နှစ်သစ်ကို ကူးပြောင်းပြီးခါစ တစ်လပင်မပြည့်သေးပါဘူး။ နှစ်သစ်မှာဆုံခဲ့ရသော သူနှစ်ဦးက လူ့လောက ကြီးမှ ထွက်ခွာသွားပြီလို့ သိလိုက်ရတယ်။ သွေးဌာနရဲ့ နှစ်သစ်ကူးပြောင်းခြင်းကို နှစ်စဉ် ဒီဇင်ဘာ ၃၁နေ့နံနက်တိုင်း ၈နာရီမှ ၁၂နာရီထိ ကျင်းပလေ့ရှိခဲ့ပါတယ်။ သွေးဌာနရဲ့ ဆရာဝန်ကြီး ဒေါက်တာဦးရဲမြနှင့် ဆရာဝန်မကြီးဖြစ်တဲ့ ဒေါ်အေးအေးကြီးတို့ကဦးစီး၍ ပြုလုပ်ကျင်းပပြီး သွေးဌာနမှဆရာဝန်/ဆရာဝန်မများ နာစ့်များ၊ သွေးလှူဘဏ်မှ ဆရာဝန်/ ဆရာဝန်မများ အားလုံး စုံစုံညီညီတက်ရောက်ကြသလို၊ သွေးဌာနမှ ခင်မင်ရင်းနှီးသူ လူနာ အချို့တို့ရဲ့ မိသားစုများကိုလည်း ဖိတ်ကြားထားခြင်းကြောင့် တက်ရောက်လေ့ရှိကြပါတယ်။ အဲဒီမှာ လာရောက်ကြတဲ့ ဧည့်သည်များကို ရွှေတောင်ခေါက်ဆွဲ၊ အခြားအချိုပွဲများ၊ ရေခဲမုန့်များနဲ့ တည်ခင်းဧည့်ခံလေ့ရှိပါတယ်။ နာစ့်များနဲ့ ဆေးရုံဝန်ထမ်း အချို့ကတော့ လုပ်အား ပေးအနေနဲ့ လာသမျှဧည့်သည်များကို ဧည့်ခံလေ့ရှိပါတယ်။ ဆေးရုံဝန်ထမ်းဆိုသည့်အထဲမှာ သန်းဇော် ဆိုတဲ့ကောင်လေးကို အတော်များများသိကြပါတယ်။ သူက ဆေးရုံမှာ ဆရာဝန်ကြီး နဲ့ ဆရာဝန်/ဆရာဝန်မများ၊ နာစ့်များခိုင်းသမျှနဲ့ အချို့လူနာရှင်များ အကူအညီ တောင်းသမျှကို မညည်းမညူ လုပ်ကိုင်ပေးလေ့ရှိတာကြောင့်၊ လူချစ်လူခင်လည်းပေါများပြီး သူ့ကိုအားကိုး အားထားလည်းရှိကြပါတယ်။ ကျန်တဲ့ဝန်ထမ်းများကတော့ ကုလားလူမျိုးများသာ ဖြစ်ပြီး သန့်ရှင်းရေးနဲ့ သွေးထုတ်ယူရေးသာ လုပ်ကြရပါတယ်။


