အနမ်းတွေကို စာဖွဲ့ ထားတယ်


ဒီဘလော့ဂ်လေးရဲ့နာမည်နဲ့ လိုက်ဖက်အောင် အနမ်းတွေရဲ့အကြောင်း တစေ့တစောင်းကို စုဆောင်းတင်ဆက် လိုက်ပါတယ် ။ မထင်မရှားနဲ့ ပြောစရာရှားတဲ့ အကြောင်းတွေကို “စာမဖွဲ့လောက်ပါဘူး” လို့ သုံးတတ်ကြ တယ်မဟုတ်ပါလား ၊ အနမ်းတွေရဲ့ အကြောင်းကတော့ စုဆောင်းရင် စုဆောင်းသလောက် စာတစ်စောင်သာမက ကျမ်းတစ်စောင်တောင် ဖွဲ့နိုင်ကောင်းတယ် ။
သူတို့ အကြောင်းကို သိပ္ပံနည်းကျလေ့လာတဲ့ Philematology ဆိုတဲ့ ဘာသာရပ်တောင် ရှိပါသေးလား ၊ အနမ်းလေးတွေရဲ့ တန်ဘိုးကလည်း မြင့်ပါဘိ ၊ အနမ်းလေးတွေရဲ့ အဓိပ္ပါယ်ကလည်း ကျယ်ဝန်းပါဘိတော့ ၊
A kiss is worth a thousand words တဲ့ ဆိုစကား ရှိပါတယ် ၊ အနမ်းတစ်ခုဟာ စကားလုံးပေါင်း တစ်ထောင် အဖိုးထိုက်တန်သတဲ့လေ ၊ ဒါဆိုရင် အနမ်းတွေ အကြောင်းကို စာတစ်တန် ပေတစ်ဖွဲ့နဲ့ ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ လုံလောက်ပြီ ထင်ပါရဲ့ ။

လူတိုင်းလူတိုင်းနီးပါးဟာ အနမ်းတွေကို နှစ်သက်စွာခံယူခဲ့ကြဖူးပါလိမ့်မယ် ၊ ငယ်စဉ်ကတည်းက အဖေအမေတွေ ဦးကြီးဦးလေးတွေ ဒေါ်ကြီးဒေါ်လေးတွေက ကျနော်တို့ကို ချစ်ခင်ယုယစွာနဲ့ နမ်းခဲ့ကြတယ် ၊ အသက်အရွယ် ဖွံ့ဖြိုးလာတော့လည်း ရင်ခုန်စရာ အနမ်းတွေနဲ့ စိတ်ကူး ယဉ်ခဲ့ဖူးပါလိမ့်မယ် ၊ နေရာဒေသအလိုက် ၊ အသက်အရွယ်အလိုက် ၊ နမ်းတဲ့ ပုံစံ အနေအထားအလိုက် သင်္ကေတ အမျိုးမျိုးကို ဆောင်နဲ့ အနမ်းများစွာကို ကမ္ဘာတစ်လွှားက လူသားတွေ ပြုလုပ်ခဲ့ ကြတယ် ၊ လူတွေကို မဆိုထားနဲ့ မျောက် ၊ မြင်း ၊ ခွေး နဲ့ ငှက်တွေ စတဲ့ တိရစ္ဆာန်တွေတောင် သူ့နည်းသူ့ဟန်နဲ့ နမ်းကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ် ။

