အဖြစ်အပျက်လေးတစ်ခုပါ

2 ယောက်ဆွေးနွေးချက်
ဒီလိုလေးဖြစ်တတ်ကြမလားမသိဘူး။ ကျွန်မကြုံမိတာလေးကိုပြောပြမိတာပါ။
ဒီနေ့အဖြစ်အပျက်လေးပေါ့။ အရမ်းလည်းအံ့သြမိသွားတယ်။ ကျွန်မရဲ့ အွန်လိုင်းပေါ်မှာ တစ်နှစ်နီးပါးလောက်ရှိခဲ့တဲ့  Account ပိုင်ရှင်ကို ဒီနေ့ မှ သူက ကျွန်မကိုChatting လုပ်မိ
ပါသတဲ့။


သူ့ ကိုသိတာကြာပြီလို့ ထင်ခဲ့မိတာ ၊ ခုတော့ အလိမ်ခံရတာလား၊ ယုံလွယ်မိတယ်လို့
ဆိုမလား၊ ကြုံဖူးကြမလားတော့မသိဘူး။ အဖြစ်ကဒီလိုပါ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကျော်လောက်က ကျွန်မရဲ့အွန်လိုင်းမှာ Invite လာလုပ်တဲ့ ကောင်လေးတစ်ယောက်ပေါ့။ ရိုးသားပါတယ်။ (ထင်မိတာကိုပြောတာ) အစိုးရရုံးတစ်ရုံး မှာအလုပ်လုပ်တာပဲ။ ဘယ်ဌာန ဘယ်နေရာဆိုတာလည်း ကျွန်မကိုပြောပါတယ်။ ကျွန်မနဲ့အမြဲ Chatting တော့မလုပ်ဖြစ်ပါဘူး။ ရုံးမှာဆိုတော့ သူအားတဲ့အချိန်နဲ့ ကျွန်မလိုင်းပေါ်တက်တဲ့အချိန်ကလည်း သိပ်ပြီး မတိုက်ဆိုင်လှပါဘူး။ မိနစ်အနည်းငယ်မျှ အချိန်လေးသာ Chatဖြစ်ကြပါတယ်။ ဒါကြောင့်သူ့ အကြောင်းလည်း အားလုံးတော့ မသိပါဘူး။ (မမေးဖြစ်တာပါ) အရမ်းခင်တယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်မက နောက်နောက်ပြောင်ပြောင် ပြောတတ်တဲ့အကျင့် (သူများကိုပျော်အောင်ပါ) လုပ်တတ်တာမို့ သူက ကျွန်မ Account ကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့ညီမ၊ သူ ကြိုက်နေတဲ့ ကောင်မလေးတို့ကို မျှဝေလိုက်ပါတယ်။ ဒါကိုလည်း ကျွန်မ နောက်မှသိရတာပါ။ သူ့သူငယ်ချင်းတစ်ယောက်ဆို သူ့သူငယ်ချင်းဖြစ်ကြောင်း မပြောပြလို့ ကျွန်မက မနည်း နည်းလမ်းမျိုးစုံသုံးပြီး မေးရတာပါ။ နောက်ပိုင်း အဲဒီသူ့သူငယ်ချင်းဆိုသူနဲ့ ပိုခင်မိပါတယ်။ ဒါပေမယ့် ခုတော့လည်း အဆက် အသွယ်ပြတ်သွားခဲ့ပါပြီ်။ အစိုးရ၀န်ထမ်းဆိုတော့လည်း နယ်ပြောင်းရတယ်လို့ သိရပါတယ်။