ကျွန်မလည်း သန်းဇော် ဆိုတဲ့ ကောင်လေးကို ခင်မင်မိပါတယ်။ နှစ်တိုင်းဆိုသလို ကျွန်မသူ့ကို New Year မှာမုန့်ဖိုးပေးလေ့ရှိပါတယ်။ သူကလည်း ကျွန်မကိုဆိုခင်ပါတယ်။ ကျွန်မအကူအညီ တောင်းရင်လည်း အမြဲကူညီလုပ်ကိုင်ပေးတတ်ပြီး သူများတွေလို ဘယ်လောက်ပေးရမယ် ဆိုပြီးမတောင်းတတ်ပါဘူး။ ကျွန်မပေး သလောက်သာ သူကျေနပ်ပါတယ်။ သူက ယောကျာင်္း လေးဆိုပေမယ့် မိန်းကလေးလိုပဲ အလှအပကြိုက်သူပါ။ ယေကျာင်္းလေးလို အလုပ်လုပ်နိုင်ပေမယ့် မိန်းခလေးလိုဖြစ်နေတတ်ပါတယ်။ ကနွဲ့ကလျနေတာမျိုးတော့ မဟုတ်ပါဘူး။ ဘာပဲ ဖြစ်ဖြစ်သူ့ကိုတော့ သွေးဌာနမှာ မသိသူမရှိသလောက်ပါပဲ။ ၂၀၁၀ခုနှစ် အကြိုလုပ်ခဲ့တဲ့ ဒီဇင်ဘာ၃၁ရက်နေ့ နံနက်က သူမှာမအားပါဘူး။ ရောက်လာတဲ့ ဧည်သည်များကို မုန့်ပွဲများချပေးနေရလို့ပါ။ သို့ပေမယ့် ကျွန်မပြန်ခါနီး မုန့်ဖိုးလှမ်းပေးတော့ မအားတဲ့ကြားကလှမ်းယူပြီး ကျေးဇူးပဲနော်လို့ ပြောခဲ့ပါ သေးတယ်။


မှတ်မှတ်ရရ ၁၂ရက်နေ့ ကျွန်မဆေးရုံရောက်တော့ သူ့ကိုမမြင်မိပါဘူး။ ကျွန်မ အဖော်ဖြစ်သူ ညီမကိုပြောတော့ သူကလည်းဘယ်သူမှမေးလို့မရဘူးလို့ဆိုပါတယ်။ ကျွန်မက သန်းဇော်ဟာ အမြဲဆေးရုံကိုလာတတ်ကြောင်း ခွင့်မယူတတ်ကြောင်းတောင်ပြောမိပါတယ်။ ဒီလိုနဲ့ပဲ တစ်ရက်၊ နှစ်ရက်လောက်ထိ ရိုးရိုးပဲ သူမလာတာလို့ ထင်မိလိုက်ပါတယ်။ သို့ပေမယ့် ၁၈ရက်နေ့ တနလာင်္နေ့မှာတော့ သူ့သတင်းကိုကြားရပါပြီ။ မနေ့က သူဆုံးသွား ပြီတဲ့။ မြန်လိုက်တာနော်။ ဘယ်လိုဖြစ်တာလဲ၊ မယုံချင်စရာပဲလေ။ သူကဘာလို့သေတာလဲ၊ ဟိုအရင်တစ်ခါ ဘဲဥနဲ့ ဖရဲသီးစားတုန်းကတောင် မသေလို့ရောက်လာတာဆိုပြီး ကျွန်မကိုရယ်ရယ်မောမောပြောပြနေသေးတာ။ သူက တော်ရုံမသေပါဘူးလို့ထင်ထားတာလေ။


