တစ်နှစ်ပြည့်တဲ့အိမ်လေး (ဘလော့တစ်နှစ်ပြည့်ခြင်း)



တစ်နှစ်ပြည့်ဘလော့အထိမ်းအမှတ်အနေနဲ့ ရေးချင်တဲ့အကြောင်းအရာလေးကတော့ ကျွန်မရဲ့  စာရေးတဲ့ နာမည် (ဘလော့မှာအသုံးပြုတဲ့နာမည်) နဲ့ ပတ်သတ်လို့ ပါပဲ။ ရေးချင်တာ၊ ပြောချင် ခဲ့တာကတော့ ကြာပါပြီ။ တစ်နှစ်ပြည့်မှပိုစ့်တင်ဖို့ လုပ်ထားခဲ့တာပါ။

ကျွန်မ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်လောက်ကပေါ့။ စာရေးချင်လာတဲ့ရောဂါပိုးက ဘယ်လိုကဘယ်လို ရောက်လာတယ်မသိဘူး။ အဖေရေးခိုင်းခဲ့တုန်းကတော့ ကျောင်းသူဘ၀ပျော်ပါးတုန်း၊ ၀ါသနာ လည်းမပါခဲ့ပါဘူး။ ဒါနဲ့  စာတို၊ စာအပိုင်းအစလေးတွေ စရေးပြီး၊ နီးစပ်ရာခင်မင် တဲ့သူတွေ ကို လျှောက်ပြကြည့်တယ်။ အနီးဆုံးကတော့ ကိုယ့်ဘကြီးပေါ့။ သူကအနုပညာနယ် ပယ်ကဖြစ်ပြီး စာတွေလည်းရေးသားခဲ့ဖူးတာ အများကြီးဆိုတော့ သူ့ ဆီကအကြံပေးချက်ကို လိုတယ်လို့  ယူဆမိတယ်။ ဘကြီးက ကျွန်မရဲ့ စာအပိုင်းအစလေးတွေဖတ်ပြီး ရေးလို့ဖြစ်ပါတယ်ဆိုတာနဲ့  စရေးတော့တာပဲး) (၀ါသနာက မျိုသိပ်ထားလို့ မရဘူး)။ ဒါကြောင့် ကလောာင်နာမည်တစ်ခု အသည်းအသန်ရှာဖွေမိတယ်။ ပထမတော့ ပေါက်ကရနာမည်မျိုးစုံလျှောက်ပေးဖူးတယ်။ တစ်ခုမှလည်း ကိုယ့်အကြိုက်တော့မရှိခဲ့ဘူး။ သမီးအကြီးဆုံးမို့ သမီးကြီးနာမည်နဲ့ လည်း ရေးခဲ့သေးတယ်။ မိုးရာသီဖွားဆိုလို့  မိုးနဲ့  သက်ဆိုင်တဲ့ နာမည်တွေလည်း မှည့်ကြည့်ဖူး တယ်။ တစ်ခုမှတော့ စိတ်ကြိုက်မဖြစ်ဘူး။ ရေးခဲ့တဲ့စာတွေလည်း ပါမလာခဲ့ပါဘူး ။း)

