ကမ္ဘာကြီးကတော့လည်ပတ်နေဆဲပါ

14 ယောက်ဆွေးနွေးချက်
Happy New Year Around The World Smiley Pictures, Images and Photos
တစ်နှစ်နဲ့တစ်နှစ်ဆိုတာ တကယ်မြန်လိုက်တဲ့အချိန်ပါပဲ။
အခုဆိုရင် ၂၀၁၀ခုနှစ်ကို ပြောင်းတော့မှာပါ။
အဲဒီတစ်နှစ်အတွင်းမှာ ငါတို့ဘာတွေ လုပ်ခဲ့ကြသလဲ??? စဉ်းစားကြည့်ရင် ကျွန်မအဖို့ တန်ဖိုးရှိတဲ့အချိန်ဆိုတာ အင်မတန် နည်းနေသေးသလိုပဲ။ ဒီနှစ်သစ်မှာလည်း အချိန်ကိုတန်ဖိုးထား ကောင်းတာတွေကိုလုပ်ပြီး၊ မကောင်းတာတွေကို ပြုပြင်ရပါအုံးမယ်။ ဒီလိုနဲ့ပဲ ကမ္ဘာကြီးကတော့ မရပ်မနားလည်ပတ်နေဆဲ၊ အချိန်တွေကတော့ ပြေးလွှား နေဆဲဖြစ်ပါလိမ့်မယ်။

၂၀၀၉ မှ ၂၀၁၀နှစ်ကိုကူးပြောင်းတဲ့အခါမှာ ကျွန်မတို့ဘာတွေကို ဆက်လုပ်ကြအုံးမလဲ။ ကျွန်မတို့လုပ်မယ့် အလုပ်တွေကောင်းလာဖို့ အကုသိုလ်တရားတွေကင်းပြီး ကုသိုလ်ဖြစ်မယ့် အလုပ်များကြိုးစားကာ လုပ်ဆောင်နိုင်ဖို့ကို သံန္နိဋ္ဌာန်ချရင်း ၂၀၁၀နှစ်သစ်ကို ကြိုဆိုကြ ပါစို့လား။

၂၀၁၀သစ်မှာ သတ္တ၀ါအားလုံးစိတ်ချမ်းသာစေဖို့ ကောင်းသောဆန္ဒတွေပြည့်ဝစေဖို့ ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။

အတွေးများ

5 ယောက်ဆွေးနွေးချက်

လမင်းရဲ့ အတွေးထဲမှာ
ငှက်ကလေးက လင်းနေတယ်
ငှက်ကလေးရဲ့ အတွေးထဲမှာ
လမင်းကပျံသန်းနေတယ်

ပန်းတစ်ပွင့်ရဲ့ အတွေးထဲမှာတော့
လမင်းကလင်းလို့
ငှက်ကလေးက ပျံသန်းလို့
ကျွန်တော့်အတွေးထဲမှာ
ကျွန်တော့ ကဗျာတွေသာရှိနေတော့
ရှက်မိပါပေါ့။

ညွန့်အေး(အင်းဝ)
၁၉၉၇ခု မြန်မာ့ရုပ်ရှင်မဂ္ဂဇင်းမှ

ငယ်ငယ်တုန်းက နှစ်သက်မိတဲ့ကဗျာလေးတစ်ပုဒ်ကိုကူးယူထားရာက ပြန်တွေ့လို့တင်လိုက်မိတာပါ။း) ဆားချက်တာပေါ့ရှင်။

ဝဋ်ကြွေးဆိုတာ

11 ယောက်ဆွေးနွေးချက်


“၀ဋ်” တဲ့။ ၀ဋ် ဆိုတာဘာလဲ?? “၀ဋ်” ဆိုတာ ပါဠိစကား “၀ဋ” မှဆင်းသက်လာတဲ့စကားပါတဲ့။ အဓိပ္ပါယ်က တော့ သံသရာလည်ပတ်ခြင်း၊ အကြောင်းပြီးအကျိုး၊ အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပေါ်ခြင်း၊ မကောင်းမှု ပြုသည့်အတွက် သံသရာဘ၀ခရီးမှာ ဆိုးကျိုးတစ်စုံတစ်ရာကို ခံစားရခြင်းဆိုတာတွေဖြစ်ပါတယ် လို့ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက် စာအုပ်မှာဖော်ပြထား ပါတယ်။


တစ်ခါတစ်ရံ အမေပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ “ငါဟာ ၀ဋ်ကြွေးတွေ ပေးဆပ်နေရတာ” တဲ့လေ။ ဟုတ်ပါတယ်၊ အမေဟာ ယခုချိန်ထိ သူ့ရဲ့ မိခင်အိုကြီိးနဲ့ ကျွန်မလို ကျန်းမာရေးမကောင်းတဲ့ သမီး ကြောင့်၊ စိတ်ရှုပ်နေရမှုဒဏ်ကိုဆက်လက် ဒုက္ခခံနေရတုန်းပါ။ ဘယ်နေရာကိုသွားသွား ကျွန်မတို့ကြောင့် နောက်ဆံတင်း နေရတာကလည်း အမှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အမေ့အပေါ် ကျွန်မအားနာမိတဲ့စိတ်က တစ်ခါတစ်ရံဆိုသလို ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် အမေ့ဆန္ဒကိုလွန်ဆန်ပြီး ကျွန်မဘယ်တော့မှ မတားမြစ် ခဲ့ဖူးပါဘူး။ တကယ်တမ်း စဉ်းစားကြည့်ရင်တော့ လူတိုင်းမှာဝဋ်ကြွေးဆိုတာ ကိုယ်စီကိုယ်စီရှိကြတာပဲလို့ ကျွန်မ ယူဆတယ်။ မဟုတ်ဖူးလား ၊ အမေ့ရဲ့  ဖက်ကကြည့်တော့မှန်ပေမယ့်လည်း၊ တဖက်က အမေ့မိခင်ဆိုတဲ့ အဖွားဖက်ကရော သူဒီလောက်အထိ အသက်ရှည်ရှည်နေချင်ပါ့မလား။ အိုခြင်းကြောင့်ဖြစ်ရတဲ့ မျက်စိမမြင်ခြင်း၊ နားထိုင်းခြင်း၊ အစာစားရန်သွားများမရှိတော့ခြင်းစတဲ့ ဒုက္ခတွေကအများကြီးလေ။ ဒါတောင် အခြားကျန်းမာရေး က ကောင်းနေလို့သာပေါ့။ ကျွန်မကတော့ အဲလိုမျိုးနှစ်ဦးနှစ်ဖက်ကို အမြဲယှဉ်ကြည့်မိလို့ပါ။ ဘယ်သူ့ကိုမှအပြစ် တင်တာတော့မဟုတ်ပါဘူး။


