သီတင်းကျွတ်အနှစ်သာရ

little light Pictures, Images and Photos

သီတင်းကျွတ်ဆိုတဲ့အချိန်ကာလကိုရောက်လာတိုင်းရောက်လာတိုင်း၊ ငယ်ငယ်က ကျွန်မ
တို့ မိသားစု တွေရဲ့သီတင်းကျွတ်နေ့ လေးကိုပြန်ပြောင်းအောက်မေ့မိတာတော့အမှန်ပါပဲ။ သီတင်းကျွတ်အစဉ်အလာအရ အမေ့ရဲ့အဖေနဲ့ အမေဖြစ်တဲ့ ဖိုးဖိုးနဲ့ ဖွားဖွားတို့ ကိုသူတို့ ရဲ့ သားသမီးများက လာရောက်ကန်တော့ကြတာမို့  ဖိုးဖိုး ဖွားဖွားတို့  နဲ့  အတူနေရတဲ့ ကျွန်မ တို့ အိမ်ဂေဟာမှာ မိသားစုအသီးသီးစုစည်းမိကြပါတယ်။ တစ်နှစ်တစ်ခါ ဆိုသလို သားသမီးမြေးမြစ်များတစ်ယောက်မကျန်ဆုံတွေ့ ကြရတာမို့ ပျော်စရာလည်းကောင်းပါတယ်။

အမေတို့ ကမောင်နှမလေးယောက်ရှိတာကြောင့်၊ ဖိုးဖိုးနဲ့ဖွားဖွား တို့  ကိုအားလုံး က ကန်တော့ပြီးတဲ့အခါ မှာတော့၊အကြီးဆုံးဖြစ်တဲ့ ဘဘကြီးတို့လင်မယား က ကန်တော့ခံပုဂ္ဂိုလ်အဖြစ် ကုလားထိုင်ရှည်ပေါ်မှာဝင်ထိုင်ပြီး အကန်တော့ခံရပါတယ်။ ဒီလိုနဲ့  အလှည့်ကျ ဒုတိယအကြီးဖြစ်တဲ့ကြီးကြီးတို့ လင်မယား၊ မေမေတို့ လင်မယားနဲ့  ဒေါ်လေးတို့  လင်မယားဆိုပြီး ကျန်တဲ့သားသမီး၊ တူ တူမ အသက်ငယ်သူတွေ ကအစဉ်အလိုက်ဝိုင်းပြီး ကန် တော့ကြပါတယ်။

အဲသည်လိုကန်တော့ခြင်းဖြင့် ဖိုးဖိုးဖွားဖွားတို့  ဆီမှ မုန့်  ဖိုးရခဲ့သလို၊ ဘဘကြီးတို့ကြီးကြီးတို့  အားလုံး ကလည်း မုန့် ဖိုး အသီးသီးပေးကြပါတယ်။ မုန့် ဖိုးရပြီးတဲ့အခါမှာတော့ ကျွန်မတို့  ကလေးတွေက သူတို့  လူကြီးတွေကို အနမ်းလက်ဆောင်ပြန်ပေးရပါတယ်။ လူကြီးတွေက ကျွန်မတို့ ရဲ့အနမ်းတွေကို ကျေနပ်ပြီးပျော်နေကြ သလို ကျွန်မတို့ ကလေးတွေကလည်း မုန့် ဖိုး ရလို့ ပျော်ခဲ့ကြရပါတယ်။ အားလုံးကိုအလှည့်ကျကန်တော့ပြီးတဲ့ အခါမှာတော့ ကန်တော့လို့ ရ တဲ့ မုန့် ဖိုးတွေကို ရေတွက်ရင်း၊ ကျွန်မတို့ မောင်နှမအချင်းချင်း ဘယ်လောက်ရ သလဲလို့  အပြန်အလှန်မေးကြရတာလည်းပျော်စရာတစ်မျိုးပါပဲ။

အဖိတ်နေ့၊သီတင်းကျွတ်လပြည့်နေ့ နဲ့ လပြည့်ကျော်၁ရက်နေ့ များမှာတော့ ဖွားဖွားက အတူနေတဲ့ ကျွန်မတို့ ညီအစ်မသုံးယောက်ကိုခေါ်ကာ၊ မြတ်စွာဘုရားအားဆီမီးများ ပူဇော်စေပြီးကန်တော့ခိုင်းပါတယ်။ အဲဒီအခါ မြတ်စွာဘုရားကို သီတင်းကျွတ်ဆီမီးများ ပူဇော်ရခြင်းအကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။ ဒါကြောင့် ကျွန်မတို့  ညီအစ်မတစ်တွေဟာ ငယ်ငယ်လေးကတည်းကမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့သော နတ်သားအားတရားဟောကြားပြီးနောက် လူ့ ပြည်သို့ ပြန်လည်ဆင်းသက်လာခြင်း ကြောင့်၊ ကျွန်မတို့ တစ်တွေက မီးရောင်များ ထွန်းညှိကာ ကြိုဆိုပူဇော်ကြခြင်းဖြစ်သည်ကိုလည်း သိခွင့်ရခဲ့ပါတယ်။