လူတွေကတော့ ပိုနမ်းတာပေါ့ ၊ ပိုပြီး ခံစားတတ်တာကိုး ၊ ပျမ်းမျှအားဖြင့် လူတစ်ဟာက်ဟာ ဘ၀မှာ မိနစ်ပေါင်း ၂၀,၁၆၀ နမ်းခဲ့ကြတယ်လို့ ပညာရှင်တွေက တွက်ချက်ထားကြတယ် ၊ အနမ်းတွေနဲ့ချည်းပဲ သီတင်းနှစ်ပတ်စာ ရှိတယ် ။ မနမ်ဖူးသေးဘူးလို့ ပြောတဲ့ သူလဲ ရှိပါလိမ့်မယ် ၊ ဒါပေမယ့် ဒီဂဏန်းဟာ ကမ္ဘာတစ်လွှားက လူတွေနဲ့ ပျမ်းမျှတွက်ထားတာမို့ပါ ။ ဥပမာအားဖြင့် အမေရိကန် အမျိုးသမီးတစ်ယောက်ဟာ လက်မထပ်ခင်မှာ လူဦးရေ (၈၀) လောက်ကို နမ်းပြီးခဲ့ပြီတဲ့၊ social kiss လို့ခေါ်တဲ့ နှုတ်ခွန်းဆက် အနမ်းလေးတွေလဲပါမှာပေါ့ ၊ ၅၀ % သော အသက် ၁၄ နှစ် အောက် ငယ်သူများဟာလည်း နမ်းဖူးနေကြပြီ ၊ သိတယ်မဟုတ်လား သူတို့ဆီကတော့ သိပ်လွပ်လပ်တယ်လေ ၊ ဒါပေမယ့် အဲဒီလွပ်လပ်တဲ့ နိုင်ငံမှာကိုပဲ တချို့နေရာတွေမှာ မနမ်းရ ဆိုပြီး သတိပေး ဆိုင်းဘုတ် ချိတ်ထားတာတွေ ရှိတယ်ဆိုတာ သိရတော့ အံ့သြရပြန်ပါရော ၊ အသွားအလာ ရှုပ်ထွေးတဲ့ နေရာမျိုးတွေမှာ သွားလာနေတဲ့ သူတွေကို အနှောက်အယှက် ဖြစ်မှာ စိုးလို့ပါတဲ့ နောက်ဆုံးတင်ထားတဲ့ အကြာဆုံး အနမ်းစံချိန်ကတော့ ၃၁ နာရီ ၃၀ မိနစ်နဲ့ စက္ကန့် ၃၀ ကြာတဲ့ လန်ဒန်က စုံတွဲ တစ်တွဲ ဖြစ်ပါတယ် ၂၀၀ ၅ ခုနှစ်က တင်ထားတဲ့ စံချိန်ပါ ။

အနမ်းတွေကို လွပ်လွပ်လပ်လပ် ပေးနေကြတဲ့ နိုင်ငံတွေဆိုတော့ သူတို့ဆီကပဲ အဲဒါတွေကို စခဲ့လေမလားလို့ စပ်စုကြည့်မိပြန်တော့ လုံးဝလုံးဝ လွဲသွားရပြန်ပါတယ် ၊ အနမ်းတွေကို လူတွေ ဘယ်တုန်းက စတင်ခဲ့တယ်ဆိုတာ သမိုင်းပညာရှင်တွေ မပြောနိုင်ကြဘူး ၊ စာပေအထောက်အထားအရတော့ BC 1500 လောက်ကတည်းက ရေးထားတဲ့ အန္ဒိယနိုင်ငံက သက္ကတဘာသာ ကျမ်းတစ်စောင်မှာ တွေ့ရတယ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ လောက်ကတည်းက အာရှမှာ တွင်တွင်ကျယ်ကျယ်ကြီး နမ်းနေခဲ့ကြပြီပေါ့ ၊ နောက်တစ်ခါ BC 300 လောက်မှာ ကတည်းက ရှိနေခဲ့တဲ့ သျတ္တရ ကျမ်းမှာ အနမ်း အမျိုးပေါင်း ၃၀ ကျော် ကို မှတ်တမ်းတင်ထားခဲ့တယ်ဆိုပဲ ၊ အဲဒီအထဲမှာ fighting of tongue လို့ အဓိပ္ပါယ်ရတဲ့ အနမ်းတစ်မျိုးတောင် ပါ..ပါသေးလား ၊ ဒါဆို လျှာကလဲ ပါလာပြီလို့ ဆိုရမှာပါ ၊ BC 326 မှာ ဂရိဘုရင် Alexander the Great ဟာ အိန္ဒိယကို တိုက်ခိုက်ပြီးတဲ့အခါမှာ ၊ အိန္ဒိယမှာ ထွန်းကားနေတဲ့ အနမ်းတွေကို ဥရောပကို သယ်ဆောင်သွားခဲ့တယ်လို့ ဆိုကြပါတယ် ။