ကျွန်မကျတော့လည်း ကျန်းမာရေးမကောင်းတာကြောင့် ရောဂါဝေဒနာတွေကို တစ်ခုပြီးတစ်ခု ခံစားနေရပြီး စိတ်သွားတိုင်းကိုယ်မပါနိုင်ပဲ ကိုယ်လုပ်ချင်တာလေးတောင် ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့ဘူး။ ကျွန်မ အတွက်လည်း ရောဂါဝေဒနာတွေခံစားပြီး နေထိုင်နေရတာကလည်း ၀ဋ်ကြွေးပဲလို့ဆိုနိုင်တာပဲလေ။ အဲဒီလိုပါပဲ၊ အားလုံးကိုမြင်တတ်ရင် အားလုံးဟာလည်း သူ့ဝဋ်ကြွေးနဲ့သူပါပဲ။ ကိုယ်နဲ့အနီးစပ်ဆုံးတွေကိုပဲ တွေးကြည့် မြင်ကြည့် လို့ရပါတယ်။ ဥပမာ.. ကျွန်မတို့အိမ်မှာ လာရောက်လုပ်ကိုင်ပေးနေကြတဲ့ သွေးရင်း မဟုတ်တဲ့ ညီမတွေ၊ သူတို့တစ်တွေရော ၀ဋ် ရှိလို့သာ သူများအိမ်မှာ လာရောက်လုပ်ကိုင်ပေးနေကြရတာ ပဲမဟုတ်လား။ ဒါလည်း သူတို့အတွက် ကံကြမ္မာကပေးတဲ့ ၀ဋ်ကြွေး လို့ဆိုနိုင်တာပဲလေ။ လူတိုင်းလူတိုင်း ကောင်းကံ မကောင်းကံ ဆိုတာတွေပြုမိကြမယ်။ အဲဒီပြုမိတဲ့ကံအတိုင်း ပုံစံတူပြန်ခံစားရတာကို ၀ဋ် ခံရတယ်လို့ခေါ်ကြ တယ်မဟုတ်လား။

ကျွန်မတို့ရဲ့အတိတ်ဘ၀က မကောင်းမှုအကုသိုလ်များကြောင့် သည်ဘ၀မှာသည်လို ခံစားနေရခြင်းပါ။ အကြောင်းတရားကြောင့် အကျိုးဖြစ်သည်ဆိုသည်ကို ယုံမှားဖွယ်မရှိ၊ လက်ခံကြရပါမယ်။ ကျွန်မတို့လို ကျန်းမာရေးမကောင်းတဲ့ သူတွေဟာလည်း အတိတ်ဘ၀က သတ္တ၀ါတွေကို မတရားသဖြင့် ညှင်းပန်းနှိပ်စက် ခဲ့မယ်၊ သတ်ဖြတ်ခဲ့မယ်၊ ဒီကံတွေရှိခဲ့ဖူးလို့ဆိုတာ ဗုဒ္ဓဘုရားရှင်က ဟောကြားထားပြီးသားပါ။ ဗုဒ္ဓဘာသာဝင် တိုင်းလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်။ အဲဒီကံကြောင့် ဒီဘ၀မှာ ဒီလိုဖြစ်နေရတာပါပဲ။ ဒါကြောင့် ၀ဋ်ကြွေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်လာတဲ့ ကိစ္စလို့ ကျွန်မမြင်ပါတယ်။


ကိုယ်တစ်ဦး တစ်ယောက်တည်းကသာ ၀ဋ်ကြွေးရှိနေပြီး အခြားသူများက ၀ဋ်ကြွေးမရှိပဲ နေထိုင်နေကြသူ များ လို့မဆိုနိုင်ပါဘူး။ ယခင်ဘ၀ ဘ၀ကအကြောင်းများကြောင့်သာ အနည်းအများအလိုက် ၀ဋ်ခံကြရတာပါ။ ကျွန်မတို့ဗုဒ္ဓရှင်တော်မြတ်ဘုရားတောင်မှ ၀ဋ်ကြွေး အမျိုးမျိုးခံခဲ့ရသေးတာ ကိုသိနိုင်ပါတယ်။ ကဿပဘုရားရှင် လက်ထက် ဇောတိပါလပုဏ္ဏားဘ၀က “ငါဆိုလျှင်ခြောက် နှစ်ကျင့်မည်”ဟု ပြစ်မှားခဲ့ဖူးသော ၀စီဝိပါက်တော် ကြောင့် ဒုက္ကရစရိယာခြောက်နှစ်ကျင့်ခဲ့ရသလို၊ ဆေးဆရာဘ၀တစ်ခုမှာ ဆေးကုခမပေးချင်လို့ “မသက်သာပါလို့” လိမ်တဲ့ဝေဒနာရှင်ကို ၀မ်းနှုတ်ဆေးလိမ်တိုက်ခဲ့တဲ့ ကံကြောင့် ပရိနိဗ္ဗာန်ပြုခါနီး ၀မ်းတော်သွန် တဲ့ ရောဂါဖြစ်ခဲ့ရပါသေးတယ်။

အရှင်မောဂ္ဂလန်လည်း ရဟန္တာဖြစ်ပေမယ့် တခုသောဘ၀က ပြုလုပ်ခဲ့တဲ့ မိဘတွေကို ရိုက်သတ်ခဲ့တဲ့ အတိတ်ကံ က နောက်ဆုံးဘ၀မှာ ရဟန္တာ ဖြစ်နေတာတောင် ကိုယ်ပြုခဲ့တဲ့ အမည်းကံကြောင့် ၀ဋ်ကြွေးကို အကြေပေးဆပ် ရပါသေးတယ်။ ဘာလိုပဲဖြစ်ဖြစ် ကိုယ်ပြုလုပ်ခဲ့မိတဲ့ကံဟာ ဘ၀ပေါင်းများစွာကို အရိပ်လိုလိုက်ပြီး အကျိုးပေးပါ တယ်။ ကံ နဲ့ ၀ဋ် က ဆက်စပ်နေပါတယ်နော်။

ကံက အကျိုးပေးလာပြီဆိုရင်တော့ ဘုရားသော်မှ တားပေးလို့ မရပါဘူးတဲ့။ အဲဒီလို အကုသိုလ်ရဲ့ အကျိုးခံစားရတာကိုပဲ ၀ဋ်လည်တယ်လို့ ပြောတတ်ကြပါတယ်။ ဒီတော့ ၀ဋ် ဆိုတာ ကံသာလျှင် ဖြစ်ပါတယ်။ ကံရဲ့ အကျိုးဆက်မျှသာဖြစ်ပါတယ်။

ဝဋ်သုံးပါးရှိပါတယ်။
၁။ကမ္မ၀ဋ်
၂။ဝိပါက၀ဋ်
၃။ကိလေသ၀ဋ် တို့ ပါ။
ဒီသုံးပါးထဲက ၀ဋ်လည်တယ်။ ၀ဋ်လိုက်တယ်လို့ အပြောခံရတဲ့ ၀ဋ်ကတော့ “၀ိပါက၀ဋ်” ပဲဖြစ် ပါတယ်။