သူ့အကြောင်းသိရတာကတော့ ၀က်ခြံကစတာပဲ။ မျက်နှာမှာဝက်ခြံပေါက်တယ် အဲဒါကိုလက် နဲ့သွားကုတ်တယ်။ အသားပဲ့သွားပြီး ပေါက်သွားတော့ လက်ကနေတဆင့် ပိုးဝင်တယ်၊ ရပ်ကွက်က ညှော်တွေဘာတွေလည်း မိသလားတော့သေချာမသိပါဘူး။ သိသလောက်ကတော့ အဲဒီကနေ မျက်နှာ တစ်ခြမ်းလုံး၊ လက်တစ်ဖက်လုံး ပြောရရင် ကိုယ်တစ်ခြမ်းလုံး ယောင်ကိုင်းလာတော့တာပဲတဲ့။ ဒါကို သူက ကြိုးတွေနဲ့ ခြေ၊ လက်တွေကို တုတ်ထားတယ်တဲ့လေ။ ပညာမတတ်တော့လည်း သူနားလည်သလို၊ သူခံစားရတာကို ကုစားနေတာဖြစ်မယ် ထင်ပါရဲ့။ ဆရာဝန်၊ ဆရာဝန်မတွေကို မမေးပဲ၊ သူ့ဖာသာ ပျောက်နိုးနဲ့ ကျိတ်မှိတ်နေတာကိုး။ ဒလမှာနေတယ်ဆိုတော့လည်း သူက အနာဖြစ်နေတော့ မလာတာလည်းဖြစ်မယ်ထင်ရဲ့။ နောက်ဆုံး ကိုယ်တစ်ခြမ်းလုံးယောင်ကိုင်း လာတော့မှ သူ့အစ်မတွေက အရေးပေါ်ကိုခေါ်လာ တော့တာ။ မကြာပါဘူး၊ ဆေးရုံရောက်ပြီး နာရီပိုင်းပဲ ဆုံးသွားတာတဲ့။ သွေးကြောတွေပေါက် ထွက်ကုန်တယ်ဆိုလား ပြောကြတာပါပဲ။ တစ်ယောက် တစ်မျိုးပေါ့။ ဘာမဟုတ်တဲ့ ၀က်ခြံ ပေါက်တာကြောင့်လည်း သေတဲ့အထိ ဖြစ်သွားရတဲ့ သူ့အကြောင်းကြားတော့ အိမ်က ညီမတွေ လည်း အဖု အပိန့်တွေ လက်နဲ့ကုတ်ဖဲ့တဲ့အကျင့်ကို လန့်သွားကြတယ်။


သြော် ..နေ့မြင် ညပျောက်ဆိုတဲ့ အမေတို့ပြောပြောနေတဲ့စကားကလည်း ခုအချိန်မှာအတော် မှန်နေပါလားလို့ ကျွန်မတွေးမိရင်း သူ့အတွက်စိတ်မကောင်းဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ်သူဟာ သွေးဌာနရဲ့ အားကိုးအားထားရသူ တစ်ယောက်အဖြစ် ဆရာဝန်၊ ဆရာဝန်မများ၊ နာစ့်များ အနေနဲ့ သူ့ကိုသတိတရရှိနေကြမှာပါ။ သန်းဇော် အတွက် စိတ်မကောင်းဖြစ်နေဆဲ ၊ နောက် တစ်ယောက်အတွက် သတင်းဆိုးကို ထပ်ကြားခဲ့ရပါတယ်။


သူကတော့ သွေးဌာနမှာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ သူကိုတော့ သွေးကင်ဆာလူနာထဲမှာ သက်တမ်းအကြာဆုံးဖြစ်ခဲ့တယ်လို့ ဆရာကြီးကိုယ်တိုင်က ပြောပါတယ်။ ကျွန်မသိတာကိုပဲ ၅နှစ်လောက်ရှိပါပြီ။ သူ့ကိုဆေးရုံမှာစတွေ့တော့ ရိုးရိုး သွေးသွင်းတဲ့ လူနာတစ်ယောက် လို့ပဲထင်ခဲ့မိတာ။ သွားလာလှုပ်ရှားနေတာက လူကောင်းလိုမျိုးကိုး။ နောက်မှ သူ့အမေနဲ့သိကျွမ်းပြီး သူ့သားက သွေးကင်ဆာဆိုတာ သိခဲ့ရတယ်။ သူက သူ့ကိုယ်သူလည်း အတော်ဂရုစိုက်ပါတယ်။ ဆရာဝန်ညွှန်ကြား တာကိုလည်း တသွေမတိမ်းလုပ်ဆောင်တယ်။ ကုနိုင်တဲ့ငွေကြေးကလည်းရှိတော့ သူ့သက်တမ်းက ၁၀နှစ် တောင်နေရတယ်လို့ သူ့အမေကဆိုပါတယ်။ သူရဲ့အဖွားဖြစ်သူကလည်း အမေဆရာမလုပ်ခဲ့တဲ့ကျောင်းက အမေနဲ့ ခင်မင်ရင်းနှီးတဲ့ စီနီယာဆရာမဖြစ်တာကြောင့် နောက်ပိုင်းသူ့ကို ပိုသတိထားမိလာပါတယ်။