ဒီလိုနဲ့ ကျွန်မရေးတဲ့စာတိုပေစလေးများကို ဟိုလူ့ ဆီပြကြည့်၊ ဒီလူ့ ဆီပြကြည့်ပေါ့။ နာမည် တွေကလည်းပေါင်းစုံနဲ့ ။ အဲဒီမှာ "အနမ်း"ဆိုတာကိုလည်းရွေးမိသွားတယ်။ “အနမ်း” ဆိုတဲ့ နာမည်ကိုရွေးဖြစ်တဲ့ အကြောင်းကဒီလို…။ ကျွန်မရဲ့ အဖွားနာမည်က “နန်း” ဖြစ်နေတာ၊ ရှမ်းလူမျိုးမဟုတ်ပေမယ့် ဖွားဖွားအဖေက ရှမ်းပြည်သွားပြီးပြန်ရောက်မှ ဖွားဖွားကို နာမည် မပေးရသေးလို့ ဆိုပြီး ရှမ်းတို့ ရဲ့ ချစ်စနိုးခေါ်တဲ့  “နန်း” ဆိုတာလေးကို မှည့်ဖြစ်သွားတယ်တဲ့။ ကျွန်မကို မွေးတော့လည်း အဖေက ကျွန်မကိုအဖွားနဲ့ တူလို့ ဆိုပြီး အဲဒီ “နန်း” ဆိုတာကိုထည့် ပြီး မှည့်ခေါ်ပြန်ပါတယ်။ နန်း….. ကျောင်းနာမည်ပေါ့။ ဒါပေမယ့် သူငယ်ချင်းများများမထားခဲ့ ဖူးတော့ ဒီနာမည်ကိုခေါ်တဲ့သူ သိပ်မရှိခဲ့ပါဘူး။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်စ နှစ်ယောက်စလောက်သာခေါ်ဖူးတာ။ “နန်း” ပါလို့ တစ်ချို့ ကတောင် ရှမ်းလား လို့  မေးဖူးတယ်။ (ရှမ်းမဟုတ်ပေမယ့် ပါးအို့ နီနီလေးနဲ့ ရှမ်းမလေးတွေကိုတော့ သဘောကျ မိသား) တက္ကသိုလ်ရောက်တော့ သူငယ်ချင်းအချင်းချင်း တရင်းတနှီးနဲ့ အိမ်မှာခေါ်ကြတဲ့ နာမည်တွေကိုသာခေါ်လေ့ရှိကြတယ်။ ဒါကြောင့် ကျွန်မကိုလည်း မီးမီး လို့ ပဲ လူသိတာများ ကြတယ်။ ယခုထိပါပဲ။ တစ်ချို့ ကတော့ နာမည်ရင်းတောင် မသိကြဘူး။း)

တကယ်တော့ ကျွန်မမှာနာမည်တွေများပါတယ်။ ကျောင်းနာမည်၊ အိမ်နာမည်၊ ကရင်မကြီး တစ်ယောက်ကပေးခဲ့တဲ့နာမည်၊ အမေ့သူငယ်ချင်းအပေါင်းအသင်းတွေခေါ်တဲ့ နာမည်၊ အင်္ဂလိပ်သင်တန်းကျောင်းက ဆရာမပေးခဲ့တဲ့ နာမည်၊ အဖေက ချစ်စနိုးခေါ်တဲ့နာမည်၊ စသည်ဖြင့်ပေါ့။ တကယ်တမ်း စာရေးဖို့ နာမည်လေးရွေးတာကျတော့ခက်နေပြီး တစ်ခုမှ အဆင်မပြေပါဘူး။ ဒီလိုနဲ့  အဖွား ကို ချစ်သောအားဖြင့် “နန်း”ကိုရွေးမယ်ပေါ့။ ဒါပေမယ့် အဖွားနာမည်အတိုင်း “န” သတ်နဲ့ တော့ နန်းလို့ မဖြစ်တာနဲ့  "မ"သတ်ကိုရွေးလိုက်တယ် “နမ်း” ပေါ့။ တစ်လုံးတည်းဆိုတော့လည်း ဘာအဓိပ္ပါယ်မှန်းမသိ၊ ဘာမှန်းမသိတာနဲ့  တနင်္ဂနွေ နံဖြစ်တဲ့ “အ” အက္ခရာလေးပါထပ်ဖြည့်လိုက်တယ်၊ “အနမ်း”ပေါ့။ အဓိပ္ပါယ်လည်းရှိသွားတာမို့  အဲဒီနာမည်ကိုပဲရွေးဖြစ်သွားတယ်။ စာရေးတဲ့ အခါမှာလည်း နာမည်အတော်များများနဲ့ ရေးခဲ့ ပေမယ့် ပထမဆုံးအကြိမ် စာရေးသူနာမည်မှာ “အနမ်း” ဖြစ်သွားခဲ့တယ်။ ဒါကြောင့် ဒီနာမည်နဲ့ ပဲ ဆက်လက်ရေးဖြစ်သွားခဲ့ပါတယ်။ ဘလော့မှာစာရေးတော့လည်း ထွေထွေ ထူးထူးနာမည်အသစ်ကိုရှာမနေတော့ပဲ ဒီနာမည်ကိုသာအသုံးပြုပြီး၊ ရေးသားလိုက်ရခြင်းပါပဲ။

