ပျံသန်းသွားလေသော.....



ကောင်မလေးတစ်ယောက်…..
သူ့ ကို စသိခဲ့တာက ဆေးရုံပေါ်မှာ..။
သူလည်း ကျွန်မလို လူနာတစ်ယောက်ပဲ။ ဒါပေမယ့် သူက အသက်၂၀ သာရှိသေးတယ်။ ဘယ်တတ်နိုင်မလဲနော် ရောဂါဆိုတာ ကြီးတယ် ငယ်တယ်မရှိဘူးမဟုတ်လား။ ဒါပေမယ့် သူကလည်းရောဂါသည်လို ဆေးရုံကုတင်ပေါ်မှာချည်း မနေဘူး။ သက်သာရင် သက်သာ သလို နာစ့်တွေကို ဆေးတွန်းလှည်းလေးတွန်းပေးပြီးကူညီလုပ်ပေးတယ်။ နာစ့်တွေ လူနာ ကြည့်ချိန်ဆို သူကဖော်လိုက်ပေးပြီး ဆေးတွန်းလှည်းလေးကူတွန်းပေးကာ တစ်ခန်းဝင် တစ်ခန်းထွက်ပေါ့။ ဒါကြောင့်လည်း ဆေးရုံကိုတက်နေကျဖြစ်နေတဲ့လူနာအများစုက သူ့ ကိုဆိုရင်သိနေကြတယ်။ သူက မလှပေမယ့်ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ မို့ လူတိုင်း
က ခင်တွယ်ကြတယ်။ ကျွန်မလည်း သူနဲ့ ရင်းနှီးတာ ၂နှစ်လောက်ရှိနေပြီ။ ကျွန်မတစ်ယောက်ထဲသာမဟုတ်ဖူး၊ ကျွန်မကိုဆေးရုံလာကြိုတဲ့ကျွန်မညီမနဲ့ ပါ မကြာခင် ရင်းနှီးသွားကြပြီး၊ ကျွန်မတို့ အိမ်ကိုလာလည်တတ်တယ်။ ကောင်မလေးက တစ်ဦးတည်း သောသမီးဆိုတော့ အဖော်ကလည်းမရှိဘူး။ အဖေဖြစ်တဲ့သူက သဘောင်္သား၊ အမေနဲ့  နှစ်ယောက်တည်းနေကြရတာဆိုတော့ပျင်းနေတာပေါ့။ ပြီးတော့ ရောဂါသည်။

သူ့ အကြောင်းကသိပ်မရှိဘူး။ ဒါပါပဲ။ သူ့ ရောဂါကတော့ သွေးရောဂါတစ်မျိုးပေါ့။ ငယ်ငယ် ကတည်းကဖြစ်ခဲ့တာကြောင့် မိဘတွေကလည်း စိုးရိမ်ကြတယ်။ ရတဲ့ငွေကို ဆေးဖိုးကုရတာ များပါတယ်။ သူ့ မောင်လေးတစ်ယောက်လည်းငယ်ငယ်ကဆုံးသွားဖူးတယ်။ အဲဒီရောဂါလို့ ပြောတာပဲ။ သေချာမကုခဲ့လို့ လေ။ ဒါကြောင့် သူ့ ကိုဆိုအရမ်း ဂရုစိုက်ပါတယ်။ ဆရာဝန်ကြီး တွေနဲ့ လည်းခင်မင်နေပြီဆိုတော့ သူ့ ကိုအားလုံး ကလည်းဂရုစိုက်ကြတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာညများက အမတစ်ယောက်(ထိုင်ဝမ်) ပြန်လာတော့၊ သူလည်းရှိတယ်။ အိမ်မှာဘုရားဖူးလာကြရင်း၊ အမကိုမိတ်ဆက်ပေးတယ်။ နောက်ပိုင်း အမနဲ့ လျှောက်လည် ဖြစ်တဲ့အခါ သူလည်းပါတယ်။ အိမ်မှာပဲ စားကြအိပ်ကြနဲ့ ပေါ့။ သူလည်းတော်တော်လေးပျော်ပုံ ရတယ်။ နယူးရီးယား ရောက်တော့လည်း ဆေးရုံရဲ့ ပါတီပွဲလေးမှာ ထပ်ဆုံကြပြန်တယ်။ ဓါတ်ပုံတွေအတူရိုက်ကြလို့ ပေါ့။

ခုတစ်လော အဆက်အသွယ်ပြတ်တယ်မရှိပါဘူး။ သုံးလေးရက်မတွေ့ ဖြစ်ရင် ဖုန်းဆက် ကြတယ်။ ကျွန်မညီမနဲ့ ပိုဆက်သွယ်ဖြစ်ကြတယ်။

