မောင်လေး ၄ယောက်ရှိလေသည်။


ကျွန်မမှာ အစ်ကိုတစ်ယောက်နဲ့ ညီမနှစ်ယောက်ရှိတာပါ။ အစ်ကိုဆိုတော့ အစ်မ တစ်ယောက်ရှိတာနဲ့ တော့ဘယ်တူမလဲ။ အစ်မသာဆိုရင် အစစအရာရာ ကိုယ်ကအားကိုး တကြီးပြောဆိုတိုင်ပင်လို့ ရမယ်လေ။ အစ်ကိုဆိုတော့ ဘာသိဘာသာပေါ့။ သူလုပ်တဲ့အလုပ် မှာ အချိန်ကုန်နေတတ်တာများတယ်။ ပြီးတော့ ကျွန်မရဲ့  အစ်ကိုက စကားများများလည်း မပြောဘူး။ သူစိတ်လိုတဲ့အချိန်နဲ့ ပြောစရာကိစ္စထွေထွေထူးထူးရှိတဲ့အချိန် မှာသာ အရေးတယူစကားပြောလေ့ရှိတယ်။ ကျန်တာကတော့ သူ့ ကိစ္စနဲ့ သူ လုံးလည်ချာလည်ပဲ။ အခုတော့ဝေးနေလို့ လားမသိဘူး၊ လိုင်းထဲကနေ ကျွန်မတို့ ညီအစ်မကို မတွေ့ ရင် ဘာဖြစ် သလဲဆိုပြီး ဖုန်းလှမ်းဆက်မေးရှာလေရဲ့ ။ အဖေမရှိတော့လည်း အစ်ကိုကြီးဆိုတော့ အဖအရာ ပါပဲ။ ကျွန်မတို့ က လည်းကိုးလာမိကြပါတယ်။

ကျွန်မအောက်ကတော့ ညီမနှစ်ယောက်ပေါ့။ ကျွန်မအောက်က ညီမတစ်ယောက်ကတော့ ကျွန်မနဲ့  အသက်၂နှစ်လောက်သာကွာတယ်။ အငယ်ဆုံးနဲ့ တော့ အသက်တော်တော်ကွာ သွားတယ် အမေက အသက်ကြီးမှ (မမွေးတော့ဘူးလို့ ထင်ထားကြတာမှာ)မွေးလိုက်တာပေါ့ ။ အဲဒီတုန်းကဆို ကျွန်မတို့ ညီအစ်မနှစ်ယောက်နဲ့ အမေ၊ အဖေတို့ ရွှေတိဂုံဘုရားမှာ သားဆုပန် သေးတယ်။ အမေကလည်း နောက်ထပ်သားလိုချင်၊ ကျွန်မတို့ ညီအစ်မ၂ယောက်ကလည်း မောင်လေးလိုချင်တာကိုး။ လူ့ ရဲ့ အလိုဆန္ဒတွေကလည်း အများသားလား။ ဆုတောင်းတိုင်း လည်းရတာမဟုတ်ဖူး ဆိုတာသိရဲ့ သားနဲ့ လေ။ ခက်တာက အဲဒီတုန်းက အယ်ထရာဆောင်း တို့ ဘာတို့ ကမပေါ် သေးတော့လည်း မွေးမှပဲ မိန်းခလေးဆိုတာ သိရတာပဲ။

အဲဒီတော့ မောင်လေးအရူးဖြစ်နေတဲ့ ကျွန်မက မောင်လေးမရတော့ဘူးပေါ့ဆိုပြီး နောက်ထပ် ညီမတစ်ယောက်ကိုပဲလက်ခံလိုက်ရသလို၊ အဖေ၊ အမေတို့ ကလည်း သားလေးမရတာကို မကျေမနပ် မဖြစ်ခဲ့ကြပါပဲ နောက်ထပ်သမီးတစ်ယောက်ကိုသာ ကြိုဆိုရတာပဲလေ။ ဒါပေမယ့် အမေ့ညီမ(အဒေါ်) ကမွေးတဲ့ ကျွန်မနဲ့ တစ်နှစ်သာကွာ တယ်ဆိုတဲ့ ညီမ၀မ်းကွဲကလည်း သူ့  မှာညီမတစ်ယောက်ရှိပြီး၊ သူကလည်း ကျွန်မလိုပဲ မောင်လေးလိုချင်နေသူပါ။ ကျွန်မတို့ မူလ တန်းကြီးရောက်တော့ သူ့ အမေကလည်းဗိုက်ထပ်ရပါတယ်၊ အဲတော့ သူ့ အမေက ယောကျာင်္း လေးမွေးမယ်ပေါ့ဆိုပြီး ကျွန်မကိုပြောပါတယ်။ သူကတော့ မောင်လေးရမယ်ပေါ့ဆိုပြီး သေချာ တဲ့ပုံနဲ့ ကျွန်မကိုကြွားနေလေရဲ့ ။