တကယ်တော့ ဒီနာမည်ကို လူတော်တော်များများက စိတ်ထဲတစ်မျိုးကြီးဖြစ်ပြီး သူတို့  အဖို့  ခေါ်ရတာလည်း အခက်အခဲဖြစ်ပုံရပါတယ်။ အွန်လိုင်းမှာခင်မင်တဲ့သူတစ်ချို့  အထူးသဖြင့် ယောကျာင်္းလေးတွေပေါ့။ ဘယ်လိုခေါ်ရမှန်းမသိလို့  ကျွန်မရဲ့  အိမ်နာမည်ကိုပဲခေါ်ခိုင်းခဲ့ ရသလို၊ တစ်ချို့ ကျတော့လည်း အစ်မလို့ ပဲခေါ်ကြပါတယ်။ ဒီနာမည်ကြောင့် အဲလိုလေးတွေ တော့ရှိခဲ့တယ်။ ဘလော့ရေးတော့လည်းဒီလိုပါပဲ။ ဘလော့ကိုလာလည်ကြသူ မိတ်ဆွေ အပေါင်းအသင်းတွေက နာမည်နဲ့  ပတ်သတ်လို့  ခေါ်ရတာတစ်မျိုးကြီးပဲနော်တို့ ၊ အသည်း ယားစရာကြီးတို့ ၊ ဇော် ဆိုတဲ့ကောင်မလေးဆိုရင် မကစ်(စ်) ပွတ်စ်း) ဆိုပြီးအသံထွက်လေးနဲ့  တစ်မျိုး၊ နောက်တစ်ယောက်ကတော့ နမ်းဆိုတော့ ဘယ်လား၊ ညာလားတဲ့ စီဗုံးထဲမှာ အော်သွားကြဖူးပါတယ်။ အထူးသဖြင့် မိန်းခလေးတွေနောက်တာပါ။ ဒါပေမယ့် ကျွန်မကတော့ စိတ်မဆိုးတဲ့အပြင် သူတို့  အော်သမျှကိုဖတ်ပြီးပြုံးမိပါတယ်။ ကျွန်မကိုခင်လို့ မင်လို့  သာ အဲဒီလိုမျိုး နောက်တာလေးတွေလုပ်သွားတာပေါ့။ အဲလိုပဲ ကျွန်မ ယူဆတယ်။း)

တကယ်တော့ ကျွန်မ ကလောင်ကို “အနမ်း”လို့ ပေးတာ ရှက်စရာလို့ ကျွန်မကိုယ်တိုင်က မထင်ခဲ့မိပါဘူး။ ဘာလို့ လဲဆိုတော့ ဒီနာမည်ရွေးခဲ့တာလည်း အဓိပ္ပါယ်ရှိတယ်လို့ မြင်ပါတယ်။ “အနမ်း” ဆိုတဲ့သင်္ကေတဟာ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ညွှန်းတယ်လို့ ယူဆပါတယ်။ သမီးရည်းစားမှမဟုတ်ပါဘူး။ ကျွန်မတို့ လူ့ လောကကိုဝင်ရောက်မလာခင် အမိဝမ်းထဲမှာ ကတည်းက မိဘဆိုတာသူတို့ ရဲ့ ရင်သွေးဖြစ်တဲ့ ကျွန်မတို့ ကိုချစ်ခင်ပြီးသားပါ။ မွေးဖွားလာတဲ့ နောက်လည်း သားသမီးလေးတွေကို ရင်ထဲကပေါက်ဖွားလာတဲ့အချစ်၊ မေတ္တာတွေကြောင့် အနမ်းလေးတွေပေးတတ်ကြပါတယ်။ ဒါ့အပြင် ဆရာနဲ့ တပည့်လေးများ၊ မောင်နှမသားချင်း များ၊ ဦးလေး အဒေါ်နဲ့  တူ တူမလေးများ စတဲ့ သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း အနမ်း များနဲ့ ဖော်ညွှန်းတတ်ကြပါတယ်။ ဦးလေးကြီးရေးတဲ့ အနမ်းတွေကိုစာဖွဲ့ ထားတယ် ဆိုတဲ့ ပိုစ့်မှာလည်းပါပါတယ်။ ကျွန်မတို့ ဆွေမျိုးတစ်စုဆိုရင် (ကျွန်မတို့ ငယ်ငယ်အချိန်က) သီတင်းကျွတ်ကန်တော့တဲ့  အခါတိုင်းမှာ လူကြီးတွေကမုန့် ဖိုးပေးပြီး သူတို့ ကို ပြန်ပြီး နမ်းခိုင်းသလို၊ သူတို့ ကလည်း ကျွန်မတို့ တစ်တွေကိုအပြန်အလှန် အနမ်း တွေပြန်ပေးလေ့
ရှိခဲ့ပါတယ်။ (အဖိုးနဲ့ အဖွား၊ ဘကြီးနဲ့ ကြီးဒေါ်၊ အန်တီနဲ့ အန်ကယ် စသည်တို့ ပေါ့)။ ဒါကြောင့် အနမ်း ဆိုတာလူတွေအားလုံးနဲ့  သက်ဆိုင်တဲ့ ပြယုဂ်တစ်ခုပါပဲလို့ ကျွန်မခံယူထားမိတယ်။

