တောင်းပန်ခြင်း

3 ယောက်ဆွေးနွေးချက်
ဘလော့ဖွင့်လို့ ရနေပြီဆိုပေမဲ့ ညပိုင်းညည့်နက်လောက်မှကွန်နက်ကကောင်းပြီးဖွင့်လို့ ရတာ ကြောင့်နဲ့  ခုတစ်လောအလုပ်တွေရှုပ်နေတာကြောင့်လည်း စာရေးဖို့ ပိုစ့် အသစ်တင်ဖို့ ဘက် ကိုမလှည့်နိုင်ဘူးဖြစ်နေတယ်။ အလုပ်ရှုပ်တယ်ဆိုလို့ ဘာအလုပ်မှကြီးကြီးမားမား လုပ် တာ တော့မဟုတ်ပါဘူး။ အမည်ဖော်လို့ မရ၊ ပြောလို့ မရ တဲ့ကိစ္စရပ်တွေကများနေတာပါ။ ဒီကြား ထဲအဆင်မပြေမှုတွေက ကြုံနေရသေးတယ်။ ပဲကြီးလှော်ကြား ဆားညပ်တဲ့ကိစ္စတွေပေါ့။ ကိုယ့်အကြောင်းတရားမဟုတ်ပဲ သူများကြားကူညီပေးတာမျိုးမှာ ကိုယ်ကနေရင်းထိုင်ရင်း အပြောခံ၊ အဆဲခံရတာမျိုးလေ ။ ကိုယ့်ဖက်ကတော့ မေတ္တာမပျက်ပါဘူး။း) ဒါပေမဲ့ ပိုစ့်အသစ် တင်ချင်စိတ်လည်း မရှိသေးဘူး၊ ဘာရေးရမှန်းလည်းမသိသေးဘူးဖြစ်နေတာပါ။ လာလည်ကြ တဲ့ မိတ်ဆွေအားလုံးကိုတော့ အားနာမိပါတယ်။ နောက်နေ့ များမှ ပိုစ့်အသစ် တင်နိုင်အောင် ကြိုးစားပါ့မယ်။

မြန်မာတို့ ရဲ့နှစ်ဆန်းတစ်ရက်...

0 ယောက်ဆွေးနွေးချက်

Glitter Text



နှစ်ဟောင်းလွန်၍ နှစ်သစ်ဆန်းစ ပထမနေ့ ကို “နှစ်ဆန်းတစ်ရက်နေ့ ”ဟုခေါ်ဆိုကြသည်။ အချို့  ကလည်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်နေ့ ဖြစ်သဖြင့် “နှစ်သစ်ကူးနေ”့ ဟုခေါ်ကြသည်။ ထိုနေ့ကို ‘မင်္ဂလာရှိသောနေ့ ’နေ့ထူးနေ့ မြတ်အဖြစ် နိုင်ငံတိုင်း၌ ကိုယ့်ဓလေ့ နှင့် ကိုယ် ကျင်းပကြကာ၊ အလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်၍ ထားကြသည်။

ကမ္ဘာပေါ်တွင် လူမျိုး အလိုက်၊ ဘာသာအလိုက် ကိုယ့်စရိုက် ကိုယ့်ဘာသာနှင့် နှစ်များကို ရေတွက်သည့် အစဉ် အလာသည် လူ့ ယဉ်ကျေးမှုထွန်းကားသည့်အချိန်မှစ၍ ရှိလာခဲ့သည်။ “နှစ်”ဟူသည် အပိုင်း အခြား ကိုသတ်မှတ်သည့်အစဉ်အလာ ရှိချိန်မှစ၍ နှစ်ဆန်းတစ်ရက်နေ့ ဟူသော ဝေါဟာရ ပေါ်လာသည် ဟုယေဘူယျအားဖြင့် ယူဆရန်ရှိသော်လည်း မည်သည့် ခုနှစ်သက္ကရာဇ်မှစ၍ “နှစ်ဆန်းတစ်ရက်နေ့ ”ဟု နေ့ ထူးနေ့ မြတ်ဖြင့် သတ်မှတ်ကျင်းပခဲ့သည် ကို တတ်အပ်မဆိုနိုင်ချေ။

