အဖေသို့ တမ်းတမိခြင်း





အဖေများနေ့ ဆိုတော့ အဖေ့အကြောင်းလေးရေးချင် လာမိတယ်။

အမေများ နေ့ တုန်းကတော့ ကျွန်မလည်းအကြောင်းအမျိုးမျိုးတွေကြောင့် စာမရေးနိုင်ခဲ့ဘူး။
အဖေကတော့ လောကကြီးမှာ ကျွန်မကိုနားအလည်ဆုံးသောသူနဲ့ အချစ်ဆုံးလို့ခံယူမိပါတယ်။
ဒါကတော့ ကျွန်မစိတ်ထင်ပေါ့။ တစ်ခါမှတော့ အဖေ့ကို မမေးကြည့်ခဲ့မိပါဘူး။ ကျွန်မလည်း ငယ်ငယ်တုန်းကတော့ တော်တော်လေးဆိုးခဲ့တာပဲလို့ ခုချိန်မှာပြန်တွေးမိတယ်။ အရင်တုန်း ကတော့ ကိုယ့်ကိုကိုယ် ဆိုးခဲ့မှန်းကောင်းခဲ့မှန်း မသုံးသပ်ကြည့်မိဘူး။ တစ်ဖက်သားကို ပြန် ကြည့်တာမျိုးလည်းမရှိခဲ့ဖူးဘူး။ ဒါကြောင့်လည်း အဖေမရှိတဲ့နောက်ပိုင်းမှာ နောင်တတွေ တစ်ပုံ တစ်ပင်နဲ့ ပေါ့။

အဖေက ကျွန်မကိုအတော်လေး ဂရုစိုက်ပါတယ်။ ဒီလိုပြောလို့ အမေကဂရုမစိုက်တာမျိုးတော့ မဟုတ်ပါဘူး။ အဖေက ကျွန်မလိုချင်တာ ဖြစ်ချင်တာတွေကိုတတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့ တာပါ။ အမေကကျောင်းဆရာမ ဆိုတော့ အားလုံးကိုစည်းကမ်းတကျပါပဲ။ မုန့့်ဖိုးပေးတာက အစ အစ်ကို့ ကိုပိုပေးတာတောင် သူကအကြီးမို့ နော်၊ ယောကျာင်္းလေးလည်း ဖြစ်လို့နော် ဆိုပြီး ကျန်တဲ့သားသမီးတွေလက်ခံအောင်၊ နားလည်အောင် ပွင့်ပွင့်လင်းလင်းပြောပြီးလုပ် တတ်ပါတယ်။ အဖေကတော့ ဒီလိုမဟုတ်ပါဘူး။ သားသမီးတွေအားလုံးကိုချစ်ပေမယ့် ကျွန်မကိုဆိုရင်နည်းနည်းတော့ ပိုပါတယ်။ ကျွန်မလိုချင်တာ လုပ်ချင်တာကိုတောင်အမေ့ အဆူခံပြီးတောင်လုပ်ပေးခဲ့တာမျိုးပါ။ ကျွန်မက အကြီးဆုံးသမီးဖြစ်သလို မွေးကတည်းက ကျန်းမာရေးမကောင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အရင်တုန်းက ကျွန်မ အမေ့အပေါ် ငဲ့ညှာရမှန်းမသိ၊ အဖေ့ကိုသိတတ်ရမှန်းမသိ ကိုယ်ဖြစ်ချင်ရာ ကိုယ်လုပ်ချင်ရာ ကိုသာလုပ်ခဲ့ သူပါ။

