ကျောက်တန်းသို့ တစ်ခေါက်

13 ယောက်ဆွေးနွေးချက်
ပါဒကြီးဘုရား (ဘက်စုံမွမ်းမံနေဆဲ)

ကျိုက်မှော်ဝန်းရေလယ်ဘုရား
ကျိုက်မှော်ဝန်းရေလယ်ဘုရား (မူလ ပထမ)


အဖေဆုံးတာအနှစ်၂၀တောင်ပြည့်ပါပြီလား။ အဖေဆုံးပြီးတဲ့နောက် ကျွန်မတို့  မောင်နှမတစ်တွေကို ဆက်လက်ကျွေးမွေးခဲ့ရတဲ့ အမေ့ရဲ့ ကျေးဇူးတွေက တော်တော် ကြီးမားပါတယ်။ အခက်အခဲမျိုးစုံကို အံ့တုရင်း ကျောင်းသူအရွယ်ကျွန်မတို့ ညီအစ်မ၃ယောက်ကို ပညာပြီးဆုံးသည်ထိ ဆက်လက်စောင့်ရှောက်ကျွေးမွေး ခဲ့ရပါတယ်။ ဒီကြားထဲ အဖေ့နှစ်ပတ်လည်တိုင်းမှာ မပျက်မကွက်အလှူအတန်းပြုခဲ့တာဟာ ယခုချိန်ထိပါပဲ။

ဒီတစ်ခေါက် ထူးခြားတာက အဖေ့မွေးရပ်မြေဖြစ်တဲ့ ကျောက်တန်းမှာ သွားရောက်လှူဒါန်းဖြစ်ပါတယ်။ ကျောက်တန်း ပါဒကြီးငါးထပ်ကြီး ဘုရားအနီးရှိ ဘိုးဘွားရိပ်သာမှာဖြစ်ပါတယ်။ ပါဒကြီးဆိုတာတော့ ရှေးယခင် တိုင်းပြည်တပြည်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပါဒတိုင်းပြည်တပြည်ပေါ့၊ မွန်လူမျိုးတို့ နဲ့  ကရီ လို့ ခေါ်တဲ့ ကရင်လူမျိုးများနေထိုင်ခဲ့ရာ တိုင်းပြည်လို့  ဆိုပါတယ်။ ပါဒဆိုတဲ့မြန်မာလိုအဓိပ္ပါယ်ကတော့ အရင်းအမြစ်၊ ရှေးဦး ပထမလို့ ဆိုပါတယ်။

ယခု ပါဒကြီးဘုရားကိုဘက်စုံပြန်လည်မွန်းမံ နေတာကြောင့် ငြမ်းများတပ်ဆင်ထားတာကို တွေ့ ရတာဖြစ်ပါတယ်။

သိတတ်ခါစအရွယ်မှာသာတစ်ခေါက်ရောက်ဖူးတဲ့ ကျွန်မ၊ အမေတို့ နဲ့ အတူလိုက်ပြီး ဘုရားဖူးခွင့်ရတာကိုပဲ ပျော်ရွှင်ကြည်နူးမိပါတယ်။ ဘိုးဘွားများကို ကျွေးမွေးတဲ့အစီအစဉ်ပြီးတဲ့နောက် ကျွန်မတို့ မိသားစု ကျိုက်မှော်ဝန်းရေလယ် ဘုရားကိုသွားရောက်ဖူးမြှော်ဖြစ်ကြပါသေးတယ်။
27th Sep 2009 အမှတ်တရပါ..
ဓါတ်ပုံလေးများကိုတော့ လာလည်တဲ့မိတ်ဆွေအပေါင်းဖူးမြော်ရအောင် ပိုစ့်တင်ပေးထားပါတယ်။












စဉ်းစားကြည့်ပေါ့

12 ယောက်ဆွေးနွေးချက်

တွေးတွေးကြည့်တော့
ရေးရေးသိလာ
ကိုယ်သာအမှန် သူကအမှား
သံတိုင်ပမာ ခိုင်မြဲလိုက်တဲ့
အယူအဆများနဲ့ 
တစ်သက်လုံးစာ
ကွဲလွဲကြမလား
စဉ်းစားကြည့်ပေါ့။

အစွဲတစ်ခု ရင်မှာပြုလို့ 
နာကျည်းကြေးဆို
သွေးစက်များသက်သေ
ကမ္ဘာတည်သ၍ပေါ့
အချစ်နတ္ထိအမုန်းသာရှိပြီး
ရန်ပွဲဆင်မလား
စဉ်းစားကြည့်ပေါ့။

သတ်မှတ်တဲ့ ပညတ်များ
အစွန်းသာသာ
တစ်ဖက်သတ်နဲ့ ပေါ့
ဘယ်သောခါမျှ
မတွေးတတ်တော့တဲ့
အဖြည့်တရားနဲ့ 
မမြင်နိုင်တဲ့အကောင်းမြင်ဝါဒ
ဒေါသပွားမလား
စဉ်းစားကြည့်ပေါ့။

ကိုယ်စွဲပြုလို့  ငါသာငါဟု
မြင်စတမ်းဆို
အစွန်းရောက်မယ့်
လမ်းကိုလျှောက်ကာ
အချိန်တစ်ခုမကျော်ခင်
နောင်ကိုမတမိစေဖို့ 
ကြိုးစားနိုင်မလား
စဉ်းစားကြည့်ပေါ့။

အနမ်း

မှန်တာပြောတာ ဘာဖြစ်လဲ???

17 ယောက်ဆွေးနွေးချက်
ရွာတစ်ရွာမှာစကားမဆင်မခြင်ပြောတတ်တဲ့ အဖွားတစ်ယောက်ရှိသတဲ့။ အဖွားစရိုက်ကတစ်မျိုး။ သူနှင့်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ၀င်ရောက်စွက်ဖက်ပြောဆို တတ်တဲ့အကျင့်ပါ။ သား သမီးတွေက အကျိုး အကြောင်းပြပြီးဆင်ခြင်ဖို့  ပြောကြပေမယ့်
“ မှန်တာကိုပြောတာ ဘာဖြစ်သလဲ” ဆိုတဲ့ သူရဲ့ လက်သုံးစကားအောက်မှာပဲ သားသမီးတွေရဲ့ ကြိုးစားမှုတွေ ပျက်ပြယ်သွားရပါတယ်။

အဖွားနဲ့ ဆက်ဆံလိုက်ရင် တစ်နေ့ မဟုတ်တစ်နေ့ မျက်နှာပျက်စရာ၊ စိတ်တိုစရာနဲ့ ကြုံရပါ တယ်။ ဒါကြောင့် အိမ်နီးနားချင်းများသာမက တစ်ရွာလုံးနီးပါး အဖွားနဲ့ ပြောဆို ဆက်ဆံမှုကို ရှောင်လာကြပါတယ်။ သားသမီးများမျက်နှာကြောင့် မလွှဲသာလို့  တစ်ခါတစ်ရံဆက်ဆံမိပြန် ရင်လည်း စိတ်ဆိုး ဒေါသထွက်စရာနဲ့ ကြုံ ကြရပြန်ပါတယ်။

အဖွားအပြောအဆိုကြောင့် ပြဿနာတစ်ခုမဟုတ်တစ်ခုအမြဲကြုံနေရလို့  သားသမီးများပင် အဖွားဒဏ်ကို မခံနိုင်တော့တဲ့အခြေအနေကိုရောက်လာပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့ 

ဝေးရာရွာအပြင်ဖက် တဲလေးတစ်လုံးဆောက်ပြီး အဖွားကိုထားရပါတယ်။ အဖွားကတော့ ရွာပြင်ကိုထုတ်ခံထားရပေမယ့် သူ့ ဖက်ကတစ်ပြားသားမှအလျော့မပေးဘူး။ မှန်တယ်ထင်ရင် ဘယ်သူ့ ကိုမှအလွတ်မပေးဘူး။ ပြောမြဲ ပါပဲ။

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ခရီးသွားဧည့်သည်တစ်ယောက် ရေဆာလွန်းလို့  အဖွားတဲသို့  ရောက်လာပြီး ရေတောင်းသောက်ပါတယ်။ ခရီးသွားဧည့်သည်က မျက်စိတစ်ဘက်ပျက်နေသူဖြစ်ပါ သတဲ့။ သောက်ရေသာမကပါဘူး အဖွားကအခြားစားသောက်ဖွယ်တွေကိုပါ ပျူပျူငှာငှာ ချကျွေးဧည့်ခံပါတယ်။ ဧည့်သည်က ပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်ပြီး အိမ်သားတွေဘယ်ကိုသွားပြီး အလုပ် လုပ်နေကြတာလဲ၊ တစ်ယောက်မှမတွေ့ ကြပါလား လို့ မေးတော့ တစ်ယောက်တည်းနေထိုင်ကြောင်း။ အမှန်ကိုပြောလို့ ဆိုပြီး သားသမီးမြေးများသာမက တစ်ရွာလုံးကမကြိုက်ကြကြောင်း။ မိမိကိုဝိုင်းပယ်ပြီး ရွာအပြင်သို့ ထုတ်ထားလိုက်ကြောင်း ပြောပြလိုက်ပါတယ်။

အဖွားကိုကြည့်ပြီး ဧည့်သည်ကအလွန်သနားသွားပါတယ်။ ဒီလောက် အသက်အရွယ်ကြီးရင့်နေတဲ့ မိခင်အိုကိုပစ်ထားရက်တဲ့ သားသမီးများ ကိုလည်း ဒေါသထွက်မိပါတယ်။ စာနာမှုကင်းမဲ့သူတွေလို့  ယူဆပြီး ရွာသားများကိုလည်း အပြစ်တင်မိပါတယ်။ တဆက်တည်းမှာပဲ ဘယ်လိုအမှန်စကားကို ပြောလို့ ဒီလောက် ရက်ရက်စက်စက် ၀ိုင်းပယ်ထားကြတာလဲလို့ လည်းတွေးနေမိပါသေးတယ်။

ဒီလိုနဲ့ အဖွားကျွေးတဲ့အစားကိုလည်းစား၊ ရေလည်းတ၀သောက်ရင်း တဲရှေ့  သစ်ပင်အောက်ခုံမှာ အဖွားနဲ့ အတော်ကြာအောင်စကားပြောနေမိပါတယ်။ အချိန်အတော်ကြာသွားတဲ့အခါ ခရီးသွားဧည့်သည်ဟာ ခရီးဝေးဆက်ရအုံးမှာမို့ သွားခွင့်ပြုဖို့  အဖွားကိုပြောဆိုနုတ်ဆက်ပြီးထွက်လာခဲ့ပါတယ်။ မလှမ်းမကမ်းရောက်တဲ့အခါမှာတော့ သူ့  ကိုရည်ညွှန်းခေါ်ဝေါ်လိုက်တဲ့ အဖွားရဲ့ အသံကိုကြားလိုက်ရပါတော့တယ်။ သူ့ ကို ရည်ညွှန်းပြောသံကိုကြားလိုက်တော့မှ ဘယ်လိုအမှန်စကားကိုပြောလို့ သား သမီးတွေ သာမက တစ်ရွာလုံးကအဖွားကိုဝိုင်းပယ်ထားကြတယ်ဆိုတာ ခရီးသွားဧည့်သည် ချက်ချင်း သဘောပေါက်သွားပါတယ်။ ဒါတင်မက သားသမီးများနဲ့ တစ်ရွာလုံး အပေါ်ဖြစ်ပေါ်ခဲ့တဲ့ဒေါသစိတ် အပြစ်မြင်စိတ်တွေလည်း လွင့်စင်သွားပါတော့တယ်။ ခရီးသွားဧည့်သည် ကြားလိုက်ရတာက ….