သူက ကျွန်မ account ကို အဲလိုတွေလျှောက်ပေးလို့ ကျွန်မကတောင် တစ်မျိုးလုံးတစ်ဆွေ လုံးကို ပေးလိုက်ပါလားလို့ ပြောမိပါသေးတယ်။ (အမြင်ကတ်ကတ်နဲ့ နောက်တာပါ) ။
သူ့ညီမဆိုသူ ရဲ့ accountကိုတော့ ကျွန်မက မိန်းခလေးနာမည်နဲ့မို့ ချက်ချင်းပဲ accept လုပ်ပြီးမေးကြည့်လို့ သူ့ညီမဆိုတာ သိခဲ့ပါတယ်။ သူ့ညီမကလည်း အမြဲလိုင်းထဲရှိနေသူ မဟုတ်ပါဘူး။ ကျွန်မနဲ့ Chat ဖြစ်သလောက် ကျွန်မသိခဲ့တာကတော့ စက်ရုံတစ်ခုမှာအလုပ် လုပ်ပါတယ်။ ရန်ကုန်မှာပါပဲ။ သူထမင်းစားတဲ့ အချိန်လေးဆို လိုင်းထဲဝင်လာတတ်ပါတယ်။ ကျွန်မကို ‘အမ၊ အမ’ ဆိုပြီး ကျွန်မကိုသူ့အစ်ကို သူငယ်ချင်းဆိုပြီး လေးလေးစားစားနဲ့ ပြန်ပြောပါတယ်။ အဲဒီလိုနဲ့ မိန်းခလေးချင်းဆိုတော့ ပိုရင်းနှီးပါတယ်။ တစ်ခါတစ်လေ ကျွန်မကို တော်တော် နောက်တာပဲလို့ဆိုပြီး ခင်ဖို့ကောင်းတယ်လို့ဆိုကာ သဘောကျနေတတ်ပါတယ်။ ကျွန်မနဲ့ Chat ရင် မြန်မာလိုပဲရိုက်ပါတယ်။ သူ့အစ်ကိုလည်းဒီလိုပါပဲ။ သူ့ကြိုက်တဲ့ ကောင်မလေးကတော့ ကျွန်မနဲ့ ၂ခါလား၊ ၃ခါလားပဲ Chat ဖြစ်တယ်။ ထပ်မတွေ့ တော့ဘူး။


ပြောချင်တာက သူ့ ညီမဆိုသူနဲ့ အကြောင်းပေါ့။ ကျွန်မနဲ့ တော်တော်လေးသိကျွမ်းပြီး နောက်ပိုင်းမှာ အဲဒီကောင်မလေးလိုင်းထဲကပျောက်သွားသလို ၊ သူ့အစ်ကိုဆိုသူကိုလည်း မတွေ့ရတော့ပါဘူး။ ၃လလောက်နီးပါး ပျောက်သွားကြပြီး၊ သူ့အစ်ကိုဆိုတဲ့ ကောင်လေးက ကျွန်မကို လိုင်းထဲကနေ လှမ်းနုတ်ဆက်ပါတယ်။ ကျွန်မကလည်း ဘယ်ပျောက်သွားတာလဲလို့  မေးတော့ နယ်ရောက်သွားလို့ ပါတဲ့။ အဲဒီနေ့ က ကျွန်မညီမတွေ နဲ့ Chat နေတာကြောင့် သူနဲ့ လည်း သိပ်မပြောဖြစ်တော့ပါဘူး။ သူ့ သူငယ်ချင်းနဲ့ သူ့ညီမလေးကိုတော့ မေးလိုက်ပါသေးတယ်။ သူ့ညီမကို သူဆူထားလို့ အွန်လိုင်း မလာတော့ဘူးလို့ ဆိုပါတယ်။ သူ့သူငယ်ချင်းကတော့ သူ့လိုပဲ နယ်ခဏသွားနေတယ်လို့ ပြောပါ တယ်။ ဒါလောက်ပါပဲ။


အဲဒီနောက် သူလည်းအွန်လိုင်းမလာတော့ပါဘူး။ ပြီးခဲ့တဲ့ ၁၈ရက်က သူ့ညီမ account လေး ဖွင့်လာ ပါတယ်။ ညဖက်ကြီးဆိုတော့ ကျွန်မလည်းတော်တော်လေး အံ့သြသွားတယ်။ အမြဲတမ်း နေ့လည် နေ့ခင်းဖက်သာ လိုင်းထဲရှိတတ်တဲ့ ကောင်မလေးတစ်ယောက်က ညဖက်ကြီး ဘာလာလုပ်ပါလိမ့် ဆိုပြီး စိတ်ပူလို့ ကျွန်မကပဲ စခေါ်ကာနုတ်ဆက်ရင်း မေးလိုက်ပါတယ်။ သူကသူ့ သူငယ်ချင်းအိမ် ရောက်နေကြောင်းပြောပြီး၊ ကျွန်မကစောစောပြန်နော်လို့ ပြောတော့ သူက ဘာလို့လဲတဲ့။ ကျွန်မကအဲဒီနေ့ က အခြေအနေသိပ်မကောင်းလို့ စိုးရိမ်ပြီး၊ စောစောအိမ်ပြန်လို့ ပြောတာဆိုတော့မှ သူက အင်းပါတဲ့။ ဒါပေမယ့် သူချက်ချင်းပြန် ပုံမရပါဘူး။ ၁၀မိနစ်လောက်နေမှ သူ Off လုပ်သွားပါတယ်။ အဲဒီအချိန်အထိ ဒီ Account User ကို ညီမလေးတစ်ယောက်အဖြစ်သာ သိခဲ့လက်ခံခဲ့တာပါ။ ဒါပေမယ့် ဘာတွေက မှားယွင်းသွားသလဲလို့တော့ ကျွန်မလည်းမသိဘူး။ အမှားအယွင်းတွေတော့ရှိကြမှာပဲနော်။