စပ်စုမိပြီဆိုမှတော့ တော်တော်လေး ပြည့်စုံအောင် စပ်စုမှတော်ကာကျမယ်ထင်ပါရဲ့ ၊ ဒါနဲ့ပဲ အနမ်းတွေ အမျိုးပေါင်းဘယ်လောက် နာမည်တပ်ထားတာ ရှိသလဲ ၊ လူတွေ နမ်းကြတဲ့အခါ ဘယ်လိုပုံရှိသလဲ ၊ ကျန်းမာရေး လူမှုရေး စတာတွေ အတွက်ကော ကောင်းရဲ့လား စတဲ့ အဲလိုအချက်တွေကို စပ်စုမိတဲ့အခါ စိတ်ဝင်စားဖို့ ကောင်း တာကို တွေ့ရပါတယ် ။

ဂျာမန် တက္ကသိုလ်တစ်ခုက အတွဲရာပေါင်းများစွာရဲ့ နမ်းကြပုံတွေကို လေ့လာတဲ့အခါမှာ ၃ ပုံမှာ ၂ ပုံသော အတွဲများဟာ နမ်းနေစဉ်မှာ ခေါင်းကို ညာဖက်စောင်းထားကြပြီး အများစုက မျက်စေ့ကို မှိတ်ထားကြတယ်လို့တွေ့ရပါတယ် ၊ တွေ့ရတဲ့ အချက်တော်တော်များများကတော့ အနမ်းလေးတွေဟာ ဆေးဖက်ဝင်ပါတယ် ၊ နမ်းတဲ့ အခါ စိတ်တင်းကြပ်မှု Tension နဲ့ စိတ်ဖိစီးမှု Stress ကိုလျော့ပါးစေတယ် ၊ ပါးစပ်နဲ့သွား ရဲ့ ကျန်းမာရေးကို ပိုကောင်းစေတယ် ၊ နှလုံးကနေ သွေးကိုပိုပြီး ညှစ်ထုတ်ပေးလို့ နှလုံးနဲ့သွေး ကြောစနစ်ကိုကောင်းမွန်စေတယ်၊ ရင်ခုန်စေတဲ့ အနမ်းဆိုတာအမှန်ပါပဲ ၊ နှလုံးခုန်တာကို မြန်စေတယ် ၊ သွေး ဖိအားကို တစ်မိနစ်မှာ အကြိမ်တစ်ရာ ပိုလာစေတယ် ၊ နမ်းပုံ အမျိုးမျိုးပေါ်လိုက်ပြီး မျက်နှာပေါ်က ကြွက်သားတွေ ၂ ခုကနေ ၃ ၄ ခုလောက်ထိ အလုပ်လုပ်ရတယ် ၊ မျက်နှာပေါ်က ကြွက်သားတွေကို လေ့ကျင့်ခန်းတစ်ခု လုပ်လိုက်သလို ဖြစ်လို့ မျက်နှာမှာ အရေးအကြောင်းတွေကို လျော့စေတယ် ၊ နှစ်ယောက်စလုံးရဲ့ လျှာပေါ်မှာရှိတဲ့ အမျိုးပေါင်း ၂၇၃ မျိုး ရှိပြီး အရေအတွက် သန်းပေါင်းများစွာသော ဘက်တီးရီးယားတွေကို ဖလှယ်ကြတယ် ၊ အဲဒီအထဲက ၉၅ % လောက်ဟာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေဖြစ်လို့ နမ်းဖို့အတွက် ကြောက်စရာ မလိုဘူးနော်။