မက်မက်ရဲ့ အိမ်လေးမှာ အားဝါး ဆိုပြီး အနမ်းပေးနေတဲ့ကောင်မလေးပုံလေး တင်ထားတာကို သဘောကျမိပါတယ်။ ဒါလည်း သူဟာသူ့ ရဲ့ ဘလော့အိမ်ကိုလာလည်သမျှ မိတ်ဆွေအပေါင်း ကို ချစ်ခင်တဲ့သဘောပဲလို့  ကျွန်မတော့ ထင်မြင်မိပါတယ်။ စီဗုံးထဲတွေမှာ သူအော်အော်သွား တဲ့ အာဝါးးးးးးးးးးး ဆိုတာလေးကလည်းထိုနည်းတူပါပဲ။

ကျွန်မနာမည်နဲ့ ကျွန်မအယူအဆကိုရှင်းပြရခြင်းအပေါ်နားလည်ကြမယ်လို့ ထင်ပါတယ်။ ဒီလို ပြောပြရခြင်းဟာလည်း အယူအဆတွေလွဲမှားကြမှာစိုးလို့ တစ်ခုတည်းပါ။ ဒါပေမယ့် ကျွန်မကို ဒီကလောင်နာမည်နဲ့ ပတ်သတ်လို့ သဘောမကျပဲ အပြစ်တင်တဲ့သူတစ်ယောက်မှမရှိခဲ့ပါဘူး။ အဲဒီအတွက်လည်း ကျေးဇူးတင်ရပါတယ်။ ကျွန်မဘလော့ကို စာလာဖတ်သူများအားလုံးကို တော့ ကျွန်မကျေးဇူးတင်ခင်မင်မိပါတယ်။ ကျွန်မလည်းပျော်ပျော်နေတတ်သူတစ်ဦးပါ၊ ကျွန်မ ကိုချစ်ခင်လို့ နောက်ပြောင်တာတွေကို ကျွန်မကအပြစ်မမြင်တတ်ပါဘူးဆိုတာလည်း သိစေ ချင်ပါတယ်။ ဘလော့ဂါအားလုံးကိုလည်း မောင်နှမတွေလိုပဲသဘောထားကာ၊ ခင်မင်ပါတယ်။ တစ်ချို့ ဘလော့ဂါတွေကိုလည်း လင့်မလုပ်နိုင်ပေမယ့် ကျွန်မအားရင်အားသလို အလည် ရောက်ဖြစ်ခဲ့ပါတယ်။ ကွန်နက်ရှင်ကောင်းတဲ့  ညတွေမှာဆိုရင် ဘလော့ရွာတွေထဲကို အလည်သွားရင်း၊ စာတွေဖတ်လေ့ရှိပါတယ်။ တစ်ခါတစ်လေ ကွန်နက်ကျသွားတဲ့အခါမှသာ စီဗုံးမှာမရေးသားနိုင်ခဲ့ပေမယ့်၊ နက်ကောင်းတဲ့အချိန်တိုင်းကိုတော့၊ ဘလော့ဂါတွေကို ကျွန်မ နုတ်ဆက်လေ့ရှိပါတယ်။

ဘလော့ရေးသူအားလုံး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းရင်း၊ ကျွန်မရဲ့ တစ်နှစ်ပြည့် ဘလော့ အမှတ်တရလေးအဖြစ် ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ကျွန်မဘလော့ဖြစ်မြောက်ခြင်းကိုကူညီခဲ့ကြတဲ့ ကျွန်မညီမနဲ့ သူ့ သူငယ်ချင်းကောင်လေး၊ သည့်နောက် ဘလော့မှာစီဗုံးထည့်ဖို့ နဲ့ လိုအပ်တာများကို ပြောကြားကူညီပေးခဲ့တဲ့ မောင်လေးမင်းထက် (အလင်းတန်း) ၊ အဲသည့်နောက် ကျွန်မလုပ်ချင်တာလေးများကို ယခုထိလုပ်ပေးခဲ့တဲ့ အမဖြစ်သူ မကိကီ ( idiotlove ) တို့ ကိုကျေးဇူးအထူးပါ။



အားလုံးကိုချစ်ခင်တဲ့ (မ) အနမ်း

23 ယောက်ဆွေးနွေးချက်:

Unknown said...