ဒီနေ့ ကျွန်မနဲ့သိတယ်ဆိုတဲ့ အဲဒီကောင်မလေးOnline ထဲရောက်လာတယ်။ ကျွန်မကို သူက စခေါ်တယ်။
r u girl or boy တဲ့ ။

ann ဆိုပြီး ကျွန်မတော်တော်ကြောင်သွားခဲ့တယ်။ ဘယ်လိုဖြစ်တာလဲပေါ့။ ကျွန်မကပဲ အူကြောင်ကြောင်ဖြစ်တာလား။ သူကပဲ ကြောင်တောင်တောင် နိုင်တာလားလို့။ နာမည်ကိုတော့ အပြည့်အစုံ မဖော်ပြချင်ဘူး။ သူတို့ကိုလည်း အပြစ်မတင်ချင်လို့ပါ။ အမှားအယွင်း တစ်ခုသာဖြစ်မယ် ထင်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ရဲ့ gtalk ကိုသုံးပြီးလို့ connect ကျသွားရင်ဖြစ်ဖြစ်၊ ကိုယ့်password က ကျန်ခဲ့ရင်ဖြစ်ဖြစ်သူများဝင်သုံးတတ်ပါတယ်။ အဲဒါမျိုးတော့ကြုံဖူးပါတယ်။ ခုကတော့ အဲလို ဟုတ်ပေမယ့် သူ့ password ကိုအချင်းအချင်းပေးထားကြတဲ့ သူတွေပဲထင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ပြောထားကြဖို့တော့ ကောင်းမယ်နော်။ ဒါဆို ကျွန်မလည်း အရူး မဖြစ်တော့ဘူးပေါ့။



4 ယောက်ဆွေးနွေးချက်
ကျွန်မရဲ့ ဘလော့ကိုလာရောက်ဖတ်ရှုကြတဲ့ မိတ်ဆွေအပေါင်းအသင်းများကို မင်္ဂလာပါ လို့ နုတ်ခွန်းဆက်ပါ တယ်။ ဒီပိုစ့်လေးက ကျွန်မရဲ့ တစ်ရာပြည့်မြောက်ပိုစ့်လေးလည်းဖြစ်ပါတယ်။ စာရေးတာဝါသနာပါတဲ့ကျွန်မကို ကျွန်မ ညီမက ဒီဘလော့လေးကိုဖွင့်ပေးခဲ့ခြင်းပါ။ အရင်ကတော့ ဘလော့ထဲမှာ အတော်လေး စာရေးဖြစ်သလိုပါပဲ။ အခုနောက်ပိုင်းမှာတော့ အကြောင်းကြောင်းတွေကြောင့် ဒီဘလော့မှာစာရေးခြင်း ကျဲလာတယ်လို့ ဆိုရပါမယ်။
အခြားသူငယ်ချင်းမိတ်ဆွေတွေရဲ့ ဘလော့တွေကိုတော့အမြဲလိုလိုလိုက်ဖတ်ပါတယ်။ သူတို့ ရဲ့ အရေးအသားနဲ့ သိမှတ်စရာကောင်း၊ စိတ်ဝင်စားစရာကောင်းတဲ့ စာတွေကိုဖတ်ရတော့ ကိုယ့်ကိုယ်ကိုတောင် သိမ်ငယ်မိသလို ပါပဲ။ သူတို့ တစ်တွေအားလုံးဟာ ကိုယ့်ထက်အများကြီးကိုတော်ကြတာကိုသိရတော့လည်းဝမ်းသာမိပါတယ်။
လူတိုင်းကို စာရေး၊ စာဖတ်လုပ်စေချင်တာကျွန်မဆန္ဒတစ်ခုလိုဖြစ်နေခဲ့ပါတယ်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။