အဟောင်းမှအသစ်သို့ ပြောင်းခြင်းကား နှစ်လိုဖွယ်ရာဖြစ်သည်။ ထို့ ကြောင့် နှစ်သစ်ကူး ပြောင်းခြင်းကို “မင်္ဂလာ” ဟု အများကလက်ခံကြသည်။ ယင်းသို့ မင်္ဂလာရှိသောနေ့ ကို သတ်မှတ်ပုံ၊ ကြိုဆိုပုံ၊ ကျင်းပပုံခြင်းကား လူတစ်မျိုးနှင့်တစ်မျိုးမတူချေ။ အချို့ က ဧပြီလ ထဲအတွင်း နှစ်ဆန်း၍ အချို့ က ဇန်န၀ါရီလအတွင်း နှစ်ဆန်းသည်။ ကြိုဆိုကျင်းပနည်းလည်း ရိုးရာဓလေ့ထုံးစံ အလိုက်ကွဲပြားကြသည်။

အချို့ သူတို့ ၏ နှစ်ဆန်းပွဲအတွင်း ရေကစား၍ အချို့ က မီးထွန်းကြသည်။ အချို့ က ကခုန် ကြ၍ အချို့ က ဘုရားရှိခိုး ဆုတောင်းပွဲပြုကြသည်။ အချို့ ကမူ မီးရှူး၊ မီးပန်းများ မည်သို့ ပင် ဖြစ်စေ၊ နှစ်ဆန်းသည့်အချိန်အတွင်း နှစ်ဟောင်းမှ အညစ်အကြေးတို့ ကို ဆေးကြော ပယ်ဖျက်လိုခြင်း၊ နှစ်သစ်ကို ၀မ်းပန်းတသာ ခင်းကျင်း ကြိုဆိုခြင်း၊ တစ်နှစ်ကုန် ၍ အသက်ဝါ ကြီးရင့်လာသည်ကို အသိအမှတ်ပြုထားသည့် လက္ခဏာဖြင့် သက်ကြီးဝါကြီး၊ မိဘ၊ ဘိုးဘွား တို့ အား ပူဇော်ဂါရ၀ပြုခြင်း၊ ဘာသာဓလေ့များ အရ စိတ်ကောင်းမွေး၍ ကောင်းမှုကုသိုလ် များပြုလုပ်ခြင်းတို့ ၌ တစ်သဘောတည်းပင် ဖြစ် ကြလေသည်။

နှစ်ဆန်းအချိန် လူကြီးမိဘ၊ ဆရာသမားတို့ အား ပူဇော်ကန်တော့ခြင်း၊ အဖိုးအဖွားတို့ အား ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းတို့ ဖြင့် ကုသိုလ်ယူကြသလို အိမ်တွင်းအိမ်ပြင်ရှိ အညစ်အကြေး၊ အမှိုက်သရိုက်များကိုရှင်းလင်းခြင်း၊ ဦးခေါင်းဆေးလျှော် ကြခြင်း၊ စေတီပုထိုး ကျောင်းကန်များသို့ ထွက်၍ ဥပုသ်သီတင်း စောင့်တည်ကာ ဒါနပြုကြခြင်း


ဘုရားပုထိုး ရုပ်ပွား တော်များကို ရေသပ္ပါယ်ခြင်းများ၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းအစရှိသည် တို့ ဖြင့်လည်းကောင်းမှုကုသိုလ်အသီးသီးတို့  ပြုလုပ်လေ့ရှိကြပါသည်။

နှစ်ဆန်း တစ်ရက်နေ့ အတွင်း ရရှိသော ငွေကြေးကို အမှတ်တရ သိမ်းခြင်း၊ ငွေကုန်ကြေးကျ မများအောင် ထိန်းသိမ်းခြင်းများ လုပ်တတ်သည့်ဓလေ့ မှာလည်း မြန်မာတို့ ၌ ရှေးယခင် က ပင်ရှိခဲ့သည်။

နှစ်ကူးပွဲများသည် တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ပင်ဖြစ်ကြသော်လည်း၊ ယေဘူယျ အားဖြင့်မူ လူတိုင်းသည် နှစ်သစ်ကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံလိုသော ဆန္ဒဖြင့် ကြိုဆိုကြခြင်းပင်ဖြစ်တော့သည်။ ထိုသို့ ကြိုဆိုသည့်အတိုင်း၊ သည်နှစ်ရဲ့ နှစ်သစ်ကူးပြောင်း သည့် နှစ်သစ်မင်္ဂလာအခါသမယ မှာလည်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံဖို့ ဆန္ဒ ပြုလိုက်ပါတယ်။
အားလုံးသော ဘလော့ မိတ်ဆွေ၊ သူငယ်ချင်းများလည်း နှစ်သစ်နဲ့ အတူ ကျန်းမာ ချမ်းသာ ကာ၊ ဘေးဘယာတွေ ကင်းဝေးကြပါစေ။