တကယ်ပဲ အဒေါ်ကမွေးတော့ယောကျာင်္းလေးပါ၊ သူကတော့မောင်လေးရလို့ ပျော်သွားတယ်။ ကျွန်မကလည်း မောင်အရင်းမဟုတ်ပေမယ့် ၀မ်းကွဲမောင်လေးပေါ့။ အဒေါ်က အသက် ၄၀ လောက်မှာ နောက်ထပ်တစ်ယောက်မွေးတာကလည်း ယောကျာင်္းလေး၊ အဲတော့ သူက ညီမ တစ်ယောက်နဲ့ မောင်နှစ်ယောက်ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်မနဲ့  ၀မ်းကွဲမောင်လေးတွေ ရင်းရင်းနှီးနှီးမနေခဲ့ရဘူး။ သူ့ အိမ်ကိုယ့်အိမ် သွားလည်တာကလည်းနည်းပြီး၊ ကျွန်မတို့ က ကျောင်းစာနဲ့ လုံးပန်း နေတဲ့အချိန်လည်းဖြစ်ခဲ့တယ်။ ကျွန်မနဲ့ တစ်နှစ်သာကွာတဲ့ ညီမနဲ့ က တော့ တစ်တန်းတည်း တစ်ကျောင်းတည်းဆိုတော့ ကျောင်းကိုအမြဲအတူတူတက်နေကျမို့  သူနဲ့ ကတော့ ညီမလိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုးဖြစ်နေခဲ့တယ်။ မောင်လေးတွေအရွယ် ရောက်လာချိန်ကျတော့ သူတို့ ကလည်း ကိုယ့်အမတွေလို့ သိလာခဲ့ပြီးမှ ခင်ခင်မင်မင် ဖြစ်လာကြတော့တာ။ ခုတော့လည်း သူတို့ လေးတွေက ကိုယ်စီကိုယ်စီ အဝေးတစ်နေရာဆီ ရောက်နေကြပြီး ကိုယ့်ဘ၀နဲ့ ကိုယ် ရှင်သန်နေကြရတယ်လေ။

ထားပါတော့။ ကျွန်မပြောချင်တာက ခုချိန်မှာ ကျွန်မအဖို့ မောင်အရင်းတွေလိုသဘောထားတဲ့ မောင်လေးတွေရနေကြောင်းကိုပြောချင်တာပါ။ ငယ်ငယ်ကတည်းက မောင်လေးလိုချင်တဲ့ ရူးသွပ်မှုက အခုကျွန်မဆန္ဒပြည့်ဝခဲ့ကြောင်းလေးပါ။ အိုင်တီခေတ်ကြီးထဲရောက်တဲ့အခါမှာ သူငယ်ချင်းတွေပေါများလာနိုင်သလို ၊ မောင်နှမတွေလိုချစ်ခင်ကြတဲ့သူတွေလည်း ရှိကြပါလိမ့် မယ်။ အွန်လိုင်းဆိုတဲ့ ကမ္ဘာရပ်ရပ်နဲ့ ဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းကနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှာနိုင်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မို့ ကောင်းတဲ့သူတွေရှိသလို၊ မကောင်းတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မသူငယ်ချင်း၊ မိတ်ဆွေရတာ ကံကောင်းတယ်လို့ ပြောရမယ် ။ ကျွန်မသိခဲ့တဲ့ သူတွေအားလုံးမဟုတ်ပေမယ့်၊ ကျွန်မ ခင်မိ တဲ့ ကျွန်မကို ခင်လာကြတဲ့သူတွေပေါ့။ သူတို့ တစ်တွေအားလုံး မိတ်ကောင်းဆွေကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။