“ ဟဲ့ မျက်စိတစ်ဖက်ကန်းနေတဲ့ခရီးသွားသူငယ်၊ မင်းလွယ်အိတ် ဒီမှာမေ့ကျန်ခဲ့ပြီ” ဆိုတဲ့အဖွားရဲ့  အသုံးအနှုန်းပါ။

ဘယ်လောက်ပင်ဟုတ်မှန်နေပါစေ၊ မပြောသင့်တဲ့စကားတွေလောကမှာအများကြီးပါ။ ခိုးတတ်၊ ၀ှက်တတ်သူကို သူခိုးကြီးလို့  ခေါ်ရင် အခေါ်ခံရသူမကြိုက်သလို၊ ထောင်ကျဖူးသူကို လုရှေ့  သူရှေ့ မှာ ထောင်ထွက်ကြီးလို့ ပြောဆိုရင်လည်း မကြိုက်တတ်ပါဘူး။ "တို့ ကတော့ အမှန်ပြောတာပဲ ကြိုက်တယ်" လို့ ဆိုတဲ့သူပင် သူ့ ရဲ့ လျှို့ ဝှက်ချက်၊ အားနည်းချက်ကို တစ်ယောက်ယောက်ကထုတ်ဖော်ပြောဆို လိုက်ရင် စိတ်ဆိုးတတ်ပါတယ်။ တစ်ချို့ က အငြိုးထားတုန့် ပြန်တတ်ပါတယ်။ ဒါကြောင့် ဒီလိုစကားမျိုး ဟာမှန်ပေမယ့် အပြောခံရသူလည်းမကြိုက်၊ မိမိနဲ့ သူတစ်ပါးလည်းအကျိုးမရှိတဲ့စကားလို့ ပြောရမှာ ဖြစ်ပါတယ်။

အရှင်နန္ဒသေနာလကာင်္ရ ရဲ့ ဘာသာရေးအနှစ်သာရများ (စာစဉ် -၂) မှ
ကောက်နုတ်ရေးသားထားခြင်းဖြစ်ပါတယ်။
မှတ်ချက်။ ။ ခေါင်းစဉ်ကတော့ ကျွန်မနှစ်သက်ရာရွေးထားခြင်းပါ။ ခေါင်းစဉ်နဲ့ ပတ်သတ်လို့ ရိုင်းများနေရင် ကျွန်မသာအပြစ်ရှိသည်ဟုဝန်ခံပါသည်။

ဝေဘူဆရာတော်တရားအနှစ်ချုပ်

7 ယောက်ဆွေးနွေးချက်
ပိဋကတ်သုံးပုံဆိုတာအလွန်ကျယ်ဝန်းတယ်။
ပိဋကတ်သုံးပုံကိုအကျဉ်းချုံးပါရင် ဗောဓိပက္ခိယတရား ၃၇ပါးရတယ်။

ဗောဓိပက္ခိယတရား ၃၇ပါးကို အကျဉ်းချုံးရင် သိက္ခာသုံးပါးရတယ်။
သိက္ခာသုံးပါးကိုအကျဉ်းချုံးရင်(ကောဓမ္မော) ဟုဆိုအပ်သော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရားတစ်ခုရတယ်။
သိက္ခာသုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါပဲ။

ကာယကံသောင်းကျန်းမှု ၀စီကံသောင်းကျန်းမှုမရှိရင် အဓိသီလ လို့ ခေါ်တယ်။
အဓိသီလအားကောင်းရင်၊ စိတ်တွေသောင်းကျန်းမှုမရှိပဲ ငြိမ်ဝပ်ပိပြားပြီးနေရင် (သမာဓိ)
အဲဒါ အဓိစိတ္တပဲ။ အဓိစိတ္တအားကောင်းလို့ အချိန်ကြာရင် ဘယ်လူဘယ်နတ်၊ ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး။ လျှပ်တပြက်အတွင်းမှာ ကုဋေတစ်သိန်းဖြစ်ပြီးပျက်နေတယ်၊ ရုပ်ကိုနာမ် က သိနေရင် ဖြစ်ပျက်ကိုသိတော့တာပဲံ။ ဖြစ်ပျက်ကိုသိတာ အဓိပညာလို့ ခေါ်တယ်။

အများနားလည်အောင်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာထင်ရှားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့နှာဖျား နှာဝမှာ လေနှစ်ရပ်ဟာ အမြဲတိုက်ဝင်၊ တိုက်ထွက်ဖြစ်နေတယ်၊ နှာဖျားနှာဝ ကာယပသာဒအကြည်ဓါတ်ကအထိခံ၊ ထွက်လေ၊ ၀င်လေဖြစ်တဲ့လေနှစ်ရပ်ဟုဆိုသော
ဝါယောဓါတ်က ထိတဲ့ဟာ။

အထိခံကလည်းရုပ်၊ ထိတဲ့ဟာကလည်းရုပ်ပဲ။ အဲဒီရုပ်နှစ်ခုထိ၊ ဒါကိုသိတာက နာမ်ဆိုတော့
ဒကာကြီး၊ ဒကာမကြီးတို့ သူများမမေးနဲ့ ၊ ကိုယ့်နှာဝကို နာမ်နဲ့ စောင့်ကြည့်။ ၀င်တော့လည်းထိဝင်မယ်၊ ထွက်တော့လည်းထိထွက်မယ်။ ထိတာကိုသိရင် သိနေတာလောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့်မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီးငြိမ်းတယ်။ ငြိမ်းတော့အေးတယ်။

မထိခင်ကလည်းသိလို့ မဖြစ်ဘူး။ ထိပြီးပြန်တော့လည်းသိလို့ မဖြစ်ဘူး။ ထိတုန်းကသာ သိတာဖြစ်တယ်။ အဲဒါကိုပစ္စုပ္ပန်တည့်တည့်လို့ ဆိုတယ်။ ထိတာကိုသိနေရင် ရုပ်၊ နာမ်သာ ရှိပါလားလို့ သိလိမ့်မယ်။

ရုပ် နာမ်မှတစ်ပါး၊ ငါ သူတစ်ပါး၊ ယောကျာင်္း၊ မိန်းမ၊ လူ နတ် ဗြဟ္မာမရှိဘူးဆိုတာ ဘုရားရှင်ရဲ့ တရားဟာ အမှန်ပါလားလို့ ကိုယ့်ဟာကိုယ်သိလိမ့်မယ်။ သူများမေးနေဖို့ မလိုဘူး။ နှာဝမှာထိ တာကိုသိရင်ထိုအချိန်မှာအတ္တဆိုတဲ့ ကိုယ်မရှိဘူး။ ထိုသိနေတဲ့အချိန်မှာ ဉာဏ်အမြင်စင်ကြယ် တယ်၊ သမ္မာဒိဌိဖြစ်တယ်။ ထိတာကို သိနေတဲ့အချိန်မှာ ရုပ်နာမ်မှတစ်ပါးဘာမှမရှိပါလားလို့ သိ တာကိုနာမ်နဲ့ ရုပ်ကိုပိုင်းခြားပြီးသိတာမို့  နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တယ်။ တထိတည်းထိ ၊ တသိတည်းသိနေလျှင် အတ္တစင်၍ ဉာဏ်အမြင်စင်ကြယ်တဲ့အကျိုးရတယ်။ ဒါဟာ တဒင်္ဂပ ဟာန် ခဏအချိန်လေးမှာရတဲ့အကျိုး။ နည်းတယ်လို့ မမှတ်ကြနဲ့ ၊ ကမ္မဌာန်းထိုင်ရတာများ ဘာမှလည်းမတွေ့ ပေါင်လို့ မမှတ်လိုက်နဲ့  ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့အခါမှာ အင်မတန် ကြီးမားတဲ့ အကျိုးထူးများရနိုင်ပါတယ်။

အထူးကြိုးစားကြပါ လို့ ဆရာတော်ဘုရားက ဟောကြားတော်မူ သည်ကိုအကျဉ်းချုပ် ရေးသားပါသည်။

အမှန်ကိုသိကြပါ

8 ယောက်ဆွေးနွေးချက်
" သိလျက်နဲ့ ဆိုးနေတဲ့သူကို သိအောင်ထပ်ပြီးမပြောဝံ့တော့ဘူး။
အမှန်သိစမ်းပါ "

ဓမ္မဒူတအရှင်ဆေကိန္ဒ ရဲ့ဆုံးမစကားလေးပါ။

သည်ဆုံးမစာလေးကိုကျွန်မသဘောကျမိပါတယ်။လောကကြီးမှာသိနေသားနဲဆိုးနေတဲ့သူ
တွေ အများကြီးပါ။ ဆိုးမှန်းသိရင်ပြုပြင်လို့ ရပါတယ်။ ဒါပေမယ့် တစ်ချို့ ကဘာလို့ များမပြုပြင် ပဲနေကြတာလဲ။ ပျက်အစဉ်ပြင်ခဏလို့ စကားလည်းရှိတာပဲ။ ကိုယ်လုပ်တဲ့အလုပ်ဟာ မကောင်းမှန်းသိနေရင်ပြင်လို့ ရပါတယ်။ အဓိကကတော့ကိုယ့်စိတ်ပါပဲ။ သို့ ပေမယ့် ကိုယ်လုပ် တာဟာ သူတစ်ပါးကိုမထိခိုက်စေပါဘူး ဆိုပြီးထင်ရာလုပ်တာတွေ ရှိပါတယ်။ ဥပမာ.. အရက် သောက်ခြင်းမျိုးပေါ့၊ အချို့ ကကိုယ့်ဖာသာ ငြိမ်ငြိမ်သက်သက်သောက်တာပဲ၊ ဘယ်သူမှဒုက္ခ မပေးပါဘူးဆိုတာ ပြောတတ်ကြပါတယ်။ အရက်သောက်တာဟာ မကောင်းတာမှန်းလူတိုင်း လိုလိုသိပါတယ်။ ငါးပါးသီလထဲမှာကိုပဲ သုရာမေရယမဇ္ဇပ္ပမာဒဌာနာ ဆိုတဲ့ဘုရားမကြိုက်တဲ့ အလုပ်တစ်ခုအဖြစ်ပါဝင်နေတာပဲ။

တစ်ချို့က အမှန်ကိုမပြုပြင်နိုင်ပဲ၊ ခေါင်းမာစွာနဲ့ တစ်ဇွတ်ထိုးလုပ်ကာ သေသည့်တိုင်နေထိုင် သွား ကြတာ တွေကိုတွေ့ ရပါတယ်။ ကိုယ့်ယုံကြည် ချက်တွေကို အမှန်၊ အမှားမခွဲခြားပဲ ကိုယ်လုပ်သမျှမှန်တယ်လို့ ယူဆတတ်ကြတဲ့သူတွေဆိုရင်လည်း သိလျှက်နဲ့ ဆိုးနေကြသူ တွေလို့ ပြောရမှာဖြစ်ပါတယ်။ အမှန် နဲ့  အမှားကိုမခွဲခြားတတ်တာမဟုတ်ပါဘူး၊ မခွဲခြားတော့ တာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်ဟာမကောင်းဘူးဆိုတာသိပါလျှက်၊ မလုပ်ရမနေနိုင် တာကြောင့်မှားတယ်လို့ မယူဆခြင်းပါပဲ။ တနည်းအားဖြင့်ကိုယ့်အသိစိတ်ကလက်မခံခြင်းပါပဲ။

လောင်းကစားလုပ်နေကြတဲ့သူတွေ ဆိုလည်း ကံထမ်းလာတာမမြင်ရဘူး၊ လှံထမ်းတာကိုပဲမြင် ရတယ်ဆိုပြီး မသေချာမရေရာတဲ့ ကံတရားကိုမျှော်ကိုးကာ မကောင်းတာကိုလုပ်နေခြင်းပါပဲ။ ကံဆိုတာကောင်းတာကိုလုပ်မှကောင်းမှာပါပဲ။လောင်းကစားလုပ်လို့ချမ်းသာသွားတဲ့သူဆိုတာ
မရှိပါဘူး။ ခဏတာချမ်းသာသွားသည့်တိုင် လောင်းကစားလို့ ရတဲ့ပိုက်ဆံဟာလည်း ကြာရှည် မခံပါဘူး။ တစ်ချို့ လောင်းကစားတဲ့သူတွေက ဒါဟာငါးပါးသီလဲမှာမပါပါဘူးဆိုပြီးပြောတတ် ကြပါသေးတယ်။ သို့ ပေမယ့် လောင်းကစားခြင်းအပြစ်ခြောက်ပါးဆိုပြီးတော့၊ဆရာတော်ဦးဗုဓ်
ရေးသားထားတာကို ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှာ တွေ့ ရှိနိုင်ပါတယ်။ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းအပြစ်ခြောက်ပါးမှာ-
(၁) နိုင်သော်ရန်ပွား၏
(၂) ရှုံးသော်ဥစ္စာအတွက်ပူပန်ရ၏
(၃) ကိုယ်တွေ့ မျက်မြင်ဥစ္စာဆုတ်ယုတ်၏
(၄) တရားရုံး၌ထိုသူ၏စကားသည်သက်သေမတည်
(၅) အဆွေခင်ပွန်းတို့ သည် မထီမဲ့မြင်ပြု၏
(၆) "ဤသူသည်လောင်းကစားသမားတည်း၊ မယားကိုကျွေးမွေးရန်မစွမ်းနိုင်" ဟု သားပေး၊ သမီးယူလိုသောသူတို့ သည်လည်းအလိုမရှိအပ် တို့ ဖြစ်ပါတယ်။
ဒါကြောင့် ဒါဟာမကောင်းတဲ့အလုပ်ဆိုတာကတော့ လူတိုင်းသိပါတယ်။
မကောင်းတဲ့အလုပ်မှန်းသိလျှက်နဲ့ လုပ်နေတယ်ဆိုကတည်းက သိလျှက်နဲ့ ဆိုးနေသူပါပဲ။