သူ့ကိုလည်း ကျွန်မခင်မင်တာတော့ သိပ်မကြာသေးပါဘူး။ တစ်ခါတစ်ရံဖုန်းဆက်ကာ သူ့ကို နေကောင်းလား မေးဖြစ်သလို၊ ဆေးရုံမှာတွေ့ချိန်စကားပြောမိရုံလေးပါ။ ဒီနှစ် ဆေးရုံရဲ့ New Year ပွဲမှာတော့ သူလည်း ဆေးရုံတက်နေရရှာပါတယ်။ မနှစ်ကတော့ သူက ကောင်းကောင်း မွန်မွန်နဲ့ တက်ရောက်နိုင်ပြီး အခန်းအနား အပြင်အဆင်ကိုတောင် လုပ်ခဲ့သေးပါတယ်။ ဒီနှစ် ၂၀၁၀ခု ကြိုဆိုပွဲမှာတော့ သူ့အခြေအနေက မကောင်းဘူး လို့သိရပါတယ်။ ဒါပေမယ့် သူ့ကို တွေ့ရတာ အေးအေးဆေးဆေးပါပဲ။ ညတိုင်းတော့ အဖျားတက်တယ်တဲ့။ ဒါနဲ့ ဆေးရုံက မဆင်းဖြစ်သေးဘူးလို့ သိရတယ်။ New Year ပွဲမှာ ကျွန်မက သူ့ကို ဓါတ်ပုံအတူ ရိုက်ရ အောင်လို့ပြောပြီး အမှတ်တရ ဓါတ်ပုံအတူတွဲရိုက်ခဲ့ပါသေးတယ်။ ၁၉ရက်နေ့ညမှာ သူ ဆုံးသွားပြီလို့ ကျွန်မတို့ အိမ်ကိုအကြောင်းကြားပါတယ်။ ခုတော့ ဓါတ်ပုံဟာ တကယ် အမှတ်တရ ကိုဖြစ်သွားခဲ့တာပဲ။


မနှစ်က ညီမလေးလိုချစ်တဲ့ မွန်မွန်ကျော်လေးကို ၂၀၀၉ ခုနှစ်ကြိုဆိုပွဲလေးမှာ တွေ့ဆုံခဲ့ကြပေမယ့် ဒီနှစ်တော့ သူပါဝင်ဆင်နွှဲခဲ့ခြင်းမရှိတော့ပါဘူး။ ဒါ့အပြင် အေးစန်းဆိုသည့်ကောင်မလေး လည်း၂၀၁၀ ကြိုဆိုပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။ သူလည်း လွန်ခဲ့တဲ့တစ်လလောက်က အားလုံး သောသူများကိုခွဲခွာသွားခဲ့ပါပြီဆိုတာ သူ့ကိုမွေးစားခဲ့တဲ့ အမတစ်ယောက်ကပြောပါတယ်။ အဲဒီအမရဲ့ အမေကတော့ တစ်ချိန်က ကျွန်မရဲ့ ကလေး ဆရာဝန်မဖြစ်ခဲ့ပါတယ်။ အားလုံးကလည်း ပတ်သတ်ရာပတ်သတ်ကြောင်းတွေ ဖြစ်နေပါတယ်။ အေးစန်းဆိုတဲ့ ကောင်မလေးကလည်း စိတ်သဘောထားပြည့်ဝ ကောင်းမွန်သူလေးပါပဲ။ သူ့ရဲ့ မုန့်များ၊ အစားအစာများကို ဆေးရုံက မရှိဆင်းရဲသား ကလေးများကိုပြန်လည်လှူဒါန်း ကျွေးမွေးလေ့ရှိပါတယ်။