အဲဒီသူတွေထဲကမှ ကျွန်မအတွက် မောင်အရင်းလိုချစ်ခင်ရတာ ၄ယောက်ရှိပါတယ်။ မောင်လေး၎ယောက်စလုံး ကျွန်မအပေါ်ကောင်းကြတယ်။ တစ်ခါတစ်လေ ကျွန်မတို့ နောက် ပြောင်ကြတယ်။ တစ်ခါတစ်လေ ကျွန်မက သူတို့ ကိုခိုင်းစားတယ်။ ကွန်ပျူတာနဲ့ ပတ်သတ် လို့ ကျွန်မမလုပ်တတ်တဲ့အပိုင်းတွေ ဟိုလုပ်ခိုင်း၊ ဒီလုပ်ခိုင်း၊ လိုချင်တဲ့သီချင်းတွေရှာခိုင်း။ သူတို့ ကလည်း ကျွန်မကိုမငြူမဆူပါပဲ၊ လုပ်ပေးကြတယ်။

အများဆုံး ကျွန်မခိုင်းတာကိုလိုင်းထဲကနေ မညည်းမညူလုပ်ပေးရတာကတော့ ရုရှားက မောင်လေးပါပဲ။ သူ့ ကိုဆို ကျွန်မ တော်တော်နိုင်တယ်။ “ဟေ့ မင်းကောင်မလေးနဲ့  နောက်မှ ပြော၊ မင်းအစ်မ ငါ ခိုင်းတာအရင်လုပ်ပေး” ထမင်းချက်၊ ဟင်းချက်နေတယ်ဆိုလည်း “ထမင်းက စားနေကျ ထမင်းတနပ်မစားရလို့  ဘာမှမဖြစ်ဘူး. ဒီမှာအရေးကြီးတယ်၊ မေးတာကို အရင်ဖြေ” စသည်ဖြင့် အနိုင်ကျင့်နေကျပါ။ သူက ညပိုင်းကိုအမြဲလို လိုင်းထဲရှိနေ တာကိုး။ ကျွန်မအပြစ်မဟုတ်ဖူးနော်။း)သူ့  ကောင်မလေးသိရင်တော့ ကျွန်မကိုမုန်းမလားပဲ။ သူနဲ့ သိတာဆိုရင် ၂နှစ်ကျော်လောက်ရှိပါပြီ။

နောက်တစ်ယောက်က လန်ဒန်မှာစာသင်နေတဲ့ မောင်လေး။ သူ့ ကိုသိတာလည်း ၁နှစ်ကျော် ၂နှစ်နီးပါးပါပဲ။ သူ က ကျွန်မကို စသိသိချင်း ချစ်မမလို့ ခေါ်တော့၊ ဟဲ့ ဘယ်လိုပါလိမ့်လို့  ထင်မိသေး။ နောက် စကားပြောရင်းမှ သူ့ ရဲ့ နောက်ပြောင်တတ်မှုနဲ့ ရိုးသားမှုတွေ က ပေါ်လွင်လာတယ်။ ဒါနဲ့ ကျွန်မလည်း နောက်ပိုင်း သူ့ ကို ချစ်မောင်လေး ဆိုပြီး နောက်နောက် ပြောင်ပြောင်ပြန်ခေါ်ရင်းက ခုထိ အဲလိုပဲခေါ်နေမိတော့တယ်။ သူက အသိပညာဗဟုသုတ ကြွယ်ဝတယ်။ ညာဏ်ရည်ကောင်းတယ်။ သူ့ ရေးတဲ့စာတွေလည်းကောင်းတယ်။ ဘလော့မှာ စာတွေရေးနေတယ်လေ (အလင်းတန်း) နဲ့ ပေါ့။း) သူလည်း ကျွန်မရဲ့  ဟိုမေး ဒီမေးကိစ္စတွေ ကို မအားတဲ့ကြားကပြောပြပေးရသူပါပဲ။ တစ်ခါတစ်ရံ ကျွန်မ တုံးလွန်းအလွန်းလို့  အမ ကိုယ့် ဖာသာလုပ်တော့လို့ ပြောတတ်ပါတယ်။ ပျော်ပျော်နေတတ်သူဖြစ်ပြီး ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေသူပေါ့။ တစ်ခါကဆို ကျွန်မနဲ့ လိုင်းထဲမှာစကားပြောရင်း သူ့ ကောင်မလေး ခေါ်တာကိုလည်းကိုင်ပြီး၊ ကျွန်မကိုလည်း လိုင်းမချပစ်လို့ သူ့ အသံတွေအတိုင်းသားကြားကာ ရယ်ရပါသေးတယ်။ နောက်တော့ ကျွန်မကပဲ ချပစ်လိုက်ရတယ်။ အဲလောက်ထိဆိုးတား) မောင်လေးရေ…ဖော်ကောင်လုပ်လိုက်ပြီ၊ မကျေနပ်ရင်တရားစွဲတော့ ။