ခုခေတ်လူငယ်တွေ အနေနဲ့ တော့ မိဘ မကြိုက်တာကိုပြုလုပ်နေကြတာမျိုးပေါ့။ အကုသိုလ် အလုပ်လုပ်တာမဟုတ်ဘူးဆိုပေမယ့်၊ ကိုယ့်မိဘ မကြိုက်တာလုပ်တာဟာလည်းကိုယ့်အတွက် အကျိုးရှိစေမှာမဟုတ်ပါဘူး။ ဒါ့ပြင် ကိုယ့်အဖို့ မိဘတွေရဲ့ ဆိုးသွမ်းသူအဖြစ်သတ်မှတ်ခြင်း၊ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ခြင်းတို့ ကိုခံရမှာမလွဲပါဘူး။ မသိလို့ လုပ်မိတဲ့အလုပ်တစ်ခုဟာ သိရင် ပြုပြင်နိုင်ရပါလိမ့်မယ်။ သိလျှက်နဲ့ ဆက်လုပ်နေတာကတော့ပြုပြင်နိုင်ဖို့  ပိုခဲယဉ်းပါလိမ့်မယ်။

မှားတတ်ခြင်းသည် လူ့ သဘာဝဖြစ်ပါတယ် တဲ့။ လူတိုင်းလူတိုင်းကတော့ အမှားနဲ့ မကင်းပါ ဘူး။ မမှားသောရှေ့ နေ၊ မသေသောဆေးသမားလို့ တောင်အဆိုရှိတယ်မဟုတ်လား။ အမှား ကိုသိရင် အမှန်ကိုပြင်နိုင်ဖို့ သာအဓိကပါ။ အမှားနည်းခြင်းသည် လူ့ အရည်အချင်းဖြစ်၏ လို့  လည်း ဖတ်ခဲ့ဖူးပါတယ်။ လူ့ တစ်ယောက် အရည်အချင်းရှိအောင်နေမှလည်း လူပီသမှာပါ။

သိလျှက်နဲ့ ဆိုးနေကြတာကို လူမိုက်စာရင်း သွင်းလို့ မရပေမယ့် ကိုယ်လုပ်ချင်ရာကို အကျိုး မရှိလုပ်နေခြင်းပဲလို့ ပြောချင်ပါတယ်။ မရှိတာထက် မသိတာခက် ဆိုတဲ့စကားရှိပါတယ်။ မသိ တာထက် သိသိပြီးမလုပ်တာက ပိုတောင်ခက်ပါသေးတယ်။ ဘယ်လိုများထပ်ပြီးပြောဆို ဆုံးမ နိုင်အုံးမလဲ။

ဒါကြောင့် ဆရာတော်အရှင်ဆေကိန္ဒက အမှန်ကိုသိစမ်းပါ လို့ ပြောတာဖြစ်ပါလိမ့်မယ်။
အားလုံး အမှန်ကိုသိအောင်နေတတ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

နားလည်ပေးစေလို...

10 ယောက်ဆွေးနွေးချက်
ဒီက အွန်လိုင်းအခြေအနေကို ဒီမှာရှိတဲ့သူတိုင်းသိကြမှာပါ။
ကွန်နက်ရှင်က ခုကောင်းပေမယ့် တော်ကြာမကောင်းပါဘူး။
ဒါကြောင့်ကျွန်မတို့ ဂျီတော့လိုင်းမှာ ချက်တင်လုပ်ရတာ တစ်ဖက်ကရိုက်တဲ့စာကိုကွန်နက်ရှင် ကျသွားတဲ့အခိုက် မမြင်ရတော့ပါဘူး။

ဒီလိုပါပဲ၊ ကျွန်မတို့ ရိုက်လိုက်တဲ့စာကိုလည်း ကွန်နက်ကျသွားတာနဲ့ အမျှဟိုဖက်ကလူဆီမှာ
မပေါ်လာဘူးလို့ ဆိုပါတယ်။ အမှန်တကယ် ကွန်နက်ရှင်မကောင်းတာပါ။ ဒါကို နားလည် ပေးစေချင်တယ်။

တစ်ခါတစ်လေမှာ ကျွန်မကိုခေါ်ကြတဲ့သူတွေကို (အထူးသဖြင့် ရေခြားမြေခြားတွေပေါ့ ) နားလည်ပေးပါလို့  သူတို့ အနေနဲ့ တော့ ဒီကအကြောင်းကိုသေချာမသိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မအမြဲပြောပြလေ့ရှိပါတယ်။ ဒီလိုဖြစ်တတ်တယ်ဆိုတာ၊ ဒါကြောင့်စိတ်မဆိုး ကြပါနဲ့ လို့ ပြောပါရစေ။ အဲလိုလွဲမှားမှုလေးတွေ ခဏခဏဖြစ်တတ်လို့ ဒီပိုစ့်ကိုတင်လိုက် ရတာပါ။ ဘာမှတော့မဟုတ်ပါဘူး။

ကျွန်မဘလော့ရေးတာတောင် ကွန်နက်အခြေအနေကြောင့် Notepad နဲ့ အရင်ရေးရပါတယ်။ နောက်မှ copy ကူးပြီး ဘလော့မှာတင်ရတာပါ။ အဲဒါလည်း ကျွန်မအသိတစ်ယောက်ကပြော လို့ ပါ။ မနှစ်ကသီတင်းကျွတ်တုန်းကပေါ့၊ ဘလော့မှာပိုစ့်ရေးနေရင်းနဲ့ ကွန်နက်ခဏခဏကျ သွားလို့  ကောင်းကောင်းမရေးဖြစ်ခဲ့ဘူး။ ဒါနဲ့ Notepad နဲ့ ရေးလို့ ဆိုတာနဲ့ ခုထိအဲလိုပဲရေး ပြီးပိုစ့်တင်ဖြစ်တယ်။

ဒီကနေ့ တော့ကျွန်မညီမက ကျွန်မကိုလိုင်းထဲမှာစောင့်နေပြီး၊ ကျွန်မလိုင်းထဲရောက်တာနဲ့  ခေါ်ပါတယ်။ ကျွန်မကလည်း စာပြန်ရိုက်ရော ကွန်နက်ကကျပါလေရေား) ဒါပေမယ့် ကျွန်မ အမြင်မှာတော့ ကျွန်မရိုက်တဲ့စာ တွေကပေါ်ပါတယ်။ ကျွန်မဖက်ကပေါ့ ။ ဖြစ်တတ်ပါတယ်၊ ခဏခဏပါပဲ။ ဒါကြောင့် နားလည်ပေးကြပါလို့ ....။

အနမ်း

တစ်နှစ်ပြည့်တဲ့အိမ်လေး (ဘလော့တစ်နှစ်ပြည့်ခြင်း)

23 ယောက်ဆွေးနွေးချက်


တစ်နှစ်ပြည့်ဘလော့အထိမ်းအမှတ်အနေနဲ့ ရေးချင်တဲ့အကြောင်းအရာလေးကတော့ ကျွန်မရဲ့  စာရေးတဲ့ နာမည် (ဘလော့မှာအသုံးပြုတဲ့နာမည်) နဲ့ ပတ်သတ်လို့ ပါပဲ။ ရေးချင်တာ၊ ပြောချင် ခဲ့တာကတော့ ကြာပါပြီ။ တစ်နှစ်ပြည့်မှပိုစ့်တင်ဖို့ လုပ်ထားခဲ့တာပါ။

ကျွန်မ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်လောက်ကပေါ့။ စာရေးချင်လာတဲ့ရောဂါပိုးက ဘယ်လိုကဘယ်လို ရောက်လာတယ်မသိဘူး။ အဖေရေးခိုင်းခဲ့တုန်းကတော့ ကျောင်းသူဘ၀ပျော်ပါးတုန်း၊ ၀ါသနာ လည်းမပါခဲ့ပါဘူး။ ဒါနဲ့  စာတို၊ စာအပိုင်းအစလေးတွေ စရေးပြီး၊ နီးစပ်ရာခင်မင် တဲ့သူတွေ ကို လျှောက်ပြကြည့်တယ်။ အနီးဆုံးကတော့ ကိုယ့်ဘကြီးပေါ့။ သူကအနုပညာနယ် ပယ်ကဖြစ်ပြီး စာတွေလည်းရေးသားခဲ့ဖူးတာ အများကြီးဆိုတော့ သူ့ ဆီကအကြံပေးချက်ကို လိုတယ်လို့  ယူဆမိတယ်။ ဘကြီးက ကျွန်မရဲ့ စာအပိုင်းအစလေးတွေဖတ်ပြီး ရေးလို့ဖြစ်ပါတယ်ဆိုတာနဲ့  စရေးတော့တာပဲး) (၀ါသနာက မျိုသိပ်ထားလို့ မရဘူး)။ ဒါကြောင့် ကလောာင်နာမည်တစ်ခု အသည်းအသန်ရှာဖွေမိတယ်။ ပထမတော့ ပေါက်ကရနာမည်မျိုးစုံလျှောက်ပေးဖူးတယ်။ တစ်ခုမှလည်း ကိုယ့်အကြိုက်တော့မရှိခဲ့ဘူး။ သမီးအကြီးဆုံးမို့ သမီးကြီးနာမည်နဲ့ လည်း ရေးခဲ့သေးတယ်။ မိုးရာသီဖွားဆိုလို့  မိုးနဲ့  သက်ဆိုင်တဲ့ နာမည်တွေလည်း မှည့်ကြည့်ဖူး တယ်။ တစ်ခုမှတော့ စိတ်ကြိုက်မဖြစ်ဘူး။ ရေးခဲ့တဲ့စာတွေလည်း ပါမလာခဲ့ပါဘူး ။း)

ဒီလိုနဲ့ ကျွန်မရေးတဲ့စာတိုပေစလေးများကို ဟိုလူ့ ဆီပြကြည့်၊ ဒီလူ့ ဆီပြကြည့်ပေါ့။ နာမည် တွေကလည်းပေါင်းစုံနဲ့ ။ အဲဒီမှာ "အနမ်း"ဆိုတာကိုလည်းရွေးမိသွားတယ်။ “အနမ်း” ဆိုတဲ့ နာမည်ကိုရွေးဖြစ်တဲ့ အကြောင်းကဒီလို…။ ကျွန်မရဲ့ အဖွားနာမည်က “နန်း” ဖြစ်နေတာ၊ ရှမ်းလူမျိုးမဟုတ်ပေမယ့် ဖွားဖွားအဖေက ရှမ်းပြည်သွားပြီးပြန်ရောက်မှ ဖွားဖွားကို နာမည် မပေးရသေးလို့ ဆိုပြီး ရှမ်းတို့ ရဲ့ ချစ်စနိုးခေါ်တဲ့  “နန်း” ဆိုတာလေးကို မှည့်ဖြစ်သွားတယ်တဲ့။ ကျွန်မကို မွေးတော့လည်း အဖေက ကျွန်မကိုအဖွားနဲ့ တူလို့ ဆိုပြီး အဲဒီ “နန်း” ဆိုတာကိုထည့် ပြီး မှည့်ခေါ်ပြန်ပါတယ်။ နန်း….. ကျောင်းနာမည်ပေါ့။ ဒါပေမယ့် သူငယ်ချင်းများများမထားခဲ့ ဖူးတော့ ဒီနာမည်ကိုခေါ်တဲ့သူ သိပ်မရှိခဲ့ပါဘူး။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်စ နှစ်ယောက်စလောက်သာခေါ်ဖူးတာ။ “နန်း” ပါလို့ တစ်ချို့ ကတောင် ရှမ်းလား လို့  မေးဖူးတယ်။ (ရှမ်းမဟုတ်ပေမယ့် ပါးအို့ နီနီလေးနဲ့ ရှမ်းမလေးတွေကိုတော့ သဘောကျ မိသား) တက္ကသိုလ်ရောက်တော့ သူငယ်ချင်းအချင်းချင်း တရင်းတနှီးနဲ့ အိမ်မှာခေါ်ကြတဲ့ နာမည်တွေကိုသာခေါ်လေ့ရှိကြတယ်။ ဒါကြောင့် ကျွန်မကိုလည်း မီးမီး လို့ ပဲ လူသိတာများ ကြတယ်။ ယခုထိပါပဲ။ တစ်ချို့ ကတော့ နာမည်ရင်းတောင် မသိကြဘူး။း)