ဝေးးးးးးးးးး

ပထမ (၁) တစ်နှစ်ပြည့်တဲ့နေ့ မှာ တစ်..

Unknown said...

အမ နန်း အနမ်း...
ဘယ်လိုပဲ နန်း နမ်း နမ်း... :) :) :) :)

တစ်နှစ်ပြည့်မြောက်မှသည် နောင်အနာဂတ် နောင်နှစ်တွေတိုင်း အထိမ်းအမှတ်တွေ ဆက်လုပ်နိုင်ပါစေလို့....

စိတ်ကူးနဲ့ အိပ်မက်
ဆန္ဒနဲ့ ဘ၀ ....

မတောင်းမတ မကြောင်းမကြ
အရာရာ ပြည့်စုံပါစေနော်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

Younggun said...

တစ်နှစ်ပြည့် ဘလော့ဂ်မှသည် ကိုယ့်စိတ်ကူး ပေါက်ရာ၊ ခံစားမှု ဦးတည်ရာ၊ သူတပါးအားဝေမျှ စားသုံးစရာ၊ စာပေများ၊ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

kiki said...

လာကြပါ .. ဘယ်လို နမ်း နမ်း ရ ပါတယ် ...
(ကြော်ငြာ ဝင်ပေးသွားပါတယ်) အနန်း ခေါ် အနမ်း ခေါ် မီးမီး ခေါ် Miss Kiss ခေါ် မပြွတ်စ်စ် ရေ ..

တနှစ်ပြည့် ဘလောဂ် လေးမှ နှစ်ပေါင်းများစွာ
ချစ်မြတ်နိုးတဲ့ စာပေ များ ဆက်လက်ရေးသား နိုင်ပါစေ ။
ရသစုံ ကာလာစုံ ရေးချင်ရာရေး ..
အားပေးနေပါ၏ ။။

လင်းကြယ်ဖြူ said...

*H*A*P*P*Y***A*N*N*I*V*E*R*S*A*R*Y*
တစ်နှစ်မှသည် နောင်နှစ်ပေါင်းများစွာဆီ..သို့..
အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းရင်း...
ကြည်နူးစရာနေ့လှလှလေးတွေကို ထွေးပွေ့ထားနိုင်ပါစေခင်ဗျာ..

ပျော်ပါစေ...

Anonymous said...

မရေ.....
တမူ မတူအောင်ခေါ်တာသိတယ်မှတ်လား
၁ နှစ်မှသည် နှောင်စာရေးချင်တဲ့ စိတ်ရှိတဲ့ အထိ
တည်မြဲပါစေ

may16 said...

၁နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ စာတွေရေးပါနော် မအနမ်း

Ree Noe Mann said...

အမရေ ဒီ တစ်နှစ်မှ နောင်နှစ်များတိုင်းအောင်
တည်တံ့နိုင်ပါစေနော်။

ခင်တဲ့ ရီနို

မိုးစက်အိမ် said...

အနန်းနဲ. အနမ်းခုမှ ရှင်းတော.တယ်ဗျာ ... အမဘလော.လေး ထာဝရတည်တံ.ပါစေဗျာ :)

Anonymous said...

မမရေ.. နောက်ထပ် စာတွေ အများကြီး အများကြီး ဆက်ရေးနိုင်ပါစေ...
သမီး အားပေးမယ်နော် :)

Lucifer said...

happy Birthday နော်... စိတ်ကူးရှိရာတွေုလုပ်ခွင့်ရှိတဲ့ နေရာလေးပေါ့

Yu Ya said...

တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ၀ါသနာပါရာ စာရေးသားမှုကို ဆထက်တပိုး သယ်ပိုးဆောင်ရွက်သွားနိုင်ပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။

yu ya

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်
ကြင်နာစွာ နဖူးလေးကို နမ်းလို့.. ကြင်နာစွာ ပါးကလေးနမ်းလို့..။ အဲဒီသူချင်းလေးကိုကြားရတိုင်း တူမလေးကို ပြေးပြေးမြင်နေမိပါတယ်။ တစ်နှစ်သမီးဘလော့မှ လူသားအားလုံးကို မေတ္တာအနမ်းတွေ ဆက်ပေးနိုင်ပါစေကွယ်။

Unknown said...