သြော် သူတို့တစ်တွေလည်း အားလုံးကိုခွဲခွာသွားခဲ့ကြပါပြီ။ သူတို့တစ်တွေနဲ့ ကျွန်မခင်မင်ခဲ့ခြင်းမှာ လောဘ၊ ဒေါသ၊ မောဟတွေကင်းဝေးခဲ့တယ်။ မနာလိုမုန်းထားမှုတွေမရှိခဲ့ဘူး၊ မသေခင်က သူတို့နဲ့ ကျွန်မ ကောင်းမွန်စွာပဲဆက်ဆံခဲ့ဖူးတယ် ဆိုတာကိုတွေးမိတောလည်း ကျွန်မ မကျေနပ်စရာမရှိပါဘူး။ လူတွေဟာ ခွဲခွာသွားတဲ့အခါ ကိုယ့်အမှားကို နောင်တ ရတတ်ကြတယ်လေ။ အဖေဆုံးတုန်းကတော့ ကျွန်မလည်းအဲလိုပဲ ခံစားမိတယ်။ အဲဒါမျိုးကို ခုချိန်မှာ ကျွန်မ မလိုလားဘူး၊ ကျွန်မအဖိုးကပြောခဲ့ဖူးတယ်တဲ့ မသေခင်ချစ်ချစ်ခင်ခင် နေကြဖို့ သေမှမငိုကြွေးကြပါနဲ့ဆိုတာ။ အဖိုးပြောတာကို အမေကလည်း ပြန်ပြောလေ့ရှိတယ်။ ဟုတ်ပါတယ်၊ တကယ်တမ်း စဉ်းစားကြည့်မိတော့လည်း မသေခင် ကိုယ်ကူညီနိုင်တာကို ကူညီပေး၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးပြီး မနာလိုမုန်းထားမှု၊ အမျက်ဒေါသ ထွက်မှုတို့ ကင်းနိုင်ကြရင်အကောင်းဆုံးပါပဲ။ လူတစ်ဦးနဲ့တစ်ဦး ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ခွဲခွာသွားကြတဲ့အခါ ချစ်ချစ်ခင်ခင်နဲ့ ပြုံးပြုံးပဲခွဲခွာသွားတာ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။


မှတ်ချက်။ ။ စိတ်မကောင်းတာတွေ ဆက်တိုက်ကြုံလိုက်ရလို့ ဒီပိုစ့်လေးကို ခုမှကြိုးစားပြီး ရေးနိုင်တာပါ။

13 ယောက်ဆွေးနွေးချက်:

kiki said...

ချစ်ခင် ပေါင်းသင်း ဆက်ဆံခြင်း
ကွေကွင်း နောက်ဆုံး ရှိလေ၏ ။

လူ့ ဘဝ တိုတိုလေး မှာ
လောဘ ဒေါသ မောဟ မာန အတ္တတွေ နဲ့  ဘာလို့ များ ပြည့်နှက်နေကြတာလည်း နော် ။

ကိုယ့် အလှည့် ကျ ဘယ်လိုနေမလည်းတော့ မသိပါဘူး ။ မနေ့ ကထက်စာရင် ခွဲခွာရဖို့  တရက် ပိုနီးလာပြီပဲပေါ့ ။ ခုတလော စိတ်ညစ်စရာတွေကြီးပဲ မို့  တရားပဲ မှတ်နေလိုက်တယ် ။ ဘလော့လည်း သိပ်မလည် ဖြစ် ပါ ဘူး .. ဘလော့လောကနဲ့ လည်း ခွဲခွာဖို့  နီးလာပြီ လေ ။း((

Khyl said...

စိတ်မကောင်းစရာရော မှတ်သားစရာပါရသွားလို့ ကျေးဇူးပဲနော်...