တကယ်တော့ ကျွန်မမှာနာမည်တွေများပါတယ်။ ကျောင်းနာမည်၊ အိမ်နာမည်၊ ကရင်မကြီး တစ်ယောက်ကပေးခဲ့တဲ့နာမည်၊ အမေ့သူငယ်ချင်းအပေါင်းအသင်းတွေခေါ်တဲ့ နာမည်၊ အင်္ဂလိပ်သင်တန်းကျောင်းက ဆရာမပေးခဲ့တဲ့ နာမည်၊ အဖေက ချစ်စနိုးခေါ်တဲ့နာမည်၊ စသည်ဖြင့်ပေါ့။ တကယ်တမ်း စာရေးဖို့ နာမည်လေးရွေးတာကျတော့ခက်နေပြီး တစ်ခုမှ အဆင်မပြေပါဘူး။ ဒီလိုနဲ့  အဖွား ကို ချစ်သောအားဖြင့် “နန်း”ကိုရွေးမယ်ပေါ့။ ဒါပေမယ့် အဖွားနာမည်အတိုင်း “န” သတ်နဲ့ တော့ နန်းလို့ မဖြစ်တာနဲ့  "မ"သတ်ကိုရွေးလိုက်တယ် “နမ်း” ပေါ့။ တစ်လုံးတည်းဆိုတော့လည်း ဘာအဓိပ္ပါယ်မှန်းမသိ၊ ဘာမှန်းမသိတာနဲ့  တနင်္ဂနွေ နံဖြစ်တဲ့ “အ” အက္ခရာလေးပါထပ်ဖြည့်လိုက်တယ်၊ “အနမ်း”ပေါ့။ အဓိပ္ပါယ်လည်းရှိသွားတာမို့  အဲဒီနာမည်ကိုပဲရွေးဖြစ်သွားတယ်။ စာရေးတဲ့ အခါမှာလည်း နာမည်အတော်များများနဲ့ ရေးခဲ့ ပေမယ့် ပထမဆုံးအကြိမ် စာရေးသူနာမည်မှာ “အနမ်း” ဖြစ်သွားခဲ့တယ်။ ဒါကြောင့် ဒီနာမည်နဲ့ ပဲ ဆက်လက်ရေးဖြစ်သွားခဲ့ပါတယ်။ ဘလော့မှာစာရေးတော့လည်း ထွေထွေ ထူးထူးနာမည်အသစ်ကိုရှာမနေတော့ပဲ ဒီနာမည်ကိုသာအသုံးပြုပြီး၊ ရေးသားလိုက်ရခြင်းပါပဲ။

တကယ်တော့ ဒီနာမည်ကို လူတော်တော်များများက စိတ်ထဲတစ်မျိုးကြီးဖြစ်ပြီး သူတို့  အဖို့  ခေါ်ရတာလည်း အခက်အခဲဖြစ်ပုံရပါတယ်။ အွန်လိုင်းမှာခင်မင်တဲ့သူတစ်ချို့  အထူးသဖြင့် ယောကျာင်္းလေးတွေပေါ့။ ဘယ်လိုခေါ်ရမှန်းမသိလို့  ကျွန်မရဲ့  အိမ်နာမည်ကိုပဲခေါ်ခိုင်းခဲ့ ရသလို၊ တစ်ချို့ ကျတော့လည်း အစ်မလို့ ပဲခေါ်ကြပါတယ်။ ဒီနာမည်ကြောင့် အဲလိုလေးတွေ တော့ရှိခဲ့တယ်။ ဘလော့ရေးတော့လည်းဒီလိုပါပဲ။ ဘလော့ကိုလာလည်ကြသူ မိတ်ဆွေ အပေါင်းအသင်းတွေက နာမည်နဲ့  ပတ်သတ်လို့  ခေါ်ရတာတစ်မျိုးကြီးပဲနော်တို့ ၊ အသည်း ယားစရာကြီးတို့ ၊ ဇော် ဆိုတဲ့ကောင်မလေးဆိုရင် မကစ်(စ်) ပွတ်စ်း) ဆိုပြီးအသံထွက်လေးနဲ့  တစ်မျိုး၊ နောက်တစ်ယောက်ကတော့ နမ်းဆိုတော့ ဘယ်လား၊ ညာလားတဲ့ စီဗုံးထဲမှာ အော်သွားကြဖူးပါတယ်။ အထူးသဖြင့် မိန်းခလေးတွေနောက်တာပါ။ ဒါပေမယ့် ကျွန်မကတော့ စိတ်မဆိုးတဲ့အပြင် သူတို့  အော်သမျှကိုဖတ်ပြီးပြုံးမိပါတယ်။ ကျွန်မကိုခင်လို့ မင်လို့  သာ အဲဒီလိုမျိုး နောက်တာလေးတွေလုပ်သွားတာပေါ့။ အဲလိုပဲ ကျွန်မ ယူဆတယ်။း)

တကယ်တော့ ကျွန်မ ကလောင်ကို “အနမ်း”လို့ ပေးတာ ရှက်စရာလို့ ကျွန်မကိုယ်တိုင်က မထင်ခဲ့မိပါဘူး။ ဘာလို့ လဲဆိုတော့ ဒီနာမည်ရွေးခဲ့တာလည်း အဓိပ္ပါယ်ရှိတယ်လို့ မြင်ပါတယ်။ “အနမ်း” ဆိုတဲ့သင်္ကေတဟာ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ညွှန်းတယ်လို့ ယူဆပါတယ်။ သမီးရည်းစားမှမဟုတ်ပါဘူး။ ကျွန်မတို့ လူ့ လောကကိုဝင်ရောက်မလာခင် အမိဝမ်းထဲမှာ ကတည်းက မိဘဆိုတာသူတို့ ရဲ့ ရင်သွေးဖြစ်တဲ့ ကျွန်မတို့ ကိုချစ်ခင်ပြီးသားပါ။ မွေးဖွားလာတဲ့ နောက်လည်း သားသမီးလေးတွေကို ရင်ထဲကပေါက်ဖွားလာတဲ့အချစ်၊ မေတ္တာတွေကြောင့် အနမ်းလေးတွေပေးတတ်ကြပါတယ်။ ဒါ့အပြင် ဆရာနဲ့ တပည့်လေးများ၊ မောင်နှမသားချင်း များ၊ ဦးလေး အဒေါ်နဲ့  တူ တူမလေးများ စတဲ့ သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း အနမ်း များနဲ့ ဖော်ညွှန်းတတ်ကြပါတယ်။ ဦးလေးကြီးရေးတဲ့ အနမ်းတွေကိုစာဖွဲ့ ထားတယ် ဆိုတဲ့ ပိုစ့်မှာလည်းပါပါတယ်။ ကျွန်မတို့ ဆွေမျိုးတစ်စုဆိုရင် (ကျွန်မတို့ ငယ်ငယ်အချိန်က) သီတင်းကျွတ်ကန်တော့တဲ့  အခါတိုင်းမှာ လူကြီးတွေကမုန့် ဖိုးပေးပြီး သူတို့ ကို ပြန်ပြီး နမ်းခိုင်းသလို၊ သူတို့ ကလည်း ကျွန်မတို့ တစ်တွေကိုအပြန်အလှန် အနမ်း တွေပြန်ပေးလေ့
ရှိခဲ့ပါတယ်။ (အဖိုးနဲ့ အဖွား၊ ဘကြီးနဲ့ ကြီးဒေါ်၊ အန်တီနဲ့ အန်ကယ် စသည်တို့ ပေါ့)။ ဒါကြောင့် အနမ်း ဆိုတာလူတွေအားလုံးနဲ့  သက်ဆိုင်တဲ့ ပြယုဂ်တစ်ခုပါပဲလို့ ကျွန်မခံယူထားမိတယ်။

မက်မက်ရဲ့ အိမ်လေးမှာ အားဝါး ဆိုပြီး အနမ်းပေးနေတဲ့ကောင်မလေးပုံလေး တင်ထားတာကို သဘောကျမိပါတယ်။ ဒါလည်း သူဟာသူ့ ရဲ့ ဘလော့အိမ်ကိုလာလည်သမျှ မိတ်ဆွေအပေါင်း ကို ချစ်ခင်တဲ့သဘောပဲလို့  ကျွန်မတော့ ထင်မြင်မိပါတယ်။ စီဗုံးထဲတွေမှာ သူအော်အော်သွား တဲ့ အာဝါးးးးးးးးးးး ဆိုတာလေးကလည်းထိုနည်းတူပါပဲ။

ကျွန်မနာမည်နဲ့ ကျွန်မအယူအဆကိုရှင်းပြရခြင်းအပေါ်နားလည်ကြမယ်လို့ ထင်ပါတယ်။ ဒီလို ပြောပြရခြင်းဟာလည်း အယူအဆတွေလွဲမှားကြမှာစိုးလို့ တစ်ခုတည်းပါ။ ဒါပေမယ့် ကျွန်မကို ဒီကလောင်နာမည်နဲ့ ပတ်သတ်လို့ သဘောမကျပဲ အပြစ်တင်တဲ့သူတစ်ယောက်မှမရှိခဲ့ပါဘူး။ အဲဒီအတွက်လည်း ကျေးဇူးတင်ရပါတယ်။ ကျွန်မဘလော့ကို စာလာဖတ်သူများအားလုံးကို တော့ ကျွန်မကျေးဇူးတင်ခင်မင်မိပါတယ်။ ကျွန်မလည်းပျော်ပျော်နေတတ်သူတစ်ဦးပါ၊ ကျွန်မ ကိုချစ်ခင်လို့ နောက်ပြောင်တာတွေကို ကျွန်မကအပြစ်မမြင်တတ်ပါဘူးဆိုတာလည်း သိစေ ချင်ပါတယ်။ ဘလော့ဂါအားလုံးကိုလည်း မောင်နှမတွေလိုပဲသဘောထားကာ၊ ခင်မင်ပါတယ်။ တစ်ချို့ ဘလော့ဂါတွေကိုလည်း လင့်မလုပ်နိုင်ပေမယ့် ကျွန်မအားရင်အားသလို အလည် ရောက်ဖြစ်ခဲ့ပါတယ်။ ကွန်နက်ရှင်ကောင်းတဲ့  ညတွေမှာဆိုရင် ဘလော့ရွာတွေထဲကို အလည်သွားရင်း၊ စာတွေဖတ်လေ့ရှိပါတယ်။ တစ်ခါတစ်လေ ကွန်နက်ကျသွားတဲ့အခါမှသာ စီဗုံးမှာမရေးသားနိုင်ခဲ့ပေမယ့်၊ နက်ကောင်းတဲ့အချိန်တိုင်းကိုတော့၊ ဘလော့ဂါတွေကို ကျွန်မ နုတ်ဆက်လေ့ရှိပါတယ်။

ဘလော့ရေးသူအားလုံး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းရင်း၊ ကျွန်မရဲ့ တစ်နှစ်ပြည့် ဘလော့ အမှတ်တရလေးအဖြစ် ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ကျွန်မဘလော့ဖြစ်မြောက်ခြင်းကိုကူညီခဲ့ကြတဲ့ ကျွန်မညီမနဲ့ သူ့ သူငယ်ချင်းကောင်လေး၊ သည့်နောက် ဘလော့မှာစီဗုံးထည့်ဖို့ နဲ့ လိုအပ်တာများကို ပြောကြားကူညီပေးခဲ့တဲ့ မောင်လေးမင်းထက် (အလင်းတန်း) ၊ အဲသည့်နောက် ကျွန်မလုပ်ချင်တာလေးများကို ယခုထိလုပ်ပေးခဲ့တဲ့ အမဖြစ်သူ မကိကီ ( idiotlove ) တို့ ကိုကျေးဇူးအထူးပါ။



အားလုံးကိုချစ်ခင်တဲ့ (မ) အနမ်း

ဘယ်သူဖန်တီးပေးတာလဲ???

8 ယောက်ဆွေးနွေးချက်
ကမ္ဘာမြေကြီးတစ်နေရာ
မင်းနဲ့ ငါရဲ့ ဆုံစည်းမှုကို
ဘယ်သူဖန်တီးပေးလိုက်တာလဲ

သံယောဇဉ်နဲ့ မေတ္တာများ
နှလုံးသားတစ်နေရာ
မင်းနဲ့ ငါရဲ့ ခံစားချက်တွေကို
ဘယ်သူဖန်တီးပေးလိုက်တာလဲ

အချစ်နဲ့ အမုန်းများ
ဦးနှောက်ရဲ့ တစ်နေရာ
သိခြင်းနဲ့ မသိခြင်းတွေကရော
ဘယ်သူဖန်တီးပေးလိုက်တာလဲ

လောကကြီးမှာ လူတစ်ယောက်နဲ့ တစ်ယောက်တွေ့ ဆုံကြဖို့ ဆိုတာ အင်မတန်ခက်ခဲသလို၊ ဆုံတွေ့ လာတဲ့ သူတိုင်းကိုလည်း ကိုယ်ကအကောင်းဆုံးဆက်ဆံပေးဖို့ လိုတယ်လို့ ယူဆမိ ပါတယ်။ မမျှော်လင့်ပဲခွဲခွာသွားရရင်တောင် ကျွန်မကတော့ကောင်းသောခွဲခွာခြင်းမျိုးပဲဖြစ်ချင် ပါတယ်။ ကုန်လွန်သွားတဲ့အချိန်ဆိုတာလည်းဘယ်လိုမှပြန်ယူလို့ မရတော့ပါဘူး။

အနမ်း

ဘုရားပေးတဲ့ဆေး (၂)

6 ယောက်ဆွေးနွေးချက်
လေ့လာမှုတွေကနေတွေ့ရှိရတဲ့ အကျိုးကျေးဇူးတွေကများပြားလှပါတယ်၊ အဲဒါတွေကတော့ .....