ကျွန်မက အလုပ်လုပ်ရင် အရင်ကတည်းက နှေးကွေးတတ်ပါတယ်။ အစားစာရင်ဖြစ်စေ၊ ရေချိုးရင်ဖြစ်စေ ဘာပဲလုပ်လုပ်ပါ သူများတကာထက်နှေးကွေးပါတယ်။ မနက်အဖေရုံးသွား ချိန် ငါ့အဖေရေချိုးချိန်ဆိုပြီး အလိုက်တသိမရှိခဲ့ဘူး။ အေးအေးဆေးဆေးရေချိုးနေခဲ့မိတယ်။ အမေကတံခါးလာခေါက်တော့မှ ရေချိုးခန်းကထွက်လာတတ်တယ်။ သူငယ်ချင်းတွေနဲ့ ဖုန်း စကားပြောရင်လည်း အဖေ့မိတ်ဆွေတွေဆီက အရေးကြီးကိစ္စဖုန်းတွေ ၀င်လာတတ်တာကို သတိမပြုမိဘူး။ အဖေဆုံးပြီးနောက်ပိုင်းမှ အမေကပြောပြလာတယ်။ ဟုတ်တယ် အဖေက ကျွန်မကိုချစ်သလောက်၊ ကျွန်မကလည်း အဖေ့ကိုချစ်တယ်ဆိုပေမယ့် ကျွန်မအဖေ့ကို ဘာ ကျေးဇူးပြုခဲ့ဖူးလဲ။ ကျွန်မသိခဲ့သလောက် က အဖေ့ဆီက အမေမသိအောင်မုန့် ဖိုးကပ် တောင်းမယ် ။ ကျွန်မသွားချင်တဲ့နေရာတွေကို အတင်းလိုက်ပို့ ခိုင်းမယ်။ အမေ့ကို ကြောက် တော့ အဖေကိုပဲပြောပြီး လုပ်ချင်ရာလုပ်ခဲ့တယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ပျော်ပွဲရွှင်ပွဲ ဆိုတာတွေသိပ်များတယ်။ ကိုယ့်ခြံဝင်းတွေမှာကိုယ်လုပ်ကြတာမျိုးပေါ့။ အမေခွင့်မပြုပေမယ့် လည်း အဖေ့ကိုအတင်းမရမကပြောပြီး၊ သူငယ်ချင်းတွေအိမ်ကိုလိုက်ပို့ ခိုင်းတတ်တယ်။ အဖေကလည်း အမေကို ချစ်ကြောက်ဆိုပေမယ့် ကျွန်မကိုယ်စား အမေ့ရဲ့  ဆူပူခြင်းကိုခံပြီး ကျွန်မကို လိုက်ပို့  ရှာတယ်လေ။ ကျွန်မက အဲလိုမျိုးအဖေ့အပေါ်ဆိုးခဲ့တယ်။

ဒါပေမယ့် အဖေကတော့ ကျွန်မကြိုက်တတ်တဲ့ ဟေမာနေ၀င်းသီချင်းခွေ အသစ်ထွက်တိုင်း ရုံး ကအပြန်ဝယ်ပေးခဲ့သလို၊ ကျွန်မသူငယ်ချင်းတွေနဲ့ အပြင်ထွက်လို့ မုန့် ဖိုးတောင်းရင်လည်း သူ ပိုက်ဆံအိပ်ထဲရှိတာလေးကို ညည်းညည်းညူညူပဲ (သူ့ အတွက် လဖက်ရည်ဖိုးလေးသာ ချန် ပြီး) ထုတ်ပေးခဲ့တယ်။ ကျွန်မထမင်းစားပြီးရင်သောက်ဖို့ ဆေးကို သူကိုယ်တိုင် အဆင်သင့် ဆေးခွက်ကလေးထဲထည့်ပေးတတ်တယ်။ ပြီးတော့ ကျွန်မကျောင်းစာတွေနားမလည်လို့ စာ မကျက်ချင်တော့ရင် နားလည်လာတဲ့အထိ စိတ်ရှည်စွာရှင်းပြတတ်သေးတယ်။ ကျွန်မကြိုက် တတ်တဲ့ အစားအသောက်မျိုးကို လခထုတ်ရက်တွေမှာ ၀ယ်လာပေးတယ်။ ကျွန်မအမေနဲ့  အဆင်မပြေတိုင်းလည်း အဖေက ကျွန်မကို အလိုက်တသင့်ချော့မြူတယ်။ ကျွန်မစိတ် ကောက်လို့ ထမင်းမစားရင်လာခေါ်တဲ့သူက အဖေပဲ။ ဒါတွေဟာ ကျွန်မအပေါ်အဖေ့ရဲ့  ဂရုစိုက်ခြင်းတွေပဲလို့ ကျွန်မနားလည်တယ်။