ငယ်စဉ်ကတော့ သီတင်းကျွတ်ဆိုရင် မုန့် ဖိုးရတာနဲ့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်က ကြီးဒေါ်က သူ့ မွေးနေ့ မို့ အားလုံးကို ကြေးအိုးတိုက်ရင်း၊ မီးထွန်းပွဲကြည့်ရတာကိုပဲ ပျော်စရာအဖြစ်သတ်မှတ်ခဲ့ဖူးတာပါ။ နောက်တစ်နေ့ မှာတော့ ဖွားဖွားရဲ့ အမဖြစ်သူ ကြီးကြီးဖွားဖွားရဲ့ အိမ်ကိုလည်း ကျွန်မတို့ ဆွေမျိုးအားလုံးအတူ သွားရောက်ကန်တော့ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးတွေ စုစုစည်းစည်းနဲ့ ကြီးကြီး ဖွားဖွားနေထိုင်ရာ ကြည့်မြင်တိုင် က အိမ်ကလေးမှာ ထပ်မံဆုံဖြစ်ကြတယ်။

နောက်ပိုင်းမှာတော့ ကျွန်မတို့ ရဲ့အစဉ်အလာဟာလည်းတဖြေးဖြေးနဲ့ သိသိသာသာကွယ်ပျောက်သွားခဲ့ရပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် အချိန်ကာလ ပြောင်းလဲသွားခဲ့သလို ဖိုးဖိုးသေဆုံးသွားခြင်းက ပထမဆုံးကန်တော့ခံပုဂ္ဂိုလ် တစ်ဦးလျော့သွားခြင်းပါပဲ။ အဲဒီနောက် ကျွန်မရဲ့အဖေက မမျှော်လင့်ပဲခွဲခွာသွားပြန်ကာ၊ နောက်တစ်နှစ်မှာပဲ အစ်ကိုတစ်ယောက်ကလည်း ရုတ်တရက်ဆုံးရှုံးသွားခဲ့ပြီး၊ လူဦးရေတွေ တဖြေးဖြေးလျော့နည်းသွားးခဲ့ပါတော့တယ်။

ဒီလိုနဲ့ ပဲ အစ်ကိုအစ်မများကလည်းအိမ်ထောင်တွေကျကာ၊ ရပ်ဝေးသို့ ရောက်ရှိ ကုန်တာကြောင့် ကျွန်မတို့ ရဲ့ သီတင်းကျွတ်အစဉ်အလာဟာလည်း ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလို့ သွားခဲ့ရပါတော့တယ်။ အခုဆိုရင် တော့သီတင်းကျွတ်တိုင်း အသက်ရှင်လျှက်ရှိနေသေးတဲ့ ဖွားဖွားတစ်ယောက်ကိုသာလာရောက်ကန်တော့ကြပြီး၊ ရေမြေခြားဖြစ်နေသူတွေကတော့ မလာနိုင်တော့တဲ့အထိ ဝေးကွာသွားခဲ့ကြရပါပြီ။

ဗုဒ္ဓဘာသာဝင်တို့ ရဲ့သီတင်းကျွတ်ဆိုတဲ့ အချိန်ကာလမှာမြတ်စွာဘုရားကိုကြိုဆိုရင်း၊ အသက်ကြီးသူ မိဘ၊ ဆရာသမားများကိုကန်တော့ခြင်း အစဉ်အလာဟာ ထူးခြားတဲ့ ထုံးတမ်းစဉ်လာလေးပါပဲ။ သီတင်းကျွတ် လ လို့ ခေါ်ဆိုရတဲ့အကြောင်းကတော့ ဝါဆို လပြည့်နေ့  မှစပြီး ၀ါတွင်းသုံးလ၊ ရက်ပေါင်း ကိုးဆယ်၊ သီတင်း ကျွတ်လပြည့်ကျော် တစ်ရက်နေ့  သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လဟူ၍ သာသနာကျမ်း အလိုခေါ် ဆိုကြောင်းသိသာသည်ဟုဆိုထားပါတယ်။