ဖွားဖွားတည်ခဲ့တဲ့ “စိတ္တသုခအောင်စေတီလေး

3 ယောက်ဆွေးနွေးချက်

ဖွားဖွားတည်ခဲ့တဲ့ “စိတ္တသုခအောင်စေတီလေး”


ပြီးခဲ့တဲ့စနေနေ့ က ဖွားဖွားနဲ့ အတူ ကျွန်မတို့ ညီအစ်မတစ်တွေ မင်္ဂလာဒုံက ရာကျော်ကျောင်း ၀င်းအတွင်းရှိ ဖွားဖွားတည်ခဲ့တဲ့ စေတီလေးဆီကိုရောက်ခဲ့ကြတယ်။ အဲဒီစေတီလေး ကို “စိတ္တသုခအောင်စေတီ”လို့ အမည်ပေးထားတယ်။ လွန်ခဲ့တဲ့နှစ်များကျွန်မတို့ ငယ်ရွယ်သေး တဲ့ အချိန်ကတည်ခဲ့တဲ့စေတီဖြစ်ပြီး၊ အဘရာကျော်လို့ ထင်ရှားတဲ့ အသက်တရာကျော်ရှည် နေထိုင်သွားခဲ့တဲ့ ဆရာတော်… ရဲ့  ကျောင်းဝင်းအတွင်းမှာဖြစ်ပါတယ်။

သည်စေတီလေးကိုတည်ပြီးတဲ့နောက်ပိုင်း၊မှန်စီရွှေချထားတာကိုမနှစ်သက်တော့တာကြောင့် လေးငါးနှစ်အကြာ မှာ ဖွားဖွားကကျွန်မကိုတာဝန်ပေးကာ ရွှေဆေးသုတ်ချင်တယ်လို့ ပြောလာပါတယ်။ ဒါနဲ့  ကျွန်မကရွှေဆေးဗူးများ လိုသလောက်ဝယ်ယူပေးပြီး၊ ကျောင်းဝင်းမှဆရာလေးထံအပ်နှံကာ ကျွန်မနှင့်အမေက အလုပ်သမားများခေါ်ယူလျှက် စေတီလေးကိုရွှေချခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီစေတီလေးနဲ့ ပတ်သတ်ရင် ဖွားဖွားကကျွန်မကိုသူ့ ရဲ့  ပါရမီဖြည့်ဖက်တစ်ဦးလို့  ပြောဖူးပါတယ်။

ကျွန်မတို့မသွားခင်တပတ်အလိုကတည်းကဖွားဖွားကဘာစိတ်ကူးပေါက်တယ်မသိပါဘူး၊ ရာကျော်ကျောင်းဝင်းက စိတ္တသုခကျောင်းတိုက်ကိုသွားချင်တယ်ဆိုပြီး၊ ယခုလက်ရှိကျောင်း ထိုင်ဆရာတော် ရှိမရှိကြိုတင်ပြီး ကျွန်မကိုဖုန်းဆက်မေးခိုင်းပါတယ်။ ကဆုန်လပြည့်ကျော် တစ်ရက်က စနေနေ့ ဖြစ်တာကြောင့်၊ သူ့ မွေးနေ့ ဖြစ်လို့  သင်္ကန်းနဲ့ ဝတ္တုငွေကပ်လှူမယ် ဆိုပြီး ဆရာတော် ကိုကြိုလျှောက်ကာ သွားကြတာဖြစ်ပါတယ်။