ဝက်ဝံလေး said...

5000 နဲ့ သာဖြေပါ အစ်မရယ်
မှတ်ချက်။ ။ ၁၀၀ ခေတ် ကုန်သွားပြီလေ

ဝက်ဝံလေး said...

ဟီးးးး အမ က အကောင်းရေးထားတာကို ပေါက်တတ်ကရ လျှောက်ရေးသွားတဲ့အတွက် ခွေးလွှတ်ပါရန်နှင့် စိတ်မဆိုးပါရန် ဟဲဟဲ

ဝက်ဝံလေး said...

တွေ့ဆုံကြုံကွဲ ဖြစ်ပျက်မြဲပေါ့
ကိုယ့်အလှည့်တော့ ဘယ်တော့လဲမသိပါဘူး မရေ

ကိုလူထွေး said...

အရင်သွားသူနဲ့ နောက်သွားတဲ့သူ
လူတိုင်းဒီလမ်းပါပဲ ညီမရယ်...

ကိုယ့်ကျန်းမာရေးတော့ ကိုယ်ဂရုစိုက်ပါ...
အသက်ကို ဥာဏ်စောင့်တယ် မဟုတ်လား...

မောင်ကောင်း said...

အစ်မရေ.. ဒီအချိန်မှာသာ သူများအတွက် ရေးပေးနိုင်တာပါ..။ ကိုယ်လည်း ဘယ်အချိန်လည်းဆိုတာ မသိနိုင်ပါဘူး။ အမြဲတမ်း သတိတရားလေးနဲ့ အရာရာကို လုပ်ကိုင်ပြီး ဘုရားအဆုံးမတွေ လိုက်နာကျင့်သုံးနိုင်ပါစေအစ်မ။ အသက်ရှင်သန်နေတုန်းမှာ အနေတတ် အသေတတ်အောင် ကြိုးစားပြီး ကျင့်ကြံနိုင်ပါစေအစ်မရေ..။ သေဆုံးတဲ့သူတွေအတွက်လည်း နှလုံးသွင်းဆင်ခြင်နိုင်ပါစေ..။

သူကြီးမင်း (တုံးဖလား) said...

သက်ရှိသက်မဲ့အားလုံး ဒီသဘာဝတွေက မလွန်မြောက်နိုင်ကြပါဘူး။ ဒါကြောင့် သက်ရှိနေစဉ်အတွင်းမှာ ချစ်ချစ်ခင်ခင်နေထိုင်ကြတာ ကောင်းတာပေါ့။ အမရဲ့ ပို့စ်ကိုဖတ်ရင်း တရားသံဝေတောင်ပွါးနေမိတယ်။

အားလုံးအဆင်ပြေပါစေ အမ။

~ဏီလင်းညို~ said...

မအနမ်းရေ....
အဲ့သလို ပို့စ်လေးတွေကိုဖတ်မိတိုင်း စိတ်မကောင်းဖြစ်ရတယ်...။
ပြီးတော့ သေခြင်းတရားကိုလည်း...သတိရဆင်ခြင်မိတတ်တယ်...။
ဒါပေမယ့် အဆင်သင့်ဖြစ်အောင်ကြိုးစားနေခဲ့ရတုန်းပဲဗျာ....။
(နေကောင်းလား မအနမ်း...?)
ခင်မင်တဲ့
ဏီလင်းညို

ဧပရယ်လ်ပူး@ပူးတေ said...