တတိယမြောက် သူကတော့ ကျွန်မအကြောင်းကိုအများဆုံးသိသူပါ။ ရန်ကုန်မှာနေတာဖြစ်ပြီး အပြင်လောကမှာပါတွေ့ ဆုံခင်မင်ခဲ့ခြင်းကြောင့်လည်း၊ ကျွန်မနဲ့ အရင်းနှီးဆုံး ဖြစ်သွားခဲ့တယ်။ သူနဲ့ သိတာက မနှစ်ကကျွန်မမွေးနေ့ အလိုတစ်ရက်မှာပါ။ မေလ်းပို့ ခြင်းနဲ့  သူကမိတ်ဆက် လာတယ်။ စသိကတည်းက သူ့ ရဲ့ မှန်မှန်ကန်ကန်ပြောဆိုမှု နဲ့ ရိုးသားမှုကထင်ရှားပါတယ်။ ရန်ကုန်မှာဖြစ်တာကြောင့်လည်း ကျွန်မဆီအမြဲလိုဖုန်းဆက်ပြီး၊ အစ်မ တစ်ယောက်လို ဂရုတစိုက်ရှိခဲ့ပါတယ်။ သူ့ ပြဿနာများကို ရင်ဖွင့်တတ်သလို၊ ကျွန်မ ဆုံးမရင်လည်း အမကပါ ဆူပြန်ပါပြီလို့ ပြောတတ်ပါတယ်။ အဲလိုပြောပေမယ့်လည်း ကျွန်မပြောတာကို နားထောင် ပါတယ်။ ကျွန်မကိုယ်တိုင်မလုပ်နိုင်တဲ့ ကိစ္စများနဲ့  ကျွန်မရဲ့ လိုအပ်ချက်တွေတိုင်းကို ကူညီပေးဖို့ အမြဲအဆင်သင့်ရှိနေသူတစ်ဦးပါ။ တစ်ခါတစ်လေ ကျွန်မကျန်းမာရေးနဲ့ ပတ်သတ် လို့ ဆေးရုံရောက်တဲ့အခါ အဖော်လာလုပ်ပေးပါသေးတယ်။ ခုဆို သူနဲ့ သိတာတစ်နှစ် တင်းတင်းပြည့်သွားခဲ့ပြီပေါ့။

လေးယောက်မြောက် မောင်လေးလို့ ပြောရမယ်၊ သူနဲ့ က နောက်ဆုံးမှ ခင်မင်ရင်းနှီးတာလည်း ဖြစ်တယ်။ အဲဒီမောင်လေးနဲ့ သိတာအချိန်ကာလအားဖြင့် ၄လသာရှိပါလိမ့်အုံးမယ်။ ဒါပေမယ့် သူနဲ့ ကလည်း ဘယ်လိုရေစက်ကြောင့်ရယ်မသိ၊ တကယ့်မောင်အရင်းတစ်ယောက်လိုပဲ စိတ်ထဲကခံစားရတယ်။ သူကလည်းအဲလိုပါပဲ၊ ကျွန်မကို အမကြီးတစ်ယောက်လို အားကိုး အားထားပြုပြီး ခင်တွယ်ရှာတယ်။ ကျွန်မပြောလိုက်တဲ့စကားတွေကိုလည်း လက်ခံတယ်၊ ကျွန်မနဲ့ အယူအဆတွေ တော်တော်လေးတူတယ်။ သူ့ ကိုတော့ ကျွန်မသိပ်မခိုင်းဖြစ်ဘူး။ သူကလည်း သူ့ အလုပ်မှာအချိန်ကုန်တာများတယ်။ အလုပ်သွားခါနီးနဲ့ အလုပ်အားခိုက် အချိန်လေးသာအွန်လိုင်းထဲတွေ့ နိုင်တဲ့သူ။ သူအခု အလုပ်လုပ်နေတာက ကိုးရီးယားနိုင်ငံ ။ သူ့ အကြောင်းသိရသလောက်ကတော့ သူဟာရိုးသားတယ်၊ ကြိုးစားတယ်၊ ကိုယ့်လူမျိုးကို အလေးထားတတ်ပြီး၊ အကောင်းမြင်သဘောထားတတ်တဲ့သူတစ်ယောက်။ တစ်ခါတစ်ခါ ကျွန်မကိုတောင်ပြန်ပြီး ဆုံးမတတ်သေးတယ်။း) သူတစ်ယောက်ကိုတော့ ကျွန်မကအရှုံးပေး ရတယ်လေ။ ကျွန်မအလျော့ပေးရတာချည်းပဲ။ ဒါပေမယ့် ကျွန်မစကားတော့လည်း နားထောင် ပါတယ်။ ခုထိပေါ့၊ ရည်းစားမရသေးလို့ ဖြစ်ပါလိမ့်မယ်။း)