အိမ်ထဲမှာအောင်းနေတာ ကြာပြီဖြစ်တဲ့ ကျွန်မလည်း ရွှေဆေးသုတ်ပြီးကတည်းက အဲဒီစေတီ လေးဆီကို တစ်ခါသာရောက်သေးတာကြောင့်နဲ့ဖွားဖွားအတွက်အမှတ်တရ ဓါတ်ပုံရိုက် လိုတာကြောင့် ဆိုတဲ့အကြောင်းပြချက်တွေနဲ့ လိုက်လာခဲ့ပါတယ်။ ပတ်ဝန်းကျင်အနေ အထား အရ မင်္ဂလာဒုံလိုနေရာလေးကကျွန်မတို့ နေထိုင်ရာနေရာထက်စာရင် တောရွာလေးတစ်ခုကို ရောက်သွားသလားလို့ တောင်ထင်ရပါတယ်။ ကြည်နူးစရာလည်းကောင်းတယ် ။ သဘာဝ လေအေးအေးလေးလည်းတိုက်တယ်လေ။ အဲဒ်ီကျောင်းဝင်းအတွင်းမှာ ဘုန်းကြီးကျောင်း တွေကလည်းအများသားလေ။ စေတီပုထိုးတွေဆိုတာလည်း ဘယ်သူတွေလာတည်ကြမှန်း တောင်မသိတော့ဘူး။ အတော်လေးများလာတယ်။ အရင်ကဆို ဖွားဖွားတည်ထား တဲ့စေတီ လေးကဘုန်းကြီးကျောင်းဝင်းထဲဝင်လိုက်တာနဲ့ ညာဘက်မှာ အထင်အရှားလှမ်းမြင်နေရတာ။ အခုကျတော့ ဖွားဖွားစေတီရဲ့ ရှေ့ မှာ နောက်စေတီတစ်ဆူ တည်ထားတာတွေ့ ရတယ်။


ရာကျော်ဆရာတော်ဘုရားကြီးပုံ။

ကျွန်မတို့ တစ်တွေရာကျော်ကျောင်းဝင်းရောက်သွားရင်ပဲ ဖွားဖွားက ကျောင်းထိုင်ဆရာတော် ဖြစ်တဲ့ ဆရာတော် ဘဒ္ဒန္တသုနန္ဒ( သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ ၊ ၀ိနယဓရ၊ ၀ိနယ ကောဝိဒ) ကို သင်္ကန်းနဲ့ ဝတ္တုငွေ ကပ်လှူပါတယ်။ ယခုလက်ရှိကျောင်းထိုင်ဆရာတော်ဟာ တိပိဋကဆရာတော်ဦးဝိစိတရဲ့ တပည့်လည်းဖြစ်ပါတယ်။ အဲဒီနောက် ဖွားဖွားကိုဆရာတော်နဲ့  စကားပြောစေကာ၊ ကျွန်မတို့ ညီအစ်မတစ်တွေ ကျောင်းဝင်းထဲလှည့်လည်ကြည့်ရှုကြပါတယ်။ အဓိကကတော့ ဆရာတော် အဘရာကျော်ထားရှိရာ စံကျောင်းကိုပါ။ အဲဒီမှာ ဆရာတော်ရဲ့  ရုပ်အလောင်းတော်နဲ့  ဆရာတော်ရဲ့ ရုပ်တုပုံတို့ ကိုထားရှိပါတယ်။ ရုပ်အလောင်းတော်ကို တော့ သင်္ကန်းများနဲ့ ခြုံရုံပြီးထားရှိတာမို့  ဓါတ်ပုံလည်းရိုက်မလာခဲ့ပါဘူး။ အဲဒီနေ့ ကကျွန်မ လက်နာနေတာနဲ့  မေ့သွားတာလည်းပါမှာပါ။း) အဲဒီကမှဖွားဖွားရဲ့ စေတီလေးတည်ထား တဲ့နေရာကိုသွားကြပါတယ်။ ဖွားဖွားစေတီလေးရှိရာ အနီးကကျောင်းတစ်ကျောင်းမှာ မင်္ဂလာပွဲ ကျင်းပနေတာနဲ့  ကြုံတွေ့ တာမို့ ကျွန်မညီမကတောင် တစ်လက်စာ တည်းဝင်စားရအောင်လို့  နောက်နေပါသေး တယ်။ သူက ဂလိုပဲ အရှက်မရှိတာလေ။းP တကယ်လုပ်မယ့်ပုံနော်။