၁. စိတ်ဓါတ်ကျဆင်းမှု၊ စိတ်မတည်မငြိမ်ဖြစ်မှု၊ စိတ်မထိန်းချုပ်နိုင်မှုတို့ကိုလျော့ပါးစေတယ်
၂. မှတ်ဥာဏ်ကို တိုးတက်စေတယ်
၃. ပျော်ရွှင်မှုရဲ့ရသနဲ့ ၊ အပြုသဘောဆောင်တဲ့ ခံစားမှုကိုရစေတယ်၊ ရောင့်ရဲမှုကိုဖြစ်စေ တယ်
၎.ခံစားမှုတွေကို တည်ငြိမ်ရင့်ကျက်စေတယ်
၅. Autonomous nervous system လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲက အသက်ရှုမှု၊ သွေးလည် ပတ်မှု၊ အစာခြေမှု စတဲ့လုပ်ဆောင်မှုစနစ်တွေကို ကောင်းမွန်စေတယ်
၆. နှလုံးခုန်နှုန်းကို လျော့ကျစေတယ်
ရ. အသက်ရှုနှုန်းကို လည်းလျော့ကျစေတယ်
၈.အသက်ရှုခြင်းရဲ့ထိရောက်မှုကို တိုးစေတယ် (အသက်ရှုဝတယ်၊ အောက်ဆီဂျင်ပိုရတယ်)
၉. သွေးဖိအားကိုလည်းကျဆင်းစေတယ်
၁၀. နှလုံးနဲ့သွေးကြောဆိုင်ရာလုပ်ဆောင်မှုတွေကို ကောင်းမွန်စေတယ်
၁၁. အရေးပြားဟာ သွေးကိုပိုမိုရရှိတဲကအတွက် သွေးရောင်လွှမ်းပြီးအသားအရေကိုပိုမို ကြည်လင်စေတယ်
၁၂. အစာအိမ်နဲ့အူရဲ့လုပ်ဆောင်မှုကို တိုးတက်စေတယ်
၁၃. Endocrine function လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွင်းမှာသူ့နေရာနဲ့သူလိုအပ်တဲ့ ဟော်မုန်းတွေကိုပို့လွှတ်ထိန်းချုပ်တဲ့ စနစ်ကိုတိုးမြှင့်စေတယ်
၁၄. ကြွက်သားတွေကိုပျော့ပြောင်းစေတယ်
၁၅. အောက်ဆီဂျင်ရရှိမှုကို ပိုမိုလာစေတယ်
၁၆. ခန္ဓာကိုယ်ပေါ့ပါးသွက်လက်စေတယ်
၁၇. မျက်လုံးကကြည်ပြီး၊ လက်ကလုပ်ဆောင်ရတဲ့လုပ်ဆောင်မှု hand eye co-ordination တွေကို ကောင်းမွန်စေတယ် ၊ (ဥပမာ လက်ရေး၊ ရေးတယ်ဆိုရင် မျက်လုံးကကြည့်ပြီး လက်ကိုဘယ်လိုရေးရမယ် ဆိုတာညွှန်ကြားတာမျိုးပါ၊ မျက်လုံးကကြည့်ပြီး ခိုင်းတာကို သေချာသိချင်ရင် မျက်လုံးကိုမှိတ်ပြီးရေးကြည့်ပါ၊ လက်ရေးကညီညာပြီး စာလုံးပီပြင်နေမှာ မဟုတ်တော့ပါဘူး)
၁၈. တုန့်ပြန်မှုတွေကို လျင်မြန်လာစေတယ်
၁၉. ကိုယ်နေဟန်ထား ( body posture ) ကိုအချိုးကျစေတယ်
၂၀. ခွန်အား( strength ) ကို တိုးစေတယ်
၂၁. သက်လုံကို တိုးစေတယ်
၂၂. ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းစေတယ်
၂၃. စွမ်းအင် ( energy ) ကို တိုးစေတယ်
၂၄. ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းရှိနေစေတယ်
၂၅. ကောင်းကောင်းအိပ်လို့ပျော်စေပြီး ၊ အိပ်ရေးဝဖို့အတွက် လိုအပ်တဲ့အိပ်ချိန်ကို လျော့စေတယ်
၂၆. နာကျင်မှုတွေကို သက်သာစေတယ်
၂၇. တည်ငြိမ်မှု stability ကို ရရှိစေတယ်
၂၈. အမြင်အာရုံကို ပိုမိုကောင်းမွန်စေတယ်
၂၉. ကိုယ်ခန္ဓာကို ပိုပြီး အနားရစေတယ်
၃၀. ဖန်တီးမှုစွမ်းရည် နဲ့ သင်ယူမှု စွမ်းရည်ကို တိုးတက်စေတယ်
၃၁. ချွေးထွက်နည်းစေတယ်
၃၂. ဆေးလိပ်၊ အရက်၊ ဆေးဝါး စတဲ့စွဲစေတတ်တဲ့ အရာတွေကိုဖြတ်ဖို့ စွန့်လွှတ်ဖို့ လွယ်ကူစေတယ်
၃၃. အကြားအာရုံကို ကောင်းစေတယ်
၃၄. အသက်အရွယ်အိုမင်းမှု ကို နှေးစေတယ်
၃၅. စိတ်ကို နုပျိုစေတယ်

တရားအားထုတ်ခြင်းနဲ့ ဦးနှောက်ရဲ့ ဆက်စပ်မှု အပိုင်းကို ဆက်လက်တင်ပြချင်ပါတယ် ၊ အထက်မှာပြောခဲ့တဲ့ အကျိုးကျေးဇူးတွေရဲ့အကြောင်းရင်း တော်တော်များများကိုလည်း ပိုပြီး နားလည်သွားလိမ့်မယ်လို့ယူဆမိ ပါတယ်။ ကျွန်တောာ်တို့ရဲ့ ဦးနှောက်ဟာ မိခင်ဝမ်းထဲမှာကတည်းက စတင်ပြီးတော့ အသက် ၂၀ အထိ ဖွံ့ဖြိုးလာခဲ့ပါတယ်၊ အသက်၂၀ကျော်သွားတဲ့အခါမှာတော့ မဖွံ့ဖြိုးတော့သလောက်နီးပါးဖြစ် သွားပါတော့တယ်၊ ဒါကြောင့်မို့ ပညာရှင်များက IQ peak ကို အသက် ၂၀ လို့ သတ်မှတ်ခဲ့ ကြပါတယ်၊ ဒါကတရားအားထုတ်ခြင်း နဲ့ ဦးနှောက်ဆက်စပ်မှုကို သိပ္ပံပညာရှင်တွေ မလေ့လာ ခင်အထိ လက်ခံထားတဲ့အချက်ပါ၊ လေ့လာမိတဲ့အခါ မှာတော့ တရားအားထုတ်ခြင်းဟာ neuron နျူရွန် လို့ခေါ်တဲ့ ဦးနှောက်ဆဲလ်တွေကိုပွားများလာစေတဲ့အပြင်၊ ဦးနှောက်ဆဲလ် တွေဟာ တစ်ခုနဲ့တစ်ခုပိုပြီးချိတ်ဆက်လှုပ်ရှားလာတယ်လို့တွေ့ရှိခဲ့ကြပါတယ်၊ ကာလရှည် ကြာ တရားအားထုတ်သူပုဂ္ဂိုလ်တချို့ရဲ့ဦးနှောက်ကို တိုင်းတာကြည့်တဲ့အခါမှာလည်း ကြီးထွား နေတာကိုတွေ့ ရှိရပါတယ်။

ပြီးတော့သာမန်လူအများစုမှာ ဦးနှောက်ရဲ့ဘယ်ခြမ်းနဲ့ညာခြမ်းဟာ နှစ်ဖက်လုံးအလုပ်လုပ် လေ့မရှိပဲ၊ သန်ရာသန်ရာတစ်ဖက်ကသာအလုပ်လုပ်နေပြီးတော့ အခြားတစ်ဖက်ရဲ့ လုပ် ဆောင်မှုတွေဟာ မှေးမှိန်နေ လေ့ရှိပါတယ်၊ ပါရမီရှင်ဖန်တီးရှင်တွေရဲ့ ဦးနှောက်ကို လေ့လာတဲ့အခါ နှစ်ဖက်လုံးအလုပ်လုပ်တာကိုတွေ့ရပါတယ်၊ ဒါပေမယ့် တရားအားထုတ်သူ တွေရဲ့ ဦးနှောက်ကတော့နှစ်ဖက်လုံး အလုပ်လုပ်လာတယ်လို့ဆိုပါတယ် ။
ဒါတင်မကသေးပါဘူး ကျွန်တော်တို့ရဲ့ ဦးနှောက်မှာလှိုင်းတွေရှိပါတယ်၊ ကြိမ်နှုန်း အနည်း အများကိုလိုက်ပြီး ဒီလိုခွဲထားပါသေးတယ် ။

၁. Beta ( 13 -25 cycle per second )
၂. Alpha ( 8 -12 cycle per second )
၃. Theta ( 4 - 8 cycle per second )
၎. Delta ( 0.5 to 4 cycle per second )

အဲဒီလှိုင်းတွေထဲကနေ ဒုတိယနဲ့ တတိယ လှိုင်းတွေ ဖြစ်တဲ့ Alpha နဲ့ Theta လှိုင်းတွေ ဟာ ကျွန်တော်တို့အတွက် ကောင်းကျိုးတွေကိုဖြစ်ထွန်းစေပါတယ်။ အဲဒီလှိုင်းနှစ်မျိုးကို တရားအားထုတ်နေစဉ်မှာ ဖြစ်ပေါ်လာတာကိုတွေ့ရပါတယ် ၊ တကယ်လို့ ( ၆ ) လ ကျော် တရားအားထုတ်တဲ့ အလေ့အကျင့်ရပြီးသွားပြီဆိုရင် သာမန်အချိန်များမှာလည်း alpha လှိုင်း တွေကို ထုတ်လွှတ်နေတယ်လို့ဆိုပါတယ် ၊ အဲဒီလှိုင်းနှစ်ခုရဲ့ ဂုဏ်သတ္တိကိုသိရအောင် သူတို့ အကြောင်းကို အောက်မှာဖေါ်ပြပေးလိုက်ပါတယ်။