ဒီထက်ပိုပြီး အသုံးဝင်တာတွေ ရှိသေးတယ် ၊ တစ်ခါနမ်းရင် ၆.၄ ကယ်လိုရီလောက် လောင်ကျွမ်းစေပြီးတော့ တစ်မိနစ်လောက်နမ်းရင် ၂၆ ကယ်လိုရီလောက်ကိုကုန်ဆုံးစေတယ် ၊ အဲဒီပမာဏဟာ ၅မိနစ်လောက် လမ်း လျှောက်ရတဲ့ လေ့ကျင်ခန်းလုပ်တာနဲ့ အတူတူပဲ ၊ ၀တဲ့သူတွေအဖို့တော့ ပိန်ဆေးတစ်မျိုး ရပြီပေါ့ ၊ Matrimonial လို့ခေါ်တဲ့ စစ်တမ်းကောက်သူများရဲ့ လေ့လာချက်တစ်ခုမှာ တွေ့ရတာက မနက်ခင်းတိုင်းမှာ ကိုယ့်ရဲ့ ဇနီးကို နမ်းပြီး အလုပ်သွား တဲ့ သူတွေဟာ ပျမ်းမျှဝင်ငွေပိုကောင်းပြီး အသက်လည်း ၅ နှစ်ပို ရှည်စေတယ်လို့ ဆိုပါတယ် ၊ ကဲ ၀င်ငွေတိုးပြီး အသက်ရှည်ချင်သူတွေကို လက်တို့လိုက်ပါတယ် ၊ ဒီနည်းလေးကို စမ်းသုံးကြည့် ကြ ပါလို့ ။

ဘာဖြစ်လို့ အသက်ကို ပိုရှည်စေသလဲဆိုတော့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေး နှစ်ခုစလုံးကို ရစေတဲ့ အတွက်ပါ ၊ အနမ်းဟာ အထက်မှာ ပြောခဲ့သလိုပဲ စိတ်တင်းကျပ်မှုတွေ ၊ စိတ်ဖိစီးမှုတွေကို လျော့စေတယ် ၊ စိတ်ကို သာယာကျေနပ်မှု ဖြစ်စေတယ် ၊ နှလုံးကို ပိုခုန်စေတဲ့အတွက် သွေးလှည့်ပတ်မှုကို မြန်စေတယ် ၊ အောက်ဆီဂျင်ကို ပိုပြီးရစေတယ် ၊ နမ်းနေတဲ့ အချိန်မှာ နာခေါင်း နှုတ်ခမ်း ၊ မျက်နှာပေါ်က အာရုံကြောတွေကနေ ခံစားရတဲ့ အချက်အလက်တွေကို ဦးနှောက်ဆီကို သတင်းပို့လိုက်တယ် ၊ ယုံချင်ရင်ယုံပါ နှုတ်ခမ်းလေးတွေဟာ လက်ချောင်းလေးတွေထက် ခံစားမှုကို အဆ (၁၀၀) ထိ ပိုပြီး သိနိုင်ပါသတဲ့ ၊ သတင်းပို့ချက် ရလိုက်တဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်ဆီကို သူနဲ့ ဆက်နွယ်တဲ့ ဟော်မုန်းဓါတ်တွေ ထုတ်ပေးဖို့ အမိန့် ပေးလိုက်ပြန်ပါတယ် ၊ အဲဒါတွေကတော့ Oxytocin, Dopamine , Serotonin နဲ့ Adrenaline တို့ ဖြစ်ပါတယ် ။

Oxytocin က တွယ်တာမှုသံယောဇဉ် ၊ ယုံကြည်ကိုးစားမှု နဲ့ ချစ်ခင်နှစ်သက်မှုတွေကို ဖြစ်စေတယ် ၊ Oxytocin တွေတိုးပွားလာတဲ့အခါ လူရဲ့ ကိုယ်ခံအားစံနစ်ကို ပိုကောင်းစေတယ် ၊ Dopamine ကတော့ သာယာတဲ့ ခံစားမှု အာရုံတွေကိုဖြစ်စေတယ် ၊ စေ့ဆော်မှုတွေကိုဖြစ်စေတယ် ၊ Dopamine လျော့နည်းနေရင် မှတ်ဥာဏ်မကောင်း တာ ၊ အာရုံမစူးစိုက်နိုင်တာ ၊ အပြုအမူတွေ ပရမ်းပတာဖြစ်တာ၊ အလွဲလွဲအချော်ချော်ဖြစ်နေတာ စတဲ့ဆိုးကျိုး တွေကိုရလာနိုင်ပါတယ် ။