ဤပိုစ့်နဲ့ ကျေးဇူးရှင်မိခင်အား ကန်တော့ပါသည်။
(ဤပိုစ့်သည် မိခင်အားတစ်စုံတစ်ရာပြစ်မှားခြင်းမရှိပါ) စာဖတ်သူများအထင်မှား၊ အမြင်မှား မည်စိုးပါသဖြင့် ကြိုတင်ပြောကြားခြင်းဖြစ်ပါသည်။


မှတ်ချက်။ “၀ဋ်” ပိုစ့်မှလိုအပ်သည်ကိုအသုံးပြုခွင့်ပေးသော ဂျေဂျူဝိုင် ကိုလည်း ကျေးဇူးတင်ပါသည်။



အဆုံးသတ်

13 ယောက်ဆွေးနွေးချက်
ရင်ခုန်သံတွေ ညာတာမဟုတ်ပါဘူး
မယုံကြည်တာကို မဖြေရှင်းချင်တော့လို့ ပါ
သံသယတွေနဲ့ မျက်လုံးအကြည့်ကို
ထပ်မံရင်ဆိုင်နိုင်ဖို့ အင်အားများများ
ငါ့မှာအမှန်တကယ်မရှိတာကြောင့်
မင်းဘာပြောပြော ဒီအချိန်မှာ
ငါခေါင်းညိတ်လိုက်နာရုံကလွဲပြီး
မင်းကျေနပ်စေရအောင်
ဘာထပ်ပြောပေးရအုံးမလဲ
တစ်ချိန်ချိန်မှာ..
လေနဲ့ အတူလွင့်သွားမယ့်
သစ်ရွက်လေးလို ပေါ့ပါးစွာနဲ့ 
မင်းပျောက်ကွယ်သွားမယ်ဆိုတာ
ငါသိပြီးသားအကြောင်းပေမို့ 
ဇာတ်လမ်းကဆုံးပြီလေ
သတ္တ၀ါတစ်ခု ကံတစ်ခုပဲပေါ့။

သွေးလှူရှင်များနေ့ 

14 ယောက်ဆွေးနွေးချက်


ဒီဇင်ဘာလ၁၄ရက်နေ့ ဟာ သွေးလှူရှင်များနေ့ဖြစ်ပါတယ်။ သွေးသည်လူ၏အသက် ပင်ဖြစ်ပါတယ်။ သွေးကြောင့် လူအသက်ပေါင်းများစွာရှင်သန်နေထိုင်နိုင်ကြသလို၊ သွေးကြောင့် အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရပါတယ်။ မည်သည့်ဒဏ်ရာ၊ မည်သည့်ရောဂါမဆို အနည်းနဲ့ အများ သွေးလိုအပ်မှုများဖြစ်တတ် ပါတယ်။ ဒါကြောင့် သွေးလှူဒါန်းကာ လူ့ အသက်များ ကိုကယ်တင်ခဲ့ကြသော သွေးလှူရှင်များကို ကျွန်မ အင်မတန်မှလေးစားမိပါတယ်။ သွေးလှူရှင်များကိုလေးစားဂုဏ်ပြုသောအားဖြင့်လည်း သွေးလှူရှင်များ နေ့ ဆိုပြီး နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ၁၄ရက်နေ့ မှာ ရန်ကုန်ရှိအမျိုးသားသွေးလှူဘဏ်က ဆရာဝန်/ ဆရာဝန်မ များက ဦးစီး၍ ဂုဏ်ပြုပွဲများပြုလုပ်ခဲ့ပြီး ဂုဏ်ပြုလွှာများပေးအပ်ခဲ့တယ်လို့ သိရပါ တယ်။


အဲဒီလို သွေးလှူရှင်များနေ့ လုပ်ခဲ့တာ ဒီနှစ်ဆိုရင် ၃၃ကြိမ်မြောက်ဖြစ်ပါတယ်။ အကြိမ်၅၀ မြောက်သွေး လှူဒါန်းသောသူများနဲ့ အကြိမ်၅၀အထက်သွေးလှူဒါန်း သူများကို ဂုဏ်ပြုခြင်း လည်းဖြစ်ပါတယ်။

ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းအခန်းအနားကို ရန်ကုန်မြို့ ရဲ့ သူနာပြုကျောင်းခန်းမမှာ နှစ်စဉ်ဒီဇင်ဘာ လ ၁၄ရက်ကို ကျင်းပလေ့ရှိပြီး၊ ဂုဏ်ပြုခံရသူ အကြိမ်၅၀နဲ့ ၅၀အထက် သွေးလှူဒါန်းသူများပင် လူဦး ရေအယောက် ၆၀ကျော်ရှိတယ်လို့ သိရပါတယ်။ ထိုသို့ သိရခြင်းမှာ အလွန်ကိုကြည်နူးဝမ်းမြောက် စရာ ကောင်းပါတယ်။ ထို့ နောက် နှစ်စဉ် အဖွဲ့အစည်းများအလိုက် သွေးလှူဒါန်းပွဲများရှိကြပါတယ်။ အဖွဲ့လိုက်သွေးလှူဒါန်းသူများ အားလုံးက တက်တက်ကြွကြွ ရှိကြတာကြောင့်လည်း အထူးကျေးဇူးတင်ဖို့ကောင်းပါတယ်။ အရှင်ဆန္ဒာဓိက ကိုယ်တိုင် ဦးဆောင်ပြီး ရွှေပါရမီအဖွဲ့သားများ အားလုံးကလည်း နှစ်စဉ်နှစ်တိုင်းသွေးလှူဒါန်းခဲ့ကြသလို၊ မင်္ဂလာဗျူဟာအသင်း နှင့်အခြားအဖွဲ့ အစည်းများကလည်း သွေးလှူဒါန်းပွဲများ ကျင်းပခဲ့ကြ ပါတယ်။


သွေးလှူဒါန်းခြင်းဟာ အင်မတန်မှမွန်မြတ်တဲ့ကုသိုလ်လို့ ဆိုနိုင်ပါတယ်။ မိမိသွေးဖြင့် သူတစ်ပါး အသက်ကယ်တင်ခြင်းဟာ သွေးလှူရှင်အဖို့ အထူးဝမ်းသာပီတိဖြစ်ရသလို၊ သွေးလိုအပ်သူများအဖို့  လည်း အင်မတန်မှကျေးဇူးတင်ဝမ်းမြောက်ဖွယ်ကိစ္စရပ်ဖြစ်ပါတယ်။ သွေးလှူဒါန်းဖို့ ဆောင်ပုဒ်ကတော့ သင့်သွေးဖြင့် အသက်ကယ်ပါ ဆိုတာပါပဲ။ အချို့ က သွေးလှူတာနဲ့ပတ်သက် ပြီး အယူအဆအမှား တွေ၊ အတွေးအမှားတွေ အများကြီးကြုံဖူး ကြားဖူးခဲ့ပါတယ်။ အဲဒီလို အယူအဆအမှား၊ အမြင်အမှား တွေကြောင့် သွေးလှူနိုင်ရက်သားနဲ့သွေးမလှူဖြစ်ကြတဲ့ လူတွေအများကြီးပါပဲ။ မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေကလုပ်ချင်ပေမယ့်၊ ဘယ်လိုအချက်တွေက တားဆီးထားပါသလဲ???


