အထက်တန်းစားပုဂ္ဂိုလ်ဖြစ်ဖို့ ...


ဘယ်အလုပ်မဆို ဇွဲလုံ့ လရှိပြီး၊ စိတ်ရှည်သည်းခံနိုင်ပါမှ အောင်မြင်မှုကိုရမည်လိုဆိုပါတယ်။ ဒီလိုပါပဲ လူတွေနဲ့ ဆက်ဆံပေါင်းသင်းရာမှာလည်း အရာရာကိုစိတ်ရှည်မှ သည်းခံမှ လူတိုင်း အပေါ်ကောင်းစွာဆက်ဆံနိုင်ပါလိမ့်မယ်။ အလကားနေဒေါသထွက်တတ်တဲ့သူမျိုး ကတော့ လူတိုင်းအပေါ်ကောင်းနိုင်ပါ့မလားလို့ တွေးမိပြန်ပါတယ်။ ကိုယ့်ကိုကိုယ်မြင်နိုင်ဖို့ ပါ။ လူအချင်းချင်း၊ ပုဂ္ဂိုလ်အချင်းချင်းသည်းမခံရင် ခိုက်ရန်ဒေါသဖြစ်လွယ်ပါတယ်။ ဘာမဟုတ်တဲ့ အကြောင်းလေးကစလို့  ဘာမဟုတ်တဲ့ စကားလေးတစ်ခွန်းကစလို့ တဖက်လူ အပေါ်နား လည်မှု၊ ကိုယ်ချင်းစာနာမှု မရှိဘူးဆိုရင် အဲဒီလူအပေါ် သည်းခံနိုင်မှုဆိုတာလည်း ဖြစ်လာ မှာမဟုတ်ပါဘူး။

“သူမှန်ရင်လည်း ၀မ်းသာလိုက်ပါ။ သူမှားရင်လည်း သနားလိုက်ပါ။ မှန်မှန် မှားမှားကုသိုလ်ပွား ပါ”လို့  ရွှေဥမင်ဆရာတော်ဘုရားကြီးက ဆုံးမခဲ့ပါတယ်။ တဖက်သူ့က မှားပြီးတော့ မလုပ် တတ် မကိုင်တတ်ဖြစ်နေရင် ကူညီစရာရှိတာကူညီပါ။ အဲလိုနေမှ စိတ်အေးချမ်းသာပါလိမ့်မယ် လို့  လည်းဆိုပါတယ်။ ဒါပေမယ့် ပုထုဇဉ်လူသားတွေအဖို့ သူမှန်ရင်ငြိမ်နေပြီး၊ သူမှားရင်ဒေါသ အလျှောက်ပြုတတ်ကြသလို မှားမှားမှန်မှန်ကုသိုလ်ပွားနိုင်ကြဖို့ ကိုဆင်ခြင်နိုင်မယ့်သူနည်းနေ ပါသေးတယ်။

သူတော်ကောင်းဆိုတာက ရဟန်းပုဂ္ဂိုလ်၊ တရားအလုပ်အမြဲလုပ်နေတဲ့ သူကိုမှခေါ်ဆိုကြတာ မဟုတ်ပါဘူး။ သူတော်ကောင်းဆိုတာ ဘုရားတရားတော်နဲ့ အညီ အကျင့်ကောင်းကျင့်သူတွေ ကို ပြောခြင်းသာဖြစ်ပါတယ်။ တစ်ချို့ က သဘောထားလွဲနေလို့ ပါ။ အကျင့်ကောင်းဆိုတာက လည်း အဓိကတော့ စိတ်ကောင်းစေတနာကောင်းပေါ့။ ကုသိုလ် အလုပ်တော့လုပ်ပြီး တစ်ခါ တစ်ရံ လူအချို့ ကိုသနားတတ်ရုံနဲ့ တော့ အဲဒီလူကို စိတ်ကောင်းရှိတယ်လို့ မဆိုနိုင်ဘူးလို့  ထင်ပါတယ်။ စိတ်ကောင်းထားတယ်ဆိုတာ သတ္တ၀ါအားလုံး အယုတ်၊ အလတ်၊ အမြတ်မရွေး ကိုမှ နိုင်ထက်စီးနင်းမပြုပဲ၊ သမာ သမတ်ကျစွာနဲ့ သဘောထားတတ်ရပါမယ်။ မာနတွေ၊ ဂုဏ်တွေနဲ့ ပိုင်းခြားပြီး ဂုဏ်တူသူလူအချို့ ကိုတော့အရေးပေးဆက်ဆံပြီး၊ နိမ့်ကျသူလူအချို့  ကိုတော့အနိုင်ယူဆက်ဆံနေတာမျိုးကလည်း သဘောထားမမှန်ကန်ဘူးလို့ ဆိုနိုင်ပါတယ်။