ဇန်န၀ါရီ(၁၆)ရက်က သူ့ မွေးနေ့ ပေါ့။ ၂၂နှစ်ပြည့်တာလေ။ ကျွန်မကတော့ သူတို့ အိမ်၆ထပ် ကိုမတက်နိုင်လို့ လိုက်မသွားဖြစ်တာတောင်၊ ကျွန်မညီမနဲ့ မုန့် တွေထည့်ပေးလိုက်သေးတယ်။
ဖုန်းဆက်ပြီး သူ့ ကိုဆုတောင်းပေးလိုက်တယ်။ သူနဲ့ ဖုန်းပြောပြီး၊ ကျွန်မလည်းနေမကောင်းလို့ ဆေးရုံတက်ရပြန်တယ်။

အင်္ဂါနေ့ …၂၀ရက်နေ့ 
ဟုတ်တယ်။ ကျွန်မဆေးရုံတက်တာအင်္ဂါနေ့ ပဲ။
ဆေးရုံမှာ ညအိပ်ရတယ်။

နောက်နေ့ .
နောက်နေ့ ကဗုဒ္ဓဟူးနေ့ …
ဗုဒ္ဓဟူးနေ့ မနက်စောစောပိုင်းမှာ သူရောက်လာတယ်။
ကျွန်မဆေးရုံတက်တာ အမ(ထိုင်ဝမ်) က အွန်လိုင်းမှာပြောလို့ သိတာတဲ့။
သူလည်း ညကအသက်ရှူကြပ်လို့ ရောက်လာတာလို့ ပြောတယ်။
လိုအပ်တာ စစ်ပြီးဆေးရုံတက်ရမှာဆိုလို့ သူ့ အမေကပစ္စည်းပြန်ယူရင်း၊ သူ့ သမီးကိုကျွန်မ အခန်းထဲမှာ နေ့ လည်စာလာစားဖို့ မှာသွားရှာတယ်။
မကြာပါဘူး။ မြူစွမ်ကြေးအိုးပြုတ်အရည်ဝယ်ခိုင်းကာ ကျွန်မနဲ့ အတူ အခန်းထဲမှာလာစား ပါတယ်။ ကျွန်မကိုတောင်အတင်းကျွေးလို့ စားခဲ့ရသေးတယ်။ စားပြီးတာနဲ့ သူစကားတစ်ခွန်း၊ နှစ်ခွန်းသာပြောပြီး၊ ကျွန်မကလည်း အနားယူဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူလည်းသူ့ အဆောင် ဖက်ပြန်သွားလေရဲ့ ။ သူ့ ဗိုက်ကြီးကပြင်ပြားလိုမာနေကြောင်း နဲ့  အသက်ရှူရတာ လည်ပင်းဝနားကဆို့ ကြပ်နေကြောင်းပြောပြသွားပါတယ်။ ဒါနဲ့ ကျွန်မလည်း သူ့ ကိုစကား မပြောဖို့ မှာရပါတယ်။

ကြာသာပတေးနေ့ (မနေ့ က)
မနက်ပိုင်းမှာ ကျွန်မညီမကဆေးရုံသွားမယ်ဆိုလို့ သူရိုက်ထားတဲ့ဓါတ်ပုံလေးတွေကူးထားတာ ကိုပေးလိုက်ပါသေးတယ်။ သူက ဓါတ်ပုံတွေကူးပြီးပြီလားမေးနေတာကြာပြီလေ။ သူနဲ့ ကျွန်မ တို့ လျှောက်လည်ကတည်းက ဆေးရုံနယူးရီးယားမှာရိုက်ထားတဲ့ပုံတွေအားလုံးပေါ့။ ဆရာ တွေနဲ့ လည်းအတူတွဲရိုက်ကြတယ်လေ။
ညဖက်ရောက်တော့ သူ့ အမေဆီဖုန်းဆက်မိတယ်။ သူ့ အခြေအနေသိချင်လို့ ။
သံယောဇဉ် ဆိုတာလည်းမမြင်နိုင်ပေမယ့် ရင်ထဲမှာချည်မိတဲ့ကြိုးတစ်ချောင်းလိုပါပဲ။
ဒါပေမယ့်ဖုန်းကဆက်မရဘူး။ လိုင်းမအားတဲ့အသံပဲ။
ဒါနဲ့ ညဖက်ရောက်တော့ အားနာလို့ ဖုန်းထပ်မဆက်တော့ဘူး။