၁။ သွေးလှူပြီးရင် ၀ လာမယ်။

တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး မရှိပါဘူး။ အသား အရည်စိုပြေပြီး အလှတိုးတာပဲရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ ဆိုပြီး ပုံမှန်စား သောက်တာထက် ပိုပြီးစားဖို့သောက်ဖို့လည်းမလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေ ထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီးဝလာစရာမရှိပါဘူး။


၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။

တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်း ကိရိယာတွေ ဟာသန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေး တဲ့ သူနာပြုတွေကလည်း တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျရှိလှတဲ့ အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုး ကူးစက်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။


၃။ သွေးလှူပြီးရင် ကျန်းမာရေးထိခိုက်မယ်။

တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါ တယ်။ သွေးလှူဒါန်းဖို့သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူရ တာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့ ကုတင်ပေါ်မှာ မိနစ်အနည်းငယ်လောက်တော့ အနားယူသင့်ပါ တယ်။


၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။

တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက် သွားနှုတ်တာ လောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင် တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့ သွေးမရရင် ခံစား ရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ဘူးဆိုတာပါပဲ။


၅။ သွေးလှူရတာ အချိန်ကုန်မယ်။

တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။


၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။

တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့ သွေးပမာဏကို ခန္ဓာကိုယ်ကအချိန်ပိုင်းအတွင်း ပြန်လည်ဖြည့်ဆည်းပေးပါတယ်။


၇။ ကျွန်တော် သွေးလှူဖို့မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။

တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ စုစုပေါင်း ရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုး ဖို့အရာမပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီးလိုနေပါ တယ်။


၈။ သွေးဆိုတာ အကြာကြီးအထားခံတယ်။ တစ်ခါလှူပြီးရင် လုံလောက်တယ်။

တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ၅ ရက်ပဲ အထား ခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထား တဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်း ကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့် သွေးဘဏ်မှာသွေးအိတ်တစ်ခုကို အကြာကြီးမမြင်ရပါ ဘူး။


၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။

တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေး ချီးမြှောက်ထားပါ တယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြုစင် ဇီဝတဒါန လှူဒါန်းမှုတစ်ခု ပါပဲ။


အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေကစပြီး လူ့အသက် တွေကိုကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။ သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့  ခုနစ်ရာခိုင် နှုန်းနီးပါးရှိပါတယ်။ သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။ သွေး ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓါတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။


သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။ အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီးလေးခုရှိပါတယ်။ သွေးအမျိုးအစား တိုင်းမှာ
မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။ သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုးပေါင်းစပ်ပါဝင်နေပါတယ်။

သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကိုတိုက်ထုတ်ဖို့ တာဝန်ယူပေးထား ပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ် လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိရှိတတ်ပါတယ်။ ကိုယ်ထဲကို ၀င်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။


သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။

သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်း အထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကိုလျှော့ချပေးပါတယ်။ သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အ၀ါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည် ထဲမှာ ရေဓါတ်၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။


သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။ သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။ အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။ သွေးဥမွှားကတော့ ၅ ရက်အတွင်းအသုံးပြုရပါတယ်။ သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။


သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်း ဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ် အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။ အေးခဲထားတဲ့ သွေးရည်ကြည် ဟာ ၁နှစ်တိတိထားလို့ ရပါတယ်။ လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည် တွေကို ရိုးတွင်း ခြင်ဆီကနေ သဘာဝအလျှောက် ထုတ်လုပ်ပေးတာပါ။


July Dream Blog မှ Myths about blood donation ပိုစ့်ကိုပါ ကူးယူတင်ပြထားပါသည်။

ပိုစ့်ကူးယူခွင့်ပြုတဲ့ July Dream ကိုလည်းအထူးကျေးဇူးပါ။ ခွင့်တောင်းထားတာကြာပေမယ့် ဒီနေ့ သွေးလှူရှင် များနေ့မှပဲ ပိုစ့်တင်ဖြစ်ပါတော့တယ်။

ဤပိုစ့်နဲ့ပတ်သတ်လို့အမှားတစ်စုံတစ်ရာပါခဲ့ပါရင် ခွင့်လွှတ်ပါရန်ကြိုတင်တောင်းပန်ပါတယ်။

ဒီဇင်ဘာရဲ့နေ့ရက်များ

12 ယောက်ဆွေးနွေးချက်

လေနုအေးတွေတိုက်ခတ်လို့ 
နှင်းဖွဲလေးများကျရောက်
တစ်ဖျောက်ဖျောက်အသံကြား
ဆောင်းနှင်းလေးတွေဝေနေတော့
ဒီဇင်ဘာရောက်ပြီပေါ့လေ။

ဒီဇင်ဘာရယ်
ငါလည်းအေးချမ်းချင်သမို့ 
ငါ့ရင်ကပူလောင်မှုတွေ
တားဆီးပေးလို့
လေနုအေးလေးတိုက်ကာ
နှင်းဖွဲလေးများကျပေးပါလား။

ဒီဇင်ဘာ၁၀ရက်မွေးနေ့ ရှင်သို့ 

15 ယောက်ဆွေးနွေးချက်


မွေးနေ့ရှင်အတွက်အမှတ်တရ ကိတ်း))

ဒီဇင်ဘာ၁၀ရက် နှင်းဖွဲဖွဲလေးများကျနေချိန် မေမေ့ဗိုက်ထဲကခက်ခက်ခဲခဲထွက်လာခဲ့တဲ့ ကျွန်မညီမလေး တစ်ယောက်ပါ။ မွေးလာကတည်းက လမစေ့ပဲ အမေသွေးသွန်လို့မွေးလိုက်ရတာကြောင့် ၃ပေါင်သာရှိလို့ ဖန်ပေါင်းချောင်လေးထဲ မှာ နေခဲ့ရတဲ့ကျွန်မရဲ့ညီမဟာ လူ့လောကထဲရောက်ဖို့ မျှော်လင့်ချက်လေး တွေနဲ့နေခဲ့ရရှာသလို၊ အမေ့မှာလည်း လမစေ့သေးပဲ သွေးသွန်လို့ခွဲစိတ်ကာ မွေးလိုက်ရတာကြောင့်၊ အသက်ရှင်သန်စွာနေထိုင်ဖို့ကို ဆရာဝန်တွေအတော် ကြိုးပမ်းခဲ့ရပါတယ်။ မိခင်ရဲ့အသက်ကိုသာ အလေးထားကယ်တင်နေကြတာမို့မွေးလာတဲ့ ကလေးကိုသွေးအလိမ်း လိမ်းနဲ့ ပစ်ထားကြရပါသေးတယ်။ ကလေးငယ်ကတော့ လူ့ လောကထဲဝင်ချင်လို့မရှိမဲ့ရှိမဲ့အင်အားလေးနဲ့အသက်ရှု နေသလားပဲ။ ကံကောင်းထောက်မစွာနဲ့မိခင်က အသက်ရှင်သန်လာသလို၊ ကလေးငယ်မှာလည်း လူ့လောကကြီးထဲ ကို ၀င်ရောက်လာနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။