Alpha (8 to 12 cycles per second)
ဒီလှိုင်းပုံစံကတော့ စာတစ်အုပ်ကိုစိတ်ဝင်တစားဖတ်နေတဲ့အခါ ၊ ဖျော်ဖြေရေး အစီစဉ်တစ်ခု ခုကိုကြည့်ရှုအနားယူနေတဲ့အခါ၊ တရားအားထုတ်ခြင်းစတင်ပြုလုပ်တဲ့ အချိန်တွေမှာတွေ့ရ တတ်ပါတယ် ၊ စိတ်ဟာအပန်းပြေပြီး အနားရနေတဲ့အခြေအနေပါ။ တစ်ခုခုကို စိတ်ဝင်စားဖို့ ဖန်တီးဖို့နဲ့ အချက်အလက်တွေကိုသင်ယူမှတ်သားဖို့ အကောင်းဆုံးအခြေအနေပါ၊ ဦးနှောက် ရဲ့ ညာခြမ်းကနေ အဓိကလုပ်ဆောင်ပါတယ်၊ အယ်လ်ဖာဦးနှောက်လှိုင်း ပိုမိုရှိတဲ့သူများဟာ စိတ်တင်းကြပ်မှု၊ စိတ်ဓါတ်ကျဆင်းမှုတွေလျော့နည်းစေပါတယ်၊ ရလဒ်အဖြစ် ကိုယ်ခံအား စနစ်ကိုကောင်းမွန်စေပါတယ်၊ ဖန်တီးနိုင်စွမ်းရည်ဟာလဲ ဒီဦးနှောက်လှိုင်းရဲ့ လုပ်ဆောင်မှုပါ၊ ဖန်တီးမှုကောင်းတဲ့သူများဟာ ဖန်တီးမှုတွေကိုစိတ်ကူးတဲ့အခါမှာ၊ စွမ်းရည်ကောင်းသူအများစု ဟာ နက်နက်ရှိင်းရှိုင်းတွေးတောစဉ်းစားတဲ့အခါ၊ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ ၊ အားကစားသမားများဟာ သူတို့ရဲ့အမြင့်ဆုံးစွမ်းဆောင်ချက်တွေကိုလုပ်တဲ့အခါများမှာ ဒီ alpha ဦးနှောက်လှိုင်းတွေဟာ ရုတ်တရက် များပြာစွာထွက်ပေါ်လာလေ့ရှိတယ် ( big alpha brain wave bursts ) လို့သိပ္ပံပညာရှင်များကပြောပါတယ် ။ ဒီလှိုင်းတွေဟာ သက်တောင့် သက်သာရှိမှု၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ အေးဆေးတည်ငြိမ်မှု နဲ့သဟဇာတဖြစ်မှုတွေကို သယ်ဆောင်လို့လာပါတယ် ၊ ဒါကြောင့်ဒီလှိုင်းဟာ လူတိုင်းအတွက် အလွန်ကို ကောင်းတယ် လို့ပြောရမှာပါ။
Theta (4to8 cycles per second)
ဒီလှိုင်းပုံစံဟာ စိတ်ကူးယဉ်နေတဲ့အခါ၊ ခဏတစ်ဖြုတ်အိပ်တဲ့အခါ၊ အိပ်ချင်လို့ငိုက်နေတဲ့ အခါများမှာတွေ့ရတတ်သလို စူးစူးစိုက်စိုက်တရားထိုင်နေတဲ့အခါ ( deep meditation ) များမှာတွေ့ရတတ်ပါတယ်၊ သင့်ရဲ့ဆံပင်ရှည်တွေကို အေးအေးဆေးဆေး ဖြီးသင်နေတဲ့အခါ မျိုးမှာ၊ ရေပန်းအောက်မှာသီချင်းဆိုရင်း ရေချိုးနေတဲ့အခါ၊ ရေစိမ်ကန်ထဲမှာစိမ်ပြီး ရေချိုးနေ တဲ့အခါ စတဲ့ အေးအေးလူလူနဲ့လုပ်လို့ရတဲ့ အလုပ်မျိုးတွေကိုလုပ်နေရတဲ့အခါမျိုးတွေမှာ လည်း တွေ့ရတတ်ပါတယ်၊ ဒီလှိုင်းတွေကဈန်ဝင်စားမှု (inspiration)၊ စေ့ဆော်မှု (motivation) တွေကိုဖြစ်ပေါ်စေပါတယ်၊ ဒီလှိုင်းတွေက တခါတရံမှာ ကြာမြင့်စွာကတည်းက မေ့နေခဲ့တဲ့ အကြောင်းအရာများကို ပြန်လည်အမှတ်ရလာစေပါတယ် ( long forgotten memory come to the surface ) ၊ ဒီလှိုင်းရဲ့ အကျိုးကျေးဇူးတွေကတော့ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်၊ အတွေးအခေါ်တွေကို မြင့်မားစေတယ်၊ အကြောင်းအရာသစ်တွေကို နားလည်သဘောပေါက်စေတယ်၊ သင်ယူမှုစွမ်းရည်ကိုတိုးစေတယ်၊ မှတ်ဥာဏ်ကို ကောင်းစေ တယ်၊ အတွေ့အကြုံများကိုစုစည်းပေးပါတယ်၊ အချို့သောသူများဟာ ဒီလှိုင်းတွေ ထုတ်လွှတ် နေတဲ့အချိန်မှာ ပေါ့ပါးပြီးလွင့်မျောနေတဲ့ ခံစားမှုတွေကိုရရှိတယ်လို့သိရပါတယ်၊ တရား အားထုတ်လို့သမာဓိရလာတဲ့အခါ ပေါ့ပါးနေတဲ့ခံစားမှုကို ရရှိတတ်တယ်လို့ကြားခဲ့ဖူး ပါတယ် အဲဒါဟာ ဒီလှိုင်းတွေထွက်လာလို့ပဲလို့ထင်မိပါတယ်၊ ဒါကတော့ ကျွန်တော်ရဲ့ တွေးဆချက် ပါ၊ သိပ္ပံပညာရှင်တွေကလည်း စူးစူးစိုက်စိုက်တရားထိုင်နေတဲ့အခါ တွေ့ရတယ် လို့ဆိုထား တာကိုး၊ အသက်၂ နှစ်ကနေ ၅ နှစ်ထိ ကလေးငယ်အများစုမှာလည်း ဒီစိတ်အခြေအနေမျိုး ဟာ စိုးမိုးလျက်ရှိနေတတ်ပါတယ်၊ သူလည်းဦးနှောက်ရဲ့ ညာခြမ်းက ပိုအလုပ်လုပ်ပါတယ် ။

ဒါပေမယ့် တရားအားထုတ်နေတဲ့အခါ ၊ လုံးဝအနားယူနေတဲ့ အခါမျိုးမှာတော့ ဦးနှောက် နှစ်ဖက်လုံးရဲ့ လှိုင်းတွေဟာပေါ်လာပါတယ် ၊ ပြီးတော့ လှိုင်းထိပ်ကို ရောက်ချိန်တွေဟာလဲ တူညီလာကြပါတယ် ၊ အဲဒီလို ဖြစ်တာကို Synchronization လို့ ခေါ်ပါတယ် ။ Sync လို့လဲ အတိုကောက်ခေါ်ပါတယ် ၊ ဦးနှောက်ရဲ့ လှိုင်းတွေဟာ ဟာမိုနီ ဖြစ်ပြီး စည်းချက်ညီလာတဲ့ သဘောပါ၊ သိပ္ပံပညာရှင်များဟာ အဲဒီလိုစည်းချက်ညီမှုကြောင့် ကြီးကျယ်တဲ့ စိတ်ရဲ့ စွမ်းအင် တွေကိုရရှိစေတယ်လို့ ယုံကြည်ပါတယ် ။ အလွန်များပြားတဲ့ မှတ်သားမှု တွေကို လျှင်မြန်စွာ မှတ်သားနိုင်ခြင်း ၊ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခြင်း ၊ ဦးနှောက်ထိန်းချုပ်မှု ကောင်းခြင်း စတာတွေ ကိုရရှိစေပါတယ် ။

တရားအားထုတ်သူများဟာ စိတ်ကျန်းမာရေးကောင်းမွန်တဲ့ အတွက်ကြောင့် စိတ်တင်းကြပ် မှု၊ စိတ်ဓါတ်ကျဆင်းမှု ၊ ဒေါသ ၊ ၀မ်းနည်းမှု ၊ ကြောက်ရွံ့မှု တွေနည်းပါးပြီး သူငယ်ချင်း မိတ်ဆွေပေါများခြင်းအပြင် လူအများနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးအခြေအနေတွေရရှိပါ တယ်၊ မိမိရဲ့ဘ၀ကိုရောင့်ရဲပြီး ကျေနပ်နှစ်သိမ့်မှုတွေလည်းရရှိကြပါတယ်။ တရားထိုင်ခြင်းကြောင့် ဦးနှောက်ရဲ့လှိုင်းတွေဟာ စည်းချက်ညီလှုပ်ရှားလာပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဓါတုပစ္စည်းတွေအပေါ် အကျိုးသက်ရောက်မှုတွေကိုဆက်လက်တင်ပြသွားပါမယ်။
တရားရှုမှတ်ခြင်းကြောင့်
• GABA ( gamma amino bytyric acid ) လို့ခေါ်တဲ့ neurotransmitters ကို တိုးစေပါ တယ် ၊ အဲဒါလျော့နေရင် အရက်၊ မူးယစ်ဆေး၊ လောင်းကစား၊ ဆေးရွက်ကြီး၊ ကဖင်း နဲ့  အခြားစွဲစေတတ်တဲ့ အရာမှန်သမျှကို လွယ်လင့်တကူနဲ့ စွဲကပ်စေပါတယ် ၊ ဖြတ်ဖို့လည်း ခက်ပါတယ်၊ တရားအားထုတ်တဲ့သူတွေကတော့ GABA တိုးလာတဲ့ အတွက်ကြောင့် ဖြတ်ဖို့ ပိုပြီးလွယ်ကူပါတယ်
• DHEA ( Dehydroepiandrosterone ) ဟော်မုန်းကိုတိုးစေတဲ့အတွက် ကိုယ်ခံအားစံနစ်ကို အားကောင်းစေပါတယ် ၊ မှတ်ဥာဏ်ကိုကောင်းစေပါတယ် ၊ နည်းခဲ့ရင် နှလုံးရောဂါ ၊ ဆီးချို ၊ ကင်ဆာ စတာတွေ ဖြစ်နိုင်ပါတယ် ၊
• Melatonin ဟော်မုန်းကို တိုးစေပါတယ် ၊ အဲဒါက ကျွန်တော်တို့ကို အိပ်ရေးဝစေပြီး လန်းဆန်းစေပါတယ်၊ • Serotonin ဟော်မုန်းကို တိုးစေပါတယ် ၊ လျော့နည်းနေရင် စိတ်ကျရောဂါ ၊ အ၀လွန်ရောဂါ အိပ်ပျက်ရောဂါ ၊ ခေါင်းကိုက်ရောဂါတွေကို ရစေနိုင်ပါတယ်။
• Endorphins လို့ခေါ်တဲ့ neurotransmitters တွေကိုတိုးစေပါတယ် ၊ သူက အကိုက်အခဲ တွေကို ပြေပျောက်စေပါတယ်၊ ပျော်ရွှင်မှုရသ ( sense of happiness ) ကိုဖြစ်စေပါတယ်၊ သွေးပေါင်ချိန်ကိုကျစေပါတယ် ၊ ကင်ဆာရောဂါကို တိုက်ဖျက်ပေးပါတယ်။
• HGH ( human growth hormone ) ကို တိုးစေပါတယ်၊ တစ်သျှူးတွေ၊ အသားတွေ၊ ကြွက်သားတွေ၊ အရိုးတွေ မှန်သမျှကို တည်ဆောက်ပေးနေတဲ့အရာပါ ၊ အဆီကိုတော့လျော့ စေပြီး၊နှလုံးကိုလည်းအားကောင်းစေပါတယ်။
• pH ကိုတိုးစေပါတယ် ၊ ဆီးချိုနဲ့ကင်ဆာ စတဲ့ ရောဂါ ဝေဒနာရှင်များဟာ pH နိမ့်နေတယ် လို့ဆိုပါတယ်၊ တရားထိုင်ခြင်းတစ်မျိုးတည်းနဲ့ pH ကို မြင့်လာစေပြီး ရောဂါကို သက်သာစေ ပါတယ်။
• Cortisol ကို ကျဆင်းစေပါတယ် ၊ Cortisol ဟာ စိတ်ကျရောဂါရဲ့လက်သည်တရားခံပါ ၊ Cortisol ရှိနေရင် ကိုလက်စထရော ( cholesterol ) ကို တိုးစေပြီး၊ နှလုံးရောဂါ နဲ့ လေဖြတ် ခြင်းတို့ ဖြစ်နိုင်ပါတယ် ၊ ဦးနှောက်ဆဲလ်တွေကိုလည်း သေဆုံးစေပါတယ် ၊ တရားအားထုတ် တဲ့ သူတွေကတော့ ဒီရောဂါမျိုးတွေနဲ့ ဝေးစေပါတယ်။
ကဲ….ဒီလောက်များလှတဲ့အကျိုးကျေးဇူးတွေကို ဘယ်ဆေးကမှမပေးနိုင်ပေမယ့်၊ တရားအား ထုတ်ခြင်းကပေးနိုင်ပါတယ်၊ ဒါကြောင့်တရားအားထုတ်ခြင်းဟာ ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာ ရေးမျှသာမက၊ သံသရာကလွတ်မြောက်ရေးအထိပါအသုံးပြုနိုင်တဲ့ဆေး ၊ ဘုရားပေး တဲ့ ဆေးလို့ပဲဆိုလိုက်ချင်ပါတော့တယ်။
ဦးလေးကြီး (or) kwno

ဘုရားပေးတဲ့ဆေး

7 ယောက်ဆွေးနွေးချက်
တရားရှုမှတ်ခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတွေထဲကနေ သိပ္ပံနည်းကျဖေါ်ထုတ်တွေ့ရှိ ချက်တွေကိုတင်ဆက်လိုတာဖြစ်ပါတယ် ၊ ဒါပေမယ့် တရားအားထုတ်ခြင်းနဲ့ သက်ဆိုင်တာ လေးတွေကို ရှေ့ပိုင်းမှာ ရေးသွားရင်းနဲ့ ဖြည်းဖြည်းတင်ပြသွားပါရစေ။