Serotonin ကတော့ လူရဲ့ ဇီဝဖြစ်စဉ်တွေကို ပုံမှန်ဖြစ်စေတယ် ၊ သူကျဆင်းနေရင် စိတ်ဓါတ်ကျဆင်းမှုကို ဖြစ်စေတယ် ၊ ပုံမှန်ထက် အနည်းငယ်မြင့်နေမယ်ဆိုရင်တော့ စိတ်တက်ကြွမှုကို ရရှိစေတယ် ၊ Adrenaline ကတော့ နှလုံးခုန်နှုန်းကို အားကောင်းစေပြီးသွေးဖိအားကို မြင့်စေတယ် ၊ လုပ်ဆောင်မှု (performance) ကို မြင့်မားစေတယ် ၊ အချို့သော အားကစားသမားတွေဟာ စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက် Adrenaline ဆေး ကို သုံးစွဲကြတယ် ၊ ဒါပေမယ့် ပင်ကိုယ်စွမ်းဆောင်ရည်ကသာ အမှန်ဖြစ်တဲ့အတွက် အဲဒီဆေးကိုသုံးစွဲမှု တားမြစ်ထားပါတယ် ၊ ဒါလောက်ဆို အနမ်းလေးတွေက တော်တော်ခရီးရောက်တယ်ဆိုတာ သိလောက်ပါပြီ ။
အဲဒီလို အစွမ်းထက်တဲ့ အနမ်းတွေကို အမျိုးမျိုးနာမည်ပေး ထားတာလေးတွေကိုလည်း ပြောပြချင်ပါသေးတယ် ၊ ရှေးရောမခေတ်က အနမ်းတွေကို သုံးမျိုးခွဲခဲ့တယ် ။

အဲဒါတွေကတော့

(၁) Osculum တဲ့ ပါးလေးကို နမ်းတာ ၊
(၂) Basium ဆိုတာက နှုတ်ခမ်းလေးတွေကို နမ်းတာ
(၃) Savolium ဆိုတာကတော့ deep kiss တဲ့ ၊ ဘာသာပြန်ဖို့ အခက်အခဲ ရှိတာကြောင့် အင်္ဂလိပ်အတိုင်းပဲ ထည့်ပေးလိုက်ပါတယ် ၊ deep kiss ဆိုတာ ဘယ်လိုများပါလိမ့် သိချင်စရာပဲနော် ၊ အခုခေတ်မှာတော့ အနမ်းတွေက နည်းပေါင်းတော်တော်များလာပါပြီ ၊ ဗဟုသုတ အဖြစ်နဲ့ သိသမျှ အနမ်းတွေကို အောက်မှာ ဖေါ်ပြလိုက်ပါတယ် ၊ ထူးခြားတယ်လို့ ထင်တဲ့ အနမ်းလေးများကိုပဲ အဓိပ္ပါယ်ဖွင့်ပေးလိုက်ပါတယ် ။