အခြား ကျွန်မနဲ့ ခင်မင်သူ မောင်လေးများ၊ ညီမလေးများ၊ သူငယ်ချင်းမိတ်ဆွေများ အားလုံး လည်း ကျွန်မအပေါ်ကောင်းကြပါတယ်။အခုကျွန်မရဲ့ မောင်လေး၎ယောက်ဆိုတာကတော့ သူတို့ ကလည်း အစ်မမရှိတဲ့သူတွေမို့ ကျွန်မကို အစ်မရင်းတစ်ယောက်လို ချစ်ခင်နေကြတဲ့သူတွေဖြစ်သလို၊ ကျွန်မကလည်း မောင်မရှိတော့ မောင်လေးတွေလို ချစ်ခင်မိတာပါ။ နောက်ထပ်လည်း မောင်လေး၊ ညီမလေးများ နဲ့  သူငယ်ချင်း၊ မိတ်ဆွေများ ရလာနိုင်အုံးမှာပါလို့  ကျွန်မယုံကြည်ပါတယ်။

10 ယောက်ဆွေးနွေးချက်:

kiki said...

အမ်..
မောင်လေးနဲ့  ညီမလေးတွေ ဘဲ ထပ်လိုချင်နေတာလားးး
တော်ဘီ ။။ ဂလိုဆို ခေါ်တော့ဘူး ။။

တူတူပဲ ..အဟွာနဲ့ ။

လိုတာ ရစေသတည်း ၊
မလိုတာ ပြေးစေသတည်း ။

ဂျေဂျူဝိုင် said...

အား... တော်ပြီကွာ။ အွန်လိုင်းပေါ် ဟိုလူကိုခင် ဒီလူကိုခင် လုပ်တော့ဝူး။ တော်ကြာ ဟိုခိုင်း ဒီခိုင်းလုပ်နေမှဖြင့် အဲဒါက အရေးမကြီးဘူး ထမင်းနောက်မှ စားဆိုရင် ကိုယ့်စိတ်နဲ့ ကွန်ပျူတာရှေ့ထိုင်မိရင် သွားပြီ... :P

Yu Ya said...

သူငယ်ချင်း၊ မိတ်ဆွေများ၊ မောင်လေး၊ ညီမလေးများ အများကြီး ရပါစေဗျာ။

yu ya

ကိုလူထွေး said...

မမချစ်က ကြောက်စရာကြီးပဲ...
ကြာကြာနေလို့မဖြစ်ဘူး...
လစ်ပီ...းP

may16 said...

မောင်လေး (၄) ယောက်ရှိတော့ကောင်းတယ် မအနမ်းရေ များလေ ခိုင်းကောင်းလေပဲ :P

သူကြီးမင်း (တုံးဖလား) said...

မောင်လေး လေးယောက်ရှိလေသည်။ အမက ခိုင်းလို့ရမှ မောင်လေးတော်ချင်တာနဲ့ တူတယ် :D။
ဟဲ ဟဲ စတာနော်။

ပျော်ရွှင်ပါစေ အမ။

ဧရာဝတီသား said...

အစ်မ ရေ၊ မောင်ညီမလေးတွေ အများကြီးထပ်ရပြီး ပျော်ရွှင်ရပါစေ။
(အဲ ... မမေ၁၆ ကို ကျွန်တော်က အစ်မတော်ထားတာ၊ လက်စသတ်တော့ သူက ခိုင်းချင်လို့ကိုး၊ အခုမှသိတယ် :P)

သားကြီး said...

မောင်လေးများတော့ ကိုလူပျိုတွေရှိန်တာပေါ့ဗျ
မကောင်းဘူးလား ရိသဲ့သဲ့လုပ်လာရင်
မောင်လေးတို့အဖွဲ့နဲ့သာတွေ့ပေးလိုက်
အေးရော :)

Lucifer said...

ကောင်းတယ်..မောင်လေးတွေများများရှိတော့

စည်သူ said...

(((((((ဟင်း)))))))))
တော်သေးတယ်

ကိုမပါလို့...

ပုံထဲက ခြေထောက်တစ် စုံကလည်း
ခြံထဲကို ဝင်သွားတဲ့ ရေကူးခြေထောက်ကျနေတာပဲ...

ပျော်ရွှင်ပါစေ
စည်သူ။