ကိုယ့်စိတ်ဓာတ်က အဆင့်အတန်းမြင့်လာမှ ရင့်ကျက်တယ်လို့ ပြောလို့ရမယ်။ လူတိုင်း လူတိုင်းနော်…ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်ရဲ့ စိတ်ကောင်းစေတနာနဲ့ အရည် အချင်းကိုဖော်ပြနေတာဖြစ်ရမယ်လို့ ရွှေဥမင်ဆရာတော်ရဲ့ သြ၀ါဒမှာပါပါတယ်။

ဆရာတော်ကြီးဟောခဲ့တာရှိပါသေးတယ်။ ပြည်တွင်းပြည်ပမှာ သာသနာပြုတာထက် ကိုယ့် နှလုံးသားမှာအရင်သာသနာပြုရပါမယ်တဲ့။ သာသနာပြုတယ်ဆိုတာ ကုသိုလ်အလုပ်လုပ်တာ ပါပဲ။ (ဘုရားတည်၊ ကျောင်းဆောက်တာတွေကိုမှ သာသနာပြုတယ်မဆိုလိုပါဘူး။)
သာသနာပြုတယ်ဆိုတာ ဘုရားတွေလိုက်တည်တာကို ပြောတာမဟုတ်ဘူး.. လူတွေရဲ့နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ လိုက်နာကျင့်ကြံတတ်အောင်.. ဘုရားအဆုံးအမတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတာကို သာသနာ ပြုတယ်လို့ မေတ္တာရှင်ဆရာတော်က လည်းဆိုထားပါသေးတယ်။

ဒါကြောင့် ကိုယ်နှုတ်တွေ စင်ကြယ်ရမယ်၊ စိတ်တွေ စင်ကြယ်ရမယ်၊ အသိညာဏ်တွေ စင်ကြယ်သွားရမယ်။ အဲဒီလိုဖြစ်အောင်လည်း စိတ်ရှည်ရမယ်၊ ဇွဲကောင်းရမယ်၊ သည်းခံရမယ်၊ မာန်မာန မရှိရဘူး။ ချမ်းသာတဲ့သူ၊ ဂုဏ်ရှိတဲ့သူနဲ့ ငွေများများရှာနိုင်ကြတဲ့ သူအတော်များများ မှာ မာန်မာနတွေ လွှမ်းနေတတ်ပါတယ်။ သူတို့  ရဲ့ မာန်မာနတွေကလည်း သူတို့ အတွက် အကုသိုလ်တရားတွေကို ဖန်တီးပေးစေတယ်ဆိုတာ သတိပြုမိကြဖို့ လိုပါတယ်။ ကိုယ်က ချမ်းသာတာ ဂုဏ်ရှိတာကိုမာန်တက်ပြီး လူအချို့ ကို နိုင်ထက်စီးနင်းပြောဆိုဆက်ဆံမလား၊ ကိုယ့်အောက်ကျသူကိုနှိမ့်ချဆက်ဆံမလား အဲလိုပြုမူခြင်းကိုက အကုသိုလ်ဖြစ်စေပါမယ် ဆိုတာကိုသတိထားသင့်ပါတယ်။ ဒါကြောင့်လည်း မာနဆိုတာမထားသင့်ပါဘူး။ မာနဟာ လည်း ဒိဋ္ဌိအမျိုးနွယ်ပါပဲ။