(၁) Butterfly kiss နှာခေါင်းတို့ ပါးစပ်တို့ မပါပဲနဲ့ မျက်တောင်လေးတွေနဲ့ပဲ လိပ်ပြာလေး တောင်ပံခတ်သလို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ရဲ့ပါးပြင်ပေါ်ကို ထိခတ်စေတာ
(၂) Eskimo Kiss ဒါကတော့ နှာခေါင်းလေးတွေချည်းပဲ ဘယ်ညာခတ်ပြီး တွတ်ထိုးတာ
(၃) Platonic kiss ( Socratic kiss ) ပါးပြင်ပေါ် နမ်းတာလေးပါ
(၄) Good night kiss အမေက သားသမီးလေးတွေကို သိပ်တဲ့အခါ နမ်းတဲ့အနမ်းပါ ၊ ဒါမှမဟုတ် အိပ်ခန်းထဲကို မပို့ခင် Good night လို့နှုတ်ဆက်ပြီး နမ်းတဲ့အနမ်းပါ
(၅) Wake up kiss မနက် အိပ်ယာက နှိုးတဲ့ အနမ်းလေးပေါ့
(၆) Eye Kiss
(၇) Ear Kiss
(၈) Forehead kiss
(၉) Angel kiss
(၁၀) Shy Kiss
(၁၁) Passionate Kiss
(၁၂) Static Kiss
(၁၃ )Open-Mouth Kiss
(၁၄) Combination Bite & Kiss
(၁၅) Tease Her Kiss
(၁၆ ) Body Kiss
(၁၇) Swoon Kiss:
(၁၈) The Rocking Kiss
(၁၉) Upside-down Kiss
(၂၀) French Kiss ( Soul Kiss )
နောက်ထပ်အများကြီး ရှိပါသေးတယ် ၊ ရေးရင် မကုန်နိုင်လို့ ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ် ၊ ကိုယ်ပိုင် အနမ်းလေးတွေ ရှိရင်လည်း ပြောပြကြပါ ၊ အခုတော့ ဖတ်လာရတာ တော်တော်လေး ရှည်သွားပြီမို့ ဒီလောက်နဲ့ ပဲ ရပ်ပါရစေ။နွေးထွေး ချိုမြိန်သော အနမ်းများ ဖူးပွင့်ဝေဆာနိုင်ကြပါစေ .....

ဦးလေးကြီး(or) KWNO
ကျွန်မဘလော့ကို လာလည်ရင်း၊ ကျွန်မ နာမည်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးကိုတင်ပေးဖို့ တောင်းဆို မေလ်းပို့လာတဲ့အတွက် တင်ပေးရခြင်းဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးအဖြစ် ပဲမြင်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဦးလေးကြီး ဆိုတဲ့သူကိုလည်း ကျေးဇူးပါလို့ ..။

14 ယောက်ဆွေးနွေးချက်:

kiki said...

စာတွေတောင်ဖွဲ့ ထားရတဲ့  အနမ်းများစွာနဲ့ အနမ်းရေ ..
ပြောတော့သာ အနမ်းတဲ့ ..
အပြောနဲ့ မယုံပါ ...
လက်တွေ့ မှ ယုံပါမယ်..

အနမ်းတွေကို သက်သေပြပါဗျို့  ။

ကိုလူထွေး said...

အနမ်းက အနမ်းတွေအကြောင်း စာဖွဲ့တာ ပြည့်စုံပါ့...

အနမ်းတပွင့်က စကားလုံးတထောင်နဲ့ ညီမျှတယ်ဆိုရင် နောက်ဆို ကိုလူထွေးဘလော့မှာ စာမရေးတော့ဘူး... ပင်တောင် ပင်ပန်းသေး... ဟေးဟေး

းဝ))))))

သူကြီးမင်း (တုံးဖလား) said...

အမအနမ်းရဲ့  အနမ်းနည်းပေါင်းစုံကို အနမ်းလေ့ကျင့်ခန်းပြုလုပ်ဖို့ စိတ်ဝင်စားစွာ ဖတ်ရှုသွားပါတယ်။

အနမ်းများဖြင့် မမအနမ်းဘ၀ ပျော်ရွှင်နိုင်ပါစေ။

Yu Ya said...

မအနမ်းရေ... Kiss နဲ့ ပက်သက်တဲ့ တခြားဗဟုသုတလေးတွေ ထပ်ထည့်ပေးလိုက်တယ်ဗျို့ ။

Kiss something goodbye - [IDM]
ရေစက်သာ ချလိုက်ပေတော့

The Kiss of Death - [IDM]
စောင်မမှ ထောင်ကျခြင်း

Kiss of the Life [sing]
နှုတ်ခမ်းချင်းတေ့၍ အသက်ရှုအားကူနည်း

Dream said...

woowow.... so many kisses

ဟီးး... တီတီနမ်းကလဲ အနမ်းတွေများတာ အခုမှ သိတော့တယ်။ ရော့...ကျန်းမာရေး ကောင်းအောင် အနမ်းပေါင်းတသိန်းပေးခဲ့တယ်...ယူ..
အဟီးးးးးးး
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အမြှောက်တသိန်းနော်...