စာရေးသူ။ ။ မ အနမ်း
ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း အတွဲ( ၆ )

“နှစ်သစ်ကူးသည့် မြန်မာ့သင်္ကြန်”

2 ယောက်ဆွေးနွေးချက်

“နှစ်သစ်ကူးသည့် မြန်မာ့သင်္ကြန်”

သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည်။ သကတ္တ ရရစ်သံနှင့် သင်္ကြန် ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏ အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ဖြစ်သည်။ 

မြန်မာလူမျိုးတို့ ၏ ကျင်းပမြဲဖြစ်သော ဆယ့်နှစ်ရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင် ပွဲ တော်သည် အလွန်ကြီးကျယ် စည်ကားသော အမျိုးသားပွဲတော် တစ်ခုဖြစ်လာခဲ့သည်။

နိုင်ငံ၏ အဓိက ကိုးကွယ်သော ဗုဒ္ဓအယူဝါဒနှင့်တကွ အခြားသောယဉ်ကျေးမှု ဓလေ့ထုံးစံတို့  သည်လည်း ဟိန္ဒူအယူဝါဒနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံတို့ ရောထွေးကာ မြန်မာနိုင်ငံဖက်သို့  ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်ဆို၏။

မြန်မာလူမျိုးတို့ ၏ နှစ်ကူးသင်္ကြန်ပွဲတော်သည်လည်း ဟိန္ဒူ အယူဝါဒမှ ဆင်းသက်သော ဓလေ့ အတိုင်း ရှေးယခင်ကာလများ၌ မိဘ၊ ဆရာသမားများနှင့် သက်ကြီးဝါကြီးများကို သနပ်ခါး နံသာရေများ ၊ သပြေခက်ကလေးများဖြင့် ကန်တော့ကြသည့်အလေ့အထရှိခဲ့ကြသည်။

သင်္ကြန်ရေကစားသည့် အလေ့သည် ပုဂံခေတ်ကပင် ရှိခဲ့သည်ကို နရသီဟပတေ့မင်းနှင့် မိဖုရားစောလုံ တို့ ၏ ရာဇ၀င်ဇာတ်ကြောင်းက သက်သေပြုနိုင်လေသည်။    

ရှေးယခင် ကတည်းက   နှစ်ကူးသင်္ကြန်ပွဲတော် ဟူ၍ ထူးခြားစွာရေပက်ဖျန်းကြသည့် အစဉ် အလာ မှာ ယခု ထက်တိုင် ထင်ထင်ရှားရှား တည်ရှိနေသေးသည်ကို တွေ့ မြင်နိုင်ကြပေသည်။  မြန်မာလူမျိုးတို့ ၏ နှစ်ကူးပွဲကို သင်္ကြန်ဟုသတ်မှတ် ခေါ်ဆိုခဲ့သည်။  နှစ်သစ်ကိုကြိုဆိုသည့် သဘောဖြင့် မြန်မာလူမျိုးတို့  သည် ရေပက်ကစားခဲ့ကြသည်။ 

ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့ နှင့် တစ်ဖွဲ့ အလွန်အကျူး အပြန်အလှန်ရေကစားမှုများ၊ အပြိုင်အဆိုင် စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ် ဆင်နွှဲမှုများအဖြစ် တဖြေးဖြေး အသွင် ပြောင်းးလာ ခဲ့ကြခြင်းဖြစ်သည်။ ဤသို့ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြသည့် အလေ့မှာ လာမည့် နှစ်တွင် ဘေးဘယာများကင်းစင်၍  ကြည်လင်အေးမြစေရန် ရည်သန် သည့် သဘော ဖြစ်သည်ဟု ဆိုကြသည်။

သင်္ကြန်ရက်များ ကို အကြိုနေ့ ၊ အကျနေ့ ၊ အကြတ်နေ့  နှင့် အတက်နေ့ ဆိုပြီး လေးရက်တိုင် တိုင် ကျင်းပလေ့ရှိကာ၊ နောက်တစ်နေ့ ကူးပြောင်းသည်တွင် နှစ်ဆန်းတစ်ရက်နေ့ ဟု သတ် မှတ်ခဲ့ကြသည်။ နှစ်ဟောင်း ကုန်၍ နှစ်သစ်ဆန်းစ ပထမနေ့ ကို နှစ်ဆန်းတစ်ရက် ဟုခေါ် ဆို ကြခြင်းပင်ဖြစ်သည်။  
 
