
တစ်နှစ်တာဆိုတဲ့အချိန်ကာလက တကယ်တော့ဘာမှမဟုတ်သလိုပဲ မြန်လိုက်တာလို့  ကျွန်မ ညည်းတွားမိတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက အချိန်တွေနဲ့ ကွာလိုက်တာဟု ညည်းတွား လာရတဲ့အထိပဲ။ ကလေးအရွယ်တုန်းကတော့ အချိန်တွေဟာ ကြာလိုက်တာလို့ ထင်ခဲ့မိ တယ်။ မြန်မြန်လူကြီးဖြစ်ချင်လို့ လားတော့မသိ။ မူလတန်းကျောင်းသူ ဘ၀မှာ အလယ်တန်း ကျောင်းသား၊ ကျောင်းသူတွေလိုဖြစ်ချင်နေပြီး၊ အလယ်တန်းလည်းရောက်ရော အထက်တန်း ကျောင်းသူအစ်မကြီးများကို အားကျမိပြန်သည်။ အထက်တန်းရောက်ပြန်တော့ တစ်ခါ တက္ကသိုလ်ကျောင်းသူ ဖြစ်ချင်လာပြန်ပါတယ်။ လူ့ အလိုကပြည့်ကိုမပြည့်နိုင်ဘူးဆိုတာလေ။ တက္ကသိုလ်ကျောင်းတော်ကြီးကို တက်ရအောင်ကတော့ ဆယ်တန်းစာမေးပွဲကို အောင်မြင် အောင်မနည်းကြိုးစားဖြေဆိုလာခဲ့ရတယ်။ ဒီလိုနဲ့  အချိန်တွေဟာ တစ်ရွေ့ ရွေ့ ကုန်ဆုံးတယ် ဆိုပေမယ့် ကျောင်းစာနဲ့ ကျောင်းသူဘ၀ကို ပျော်ရွှင်စွာကျော်ဖြတ်နေချိန်မို့ အချိန်ဟာ ကာလအတိုင်း အတာ တစ်ခုထိတော့ကြာနေသလိုပဲ လို့  ထင်ခဲ့ မိပါတယ်။
အခုတော့ တစ်နှစ်တာကာလ ဆိုတဲ့အချိန်ဟာ အင်မတန်ကိုမြန်သလိုပဲလို့ စိတ်ထဲထင်မိလာ တယ်။ မနှစ်က နဲ့ ဒီနှစ် အချိန်ဟာ ခဏလေးမှ တကယ့်ခဏလေးလိုပါပဲ။ တစ်နှစ်တာ ကာလဆိုတဲ့ အချိန်ကို ငါဘယ်လိုအသုံးချခဲ့သလဲ။ ငါ့ရဲ့ တစ်နှစ်တာဟာ အသုံးကျမှုတွေရှိခဲ့ပါ ရဲ့ လားလို့ ပြန်တွေးတောကြည့်ရမယ်။ အဲဒီလိုကြည့်တဲ့အခါမှာ ငါဟာ ကိုယ့်ကိုယ်ကိုလည်း အသုံးကျတဲ့သူဖြစ်အောင် ၊ သူတစ်ပါးကိုလည်း အကျိုးရှိအောင်တော့ လုပ်ခဲ့ရမယ်လို့  သိမြင် လာတယ်။ ကိုယ်သိလာတဲ့အတိုင်း တစ်နှစ်အတွင်းမှာ ကိုယ်ဘာတွေလုပ်ဆောင်နိုင်ခဲ့သလဲ။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ကောင်းမှုကုသိုလ် ဘယ်လောက်လုပ်ခဲ့သလဲ။ လုပ်နိုင်ခဲ့သလဲ။ အကုသိုလ်တွေဘယ်လောက်များခဲ့သလဲ။ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ် နဲ့ အကုသိုလ် ဘယ်ဟာ က ပိုများနေလဲ။ အကုသိုလ်ကပဲ ပိုများနေလိမ့်မယ်ထင်ပါတယ်။ ဒါဆို ကိုယ်နေခဲ့တဲ့ တစ်နှစ်ဟာ ကိုယ့်အတွက်ဘာအကျိုးရှိစေမလဲ။ နေ့ စဉ်နဲ့ အမျှ အကုသိုလ်တရားတွေက ကင်းကိုမကင်းနိုင်ကြသေးတာလားမသိ။ ထစ်ခနဲ ဆိုဒေါသထွက် နေတတ်ကြတဲ့ စိတ်တွေကို သေချာပြန်ကြည့်နိုင်မယ်ဆိုရင်တော့ တစ်နေ့ မှာ ငါဘယ်နှစ်ခါ ဒေါသထွက်သလဲ ဆိုတာကို အရင်ဆုံး ပြန်သုံးသပ်ရမှာပဲ။
မနှစ်ကတော့ ကျွန်မမွေးနေ့ မှာ တိပိဋကကျောင်းတော်မှာ သံဃာကုန်ဆွမ်းကပ်လှူဒါန်းနိုင်ခဲ့ တယ်။ ကျွန်မ ဦးလေးပေးခဲ့တဲ့မုန့် ဖိုးကိုတစ်ပြားမကျန်လှူနိုင်ခဲ့လို့ လည်း ပီတိဖြစ်ရတယ်။ နောက်ထပ်အလှူလေးတွေအနေနဲ့ ကတော့ ကျွန်မရောက်နေကျ ဆေးရုံက ဆင်းရဲပြီးဆေး ကုသခံနေရတဲ့ ကလေးငယ်တွေကို ကျွန်မရဲ့ စာမူခလေးတွေ ရသလောက်ဆုဆောင်းကာ လှူဒါန်းခဲ့ခြင်းပါပဲ။ အဲဒီအလှူကတော့ ကျွန်မဆေးရုံသို့ ရောက်တိုင်း ကြုံတိုင်း ဆိုသလိုပြု လုပ်ခဲ့တာလေးပဲဖြစ်ပါတယ်။ ကျွန်မလုပ်ခဲ့တဲ့ ကုသိုလ်ဆိုတာအဲလောက်ကလေးပါ။ ဒါပေမယ့် ကျွန်မလုပ်မိတဲ့ အကုသိုလ်ဆိုတာကတော့ ဘယ်လောက်တောင်များလိုက်မလဲ။ ငါးပါးသီလ ကိုလုံခြုံအောင် စောင့်ထိန်းခဲ့ရုံမှတစ်ပါး၊ အခြားကုသိုလ်ဆိုသည်က ထူးထူးခြားခြားလည်း မရှိခဲ့ပါဘူး။ ဒေါသထွက်တတ်တာကလည်း မကြာခဏဆိုသလို ဖြစ်နေပါသေးတယ်။ ထစ်ခနဲ ဆို ဒေါသထွက်တာမျိုးမဟုတ်ပေမယ့်၊ depression ဖြစ်တဲ့အခါမျိုးမှာ ဒေါသထွက်လွယ် ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ဒေါသထွက်တယ်ဆိုတာ သိလိုက်တာကအမြတ်လို့ ပဲ ယူဆလိုက်တယ်။ ဒီလိုသိလိုက်ရင်တော့ ဒေါသဖြစ်ချိန် မရှည်တော့ဘူးလေ။
ဒီလောက်နဲ့ ကိုယ့်ကိုယ်ကိုကျေနပ်မှုရှိတယ်လို့ တော့ မဆိုနိုင်သေးပါဘူး။ ကိုယ်လုပ်တဲ့ ကုသိုလ်အလုပ်ဟာ ကိုယ်လုပ်တဲ့ အကုသိုလ်အလုပ်ထက် အများကြီးလျော့နည်းနေပါသေး တယ်။ ကျွန်မရဲ့ ကုသိုလ်အလုပ်က၂၀% လောက်ပဲရှိပါလိမ့်အုံးမယ်။ ဒါကြောင့် ကုသိုလ်အလုပ်တွေကို % များများလုပ်ဆောင်နိုင်ဖို့ ကို အချိန်နဲ့ အမျှကြိုးစားရတော့မှာပါ။