ကံတရားကြောင့် ကျွန်မ အမေနဲ့အတူအသက်ရှင်သန်ခဲ့တဲ့ ကျွန်မညီမဟာ မေမေ့ရဲ့နို့ညှာသမီးဖြစ်ပါ တယ်။ မိဘများက တော့ အချစ်ပိုမပိုမသိပေမယ့် သူကတော့ အမေနဲ့မိသားစုကို အင်မတန်မှချစ်ခင် ပါတယ်။ သူ့အရေးထက် ကျွန်မတို့ အရေးကို ဦးစားပေးတတ်ပါတယ်။ ကျွန်မကျန်းမာရေးနဲ့ပတ်သတ်ရင် လည်း သူကဆေးညွှန်ကြားပေးရတာနဲ့ သွေးပေါင် ချိန်ပေးရတာနဲ့ ဆရာဝန်တစ်ပိုင်းဖြစ်သလို၊ အိမ်မှာ တီဗီ၊ ကက်ဆက်နဲ့ အခြားစက်ပစ္စည်းများပျက်တဲ့အခါမှာလည်း ကောင်း၊ ရေစက်ကိစ္စ၊ မီးကိစ္စ နဲ့ ယောကျာင်္းလေးလုပ်ရသည့် ကိစ္စမှန်သမျှတို့ကိုပါ အင်ဂျင်နီယာတစ်ပိုင်းနီးပါး လုပ်ခဲ့ပါ သေးတယ်။ မိန်းခလေးလုပ်ရသည့်ကိစ္စြဖစ်တဲ့ အိမ်သန့်ရှင်းလှပအောင် လုပ်ကိုင်တာကလည်း သူရဲ့နေ့စဉ် အလုပ်ပဲဖြစ် ပါတယ်။ (ကျွန်မတို့ ကတော့ နည်းနည်း အပျင်းကြီးလို့ ပါ။) သူရဲ့ လုပ်ကိုင်မှုတွေကိုသိကြတဲ့ အိမ်နီးချင်းများက ချီးမွှမ်း ကြသလို အမေ့သူငယ်များကဆိုရင် သူတို့ သားတွေနဲ့ သဘောတူကာ ပေးစားကြပါသေးတယ်။း)) ဒါပေမယ့် သူက ဂျီးအလွန်များတယ်။ (တစ်မျိုးမထင်ပါနဲ့ ၊ သူကအသန့် အလွန်ကြိုက်သူပါ )


အခုအချိန် သူနဲ့ ဝေးကွာသွားမှသာ ဟိုကိစ္စဆို သူသာရှိရင်၊ ဒီကိစ္စဆို သူသာရှိရင်ဆိုတာမျိုးတွေဖြစ်လာပါ တော့တယ်။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ အဲဒီလူမရှိရင်ပိုသိတယ်ဆိုတာ မှန်ပါလိမ့်မယ်။ သူလုပ်ခဲ့တဲ့ ကိစ္စတွေကို ကိုယ်ကအမှတ် တမဲ့ဖြစ်ပေမယ့်၊ သူမရှိတဲ့အခါ သူလုပ်သလိုကိုယ်မလုပ်နိုင်တာတွေ အများကြီးပါလားဆိုတာ သိလာခဲ့တဲ့နောက် သူ့ တန်ဖိုးဆိုတာကို သိလာကြရပါလိမ့်မယ်။ ကျွန်မ ညီမက အိမ်မှာဆိုအဓိကလူမဟုတ်ပေမယ့် အဓိကအလုပ်တွေကို လုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မိသားစုမှာ အဖေမရှိတော့တဲ့နောက် အစ်ကိုက အားကိုးအားထားစရာ ယောကျာင်္းဆိုပေမယ့် စီးပွားရေး နောက်တစ်ကောက်ကောက် လိုက်နေရတာကြောင့်၊ အိမ်မှာအားကိုးနေရတာက ကျွန်မ ညီမနို့ညှာပါ။ မွေးဖွားတုန်းကသာ သုံးပေါင်တည်းမို့သေးသေးလေးဖြစ်ပြီး ကျန်းမာရေးခြူချာမယ်လို့ထင်နေကြ ပေမယ့် အရွယ်ရောက်လာတဲ့အခါ သူကပဲ အိမ်မှုကိစ္စအားလုံးကို လုပ်ဆောင်ရတဲ့သူ ဖြစ်လာခဲ့တယ်။


မိသားစုကိုခင်တွယ်ပေမယ့် မိသားစုနဲ့ အဝေးဆုံးနေရာကိုထွက်သွားခဲ့တယ်။ မဟုတ်ရင်လည်း သူ့ ဘ၀က အိမ်ထဲမှာပဲ အိမ်ကအလုပ်တွေနဲ့ နစ်နေမယ်လေ။ ဒီလိုလုပ်တာကလည်း သူအတွက်တိုးတက်ရာကို ရှာသလို၊ အမေ့အတွက် စဉ်းစားတာလည်းပါမယ်လို့ ကျွန်မထင်ပါတယ်။ တကယ်တော့ ကျွန်မညီမ ကြိုက်နှစ်သက်တာ ဟာ အများအားဖြင့် မြန်မာဟင်းလျာတွေဖြစ်ပါတယ်။ ချည်ရည်ဟင်းများနဲ့ ငပိကြော်၊ ငပိရည်တို့ ကို သူကြိုက် နှစ်သက်သလို၊ အချဉ်ထုတ်၊ ဇီးထုတ်လိုမျိုးတွေကို အားရပါးရစားတတ်တဲ့ ကျွန်မညီမက အဲဒီအစားအစာတွေနဲ့ ဝေးတဲ့နေရာတစ်နေရာကို ရောက်နေတော့တာပါ။ နီးတကျက်ကျက် ဝေးတစ်သက်သက်ဆိုသလို၊ လူတွေရဲ့ သဘောသဘာဝဟာ ဝေးနေမှပိုချစ် ပိုခင်တွယ်တတ်ကြသလား။ ကျွန်မကတော့ သူနဲ့  အနေနီးတုန်းက တကျက်ကျက်တော့မဖြစ်ခဲ့ပေမယ့်၊ သူနဲ့ စကားပြောချိန်က တစ်နေ့ ကို၂နာရီ ၃နာရီထက် ပိုမယ်မထင်ဘူး။ ဒါ့ပြင် ကျွန်မလည်း သူ့ ကိုညီမတစ်ယောက်လို အသိအမှတ်ပြုခဲ့တာကလွဲရင် သူ့ အတွက် ဘာမှတကူးတက မလုပ်ပေးခဲ့ဖူးဘူးလေ။ ဒါတင်ဘယ်ကမလဲ ကျွန်မကငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းတာကြောင့် သူ့ကို အမေကမွေးဖွားခဲ့ပြီးနောက် မှာလည်း (မေမေ့ယောင်းမ ဖြစ်သူ) ကျွန်မကြီးဒေါ်တို့  အိမ်မှာခေတ္တခဏ သွားနေစေခဲ့ရသေးတယ်။