ဒီနေ့ခေတ်မှာ ကမ္ဘာနိုင်ငံပေါင်းများစွာကလူများစွာဟာ တရားအားထုတ်ခြင်းကို စိတ်ကျန်းမာ ရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုလိုလုပ်နေကြပြီဖြစ်ပါတယ်။ ပထမဆုံး ကျွန်တော်တို့သိထားသင့်တာက တရားအားထုတ်ခြင်းကို ဘယ်လိုဘာသာဝင်မျိုးကမဆို ပြုလုပ်ခွင့်ရှိတယ်၊ ပြုလုပ်နိုင်တယ်ဆိုတာပါပဲ ၊ မြတ်ဗုဒ္ဓရဲ့ တရားတွေဟာအချိန် မရွေး၊ နေရာ မရွေး၊ လူပုဂ္ဂိုလ်မရွေး လုပ်ရင်လုပ်သလောက်အကျိုး ပေးတယ်လို့ နာယူ မှတ်သားဖူးပါတယ်။

ဗုဒ္ဓဘာသာဝင်မဟုတ်သူများက တရားအားထုတ်ကြတဲ့ အခါမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များနဲ့ ရည်ရွယ်ချက်ခြင်းကတော့ တူချင်မှတူပါလိမ့်မယ်၊ ကျွန်တော်တို့ကတော့ အနည်း ဆုံး စိတ်တည်ငြိမ်အေးချမ်းဖို့၊ သမာဓိအားကောင်းလာဖို့၊ အဲဒီကမှ တစ်ဆင့်တက်ပြီး
ဝိပဿနာဥာဏ်နဲ့ယှဉ်ပြီး၊ ဖြစ်၊ ပျက်၊ ပြောင်းလဲ တတ်တဲ့တရားတွေ ၊ မမြဲတဲ့တရားတွေကို ကိုယ်တိုင်လက်တွေ့သိမြင်လာတဲ့ ခန္ဓာသိကိုရရှိဖို့နဲ့ နောက်ဆုံးမှာတော့ ဒုက္ခတွေချုပ်ငြိမ်း ရာ နိဗ္ဗန်အထိ ရည်ရွယ်အားထုတ်ကြတယ်မဟုတ်ပါလား ၊ ဗုဒ္ဓစာပေများကို နှံစပ်ကျွမ်းကျင် တဲ့ ကျမ်းတတ်ဆရာတော်တစ်ပါးထံမှာ ဘာသာခြားပုဂ္ဂိုလ်များက တရားအားထုတ်ကြတဲ့ အခါ အမြင့်ဆုံးဘယ်အဆင့်ထိရနိုင်မလဲလို့ မေးလျှောက်ခဲ့ဖူးပါတယ် ၊ ဆရာတော်ဖြေကြား တာကတော့ သူတို့အမြင့်ဆုံးဗြဟ္မာပြည်ထိရောက်နိုင်တယ် ၊ ဒါပေမယ့် နိဗ္ဗန်ကိုတော့ ဗုဒ္ဓ ဘာဘာဖြစ်မှပဲရနိုင်မယ်လို့မိန့်ပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ သရဏဂုံမတည်သေးလို့ပါ။

ဟုတ်ပါတယ် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နိဗ္ဗန်အထိရနိုင်တဲ့ အခွင့်အရေး တစ်ခုသာနေပါတယ် ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေကတောင် တရားအားထုတ်နေကြပြီ ဆိုရင် ကျွန်တော်တို့က ပိုပြီးတော့တောင် အားထုတ်သင့်ကြတယ်မဟုတ်လား ၊ ဒါပေမယ့် အများစုက သိပ်မလုပ်ဖြစ်တာတွေ့ ရပါတယ်၊ တရားအားထုတ်ဖို့ကို စီမံချက်ကြီးတစ်ခုလို သေသေချာချာ စဉ်းစားစီစဉ်ပြီးမှ လုပ်ချင်နေကြတယ် ၊ ဥပမာအားဖြင့် အလုပ်တွေ အေးအေး ဆေးဆေးဖြစ်တဲ့အခါကျမှပဲ ရိပ်သာမှာတရားစခန်းဝင်ပြီး တရားအားထုတ်ချင်တာမျိုးပေါ့၊ အဲဒီလိုမျိုးဖြစ်နိုင်ရင်ကောင်းပါတယ်၊ တရားပြဆရာတစ်ဦးဦးဆီကနေ ဆင်ခြင်ရှုမှတ်နည်းကို သိလာရတဲ့အခါ ပိုပြီးထိရောက်ပါတယ် ၊ ဒါပေမယ့် အဲဒီလိုမျိုး အခြေအနေတွေပေးလာသည် အထိ စောင့်နေမယ်ဆိုရင် တရားအားမထုတ်ဖြစ်တာကပိုများပါလိမ့်မယ် ၊ အသက်ကြီးလာမှပဲ လုပ်တော့မယ်လို့ဆိုသူတွေလဲ ရှိသလို၊ အလုပ်တွေမအားလို့ အားမထုတ်နိုင်သေးဘူးလို့ ပြောသူတွေလည်းရှိပါတယ်၊ တကယ်တမ်းမှာတော့ ဘယ်လိုပဲဖြစ်စေ၊ စပြီးလုပ်ဖြစ်ဖို့ က အဓိကကျပါတယ်၊ လူရဲ့သဘာဝပါပဲ ဘယ်အလုပ်မဆို စပြီးတော့ မလုပ်ဖြစ်သေးဘူးဆိုရင် တော်တော်နဲ့ မလုပ်ဖြစ်တော့ပါဘူး ။

အစပိုင်းမှာ သေသေချာချာကျကျနနကြီး မဟုတ်သေးပေမယ်လို့လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ စနစ်တကျ ကောင်းကောင်းမွန်မွန်လုပ်လာနိုင်ပါတယ် ၊ ကျွန်တော် သိတာ ကတော့ တရားအားထုတ်ခြင်းဆိုတာကို ထိုင်လျက်ဖြစ်စေ ၊ လျောင်းလျက်ဖြစ်စေ ၊ ရပ်လျက် ဖြစ်စေလုပ်နိုင်ပါတယ် ၊ ဒါကြောင့်မို့ အနည်းဆုံးတော့ မအိပ်ခင်မှာ လှဲလျောင်းနေရင်းကပဲ မိနစ်အနည်းငယ်စီစပြီး တရားမှတ်ကြည့်နိုင်ပါတယ် ၊ လူတိုင်းကတော့အိပ်ကြမှာပါ ၊ အဆင့်မြင့်တဲ့ ၀ိပဿနာရှုနည်းတွေကတော့ နောက်ပိုင်းမှပေါ့ ၊ ဒီလိုပြောတာက တရားမှတ် ခြင်းကိုသေးသိမ်အောင်ပြောတာမဟုတ်ပါဘူး၊ တရားရှုမှတ်ခြင်းရဲ့ အရသာနဲ့အကျိုးကျေးဇူး တွေကိုသိလာတဲ့အခါမှာ နောက်ထပ်အားထုတ်ချင်တဲ့ စိတ်တွေပေါ်လာပါလိမ့်မယ်၊ ပိုပြီး တော့ ကောင်းမွန်ရိုသေတဲ့နည်းတွေနဲ့လုပ်နိုင်လာပါလိမ့်မယ် ။

စပြီးလုပ်ခါစမှာ ထွက်လေ၊ ၀င်လေကိုပဲမှတ်ကြည့်ပါ ၊ စိတ်ဟာ သူ့ကို တစ်ခုခု ခိုင်းတာနဲ့ သူက ပြေးထွက်ပြီး သွားချင်ရာကိုသွားတော့တာပါပဲ ၊ စိတ်ကို ပြန်ဆွဲခေါ်လာ ပြန်မှတ်ခိုင်းနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတတ်ပါတယ် ၊ ကျွန်တော်သိသလိုပြောရရင်တော့ အပြင်မှာ အတွေးတွေရွက်လွှင့်နေတတ်တဲ့ စိတ်ကို ပြန်မခေါ်တော့ပဲနဲ့ ကိုယ်ဖာသာ မှတ်နေတဲ့ဆီ မှာပဲ အာရုံကို ပို့ထားလိုက်ပါ ၊ အဲဒါဆို သူကဝေးဝေးမသွားတော့ပဲနဲ့ ပြန်ပြန်လာပါတယ် ၊ အဲဒီလို အချိန်မှာတော့ ၀င်လေ၊ ထွက်လေမှတ်နေတာကမမှားတော့ပါဘူး၊ တိုင်မင် ( timing ) ကိုက်ပါတယ် ၊ ဒါပေမယ့် ၀င်လေနဲ့ ထွက်လေကြားအချိန်လေးမှာပဲ စိတ်ဟာ အပြင်ကို ထွက် ထွက်သွားပါသေးတယ် ၊ တကယ်တော့ စိတ်ကတစ်ခုတည်းပါပဲ အလွန်လျင်မြန်နဲ့ နှုန်းနဲ့ သွားချည်လာလှည့်လုပ်နေတော့ စိတ်ဟာ နှစ်ခုလိုဖြစ်နေတယ်လို့ ထင်နေတတ်ပါတယ် ။

ကျွန်တော်သဘောကျတဲ့ နည်းကတော့ ထွက်လေ၀င်လေတင်မကပဲ ထွက်လေဟာ အဆုတ် ထဲကနေ လေလမ်းကြောင်းအတိုင်းတက်လာပြီး အပြင်ကိုထွက်သွားတယ်၊ ၀င်လေက ၀င်လာ ပြီး လေလမ်းကြောင်းအတိုင်းဆင်းလာတယ်၊ အဆုတ်ထဲဝင်သွားတယ်၊ ပျံ့ကားလာတယ်၊ ပြီး ရင် ပြန်ထွက်လာပြီ စသည်ဖြင့် ထွက်လေ ၀င်လေရဲ့ လမ်းကြောင်းတစ်လျှောက် လိုက်မှတ် တဲ့အခါ စိတ်ကို အပြင်သွားဖို့ အချိန်မပေးသလိုဖြစ်ပြီး စူးစိုက်တည်ငြိမ်မှု သမာဓိကို အမြန်ရ နိုင်တယ်လို့ ထင်မိပါတယ် ၊ ပြီးတော့တွေးနေတဲ့ အတွေးကို ကိုယ့်ခေါင်းထဲကခံစားမှုဆီကို ပြန်ပို့ထားလိုက်ပါ၊ ဥပမာ ကြည်လင်လာတယ်၊ အေးမြလာတယ်၊ ပေါ့ပါးလာတယ်၊ လင်းလက် လာတယ် စသည်ဖြင့်ပေါ့။

အဲဒီလို စိတ်အစဉ်ကို သိနေခြင်းဟာလည်း တရားအားထုတ်ခြင်းတစ်မျိုးပါပဲ ၊ သမထရဲ့သဘောနဲ့ ၀ိပဿနာ ရဲ့ သဘောကို ပေါင်းစပ်လိုက်သလိုလဲ ဖြစ်သွားပါတယ် ၊ အဲဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ ပြင်ပအကြောင်းအရာတွေကိုတွေးဖို့ အချိန်မပေးသလို တွေးဖို့ အခွင့်အရေးလည်းမရှိတော့ပါဘူး ၊ ဒါကြောင့်သမာဓိကိုမြန်မြန်ရလာပါလိမ့်မယ် ၊ စူးစိုက် တည်ငြိမ်မှု သမာဓိရလာတာနဲ့ ထွက်လေ၀င်လေဟာလည်း ညင်ညင်သာသာလေးပဲ အလိုလို ဖြစ်သွားပါတော့တယ် ၊ ဒါပေမယ့် အသက်ရှုလို့လည်းဝပါတယ် ၊ လန်းဆန်း ကြည်လင် လာသလို ကိုက်ခဲနာကျင်မှုတွေ ရှိရင်လည်းပျောက်သွားပြီး ၊ ပေါ့ပါးလာပါတယ် ၊ သာယာ သလိုဖြစ်လာပါတယ် ၊ တချို့တွေဆိုရင် တရားထိုင်ရတာကောင်းလို့ မထချင်ပဲ အကြာကြီး ထိုင်ကြတယ်လို့ သိရပါတယ် ၊ ဒါပေမယ့် ဆရာတော်ကတော့ အဲဒီအဆင့်မှာတင် ကျေနပ် ရပ်တန့် မနေပဲ၊ ဆက်ပြီးရှုမှတ် အားထုတ်သွားရမှာဖြစ်တယ် ၊ ဒီအဆင့်မှာပဲ နေရတာ ကောင်းလို့ဆိုပြီးနေနေရင် အကျိုးမများလှဘူးလို့မိန့်ပါတယ် ၊ ဒါဖြင့်ဘယ်လို ဆက်ပြီး အားထုတ်ရမလဲ မေးလာရင်တော့မဖြေတတ်သေးပါဘူး ၊ ကျွန်တော်လည်း အနည်းငယ် ပဲသိတာ ၊ အနည်းငယ်ပဲရဖူးတာဖြစ်ပါတယ် ၊ တည်ငြိမ်ပြီးမပျံ့လွင့်တဲ့ သမာဓိကိုရတဲ့ အဆင့် ထိရောက်ပြီဆိုရင်တော့ သေချာကျနတဲ့ တရားရှုမှတ်နည်းတစ်ခုခုကို လက်ကိုင်ထားပြီး လုပ် သင့်ပါပြီ ၊ ကျွန်တော် အခုရေးခဲ့တာတွေက သိသလောက်နဲ့ အတွေ့ အကြုံ အနည်းငယ်ကို သာပြန်လည်မျှဝေတဲ့သဘော၊ တိုက်တွန်းလိုတဲ့သဘောနဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ တိုက်တွန်းချင်တာလည်းဆိုရင် အခု ဥရောပနဲ့ အမေရိကနိုင်ငံတချို့မှာ မူလတန်း အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားလေးတွေကိုတောင် တရားအားထုတ်စေတဲ့ အလေ့အကျင့်ကိုပျိုးထောင်ပေးနေကြပါပြီ ၊ သိသာစေလိုတဲ့အတွက် ရည်ညွှန်း ကိုးကားချက် လေးတွေကို ထည့်ပေးလိုက်ချင်ပါတယ်..