ဒီလိုနေရာ အများနဲ့ နေရတာ ကိုယ်အကြိုက်ချည်း မဖြစ်ပါဘူး။ အခုဒီမှာ သူတော်ကောင်း အချင်းချင်းသည်းခံသလို အရပ်ထဲ လူပေါင်းစုံနဲ့ တွေ့တဲ့အခါမှာလည်း အခုလိုအရှိန်ရထားမှ၊ သည်းခံနိုင်တဲ့ အလေ့အကျင့်တွေရှိထားမှ၊ အထုံဝါသနာတွေပါထားမှ သည်းခံနိုင်တယ်လို့  ယောဂီများကိုရွှေဥမင်ဆရာတော်ကြီးကဆုံးမခဲ့ပါတယ်။ သည်းခံခြင်းကြောင့် အရာရာကို အောင်မြင်နိုင်မယ်လို့ လည်းဆိုကြပါတယ်။ သည်းခံခြင်းဟာ မာန်မာနမရှိမှဖြစ်ပါလိမ့်မယ်။ မာန်၊ မာနရှိသူများအဖို့ သည်းခံနိုင်ဖို့ က မလွယ်ကူမှန်း ကိုယ့်ကိုကိုယ်တောင်သိနိုင်ပါတယ်။

အထက်တန်းစားပုဂ္ဂိုလ်ဆိုတာ သည်းခံရမယ်၊ သဘောထားကြီးရမယ်၊ ခွင့်လွှတ်ရမယ် ဒီသုံးခု မကျင့်နိုင်သရွေ့ အထက်တန်းစားပုဂ္ဂိုလ်မဖြစ်နိုင်ဘူးဆိုတာကို ခိုင်ခိုင်မြဲမြဲစွဲမှတ်ထားဖို့ ကို လည်း တရားပြဆရာတော်တစ်ပါးကဆုံးမထားပါသေးတယ်။

ဒါကြောင့် အထက်တန်းစားပုဂ္ဂိုလ်ဖြစ်နိုင်ဖို့ နဲ့  သူတော်သူကောင်းများဖြစ်ကြဖို့ အားလုံး အတွက်လိုလားစွာ ဒီပိုစ့်ကိုရေးသားမိပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ညာဏ်ပညာ မကောင်းခဲ့လို့  လူတော်တစ်ယောက်မဖြစ်ခဲ့ပေမယ့် အထက်တန်းစားပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့ ကို တော့ကြိုးစားနေမိမှာပါ။




10 ယောက်ဆွေးနွေးချက်:

Lucifer said...

သည်းခံတတ်အောင် ၊ သဘောထားကြီးကြီး ထားတတ်အောင် ၊ နားလည်တတ်အောင်...
ဒါထက်ပိုပြီး ကြိုးစားလိုက်အုံးမယ်

မေ့နေတာလေးတွေ သတိပေးတဲ့တွက် ကျေးဇူးတင်ပါတယ်

Lucifer said...

ဟဲးဟဲး.... မမီး က ၁ နော်

kiki said...

ရွှေဥမင်ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒ အဆုံးအမတွေကို နာခံသွားပါတယ် ဘုရား...
အဲ ....
မအနမ်း ..း)
နောက် အဲ့ဒီ အဆုံးအမ နဲ့ မတူတဲ့ ၊ အထက်တန်းစား ပုဂ္ဂိုလ်ချုပ်မှူး ကြီးတွေ အများကြီး ရှိသေးတယ် ။း)

ကိုလူထွေး said...