ကျွန်မနဲ့ သူက အထက်အောက် ညီအစ်မဆိုတော့ ငယ်ငယ်တည်းကအတူတူ ရေကူးသင်တန်း၊ အကသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေတက်ခဲ့ရဖူးတယ်။ အကျီ င်္ဆိုလည်းဆင်တူဝတ်ခဲ့ရဖူးတယ်။ စိတ်ချင်းကတော့မတူဘူးပေါ့နော်။ အမွှာညီအစ်မတွေတောင် တူခဲ့တာမဟုတ်ဖူးလေ။ ဒီနေ့က သူ့မွေးနေ့ဆိုတော့ သူ့အတွက် အမှတ်တရလေးဖြစ်ဖို့ သူ့ အကြောင်းလေးကို တွေးမိသမျှရေး လိုက်တာပါ။ ဒီထက်တော့ပိုမရေးတော့ဘူး၊ မဟုတ်ရင် မွေးနေ့ရှင်စိတ်ဆိုးနေမှာစိုး လို့ပါး)) တစ်ခုတော့ရှိသေးတယ်၊ သူ့ ကိုယ်သူဂုဏ်ယူပြီးပြောတတ်တာက သူက အမေ့ဗိုက်ထဲကထွက်လာတဲ့ သူတဲ့ လေ။ ကျွန်မတို့နဲ့ မတူဘူးပေါ့း))


မနှစ်ကသူ့မွေးနေ့မှာတော့ အိမ်မှာဘုရားပင့်ပြီး၊ ပူဇော်ခဲ့ပါသေးတယ်။ သူရှိခဲ့တဲ့ မွေးနေ့တွေတုန်းကတော့ သူ့ အတွက် လက်ဆောင်ဆိုတာ ကောင်းကောင်းမပေးခဲ့ဖူးဘူး။ ကဒ်ပြား တစ်ခုလောက်တော့ နှစ်တိုင်း ပေးတယ်း))


ညီမဖြစ်သူ အိ.. အတွက်မွေးနေ့ အမှတ်တရ


မှတ်ချက်။ ။ ၁၀ရက်နေ့နံနက်၇နာရီမှာမွေးတဲ့ အမှတ်တရအနေနဲ့ သူရောက်နေတဲ့နေရာရဲ့အချိန်ကိုကိုက်ပြီး ဒီပိုစ့်ကို တင်ခြင်းဖြစ်ပါတယ်။

ကျွန်မလေးစားမိသော ဆရာလေး

7 ယောက်ဆွေးနွေးချက်
ဆရာလေး ဒေါ်ယုဇနဥာဏီ


ကျွန်မလေးစားမိတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ပြောရမယ်ထင်ပါတယ်။ ပုဂ္ဂိုလ်ဆိုပေမယ့် လူပုဂ္ဂိုလ်မဟုတ်ပါဘူး။ သာသနာ့နွယ်ဝင် ဖြစ်တဲ့ သီလရှင်တစ်ပါးပါ။ ကျွန်မနဲ့ ဆရာလေးဆုံမိတာကလည်း မထင်မှတ်ပဲနဲ့ ပါ။ ဆက်စပ်မိတာကိုပြောရမယ်ဆိုရင် ကျွန်မရဲ့ အစ်မတော်ဖြစ်တဲ့ မကိ (kiki) ကပဲစပြောရမယ်ထင်ပါရဲ့ ။ မကိနဲ့ ငယ်သူငယ်ချင်း၊ ကျောင်းနေဖော်ကျောင်းနေ ဖက်ဖြစ်တဲ့ အစ်မတစ်ယောက်နဲ့  အွန်လိုင်းပေါ်ကနေ ကျွန်မခင်မင်ခွင့်ရခဲ့ပါတယ်။ အရင်တုန်းက ညဖက်တွေမှာ ကျွန်မ တို့ သုံးယောက် အွန်လိုင်းကနေ စကားပြောဖြစ်ကြပါတယ်။ အဲဒီအစ်မကိုလည်း ကျွန်မအတော်လေးခင်မင်သွားခဲ့ရတယ်။ ကျွန်မက အကြီးဆုံးဆိုတော့ ကိုယ့်ကိုချစ်တဲ့အစ်မတစ်ယောက်ဆိုရင် အရမ်းဝမ်းသာပြီးခင်လိုက်တယ်။ တစ်နေ့  တော့ ကျွန်မတို့ အိမ်မှာဘုရားပင့်မယ်ဆိုပြီး မကိကိုလည်းပြောရင်း၊ အဲဒီအစ်မ ကိုပါပြောပြမိတယ်။ အကြောင်းကတော့ အဲဒီ အစ်မရဲ့ ဂျီတော့မှာ တင်ထားတဲ့ လေးကျွန်းစကြာင်္တမြင့်မိုရ်ရုပ်ရှင်တော်မြတ်ဖြစ်နေလို့ ပါပဲ။

သူကလည်း မကိသူငယ်ချင်း တစ်ယောက်အိမ်မှာပင့်တုန်းက မကိပို့ ပေးထားတဲ့ပုံလေးကိုတင်ထားတာပါ။ သူ့ အနေနဲ့  ပုံတော်လေးကိုသာ ဖူးမြော်နိုင်တာမို့ ထင်ပါတယ်၊ သူနဲ့ သိတဲ့ ဆရာလေးကိုပြောပြမိတဲ့အခါ ဆရာလေးကရုပ်ရှင်တော် မြတ်ကိုဖူးမြော်ချင်တယ်ဆိုတာကြောင့် ကျွန်မတို့ အိမ်ကိုလာဖူးဖို့ အစ်မကတစ်ဆင့်မေးမြန်းပါတယ်။ ဘုရားဖူးတာပဲ ခုနှစ်ရက် သားသမီးအားလုံးဖူးနိုင်တာပါပဲလေ။ ကိုယ်နဲ့ နီးစပ်ရာအားလုံးကိုလည်း ဘုရားဖူးဖို့ ဖိတ်ကြားထားတာကြောင့်၊ ဆရာလေး လာဖူးဖို့ ကိုလည်း ကျွန်မကအထူးတလည် မဟုတ်ပါဘူး။ ဘုရားဖူးသူအားလုံးကို ကြိုဆိုရမှာက ကျွန်မတို့  အလုပ်ပဲ။ ဒါနဲ့ အဲဒီအစ်မက ဆရာလေးကို ကျွန်မဆီဆက်သွယ်ဖို့ ဖုန်းနံပါတ်ကိုပေးကာ တိုက်ရိုက်ဆက်သွယ်စေပါ တယ်။