သီတင်းကျွတ်လတွင်မြတ်စွာဘုရားသခင် နတ်ပြည်မှဆင်းသက်ခဲ့ဘူးသည်ကို အကြောင်းပြုကာ၊ မီးစောင်းတန်း၊ မီးမြင့်မိုများထွန်းညှိကာ၊ မီးပွဲ သဘင်ကိုဆင်ယင်ကျင်းပကြရိုးပါ။ မြန်မာမင်းများခေတ်လက်ထက် အခါကမူ သီတင်းကျွတ်လတွင် မင်းသား၊ မင်းမြေး၊ မှူးတော်၊ မတ်တော်တို့  ၏ အဆင်တန်ဆာများကို လဲလှယ်ပေးခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုစေခြင်း၊ ဆီမီးမြင့်မိုထွန်းခြင်း၊ ဘုရား စေတီများတွင်ဆီမီးပူဇော်ခြင်း၊ ၀ါကျွတ်ကန်တော့ခံခြင်းတို့ လုပ်ခဲ့သည်ကိုသိခဲ့ရပါတယ်။ ထိုအစဉ်အလာက ယနေ့ ထက်တိုင် ပြုလုပ်နေကြခြင်း သာဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့ ဟာ၊ ဗုဒ္ဓအယူဝါဒီတို့ အတွက်နေ့ ထူးနေ့ မြတ်ကြီးတစ်နေ့  အဖြစ်ထင်ရှားစေ ခဲ့ပါတယ်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်
သို့ ကြွမြန်း ဆင်းသက်တော်မူလာတဲ့ နေ့ အဖြစ်အသိအမှတ်ပြုကြပြီး၊ မီးများထွန်းညှိကာပူဇော်ကြခြင်းပါပဲ။ မြတ်စွာဘုရားသခင်သည် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ဖူးသော သန္တုဿီတနတ်သားကိုအကြောင်းပြု၍ `ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ`အစရှိသည်ဖြင့် အဘိဓမ္မာခုနှစ်ကျမ်းကို ဟောတော်မူပြီးနောက် ၊ သီတင်းကျွတ်လပြည့်နေ့  တွင် တာဝတိံသာ၌ ပ၀ါရဏာပြု၍ လူ့  ပြည်သို့  ဆင်းသက်တော်မူသည်ကိုအကြောင်းပြုလျှက် ထိုနေ့  ကို အဘိဓမ္မာနေ့ ဟု သမုတ်ကာ၊ အဘိဓမ္မာပူဇော်ပွဲကျင်းပကျခြင်းပင်ဖြစ်ပါတော့တယ်။

` သီတင်းကျွတ်လပြည့်နေ့ က၀ါတွင်းသုံးလရဲ့ နောက်ဆုံးနေ့ ဖြစ်တာကြောင့်၊ ၀ါဆိုတော် မူကြကုန်သော သံဃာတော့်မြတ်တို့  လွတ်လွတ်ကျွတ်ကျွတ် သွားလာ သီတင်းသုံးနိုင်တဲ့ အခွင့်အရေးကိုရလာခဲ့ပါတယ်။ ထိုနေ့  အထိ ၀ါဆိုကြသည့် သံဃာများသည်လည်း အလွန်မြတ်သော ကထိန်အလှူကိုခံယူထိုက်ကြောင်း ကိုလည်း မှတ်သားသိရှိနိုင်ပါတယ်။
ထို့ ကြောင့် သီတင်းကျွတ်နေ့  သည် ရဟန်းတော်များဝါမှထသောနေ့  ၊ မြတ်စွာဘုရားရှင်
တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ်လုံး ဟောကြားတော်မူပြီး အောင်မြင်စွာပြီးဆုံး သောနေ့ ၊ (အဘိဓမ္မာအခါတော် နေ့  ) ၊ နတ်ဗြဟ္မာ အပေါင်းခြံရံလျှက်
တာဝတိ့  သာ နတ်ပြည်မှ သင်္ကဿနဂိုရ် ပြည်သို့  ဆင်းသက်လာသောနေ့ ၊ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့  မြတ်စွာဘုရားအား အတူတကွကြည်ဖြူကော်ရော်ပူဇော်သောနေ့  ၊ လောက၀ိဝရဏတန်ခိုးတော်ကြောင့် စကြာင်္ဝဠာတစ်ဝှမ်းလုံးကိုမြင်ရသောနေ့ စတဲ့ အထူးထူးတို့ နဲ့ ပြည့်စုံသောနေ့ အဖြစ် ထင်ရှားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

သီတင်းကျွတ်သို့ ရောက်တိုင်းရောက်တိုင်းး ၊ သီတင်းကျွတ်အမှတ်တရလေးများရှိနိုင်ကြသလို၊ သီတင်း ကျွတ်ဆီမီးများထွန်းညှိပူဇော်ကြရခြင်း အကြောင်းလေးကိုသိထားပြီး၊ ကျွန်မတို့  ရဲ့  ဗုဒ္ဓမြတ်စွာဘုရား ကိုရှိခိုး ပူဇော်ကြမယ်ဆိုရင်ဖြင့်၊ သီတင်းကျွတ်မီးရောင်များနဲ့ အတူ သီတင်းကျွတ်ဆိုတဲံ့ အနှစ်သာရလေး ပိုပြီးပေါ်လွင် သွားမယ်ထင်ပါရဲ့။

ကျမ်းကိုး-မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၃)
အနမ်း

9 ယောက်ဆွေးနွေးချက်:

Yu Ya said...