ကိုယ့်နှလုံးသားမှာ သာသနာအရင်ပြုရမယ် ဆိုတဲ့ စကားက တော်တော်လေးနက်မှုရှိတာပဲ...

လူတိုင်း ကိုယ်ကိုကိုယ် ကောင်းအောင် ကြိုးစားအားထုတ်ကြရင် တလောကလုံး ငြိမ်းချမ်းမှုရလာမှာပဲလေ...

ကောင်လေးငယ် said...

သူမှန်ရင်လည်း ၀မ်းသာလိုက်ပါ။ သူမှားရင်လည်း သနားလိုက်ပါ။ မှန်မှန် မှားမှားကုသိုလ်ပွား ပါ”
ဆိုတဲ့ စကားလေးကတော့ တော်တော်လေး သဘောကျပါတယ်ခင်ဗျာ..
လူတိုင်းလူတိုင်းမှာ ဒီလိုမျိုးစိတ်ကလေးတွေရှိနေရင်တော့ လောကကြီးက တော်တော်လေး သာယာလှပ သွားမှာပဲနော်

thawzin said...

သြော်...... လာလည်သွားရင်လဲ လင့်လေးတော့ ထားခဲ့သင့်တာပေါ့နော့်။ အခုတော့ ရှာလိုက်ရတာ ၊ ကိုယ့်ဆီကို ဘယ်လိုပဲရောက်ရောက်ပေါ့။ ပြန်လည်အားပေးရမယ့် တာဝန်က ကိုယ့်မှာ အနည်းဆုံးရှိတယ်လို့ ခံယူထားတယ်။ အနည်းဆုံးလို့ပြောထားပါတယ်။ အများဆုံးကတော့ ရေးသားထားတဲ့ပိုစ်ကိုဖတ်ပြီး ဖြစ်လာနိုင်တာပေါ့။ ဆရားတော်ဘုရားကြီးရဲ့ မှတ်သားစကားတွေကို အများကြီးဖော်ပြထားတာပဲ အစ်မကြီးစာတွေ အများဖတ်တယ်ထင်ပါတယ်။ အရမ်းကောင်းပါတယ်။ ဆုံးမစကားတွေ ဖတ်ရတဲ့အတွက် မိမိကိုယ့်ကို တစ်ကြိမ်ပြန်ဆုံးမသလိုဖြစ်သွားပါတယ်။ မာနတွေမရှိတာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ရှိပါတယ်။ ဘာလို့ရှိလဲဆိုတော့ မာနကင်းခြင်းရဲ့ ချမ်းသာမှုကို ကိုယ်တိုင်ကိုယ်ကျ မခံစားဖူးသေးလို့ ဖြစ်မှာပါ။မခံစားဖူးပါဘူး။ ကျေးဇူးတင်ပါတယ်။

မောင်ကောင်း said...

သူမှန်ရင်လည်း ၀မ်းသာလိုက်ပါ။ သူမှားရင်လည်း သနားလိုက်ပါ။ မှန်မှန် မှားမှားကုသိုလ်ပွား..
မှတ်သားစရာဆုံးမစကားလေးပါပဲ..။
မှတ်သားနာယူသွားပါတယ်အစ်မရေ..။
အားပေးလျှက်ပါပဲ။
မိမိအကျိုး အများအကျိုးဆောင်ရွက်ရင်း ရည်မှန်းရာပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေ..။

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်
ကောင်းလိုက်တဲ့ပို့စ်လေးပါ။ ဦးကတော့ အထက်တန်းစား ပညာရေးဒါနပြုနေရပါတယ်ကွယ်။

Welcome said...

အမှန်တကယ် ကျင့်ကြံနေထိုင်ဖို့

မှတ်သားသွားပါတယ်

ကျေးဇူးတင်တယ်

Min Myat Soe said...

သည်းခံ သဘောထားကြီး ခွင့်လွတ် မှတ်သွားတယ်ဗျာ