အဖေက အမြဲလိုလိုနောက်နောက်ပြောင်ပြောင်ပြောတတ်တယ်။ အဖေ နောက်ပြောင်တာကို တစ်ခါတစ်လေ ကျွန်မတို့ တစ်တွေတောင်မသိကြဘူး။ ခပ်တည်တည်နဲ့  နောက်ပြောင် ပြောတတ်တာအဖေ့အကျင့်ပဲ။ ဒါကြောင့်လည်း အဖေ့ကလူချစ်လူခင်ပေါတယ်။ အဖေဟာ ရိုးသားပြီး၊ အလုပ်ကိုကြိုးစားတာကြောင့်လည်း အပေါင်းအသင်းတွေကချစ်ကြခင်ကြတယ်။ ပြီးတော့ လူတန်းစားမခွဲခြားပဲ ဆက်ဆံတတ်တာဟာ အဖေ့အတွက် အပေါင်းအသင်းကောင်း မိတ်ဆွေကောင်းတွေတိုးပွားစေတဲ့အကြောင်းပဲလို့ ပြောနိုင်ပါလိမ့်မယ်။

ကျွန်မရဲ့ ဘ၀ထဲက အဖေထွက်ခွာသွားတာကြာပါပြီ။ ကျွန်မ ခုထိအဖေ့ကို တစ်ခါတစ်ရံ ဆိုသလို သတိရနေတုန်းပါ။ ကျွန်မဘ၀မှာ ကျွန်မကိုအချစ်နိုင်ဆုံးဖြစ်ခဲ့တာဆိုလို့ အဖေ တစ်ယောက်တည်းသာ ရှိခဲ့ပါသေးတယ်။ ဒါကြောင့်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ခံစားမှုဖြစ်လေတိုင်းမှာ အဖေ့ကိုပဲ တမ်းတမိနေတတ်ပါတယ်။

ကျွန်မ အဖေနဲ့ ပတ်သတ်ပြီးကျေးဇူးမပြုနိုင်ခဲ့တဲ့အတွက်လည်း ၀မ်းနည်းရပါတယ်။ အဖေ့ အတွက် ကျွန်မဘာကိုမှမလုပ်ဆောင်ပေးခဲ့လိုက်ရပါဘူး။ ဒါပေမယ့် အဖေဖြစ်စေချင်တဲ့ စာရေး တဲ့အလုပ်ကိုတော့ ကျွန်မ အခုချိန်မှာလုပ်နိုင်ခဲံ့ပါပြီ။ အဖေရှိစဉ်ကတော့ ကျွန်မက ငယ်သေးတယ်ဆိုပြီး အပျော်အပါးလောက်ကိုသာစိတ်ဝင်စားခဲ့တာကြောင့် အဖေပြောတဲ့ စာရေးခြင်းကို လုံး၀၀ါသနာမပါခဲ့တာအမှန်ပါပဲ။ အခုတော့ အရာအားလုံးနောက်ကျခဲ့ပြီ ဆိုပေမယ့် အဖေဖြစ်စေချင်တာလေးကို လုပ်နေရတဲ့ အတွက်တော့ဝမ်းသာမိသေးပါတယ်။