ဒီလိုနဲ့ အိမ်မှာဘုရားပင့်တဲ့နေ့  ဆရာလေးလာရောက်ဖူးမြော်သွားခဲ့ပါတယ်။ ဆရာလေးလာတော့ ညနေစောင်းဖြစ် နေတယ်။ ဖြစ်ချင်တော့ အဲဒီညနေက အိမ်မှာမီးကပျက်သွားခဲ့တယ်။ အဲဒီနေ့ ကမှ ကျွန်မနဲ့ ဆရာလေး စတင်ဆုံတွေ့  ခြင်းဖြစ်ပြီး၊ ကြည်ကြည်လင်လင်မျက်နှာပိုင်ရှင် ဆရာလေးကို အမှတ်ရစေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆရာလေးကို ချီးကျူးမိသလို အားကျတာလည်းဖြစ်ခဲ့ပါတယ်။ အားကျမိတယ်သာပြောရတယ်၊ ကျွန်မက ဆရာလေးလိုဖြစ်ဖို့ ကြိုးစား နိုင်မယ်မထင်ပါဘူး။

ဆရာလေးဟာ သာသနာရေးအတွက် အကျိုးပြုပုဂ္ဂိုလ်တစ်ဦးဆိုတာကှို သိတာကြောင့် အစ်မဆီမှ ဆရာလေးအကြောင်း နည်းနည်းတော့မေးမိလိုက်ပါတယ်။ သာသနာ အကျိုးကိုဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ လည်း ကျွန်မပိုပြီး ချီးကျူးမိ လာခဲ့ပါတယ်။ ဥာဏ်ပညာကောင်းတာကြောင့်လည်း ခုလို ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်သူတစ်ဦးဖြစ်လာခဲ့တာကို အားကျမိခြင်းပါ။ နောက်ပြီး ဆရာလေးကိုလည်း ဆရာလေးအကြောင်း မှတ်တမ်းအနေနဲ့ ရေးချင်လာလို့ ပါဆိုပြီးခွင့် တောင်းမိပါတယ်။ ဆရာလေးကတော့ သူ့ အကြောင်းက ဘာမှအထွေအထူး ပြောစရာမရှိပါဘူးတဲ့။ ဆရာလေးအနေနဲ့  သူဟာ မထင်ပေါ်ချင်ဘူးဆိုတာကို ကျွန်မနားလည်ပါတယ်။ ကျွန်မက ဆရာလေးရဲ့ ကိုယ်ရေးရာဇ၀င်ကိုရေးချင်တာ မဟုတ်ပါဘူး။ အခြားနာမည်ကြီးစေအောင်ရေးသားချင်စိတ်လည်းမရှိတာအမှန်ပါ။ ကျွန်မအားကျမိတဲ့ ပုဂ္ဂိုလ်တစ်ဦး အကြောင်းအနေနဲ့ သာ ဆရာလေးအကြောင်းကို ပိုစ့်အမှတ်တရရေးသားချင်မိတာပါ။ အဲဒီအကြောင်းကို အစ်မကိုလည်း ပြောပြခဲ့ပါသေးတယ်။


ဆရာလေးက စမ်းချောင်းမြို့ နယ်၊ ကျွန်းတောလမ်းရှိ ဒေါ်ဥာဏစာရီ ရဲ့ (မြန်အောင် သီလရှင်စာသင်တိုက်) မှာ ၁၉၉၁ခုနှစ် သြဂုတ်လ၃ရက်နေ့ မှာ သီလရှင် စ၀တ်ဖြစ်ခဲ့တာလို့ သိရတော့၊ ဆရာလေးသီလရှင် စ၀တ်တဲ့နေ့ ဟာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ မွေးနေ့ ရက်ဖြစ်နေတာကြောင့် ဆရာလေးရော ကျွန်မပါ အံ့အားသင့်ခဲ့ရပါတယ်။ ၁၉၉၁မှ ၁၉၉၈ခုထိ ရှစ်နှစ်ကြာအောင် အဲဒီကျောင်းမှာပဲ ပထမကြီးတန်းအောင်မြင်သည်အထိ ပညာဆည်းပူးရင်း သီတင်းသုံး နေထိုင်ခဲ့ပါတယ်။ ၁၉၉၈ခုနှစ် ဒီဇင်ဘာလရောက်မှ မရမ်းကုန်း မြို့ နယ်ရှိ The International Theravada Buddhist Missionary University အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ် ( ITBMU ) မှာ စတင်တက်ရောက် ခွင့်ရခဲ့ပြီး၊ ဗုဒ္ဓ ဓမ္မဒီပလိုမာ ( Diploma in Buddha Dhamma), ၀ိဇ္ဇာဘွဲ့ (B.A Buddha Dhamma) , မဟာဝိဇ္ဇာဘွဲ့  (M.A Buddha Dhamma) တို့ ကိုရရှိခဲ့ကာ ယင်းတက္ကသိုလ်၌ပင် ပြန်လည်သင်ကြားပို့ ချပေးခဲ့ပါတယ်။

အဲဒီနောက် ကမ္ဘာအေးဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံ (International Institute of Abhidhamma ) (IIA) စတင်ဖွင့်လှစ်သော ၂၀၀၈ခုနှစ်မှာလည်း ပုဂ္ဂလပညတ်ဘာသာရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်သင်ကြားပို့ ချခဲ့ပြန်ပါတယ်။

ဗုဒ္ဓဘာသာရပ်ဆိုင်ရာပညာရပ်တွေ နားလည်သိရှိခြင်းကို ကျွန်မအလွန်သဘောကျမိပါတယ်။ ကျွန်မလည်း ကိုယ့်ဗုဒ္ဓ ဆိုင်ရာအကြောင်းအရာများစွာကို သိချင်ပေမယ့် ဉာဏ်ပညာမကောင်းတာကြောင့် ဆရာတော်ဘုရားများရဲ့ တရားစာ ပေများလောက်သာ ဖတ်နိုင်ခဲ့ပါသေးတယ်။ ကိုယ်သိချင်တဲ့အကြောင်းအရာတို့ ကို ကိုယ်နဲ့ နီးစပ်ရာ သံဃာတော်များနဲ့  အခြားသောပုဂ္ဂိုလ်များကိုမေးမြန်းနေရပါသေးတယ်။