ရောက်တယ်မမအနမ်းရေ..
အလှူကိစ္စရယ်၊ ရန်ကုန်ပြန်ဖို့ပြင်ဆင်နေတာတွေရယ်၊ မင်္ဂလာဆောင်ဖို့ကိစ္စရယ်ရှုပ်နေလို့ မရောက်ဖြစ်တာပါ။ ဒီကြားထဲ အံဆုံးကထွက်သေးတယ်။ နာလိုက်တာ ၂ ပတ်ရှိနေပြီ။ တုတ်ကွေးကဖြစ်လို့ ပြီးခဲ့တဲ့ အပတ်ကပဲ MC ယူပြီးကာစ၊ တုတ်ကွေးသွားတော့ ချောင်းဆိုးတာက အသဲအသန်။ ညညအိပ်ကို မအိပ်ရဘူး။ ဒါကြောင့်ပါ။ စာတွေတော့လိုက်ဖတ်ဖြစ်တယ်။ ကြာကြာမတ်ေနိုင်တော့ အိမ်စုံကို မရောက်ဖြစ်ဘူးလေ။ ရန်ကုန်ပြန်ဖို့ကို ဘာမှကို မဝယ်ခြမ်းရသေးဘူး။ မမရေ... ပူးတေလဲ လူတွေနဲ့ ခွဲခွာဖို့နီးလာပြီလေ။ အသက်တွေက တနှစ်ထက်တနှစ်ကြီးလာလေ ရောဂါက တမျိုးပြီးတမျိုးတိုးလာလေပဲ။
မမရဲ့ ပို့စ်လေးဖတ်ပြီး သံဝေဂရသွားပါတယ်။ ခုတလောနေမကောင်းတော့ ညတိုင်း တရားနာဖြစ်နေတယ်။ ရုံးမတက်တဲ့ နေ့လဲတရားနာဖြစ်တယ်။ သီတဂူဆရာတော်ကြီးရဲ့ တရားတွေအများဆုံးနာဖြစ်တယ်။ ချောင်းဆိုးနေလို့ ဘုရားတော့ ကြာကြာမရှိခိုးနိုင်တာ တပတ်ကျော်နေပြီ။ မေတ္တာတော့ နေ့ရောညပါပို့ဖြစ်နေပါတယ်။ တရားလဲ အိပ်ယာထဲ လှဲရင်းပဲ မှတ်ဖြစ်တယ်။
ပူးတေကွန်မန့်တောင် တော်တော်လေးရှည်သွားပြီ။ ခံစားချက်တွေ ဝေဒနာတွေကို ပို့စ်တပုဒ်အဖြစ် ချရေးချင်နေတာ မမရေ။
နေ့မြင်ညပျောက် မမြဲတဲ့ သဘောကို သိမြင်အောင် မျှဝေပေးတဲ့ အတွက် ကျေးဇူးပါမမအနမ်း။
:)
ကျန်းမာပျော်ရွှင်ပါစေနော်
ချစ်ညီမ
ပူးတေ

neking said...

တရားတွေရစရာပါပဲ....
လူတိုင်းကဒါတွေကိုသတိမမူမိကြဘူး...
တကယ်သာချက်ချင်းသေသွားရင်.....ဘာတွေဖြစ်လာမလဲ
အသိတရားလေးနဲ့နေတာကောင်းပါတယ်ဗျာ

ဂျေဂျူဝိုင် said...

ခွဲကြရမယ် ဆိုပေမယ့် တချို့ဟာ အဲလိုပဲ မထင်မှတ်ဘဲ အစောကြီး ခွဲသွားတတ်ပြန်တယ်။ မလွန်ဆန်နိုင်ဘူး။

Unknown said...

အစ်မ အနမ်းရေ...
ရှာလည်းမတွေ့ ၊ ကြာလည်းမမေ့ ငါလည်းတစ်နေ့ဆိုတဲ့ သံဝေဂ လင်္ကာလေးကို သတိရမိရင်း ဒီပို့စ်လေးကို သေသေချာချာ ဖတ်သွားပါတယ် ...။ စာရေးကောင်းတဲ့ အစ်မအနမ်း ...စာကောင်းပေမွန်လေးတွေ ဒီထက်မက ဆက်လက်ရေးသား သွားနိုင်ပါစေ....။
ချစ်ခင်လေးစားလျှက်
ညီမလေး နှင်းဟေမာ