မိုးစက်အိမ် said...

အနမ်းအကြောင်းကို တော်တော် လေး ဖတ်ထား
ရှာထားရတာဘဲ ... အမက အချိန်အကြာ
ကြီးစုထားတာ ကျွန်တော်တို.က ခဏလေး ဖတ်
ရတာပါ ... အဲအတွက်ကျေးဇူးပါအမရေ ...
အဲတခုတော. ပြောခဲ.မယ်နော်
သတိ...အနမ်း မနမ်း ရ :D :P

ရွှေပြည်သူ (ShwePyiThu) said...

အနမ်းတွေအကြောင်း တော်တော်လေးကို ပြည့်စုံပါတယ် အစ်မအနမ်းရေ... အနမ်းတွေဟာ ချစ်သူတွေအတွက်မှ မဟုတ်ဘဲ မိသားစုတွေ ချစ်ခင်ရင်းနှီးသူတွေ အချင်းချင်းရဲ့ မေတ္တာပြယုတ်လည်း ဖြစ်တာကြောင့် စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ လူတွေရဲ့ အပြုအမူတစ်ခုပါပဲ အစ်မ။ စိတ်ဝင်စားစရာ ပို့စ်တစ်ပုဒ်ပါ အစ်မ...း)

နွေဆူးလင်္ကာ said...

ကျေးဇူးပဲဗျာ အနမ်းဗဟုသုတ ရတာပေါ့။

ကောင်လေးငယ် said...

အမ အနမ်းရေ အနမ်းတွေအကြောင်း ပြောထားတာ တော်တော်စုံတယ်နော်... ဗဟုသုအဖြစ်မှတ်သွားပါတယ်
နောင်တချိန် ကိုယ်ပိုင်ရှိမှပဲ .. လေ့ကျင့်ကြည့်လိုက်မယ်
ကျေးဇူးပါနော်

ဆောင်းနှင်းဝေ said...

အော်..... အနမ်းတဲ့လား?ဟီး....
အနမ်းတွေကဝေေ၀
ပန်းတွေကကြွေ
အနမ်းလေးမြေခ
ကြွေကျခဲ့ရင်
အလွမ်းသီချင်းဆို
လွမ်းချင်းကြိုလိုက်မယ်
.....အို.....
အနမ်းတချက်
လွမ်းတစ်သက်မို့
မနမ်းရက်ပါ
ချစ်သက်လျှာ....
မအနမ်းရေ အဆင်ပြေပျော်ရွှင်ပါစေနော်....

ဂျေဂျူဝိုင် said...

ဟာ မိုက်တယ်။ ကျန်းမာရေး လိုက်စားချင်တဲ့သူတွေ အတွက် ငွေကုန်ကြေးကျ နည်းတဲ့ နည်းလည်းဖြစ်တဲ့ အနမ်း (လူကို မဟုတ်ပါ)ကို အသုံးပြုချင်ပေမယ့်

Anonymous said...

မမ အနမ်းလေး.. အဲ့လိုမျိုး အကုန်နမ်းဖူးလားဟင် ? :)

သဇင်ဏီ said...

ဗဟုသုတစုံပါပေတယ်..း)

အဖြူရောင်နတ်သမီး said...

“အနမ်းတွေအကြောင်း” သိသွားပြီ...
“နမ်း”လိုက်ပါအုံးမယ်ရှင့်....
အဲ...မှားလို့....ပြန်လိုက်ပါအုံးမယ်ရှင့်....
...................................................
ရွှင်လန်းချမ်းမြေ့ပါစေ မနမ်းရေ.....