သောကြာနေ့ (ဒီနေ့ )
မနက် အိပ်ယာနိုးတော့ စိတ်မကြည်ဘူး။ ညကတည်းက စိတ်တိုမိတာလည်းပါမယ်ထင်တယ်။
မမက်တာကြာတဲ့အိမ်မက်တွေလည်း မက်သေးတယ်။ ဘာတွေမှန်းတော့မသိဘူး။
သူ ဆိုတဲ့ ညီမလေးကိုလည်း သတိတွေရနေတယ်။ သူ အသက်ရှင်ပါ့မလား။
ဟာ..ငါ.. ဘာတွေတွေးနေမိတာလဲ ။ သူ ဘာလို့ သေရမှာလဲ….။ မသေပါဘူး။

ကျွန်မဆေးရုံကဆင်းတော့တောင် သူ့ ကိုနုတ်ဆက်ဖို့ သွားသေးတယ်။ ဒါပေမယ့် သူအိပ်နေတယ်။ သူ့ အမေနဲ့ စကားပြောနေစဉ် သူခဏနိုးလာပြီး `သြော်၊ မမီး ရောက်နေတာကိုး ` လို့ ပြောပြီးပြန်မှိန်းသွားတယ်။ သူကကျွန်မကိုပြန်ရင်လာနုတ်ဆက်အုံး လို့ ပြောတယ်လေ။ ဒါပေမယ့်သူ ကျွန်မကိုဘာမှထပ်မပြောနိုင်ဘူး။
အဲဒီတုန်းက ကျွန်မ မကျေနပ်ဖူး ။ သူ့ ကိုမဟုတ်ဖူး။ သူ့အခြေအနေကိုပါ ။
သူကသိပ်အားနာတတ်တဲ့သူ ။ ကျွန်မတို့ ကိုမပြောနဲ့ တစ်ခြားသူအနားလာရင်တောင် သူစကား ထပြောတယ်။ ခုတော့ သူမထနိုင်ဘူး။ သူကျွန်မကို စကားမပြောနိုင်ခဲ့ဘူး။
သူဟန်မဆောင်နိုင်တော့ဘူးဆိုတာ ကျွန်မနားလည်သွားတယ်။
အဲဒီကတည်းက ကျွန်မ သူ့ အခြေအနေကိုအားမရခဲ့ဖူး။ ကျွန်မ စိတ်တိုတယ်။

ဟုတ်တယ်။ ကျွန်မ သူ့ အမေကိုနည်းနည်းတော့ စိတ်တိုမိတယ်။ ကလေးကညကတည်းက အသက်ရှူမ၀ပဲ လူးလိမ့်နေခဲ့တာကို ဆေးရုံမပို့ ခဲ့လို့ …သူကလည်း သူ့ အမေကိုငဲ့တာဖြစ်မယ် ကျွန်မသိတယ်။ ကိုယ်ချင်းစာတယ်။ သူ တစ်ညလုံးကျိတ်မှိတ်ခံစားနေမယ် ၊ မိုးလင်းမှသူ ဆေးရုံကိုလာမယ်။ ဒါကြောင့် ကျွန်မလည်းသူ့ အမေကိုဘာမှအခြားမပြောတော့ပဲ၊ သူ့ူကို အခြားလျှောက်မသွားဖို့ နဲ့ ၊ သူသွား ချင်ရင်ကျွန်မတို့ အိမ်ကိုသာပို့ ပေးပါလို့ .။ ဒါပါပဲ။

ဒီနေ့ မနက်လည်းဖုန်းဆက်တာမကိုင်ကြဘူး။ လက်ကိုင်ဖုန်းလေးကတော့ခေါ်နေသားပဲ။ တစ်နေ့ လုံးလည်းစိတ်ထင့်နေတာ၊ ဖုန်းခေါ်မရမချင်းကို ကျေနပ်မှာမဟုတ်ဖူး။
ဒါပေမယ့်လက်လျှော့လိုက်ရတယ်။ ကိုင်မယ့်သူမရှိတဲ့ဖုန်းကိုထပ်မဆက်ဖြစ်တော့ဘူး။
နေ့ လည်ပိုင်း၃နာရီလောက်မှာတော့ ..
သူ ဆုံးပြီဆိုတာကိုသေချာသိလိုက်ရတယ်။ သူ့ အမေဆီကဆက်ခိုင်းတာ.
သေချာသွားတယ်။ ကျွန်မရဲ့ ထင့်နေတဲ့စိတ်က အဆုံးသတ်သွားခဲ့ပြီ။
ကျွန်မဘာဆက် သိစရာရှိသေးလဲ။
မအံ့သြပေမယ့် အံ့သြမိတယ်။
မယုံချင်ပေမယ့် ယုံမိတယ်။
မဖြစ်စေချင်ပေမယ့် ဖြစ်သွားတယ်။