ကျွန်မရဲ့မွေးနေ့လည်း ရှေ့ လဆို နောက်ထပ်တစ်ကြိမ် အဖြစ်ရောက်လာပါတော့မယ်။ နောက်ထပ် အသက်တစ်နှစ်ကြီးလာတာနဲ့ အမျှ အကျိုးရှိတဲ့ အလုပ်ကိုလုပ်ကြရတော့မယ် ဆိုတဲ့ အသိအတိုင်း၊ လုပ်နိုင်ဖို့  ကိုလည်းကြိုးစားရပါမယ်။ ဒါပေမယ့် ဒီနှစ်တော့ မနှစ်ကလို အလှူကြီးပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လိုကောင်းမှု ကုသိုလ်မျိုး လုပ်သင့် သလဲ ဆိုတာကို စဉ်းစားနေရပါသေးတယ်။ ခုထိလည်း ဘာမှတွေးလို့ မရသေးပါဘူး။
အဓိကကတော့ မြတ်စွာဘုရားရှင်ဟောကြားတဲ့ စိတ်ကောင်းရှိဖို့ ပါပဲ။ စိတ်ကောင်းရှိဖို့ ကို ကျွန်မကြိုးစားနေမှာပါ။ ဒီထက်ပိုပြီး ကိုယ့်အကျိုးတစ်ခုတည်းသာမဟုတ်တဲ့ သူတစ်ပါးအကျိုး ကိုတတ်နိုင်သလောက်ပြုမူဆောင်ရွက်ပေးဖို့ ကို ကျွန်မကြိုးစားကြည့်သွားချင်ပါတယ်။ ကိုယ် တတ်နိုင်သလောက်လေးပါ။ ပရဟိတ လုပ်ငန်းတွေကို ကျွန်မစိတ်ဝင်စားပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်ပါဝင်မလှုပ်ရှားနိုင်ပါဘူး။ ကျွန်မလုပ်နိုင်တာက အတော်ကိုနည်းပါးပါတယ်။ ဒါကြောင့်လည်း ကျွန်မကိုယ့်ကိုကိုယ်အားမရနိုင်တာပဲပေါ့။ တစ်ခါတစ်ရံ စိတ်ဓါတ်ကျမိတဲ့ အထိဖြစ်ပါတယ်။
ကျွန်မမွေးနေ့ နဲ့ အတူ ကျွန်မ ဒီဘလော့လေး စရေးတဲ့ အချိန်တောင် မကြာခင်တစ်နှစ်ပြည့် ပါ တော့မယ်။ ဘလော့မှာ ကျွန်မအကျိုးရှိတဲ့စာတွေ ဘယ်လောက်ရေးခဲ့ပြီးပြီလဲ။ ကျွန်မ စာရေး တဲ့ဝါသနာပါလို့  ဒီဘလော့မှာ စာတွေရေးခဲ့ခြင်းပါ။ ရေးခဲ့တဲ့စာတွေ ၊အကြောင်းအရာတွေ တစ်နှစ်အတွင်းဘယ်လောက်ရေးခဲ့လဲ၊ အဲဒီထဲကမှ သူတစ်ပါးကိုအကျိုးပြု၊ ဗဟုသုတရ စေခဲ့ တာမျိုး ဘယ်လောက်ရေးခဲ့သလဲ ပြန်သုံးသပ်ကြည့်မိတဲ့အခါ ကိုယ့်ကိုကိုယ်လိုသေးပါလား ဆိုတာကိုသတိပြုမိလာရတယ်။ အဲဒီအခါ ကိုယ်ကိုယ်တိုင်လည်း အားမလိုအားမရဖြစ်လာမိ တယ်။