(အဘိဓမ္မာအခါတော် နေ့ )အကြောင်းလေး ဖတ်သွားပါတယ် မအနမ်းရေ..

yu ya

သူကြီးမင်း (တုံးဖလား) said...

သက်ကြီးတွေကို ကန်တော့တဲ့အစီအစဉ်ဟာ အလွန်ကောင်းမြတ်တဲ့ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာလေးတစ်ခုပါဘဲ။

သီတင်းကျွတ်မှာလဲ ကန်တော့ကြတယ်။ သင်္ကြန်ချိန်ခါမှာလဲ ပူဇော်ကြတယ်။

မရိုးနိုင်တဲ့ ချစ်စရာမြန်မာ့ဓလေ့လေးပါ။

kiki said...

နှစ်ထပ် ရှိမှ မှတ်မိရာ ဆိုလို့  ထပ်ဖတ် ပါတယ် ။။
( မနှစ်က တခါ ဖတ်ဖူး တယ်၊ အတူတူလိုဘဲ .. :))
သီတင်းကျွတ် .. တန်ဆောင်တိုင်
ရိုးရာ မပျက် ဆင်နွှဲ .. ..
ကောင်းပါလေ့ ကွဲ့  ...

ဘယ်တော့ အကျွန်ုပ် အလှည့် ရောက်မလည်း
စောင့်မျှော်လျှက် ...

may16 said...

မအနမ်းရေ သီတင်းကျွတ်အကြောင်းလာဖတ်ပါတယ် အမ

desertraindrops said...

သီတင်းကျွတ်အနှစ်သာရလေးကို ဝေမျှထားတာ ကျေးဇူးပါ။ ဘယ်တော့မှ မပျောက်ပျက်မဲ့ အနှစ်သာရလေးပါ။

ahphyulay said...

သတ္တာလောကကြီးကို အလင်းရောင်ဖွင့် ပေးဘို့ 
ဘုရားရှင်က အဘိဓမ္မာတရားကို ဟောကြားခဲ့ 
တဲ့ နေ့ ထူးနေ့ မြတ်မှာ အသက်ကြီး၊ဝါကြီးသူ
တွေကို အလေးအမြတ်ပြုကန်တော့ ရင်းနဲ့ ပဲ
ဘုရားအလိုကျ၊ မမြဲပဲတစပ်စပ်နှုပ်ကုန်လွန်နေ
တဲ့ ဘဝရဲ့ အချိန်တွေကိုလဲနှလုံးသွင်းဆင်ခြင်
နေနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်။ဘုန်းကြီး
လေသံထွက်နေလို့ မပြုံးနဲ့ နော်၊အဲဒီသဘော
လေးနဲနဲပါအောင်ကျွန်တော် သိလား(၁)ထဲမှာ
ကြိုးစားရေးထားတယ်လေ။ ဟဲ..ဟဲ (၂)ကျရင်
သိမှာပါ။လာလည်လို့ ကျေးဇူးကမ္ဘာပါဗျာ...။

ကိုလူထွေး said...

မနှစ်ကနဲ့ မတူတော့တာက တနှစ်ကြီးသွားပေါ့...

(ဖွားကိက အကန်တော့ မခံဘူးတဲ့... ပုန်းနေတယ်... မခံထိုက်ပါဘူးတဲ့...းP)

ကြယ်ပြာ said...

ဟုတ်တယ်နော် ... ကြယ်ပြာတို့လဲ ငယ်ငယ်က အဲ့လိုပဲ လိုက်ကန်တော့ဖြစ်တယ် ... နောက်တော့ ဆုံးသွားကြတဲ့ လူကြီးတွေနဲ့ ဝေးသွားကြတာတွေနဲ့ပဲ မကန်တော့ဖြစ်တော့ဘူး ... ဒီစာလေးဖတ်ပြီး အရင်တုန်းက အကြောင်းလေးတွေပြန်လွမ်းသွားတယ် .. သီတင်းကျွတ်ရဲ့အနှစ်သာရကိုဖော်ပြပေးလို့ ကျေးဇူးပါ ....

ရွှေပြည်သူ (ShwePyiThu) said...

မြန်မာတို့ရဲ့ ဒီသီတင်းကျွတ်အခါသမယ ကစပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေ အစ်မအနမ်းရေ...