ဖွားဖွားလှူထားတဲ့ လက်ပက်လက်ဘုရားပုံတော်


ဖွားဖွားလှူထားတဲ့  ဘုရားခန်းလေး။


စေတီကို ဦးချကန်တော့ကြပြီးနောက် ဓါတ်ပုံများရိုက်ကာ၊ အဖွားလှူခဲ့တဲ့ ဘုရားခန်းလေး ရှိရာ ကျောင်းလေးကိုသွားခဲ့ပြန်ပါတယ်။ အဲဒီမှာလည်း အမှတ်တရဓါတ်ပုံထပ်ရိုက်တယ်။ ကင်မရာ မင်းကတော့ ကျွန်မညီမလေးပေါ့။ ကျွန်မရဲ့ လက်က အဲဒီနေ့ ကအခြေအနေအတော်ဆိုးတာ ကြောင့် သူကချည်း ကျွန်မလိုချင်တဲ့ပုံတွေရိုက်ပေးရတော့တယ်။ အားလုံးရဲ့ ဂိုက်(Guide) က တော့ ကျွန်မပေါ့။း) အဲဒီကမှ ရှင်ဥပဂုတ္တကျောင်းဆောင်တည်ထားရာ ရေကန်လေးဆီ ငါးစာ ကျွေးဖို့ ဆိုပြီး ကျွန်မကလိုက်ပြပါတယ်။ ဒါပေမယ့် ငါးကန်ကတော့ သန့် ရှင်းရေးလုပ်မယ့်သူ မရှိတာကြောင့်ထင်ပါရဲ့ အတော်လေးညစ်ပတ်နေပါတယ်။ စည်းကမ်းမရှိသူများကြောင့်လည်း ရေကန်ထဲမှာ ပလပ်စတစ်အိပ်တွေပစ်ထားတာကိုတွေ့ လိုက်ရပါတယ်။ ဆရာတော်ရဲ့ ညီမဆို သူကိုတော့ ငါးကန်ရေသန့် ရှင်းပေးဖို့ ပြောကြားခဲ့ပါသေးတယ်။း) ဆရာလုပ်တာဟုတ်ဖူးနော်။ ကန်ထဲက ငါးလေးတွေ၊ လိပ် လေးတွေကို သနားလို့ ပါ။

ကျောင်းဝင်းအတွင်းအနှံကြည့်ရှုပြီးနောက်၊အဖွားကလည်းအသက်ကြီးလို့အပူဒဏ်ကြာကြာ မခံနိုင်တော့တာကြောင့် ကျွန်မတို့ အားလုံးပဲ ဆရာတော်ကိုကန်တော့ကာ ၁၀နာရီခွဲလောက် မှာပဲ ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။ အဲဒီနေ့ ကဖွားဖွားရော ကျွန်မတို့ အားလုံးပါ ခရီးတစ် ခုကိုထွက်ရသလို ပျော်ရွှင်နေကြတာတော့အမှန်ပါပဲ။ အပြန်လမ်းမှာတော့ နေပူတဲ့ဒဏ်ကြောင့် ထင်ပါတယ် ကျွန်မတို့ အားလုံးစကားသိပ်မပြောဖြစ်တော့ဘူး။ အဖွားကလည်း အတော်လေး ပင်ပန်းသွားပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်လေးကို ကျွန်မတို့ တစ်တွေကတော့ပျော်ရွှင် ကြည်နူးမိကာ အမှတ်တရဖြစ်ကြရပါတယ်။


မအနမ်း

ထူးမြတ်သည့်ကဆုန်လပြည့်နေ့  ညောင်ရေသွန်းလောင်းခြင်း

3 ယောက်ဆွေးနွေးချက်



ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့ ၏နေ့ ထူးနေ့ မြတ်ကြီးဖြစ်ပေသည်။

ထိုနေ့ ၏ ထူးခြားချက်များကား_

၁။ ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ အမည်ဖြင့် ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတ ဗျာဒိတ်ကို ကဆုန်လပြည့်နေ့ တွင်ခံယူခြင်း

၂။ မဟာသက္ကရာဇ်(၆၈)ခု ကဆုန်လပြည့်နေ့ တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓမင်းသားအား ဖွားမြင်တော်မူခြင်း

၃။ မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်း တော်သည် သဗ္ဗညုတညာဏ်တော် ရရှိတော်မူခြင်း

၎။ မဟာသက္ကရာဇ်(၁၄၈)ခု ကဆုန်လပြည့်နေ့ မလ္လာမင်းတို့ ၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ်လေသည်။

ထိုကဲ့သို့ ဘုရားရှင်၏အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့  အား“ဘုရားနေ့ ”့ဟုဗုဒ္ဓဘာသာဝင်အပေါင်းတို့ က အထွဋ်အမြတ်ထားကြလျှက် ဂေါတမဘုရား ရှင်သည် ဤနေ့ ဤအခါ၌ သဗ္ဗညုတရွှေညာဏ်တော်ကိုရတော်မူရန် အားထုတ်ရာတွင် အမှီပြု တော်မူသော ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသောကုသိုလ်ကောင်းမှုတို့ ကိုပြုကြကုန် သည်။ မြတ်စွာဘုရားကို အမှတ်ရကာ၊ ပူဇော်ခြင်းတစ်မျိုးဟု မှတ်ယူနိုင်ပါသည်။