အဖေ လောကကြီးထဲကထွက်သွားခြင်းဟာ ကျွန်မအတွက် အိပ်မက်လိုပါပဲ။ အဖေဟာ အိပ်ပျော်နေခြင်းနဲ့ ပဲ ကျွန်မတို့ မိသားစုဘ၀လေးထဲကနေ တိတ်တဆိတ်ထွက်သွားခဲ့ပါတယ်။ အဖေ့မှာ သွေးတိုးရောဂါရှိနေတာကြောင့်လည်း ဦးနှောက်သွေးကြောပြတ်ကာ အိပ်နေရင်းသေဆုံးသွားတာပဲဖြစ်ပါတယ်။ မာတာပိတုဂုဏောအနန္တော ဆိုသလို အမိရဲ့ ကျေးဇူးများကြီးမားသလို အဖရဲ့ ကျေးဇူးများဟာ လည်းကြီးမားလှပါတယ်လို့ ဆိုချင်ပါတယ်။ အဖေက တစ်ဦးတည်းဓါတ်ပုံမရိုက်တတ်တာမို့ အဖေ ငယ်ငယ်တုန်းကပုံလေးပဲတင်လိုက်ရပါတယ်။
အဖေများအားလုံးကိုဂုဏ်ပြုလျှက်ပါ။
အနမ်း

10 ယောက်ဆွေးနွေးချက်:

ခမ်းကီး said...

သမီးလိမ္မာအတွက် အဖေက စိတ်ချလက်ချ ရှိခဲ့မှာပါ။

Ree Noe Mann said...

မ အနမ်းရေ ထပ်တူ ခံစားသွားပါတယ်နော်။
ဘာပဲဖြစ်မိဘကို ဒုက္ခ မပေးရင်ပဲ ကျေနပ်ပါပြီ။

ရီနို

kiki said...
This comment has been removed by the author.
Anonymous said...

အစ်မရေ ... ကျေးဇူးမဆပ်ဖြစ်လိုက်ပေမယ့် မိဘကို စိတ်မဆင်းရဲ မျက်ရည်မကျစေခဲ့ဘူးဆိုရင်ပဲ ဘဝတစ်ပါးက အစ်မရဲ့ ဖေဖေ ကျေနပ်နိုင်မှာပါလေ ....
ဖေဖေမရှိခဲ့တော့ပေမယ့် အဖေ့အကြောင်း တလေးတစား ထုတ်ဖော်ချီးကျူးခဲ့တာဟာလည်း မိဘကျေးဇူးကို ဆပ်တဲ့ သဘောပါပဲ ... အဖေများအားလုံး ဦးညွှတ်လေးစားမိပါတယ် ...
နေဒေးသစ်။

ဂျပန်ကောင်လေး said...

အဖေမရှိတာချင်းအတူတူ ထပ်တူခံစားရပါတယ်ဗျာ... ဒီလိုပါပဲ..အဖေ့ကိုလွမ်းတာပေါ့...း(

ရွှေပြည်သူ (ShwePyiThu) said...

အစ်မရဲ့ အဖေ့အတွက် အလွမ်းတချို့ကို ခံစားမိပါတယ်။ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ အစ်မ အနမ်း...

Anonymous said...

အဖေ့အတွက် အမှတ်တရစာလေး ဖတ်သွားပါတယ်ဗျာ။

သူကြီးမင်း (တုံးဖလား) said...

အဖေကို သတိရတယ်ဆိုတာနဲ့တင် အဖေက တမလွန်က ပျော်နေမှာ သေချာပါတယ်။

အမလို သမီးမျိုး မွေးခဲ့ရကျိုးနပ်ပါတယ်။
အမရဲ့  အဖေ ဂုဏ်ယူနေမှာပါ။

မောင်ကောင်း said...

အဖေ့အကြောင်းလေးဖတ်သွားပါတယ်... အဖေသာဓုခေါ်နိုင်တဲ့လုပ်ငန်းတွေ များများလုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်မ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

မိုးခါး said...

အဖေအလွမ်းပို့စ်လေး လာဖတ်ပါတယ် အစ်မရေ
အမှတ်တရပေါ့း)