ငိုချင်ပေမယ့်လည်း မငိုမိတော့ဘူး။
ကျချင်တဲ့မျက်ရည်တွေလည်း မကျဖြစ်တော့ဘူး။
ရင်ထဲမှာမွန်းကြပ်နေတယ်။
လည်ချောင်းမှာတစ်ဆို့ နေတယ်။
မျက်ဝန်းထဲမှာမြင်ယောင်နေတယ်။
နောက်ဆုံးတော့လည်း….။

ညီမလေးတစ်ယောက် ကျွန်မအနားကစောစောပဲထွက်သွားခဲ့တယ်။
ညီမလေး(မွန်မွန်ကျော်) ကောင်းရာမွန်ရာရောက်ပါစေလို့ ပဲဆုတောင်းပေးနိုင်တော့တယ်။


ကျွန်မကိုခင်မင်ကြတဲ့Blogger မိတ်ဆွေ၊ သူငယ်ချင်း၊ ညီမလေး၊ မောင်လေးများ ကျွန်မကိုယ်စား ကျွန်မချစ်တဲ့ ညီမလေး(မွန်မွန်ကျော်)အတွက် ကဗျာလေးများရေးစပ်ပေးကြပါလား လို့ တောင်းဆိုမိပါတယ်။ သူကလည်း စာရေးဝါသနာပါပါတယ်။ သူရေးထားတဲ့စာလေးတွေကျွန်မကိုပေးမယ်ဆိုပြီးပြောပေမယ့်၊ အိမ်လာလည်တိုင်း သူမေ့ကျန်ခဲ့တာကြောင့်၊ ခုထိဖတ်ခွင့်မရပါဘူး။ တကယ်လို့ သာ သူ့ အမေကိုတောင်းကြည့်လို့ ရခဲ့မယ်ဆိုရင် ကျွန်မရဲ့ ဘလော့ဂ်ကပဲတင်ပြပေးပါမယ်။

5 ယောက်ဆွေးနွေးချက်:

kiki said...

သူ့ ကံကြမ္မာကိုက ဒီလောက်ဘဲပါလာလို့ ဖြစ်ချိန်တနဖြစ် ၊်ပျက်ချိန်တန်ပျက်တယ်လို့  သဘောထားရတော့မှာပေါ့ နော်။ရခဲလှတဲ့ ဒီလူ့ ဘဝတိုတိုလေးထဲမှာ ရေစက်ပါလို့ တွေ့ သိချစ်ခင်နေကြရတဲ့ လူတွေလက်ရှိအချိန်လေးတွေကို တန်ဖိုးထားတတ်ကြဖို့ အရေးကြီးပါတယ် ။တယောက်နဲ့ တယောက် မာန် မာနတွေကင်းစွာနဲ့ နားလည် ချစ်ခင်နေနိုင်ကြရင် အကောင်းဆုံးပါ။ ညီမလေး မွန်မွန်ကျော်တယောက် ကောင်းရာဘုံဘဝ ရောက်ပါစေ ။

Anonymous said...

တီချယ်ရေ..ကျွန်တော်လည်း သိပ်မယုံချင်ဘူး သူနဲ့ ကျွန်တော် အွန်လိုင်းမှာတောင် ချက်လိုက်သေးတယ်..အဲဒီနေ့က တင် ကျွန်တော့် ကို တရားမဟောတော့ဘူးလားတောင်ပြောသေးတယ်..ဘယ်တက်နိုင်ပါ့မလဲ
သေခြင်းတရားကို ဘယ်သူမှ လွန်ဆန်လို့မရတာ..တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်..သူငယ်ချင်း မမွန်မွန်ကျော်တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေ...

ဖိုးဂျယ် said...

ကြားရတာ စိတ်မကောင်းလိုက်တာဗျ
ညီမလေး မွန်မွန်ကျော် ကောင်းရာ သုဂတိလားပါစေ

ဒေါင်းမင်း said...

စိတ်မကောင်းဘူးဗျာ..ညီမလေးမွန်မွန်ကျော်
ကောင်းရာဘုံကိုရောက်မှာ..ဆုတောင်းပေးပါတယ်

တောင်ပေါ်သား said...

အမရေ ဘ၀ရဲ့ လောကဓါတ်ရဲ့ ရိုက်ချက်က ဆိုးလှပါတယ်။ ကောင်းရာသုဂတိ ရောက်မှာပါဗျာ.....


လေးစားလျက်
တောင်ပေါ်သား