ကျွန်မ စာတွေများများမရေးနိုင်ပေမယ့် ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူကိုတစ်ခုခု ပေးစွမ်းနိုင်ရမည်ဆိုတဲ့ စာရေးဆရာတို့ ရဲ့ နှလုံးမူကို လက်ကိုင်ကျင့်သုံးနိုင်ပါရဲ့ လား။ ကိုယ့်ကိုကိုယ်အရာတိုင်းမှာ စစ်ဆေးဖို့ လိုလာပြီလို့ ကျွန်မယူဆမိတယ်။ အသက်အရွယ် ကြီးပြင်းလာတာနဲ့  အမျှ ကျွန်မလုပ်ရပ်တိုင်းကို အမှားမဖြစ်ချင်တော့သလို အဲဒီအမှားတွေ အတွက်လည်း ကျွန်မနောင်တမရချင်ဘူး။ ဘယ်အရာကိုမှ နောက်ထပ်နောင်တမရချင် တော့ဘူး၊ ဘ၀မှာ ကိုယ်နေရတဲ့အခိုက် အချိန်ကိုအကျိုးရှိစွာပဲ အသုံးချချင်တော့တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုအားမရဘူး။ အိပ်ယာပေါ်မှာလှဲနေ၊ အိပ်နေတဲ့အချိန်က ကျွန်မအတွက် များနေသလားလို့  တွေးမိရင် စိတ်မချမ်းသာဘူး။ အရာရာကိုလုပ်ကိုင်နိုင်ဖို့  ကျွန်မ ခန္ဓာမှာ အင်အားတွေ ပြည့်နှက်နေချင်တယ်။
တစ်နေ့ ၂၄နာရီဆိုတဲ့အချိန်မှာ ကျွန်မအကျိုးရှိစွာသုံးတဲ့ အချိန်ကဘယ်လောက်ရှိနိုင်မလဲ။ အကြမ်းအားဖြင့် ကျွန်မ ချတွက်ပြီးကြည့်တော့ မနက်နိုးပြီးလို့ ဘုရားရှိခိုး၊ ဘုရားစာရွတ်တာက ၁နာရီ၊ ညနေဖက်မှာတစ်ကြိမ် ဘုရားစာရွတ်ဖတ်တာ၁နာရီ၊ နေ့ လည် ထမင်းစားပြီး အားတဲ့အချိန်မှာ သိသင့်သိထိုက်တဲ့ ဆရာတော်တွေရေးတဲ့ စာအုပ်တွေဖတ်တယ်၊ ဒါလည်း ၁နာရီ ၁နာရီခွဲ လောက်ပါပဲ။ ညနေဖက်ကိုတော့ ဟိုစာအုပ်လေးကောက်ကိုင် ဖတ်လိုက် ဒီစာအုပ်လေး ကောက်ကိုင်ဖတ်လိုက်နဲ့ အဲဒါကတော့ ၂နာရီလောက်ကြာမယ် ။ စိတ်ကူးရရင် စာရေးတယ်။ စာရေးရင်တော့အချိန်အကန့် အသတ်သိပ်မရှိဘူး။ စိတ်ကူးပေါက်သလို ပေါ်လာ ရင် ပေါ်လာတဲ့အကြောင်းတွေရေးနေတော့တာပဲ။ ညဖက်ကိုတော့ ဘလော့တွေဝင်ပြီး စာဖတ် သေးတယ်။ ဘလော့ဝင်စာဖတ်ဖြစ်ရင်တော့နည်းနည်းအချိန်ပိုကြာတယ်။ ဘလော့ဂါ တွေရဲ့  မျှဝေရေးသားခြင်းတွေကို လေ့လာဖတ်ကြားတယ်။ နောက် ကိုယ်လိုချင်တဲ့အချက်လေးတွေ မှတ်သားတယ်။ ကျန်တဲ့အချိန်တွေကတော့ ကျွန်မရဲ့ အစားစားချိန်၊ ရေချိုး၊ နားချိန်၊ အိပ်စက်ချိန် တို့ အဖြစ်အသုံးပြုရပါတယ်။