ဆရာလေးကတော့ မကြာသေးမီအချိန်ကမှ Indian Council for Cultural Relations (ICCR) ရဲ့  General Cultural Scholarship Scheme (GCSS) အစီအစဉ်ဖြင့် ဒေလီတက္ကသိုလ်မှာ Master of Philosophy သင်တန်းတက်ရောက်ရန် အတွက် ပညာသင်ဆုကိုရရှိခဲ့ပါတယ်။ အချိန်ကာလအားဖြင့် တစ်နှစ်ခွဲလောက်ကြာမယ်လို့ အစ်မထံမှ တဆင့်သိရပါ တယ်။ ဆရာလေး ခုလိုမြန်မာပြည်မှမြန်ဆန်စွာပဲ ထွက်ခွာသွားခဲ့ တာကို ကျွန်မ မသိလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်လိုက်ရပါသေးတယ်။ အစ်မဆီကိုတော့ စားသောက်ဖွယ်ရာတွေ ဆရာလေးအကူအညီဖြင့်ပေးပို့ နိုင်ခဲ့ပြီး ဆရာလေး ကိုတော့ ဘာတစ်ခုမှ မလှူလိုက်ရတဲ့အတွက်လည်း ကျွန်မ စိတ်မကောင်းဖြစ်မိတာပါ။ ဆရာလေးကလည်း ဒါကိုသိလို့  ကျွန်မကိုတောင်အသိမပေးပဲ ထွက်သွားခဲ့တာများလားမသိ။ ယခုလက်ရှိအချိန်မှာတော့ ကျွန်မနဲ့  ကျွန်မလေးစားရတဲ့ ဆရာလေးတို့  ဝေးနေကြရသလို၊ ဘယ်တော့ပြန်ဆုံနိုင်မလဲဆိုတာကိုလည်း၊ ဆရာလေးရော ကျွန်မပါ အတိအကျသိနိုင် မှာမဟုတ်ကြပါဘူး။ ပုဂ္ဂိုလ်တစ်ဦးနဲ့ တစ်ဦး တွေ့ ဆုံကြတယ်ဆိုတာလည်း ရှေးရေစက်တွေကြောင့်ဖြစ်သလို၊ တွေ့ ကြုံ ဆုံ ကွဲ ဆိုတာလည်း ဓမ္မတာတရားတွေပါပဲလို့  ကျွန်မတို့ သိထားတာကြောင့်၊ ဆရာတော်အရှင်ဆန္ဒာဓိကပြောသလို အနေဝေးပေမယ့် အဝေးနေမဟုတ်ကြဘူးဆိုတာ သဘောပေါက်မိပါတယ်။ ဆရာတော်ဟောကြားသွားတာလေးက မှတ်သားစရာပါ။

လောကမှာ ဘယ်သူမဆို ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊ ကိုယ်ကြည်ညိုလေးစားတဲ့သူနဲ့ အနေနီးချင်ကြတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှအနေမဝေးချင်ကြပါဘူး။ ဒါပေမယ့် ကံတရား စတဲ့အကြောင်းတရားအမျိုးမျိုးကြောင့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့ သူ၊ ကိုယ်ကြည်ညိုလေးစားတဲ့သူတွေနဲ့ အနေဝေးရတဲ့ အဖြစ်မျိုးတွေလည်းကြုံရတတ်ပါတယ်။ ခေတ္တခဏ အနေဝေး တာမျိုးလည်းရှိတယ်။ အကြာကြီးအနေဝေးတာမျိုးလည်းရှိတယ်။ တစ်သက်တာလုံး ဘယ်တော့ မှပြန်မဆုံနိုင်တော့တဲ့ ဝေးခြင်းမျိုးနဲ့ အနေဝေးတာမျိုးလည်းရှိပါတယ်။ လူချင်းအနေဝေးပေမယ့် စိတ်ချင်းအနေမဝေးရင် အဝေးနေတယ်လို့  မခေါ်နိုင်တော့ပါဘူးတဲ့ ။ ဒါကြောင့် ကျွန်မတို့ တစ်တွေလည်း တစ်ဦးနဲ့ တစ်ဦး နေထိုင်ရာနေရာတွေ ကိုယ်စီကိုယ်စီ အသီးသီး ဝေးနေကြပေမယ့် စိတ်ချင်းကတော့ နီးနေကြသေးတာမို့ ဝေးနေကြတယ်လို့ မဆိုနိုင်တော့ပါဘူး။

ဒီဇင်ဘာလ ၁၀ရက်ဆိုရင် ဆရာလေးနဲ့ သိတာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မလေးစားမိတဲ့ ဆရာလေး အကြောင်းကို ပိုစ့်တစ်ပုဒ်အဖြစ်ရေးမိခြင်းပါ။ စာဖတ်သူများအဖို့ ဆရာလေးတစ်ပါးအနေနဲ့ ဒါဟာ ထူးခြားမှုမဟုတ်ပါဘူး လို့  ထင်ကြမယ်ဆိုရင်လည်း ထင်နိုင်ပါတယ်။ ကျွန်မကတော့ ဆရာလေးရဲ့ ကြည်လင်တဲ့မျက်နှာ၊ အေးချမ်းတဲ့ပုံရိပ်နဲ့  တိုးညင်းသာယာတဲ့ စကားသံများကြောင့်လည်း ကြည်ညိုလေးစားမိခြင်းလည်းဖြစ်ပါတယ်။ ကျွန်မဆိုလိုတာရုပ်ရည်ကို မဟုတ်ပါဘူး။ တရားနဲ့ အညီနေထိုင်သူ အရိယာများရဲ့ အေးချမ်းမှုပုံသဏ္ဍာန်မျိုးကိုပါ။ ဆရာတော်ဦးဇောတိကရဲ့  တရား ဟောတဲ့အသံကိုလည်း ကျွန်မ အလွန်နှစ်သက်ခဲ့ပါတယ်။ ဆရာတော်ရဲ့ အသံဟာလည်း တိုးညင်းသာယာပြီး၊ အေးချမ်း မှုအသွင်ကိုဆောင်တာကြောင့် ကျွန်မအဖို့ အလွန်ပဲ စိတ်အေးချမ်းမှုကိုရစေခဲ့ပါတယ်။ ဘယ်လောက်ပဲ ပူပင်သောက ရောက်နေချိန်ဖြစ်ပါစေ ဆရာတော်ရဲ့ တရားကိုဖွင့်ကာ နားကြားခြင်းဖြင့် စိတ်နှလုံးအေးချမ်းခြင်းကိုခံစားရပါတယ်။

ဆရာလေးဒေါ်ယုဇနဥာဏီ (ခေတ္တ အိန္ဒိယ) သို့ အမှတ်တရ

ဤပိုစ့်နှင့်ပတ်သတ်၍အမှားတစ်စုံတစ်ရာပါခဲ့ပါလျှင် ခွင့်လွှတ်ပါရန် ဆရာလေးနှင့် အတူပါဝင်ပါတ်သက်သူများ၊ စာဖတ် သူများအား ကြိုတင်တောင်းပန်ပါတယ်။