နယ်သာလန်နိုင်ငံ Lelystad ဆိုတဲ့ မြို့လေးက မူလတန်းကျောင်းမှာ ကလေးငယ်များကို တစ်ကြိမ်မှာ ၁၀ မိနစ်စီနဲ့ တစ်နေ့မှာ ၂ ကြိမ် တရားထိုင်စေတဲ့အခါ ၊ ကလေးငယ်များဟာ ပိုပြီးတော့ တိဆ်ဆိတ်ငြိမ်သက်သွားတယ် ၊ တည်ငြိမ်လာတယ် ပြီးတော့ စာမေးပွဲမှာ အမှတ် ပိုကောင်းလာတယ်လို့ တွေ့ရတယ်လို့ဆိုပါတယ် ။ (Source: De Telegraaf, a Dutch daily, 22/01/04 )

အမေရိကန်နိုင်ငံက အလယ်တန်းကျောင်းတစ်ခုမှာတော့ ကျောင်းသား ကျောင်းသူတွေကို တရားထိုင်စေတဲ့အခါ ရမှတ်တွေပိုကောင်းလာသလို၊ အလုပ်လုပ်တဲ့အလေ့အကျင့်နဲ့ ပူးပေါင်း ဆောင်ရွက်တတ်လာတာ ၊ ကျောင်းပျက်ရက်လျော့နည်းလာတာတွေ တွေ့ရပါတယ်။ (Journal of Research and Development in Education, Volume 33, pages 156-165, Spring 2000 )

အထက်တန်းကျောင်းသားတွေမှာလည်း အဲဒီလိုပဲ တရားအားထုတ်ခြင်းကြောင့် ကိုယ့်ကို ကိုယ်မှီခိုအားထားလိုစိတ်တွေ သိသိသာသာကြီးတိုးတက်လာတယ်လို့ ဆိုပါတယ် ။ ( The Journal of Research and Development in Education, Volume 27, pages 226-231, 1994 )

အခြေအနေ၊ အဆင့်အတန်း၊ အလုပ်အကိုင် အမျိုးမျိုးသော တရားအားထုတ်သူတွေဆီကနေ ရရှိတဲ့ အချက်အလက်တွေကိုလည်းတင်ပြလိုက်ပါတယ်။

အိပ်မပျော်တဲ့ ဒါမှမဟုတ် အိပ်ခြင်းနဲ့စပ်ဆိုင်တဲ့ ဝေဒနာတစ်မျိုးမျိုးကို ခံစားနေရသူတွေထဲ က ၁၀၀ % ဟာ တရားအားထုတ်ခြင်းကြောင့် အိပ်စက်ခြင်းမှာတိုးတက်မှုတွေရလာတယ် လို့သိရပါတယ်၊ ၉၁ % ကတော့ ယ္ခင်က အိပ်ဆေးတွေသောက်သုံးနေရတာကနေ ဆေး သောက်ဖို့မလိုတော့တာ ၊ လျှော့ပြီးသောက်လာရတာတွေရှိတယ်လို့ဆိုပါတယ် ( The American Journal of Medicine, Volume 100, pages 212-216, 1996 )

တရားအားထုတ်သူများဟာ ရောဂါဝေဒနာများကနေ အလျင်အမြန်သက်သာစေပြီး၊ စိတ်တင်း ကြပ်စေတဲ့ အဖြစ်အပျက်တွေကိုလည်း မကြုံတွေ့ ရတော့ကြောင်း၊ တိုင်း(မ်)မဂ္ဂဇင်းက ဖေါ်ပြ ပါတယ် (Time Magazine 27/10/03 )

ရိုက်တာသတင်းရဲ့ ဘလောက်(ဂ်) မှာ UCLA (University of California Los Angeles ) က ပြုလုပ်တဲ့လေ့လာမှုတစ်ခုမှာ တရားအားထုတ်ခြင်းဟာ ကိုယ်တွင်းမှာ HIV ရောဂါပိုး ပွားများ မှုကို နှေးကွေးစေတယ်လို့ လေ့လာမှုကို ဦးဆောင်သူ David Creswell က ထုတ်ဖေါ်ပြောဆို တဲ့အကြောင်းလည်း ဖေါ်ပြထားပါတယ်။ (WASHINGTON (Reuters) Jul 24, 2008 )

ဆရာဝန်လည်းဖြစ်ပြီး၊ တွေးခေါ်ပညာရှင်လည်းဖြစ်သူ Deepak Chopra ကတော့ နှစ်ပေါင်း များစွာ တရားအားထုတ်လာသူရဲ့ biological age ဟာ chronological age ထက် ၅ နှစ်မှ ၁၀ နှစ်အထိ ငယ်ရွယ်နေလိမ့်မယ်လို့ဆိုပါတယ်၊ chronological age ဆိုတာက မွေးနေ့ ကနေ ပြက္ခဒိန်နှစ်အတိုင်း ရေတွက်တဲ့အသက်ဖြစ်ပြီး၊ biological age ကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝလုပ်ဆောင်မှုတွေ အပေါ်မှာ တိုင်းတာတဲ့အသက်ဖြစ်ပါတယ် ၊ သဘောကတော့ ရှိရင်းစွဲ အသက်ထက် ကိုယ်ခန္ဓာဟာနုပျိုနေမယ်လို့ဆိုလိုတာပါ ၊ ပြီးတော့ အောက်ဆီဂျင်ကို အသုံးပြုမှုဟာလဲ အိပ်နေချိန်မှာ ၈% ကျဆင်းသွားပြီး ၊ တရားအားထုတ်နေစဉ်မှာ ၁၀% ကနေ ၂၀ % ထိ ကျဆင်းသွားတယ်လို့ဆိုပါတယ် ၊ သဘောကတော့အသက်ရှုတာကို သာသာလေးရှုယုံနဲ့ အောက်ဆီဂျင်လုံလောက်ပြီး အသက်ရှုဝနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

Wisconsin University ရဲ့ တွေ့ရှိချက်ကတော့ တရားအားထုတ်တဲ့ ၀န်ထမ်းများဟာ ပိုပြီး သည်းခံလိုစိတ် ရှိလာတယ် ၊ အလုပ်မှာ ပိုပြီး ပျော်ရွှင်လာတယ် ၊ အကောင်းမြင်သဘော တရားတွေ ပိုမိုဖြစ်ထွန်းလာတယ် ၊ ၀န်ထမ်းများကြားမှာ အခြေအတင်ဖြစ်မှုတွေနဲ့ မလိုလား အပ်တဲ့ ဆက်ဆံရေးတွေလျော့နည်းလာတယ်လို့သိရပါတယ် ။

တစ်ဦးချင်းစီ အားထုတ်ကြတဲ့ သဘောတင် မဟုတ်တော့ပဲနဲ့ ကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးတွေ ၊ ကုမ္ပဏီ ကြီးတွေမှာလည်း တရားအားထုတ်နိုင်စေတဲ့ အစီအစဉ်တွေ လုပ်ဆောင်ပေးနေကြပါပြီ နမူနာ အနေနဲ့ပြောရရင် Deutsche Bank, Google နဲ့ Hughes Aircraft တို့ ဖြစ်ပါတယ် ၊ ၀ါရှင်တန်မှာ အခြေစိုက်တဲ့ Tower Co., ရဲ့ CEO ဖြစ်တဲ့ Mr. Jeffery Abramson ကဆိုရင် သူ့ရဲ့ လုပ်ငန်းက ၀န်ထမ်းတွေအတွက် သင်တန်းတွေ စီစဉ်ပေးထားပြီး ၇၅% ဟာ meditation free classes တွေကို တက်နေကြပြီလို့ ပြောပါတယ် ၊ ရလဒ်အနေနဲ့ကတော့ ၀န်ထမ်းတွေကို ပိုပြီးထက်မြက်စေတယ် ၊ ထုတ်လုပ်မှုကို တိုးစေပြီး ပျက်ကွက်မှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ် ။

အခု မကြာသေးခင်နှစ်များ အတွင်းမှာပဲ နိုင်ငံတကာ သိပ္ပံအသိုင်းအ၀န်းက အဖွဲ့အစည်းတွေဟာ တရားမှတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပို၍ ပို၍ အသိအမှတ်ပြုလာကြသလို လူအများကပါ လက်ခံလာကြပါတယ် ၊ အဲဒီလိုပဲ ဆက်လက်ပြီးတော့လည်း သူတေသနပြု ဖေါ်ထုတ်လျှက် ရှိပါတယ် ။ အထူးသဖြင်တော့ ခေတ်သစ် ဦးနှောက်သုတေသန ပြုလုပ်ချက်များကနေ စိတ်ပိုင်းဆိုင်ရာ နဲ့ ကျန်းမာရေး ဆိုင်ရာ အကျိုးသက်ရောက်မှု တို့ကို လေ့လာလျှက်ရှိပါတယ်။

ဦးလေးကြီး (or) kwno
ဦးလေးကြီးပေးပို့ လာတဲ့တရားထိုင်ခြင်းနှင့် ကျန်းမာရေးအကြောင်းကိုယှဉ်တွဲဖော်ပြထားတဲ့ အကြောင်းအရာလေးပါ။ ဗဟုသုတလည်းရစေတာကြောင့် ပိုစ့်တင်လိုက်ရခြင်းပါ။
စာအရမ်းရှည်သွားပြီး၊ ဖတ်ရတာအဆင်မပြေမှာစိုးလို့ အပိုင်းခွဲလိုက်ရပါတယ်။ ဆက်လက်ဖော်ပြပါအုံးမယ်။
ကျေးဇူးတင်ပါတယ်။

မေတ္တာနှလုံး အလှဆုံး

4 ယောက်ဆွေးနွေးချက်

ဤသာသနာ၊ ငြိမ်းချမ်းစွာ
ကမ္ဘာကြီးကို လှစေသည်။

မြန်မာ၌သာ၊ သာသနာ
ခိုင်မာပြည့်စုံသည်။

ဗုဒ္ဓ၀ါဒ၊ မြတ်ဓမ္မကြောင့်
ကမ္ဘာ့ အလယ်၊ ဂုဏ်ရည်ကြွယ်
ခန့် ထည်၊ မြန်မာပြည်။

မေတ္တာနှလုံး၊ အလှဆုံးကြောင့်
ရွှင်ပြုံးကြည်သာ၊ ဒို့ မြန်မာ
ကမ္ဘာကပင် မော်ကြည့်သည်။

လောက၌ကြုံကြိုက်တိုက်ဆိုင်မှု ဟူသမျှတို့တွင် ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်တိုက်ဆိုင်မှု သည်သာတုနှိုင်း မရ၊ မြင့်မြတ်လှသော အထက်တန်းအကျဆုံး၊ အကောင်းဆုံးသော အခွင့် အရေးလာဒ်ကြီးပင်ဖြစ်ပေသည်။

အရှင်သိရိန္ဒာဘိဝံသ(တိပိဋကဓရ- ယောဆရာတော်)

တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့ )အတွက် တော်သလင်းလနဲ့ ပတ်သတ်တဲ့ အကြောင်း စာရှည်ရှည်မရေးနိုင်တာကြောင့် ဆရာတော်ရဲ့ လကာင်္လေးကိုပိုစ့်တင်လိုက်ရ ခြင်းပါ။ ဆရာတော်ရေးသားထားတာကတော့ရှိပါသေးတယ်။ သည်လကာင်္လေးကိုဖတ်ရင်း သဘောကျကာ၊ ကျွန်မကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ရတာကို ကျေနပ်နေမိ လို့ ပါပဲ။