တစ်နေ့ ဆိုတဲ့ ၂၄နာရီအချိန်မှာ ကျွန်မအတွက်အကျိုးရှိတာ ၈နာရီ၊ ၉နာရီ လောက်ပဲရှိမယ် ထင်ပါရဲ့ ။ အဲဒီလိုချိန်ဆမိတော့လည်း ကျွန်မကိုယ့်ကိုယ်ကို မကျေနပ်ဘူးဖြစ်ဖြစ်နေတယ်။ ပရဟိတလုပ်ငန်းတွေကို ကိုလုပ်ချင်သလို၊ လိုအပ်တဲ့နေရာတွေမှာလည်း ကျွန်မ မတောင့်မတလှူဒါန်းချင်ပြန်ရော၊ ဒါကျတော့လည်း ကျွန်မမှာ ၀င်ငွေဆိုတာအသေအချာမရှိ ပြန်ဘူး။ အဲလိုဆိုတော့ ကျွန်မဘာလုပ်ရမလဲ၊ ဒီနှစ်ရဲ့ ကျွန်မမွေးနေ့ မှာ မနှစ်ကလောက် မလှူနိုင်ရင်တောင် တစ်ခုခုတော့ ထူးထူးခြားခြားဖြစ်ချင်သေးတယ်။ ထူးထူးခြားခြားဆိုတာက လည်း ကြီးကျယ်ခန်းနားတာမျိုးကိုမဆိုလိုပါဘူး။ ကောင်းမှုကုသိုလ်လေးပါပဲ။ ကောင်းတာ လေး တစ်ခုလောက်လုပ်ဖြစ်ရင်ကိုပဲ ကြည်နူးမိမှာပါ။
ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်တာအချိန်ကုန်ဆုံးလို့ ရှေ့ ဆက်မယ့်အချိန်တွေမှာလည်း ကောင်းတာ တွေကိုသာ အကျိုးရှိရှိနဲ့ အချိန်များများလုပ်နိုင်ဖို့ ကို အရင်ကြိုးစားရအုံးမှာပါ။ အဲဒီအတွက် လုံလ ၊ ၀ီရိယ၊ ကိုယ်စွမ်းအား၊ ညာဏ်စွမ်းအားတွေ အများကြီးလိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်မရဲ့ အွန်လိုင်းသူငယ်ချင်းမောင်လေးများ၊့ ဘလော့မှ မောင်လေး ညီမလေးများနဲ့  အသိ မိတ်ဆွေများကြောင့် စိတ်ဓါတ်ခွန်အား တွေတိုးလာရပါတယ်။ သူတို့ တွေရဲ့ အားပေးသံ၊ ပြောဆိုသံနဲ့ စကားလုံးများ ဟာ ကျွန်မအတွက် အားဆေးပါပဲ။ ဒီပိုစ့်လေးက ကျွန်မရဲ့ တစ်နှစ် တာကာလကို သုံးသပ်မိခြင်းနဲ့ ကျွန်မမွေးနေ့ အကြိုသဘောလေးအဖြစ်တင်ရခြင်းပါ။ လာရောက်ဖတ်ရှုပေးတဲ့ သူအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်။
အနမ်း
ဒီပိုစ့်လေးရေးပြီးမှပဲ ကျွန်မမွေးနေ့ အတွက် အဆင်ပြေမှုလေးတစ်ခု ဖြစ်ပေါ်လာရတယ်။ အဲဒီ အတွက်လည်း ကျွန်မ အစ်မကို ကျေးဇူးအထူးပါလို့ ….