Happy Blogiversary ! What a wonderful year it has been, too~ it ‘s amazing what this land of Blog you made , one year of sharing your wonderful personality and imagination with us through the blogging world.

I'm reading blogs sitting with my face quite close to the monitor, but when reading your blog I always feel I want to crawl into that computer.

Please go on like this!!! Wishing you lots and lots of happiness and inspiration !

မောင်ကောင်း said...

အစ်မနမ်း.. တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ စာကောင်းပေမွန်တွေ ဆက်လက်ရေးသားနိုင်ပါစေ... အစ်မ..

ကောင်လေးငယ် said...

အဲ ..ရှေ့မှာဆုတောင်းပေးသွားကြတာ နောက်ထပ်ဘာပေးရပါ့.. အော် သိပြီ..သိပြီ..
ရတာမလို ၊ လိုတာမရတာမျိုး မဖြစ်စေပဲ
လိုတိုင်းရပြီး.. တ.တိုင်းပြည့်စုံပါစေ

ဟို အမွှေးတိုင်ကြော်ငြာတော့ ဟုတ်ဘူးနော်.
စိတ်ရင်းအတိုင်း ပါ.....

သူကြီးမင်း (တုံးဖလား) said...

တစ်နှစ်ပြည့်ပြီးတဲ့ အိမ်ကလေး နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနဲ့ တည်တံ့နိုင်ပါစေ။

အမလဲ စာတွေ ဆက်ကာဆက်ကာ ရေးသားနိုင်ပါစေ။

ခင်တဲ့
ကိုကိုမောင်

Dream said...

တီနန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဟတ်ပီးအန်နယူဘာစတီးးးးးးးးးးးးးးးးးးး
ဝေးးးးးးးးးးပျော်တယ်................
ပျော်တယ်..........တနှစ်တောင်ပြည့်ပြီလား.....

တနှစ်ပြည့်မှကနေ နောင်နှစ်ပေါင်းများစွာတိုင် တည်တံ့ခိုင်မြဲသော ဘလော့လေးဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်.....

မှန်တာပေါ့ တီတီရယ်... အနမ်းဆိုတာလဲ အရမ်းအဓိပါယ်ရှိပါတယ်။ ချစ်ခြင်းအဓိပါယ်အပြည့်အ၀ ပါနေပါတယ်။
မက်မက်ကလဲ ချစ်လို့ပေးတာပေါ့...

ဒါကြောင့်အာဝါးးးးးးးးးးးးးးးး
အမြှောက်တသိန်းနော်........အဟီးးး အဲ့လိုအချစ်ကြမ်းတာ... အဟား..
:P

ကိုတိုး said...

မ အနမ်းရေ ရောက်တာနောက်ကျသွားတယ်နော်။ နောင်နှစ်ပေါင်းများစွာတိုင်အောင် အိပ်မက်နဲ့ဆန္ဒတစ်ထပ်တည်းပြည့်ဝနိုင်ပါစေခင်ဗျာ။ အဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

mysterysnow said...

မအနမ်းရေ
၁ နှစ်ပြည့်ပို့စ်လေးမှသည်....
နောင်နှစ်ပေါင်းများစွာအထိ စာတွေ ဆက်ရေးနိုင်ပါစေနော်....
မွေးနေ့လက်ဆောင် အနမ်းတစ်ထောင် ပို့လိုက်ပီနော်...

နှင်း

ဒီဇင်ဘာနှင်း said...

အနမ်းရေ ၁ နှစ်ပြည့်လေးကနေ နောင်နှစ်ပေါင်းများစွာတိုင် ဘလော့လေးမှာပျော်ရွှင်ပါစေ

ဖိုးဂျယ် said...

အမရေ တနှစ်ပြည့်ကို နောက်ကျသွားတယ်ဗျာ
နောင်နှစ်ပေါင်းများစွာ ဆက်လက် ရေးသားနိုင်ပါစေဗျာ

မောင်ငယ်လေး ဖိုးဂျယ်

Anonymous said...

ဘယ်လိုပဲနမ်းနမ်းပါ နမ်းရရင် ပြီးရော..ဟီး.... ၁နှစ်ပြည့်ပြီဆိုတော့ ၂နှစ်ပြည့်အောင် ဆက်လက်ကြိုးစားနိုင်ပါစေဗျာ..။