ထိုသို့ အလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့ အဖို့ပျောက်ကွယ်သွားခြင်းမရှိပဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့ တိုင်းတွင် ညောင်ရေသွန်းပွဲများပြုလုပ်လျှက်ရှိကြသည်ကိုတွေ့  နိုင်ပေသည်။

ဗောဓိပင်ဆိုသည်ကို ယခင်က ဘုရားပွင့်တော်မူရာ ညောင်ပင်ဟုသာကျွန်မတို့ တစ်တွေ သဘောပေါက်မိသည်။ သို့ သော်အမှန်စင်စစ် ဗောဓိပင်ဟူသည် ဘုရားရှင်တို့ သဗ္ဗညုတ တည်း ဟူသော ဗောဓိညာဏ် တော်ရရန် အားထုတ်ရာ၌အမှီပြုသောအပင်များ (၀ါ) ဘုရားပွင့် တော်မူရာအပင်များဖြစ်လေသည်။ ထိုအပင်များကို ဌာနျူပစာအားဖြင့် ဗောဓိပင်ဟုခေါ်ဆို ကြခြင်းဖြစ်သည်။ ဂေါတမ ဘုရားအလောင်းတော်သည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ ဘုရားအဖြစ် သို့ရောက်တော်မူခဲ့ရာ၊ ထိုညောင်ဗုဒ္ဓဟေပင်ကိုဗောဓိညောင်ပင်ဟူ၍ခေါ်တွင်ခဲ့ကြလေသည်။


ဗုဒ္ဓအယူဝါဒီ ဘုရားဖူးများအတွက် ဗုဒ္ဓဂါယာ၌ အဓိကဖူးမြှော်ကြသော မဟာဗောဓိပင်သည် ပေတစ်ရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏အနောက်ဖက်တွင်ရှိသည်။ မြတ်စွာဘုရားသခင် ၏ဖွားဖက်တော်တစ်ပါးဖြစ်၍ သဗ္ဗုညုတရွှေညာဏ်တော်ကို ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင် ကားမဟုတ်ပေ။ သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္ကသည် ထိုဗောဓိပင်ကိုခုတ်လှဲ ဖျက် ဆီးခဲ့သည်။ သို့ သော် ထိုမဟာဗေဓိပင်၏အမြစ်နေရာမှပင်ပေါက်လာသည်။ ထိုဗောဓိပင် သည်လည်း ၁၁၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ၊ ထိုအချိန်ကမဟာဗောဓိစေတီကို ဗြိတိသျှ အစိုးရအမိန့် ဖြင့်ပြင်ဆင်မွန်းမံလျှက်ရှိသော ဆာ အယ်လက်ဇန္ဒာ ကန္နင်ဂမ်က မူလဗောဓိပင် နေရာ၌ လဲကျသွားသောပင်မကြီးမှ အကိုင်းတစ်ကိုင်းကို ပြန်၍စိုက်ထားခဲ့ရာ၊ ယခုဖူးတွေ့ ကြ ရသောဗောဓိပင်သည် ထိုဗောဓိပင်ပွားဖြစ်လေသည်။

ယခုနှစ် ၁၃၇၁ခုနှစ်ကဆုန်လပြည့်နေ့ ၊ ၂၀၀၉ခုမေလ၈ရက်( သောကြာနေ့ )တွင် ဗုဒ္ဓဘာသာ ၀င် အပေါင်းတို့  မြတ်စွာဘုရားရှင်အား အထွဋ်အမြတ်ထားသောအားဖြင့် ညောင်ရေသွန်းကာ ပူဇော်ဖို့ သတိပေးကာတိုက်တွန်းနိုးဆော်ရင်း ဤဆောင်းပါးအား ရေးသားလိုက်ရခြင်းဖြစ်ပါ သည်။

ရေးသားသူ။ မအနမ်း
ကျမ်းကိုး။ ။မြန်မာ့စွယ်စုံကျမ်းအတွဲ (၈)