ကမ္ဘာပေါ်ရှိ လူမျိုးတို့ သည် မိမိတို့ ၏ ဓလေ့ထုံးတမ်း အစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေရာ ‘နှစ်’ ဟူသည့်အပိုင်းအခြားကို သတ်မှတ်သည့် အစဉ်အလာရှိချိန်မှစ၍ နှစ် ဆန်း တစ်ရက်နေ့ ဟူသော ဝေါဟာရပေါ်လာသည်ဟု ယေဘူယျအားဖြင့် ယူဆရန်ရှိသော် လည်း မည်သည့်ခုနှစ်သက္ကရာဇ် မှ စ၍ နှစ်ဆန်းတစ်ရက်နေ့ ကိုနေ့ထူးနေ့ မြတ် အဖြစ်သတ် မှတ် ခဲ့သည် ကိုမူတတ်အပ်မဆိုနိုင်ကြပေ။

အဟောင်းမှအသစ်သို့  ကူးပြောင်းခြင်းကား နှစ်လိုဖွယ်ရာဖြစ်သည်။ နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာ ဟုသတ်မှတ်ကြသည်။ နှစ်ဆန်းချိန်လူတစ်မျိုး နှင့်တစ်မျိုး မတူကြသကဲ့သို့  နှစ်သစ်ပွဲ ကျင်းပပုံချင်းလည်း မတူကြချေ။  

ယခုအခါ မြန်မာတို့ ၏ နှစ်တစ်နှစ်အကူး ရေပက်ဖျန်းကြသည့် ချစ်စရာ ရိုးရာအတာသင်္ကြန် ဓလေ့သည် ကမ္ဘာ နှင့် အ၀ှမ်း ယနေ့ ထက်တိုင် လူသိများထင်ရှား နေသည်ကို တွေ့ မြင်နိုင် ကြပေသည်။   

အနမ်း (သုခုမ)
မြန်မာ့စွယ်စုံကျမ်းအတွဲ(၆) ၊(၁၂) တို့ မှကိုးကားပါသည်။ 

ပိတောက်ပန်းတို့ ပွင့်သောရာသီ

0 ယောက်ဆွေးနွေးချက်

တပေါင်း တန်ခူး မိုးသားကြူးသည့်နွေရာသီအခါသမယ၌အခြားသောသစ်ပင်ကြီးများမှာ ရွက်ဟောင်း ကြွေ၍ ရွက်သစ်ထွက်စပြုချိန်တွင် မြင့်မြင့်မားမားခန့်ညားလှသော ပိတောက်ပင်တို့ကား ရွက်စိမ်းရွက်စိုတို့ ဖြင့် ဝေဆာလျှက်ရှိလေသည်။ထို့ပြင် မြစိမ်းရောင်အရွက်အခက်တို့  ကြားမှ ရွှေအဆင်းကဲ့သို့ ဝါ၀င်းသော ပိတောက်ပန်းတို့ ကား ပင်လုံးကျွတ် မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်ကြကာ၊ သင်းပျံသည့်ရနံ့ ကို ၀န်းကျင်တစ်ဝှိုက်ပြန့် နှံ့ စေတော့သည်။ ဤသည်ကား ပန်း ပိတောက်၏ ထူးခြားချက်ဟုပင် ဆိုချင်ပါသည်။

ထို့ ကြောင့်လည်း “ သိဂီ င်္မြညှောင့်၊ ပန်းပိတောက်တို့ 

ဖြိုးမောက်ရွှင်လန်း၊ ထူးဆန်းလှတင့်၊

ရိုးတံမြင့်နှင့်၊ ပွင့်ကြကြိုင်သင်း၊

မြိုင်လုံးဝင်းမျှ……………………” ဟူ၍လည်းကောင်း

“ မြိုင်မှာမြိုင်လျှောက်၊ ရွှေပိတောက်လည်း၊

ဖူးညှောင့်ပွင့်ချိန်……………………………….” ဟူ၍လည်းကောင်း

ရှေးမြန်မာ စာဆိုရှင်ကြီးများသည် ပိတောက်ပန်းများ ပွင့်ချိန်တွင် မြိုင်ချေရိပ်ခွင်၏ သာယာ တင့်ဆန်းပုံကို ကဗျာလကာင်္များ သီကုံးစပ်ဆိုခဲ့ကြသေးသည်။

ထိုသို့  ပူပြင်းခြောက်သွေ့ သောအချိန်အခါ၌ တောတောင်ရေမြေတို့ ကို သာယာရှုမောဖွယ် ဖြစ်အောင် ဖန်တီးနိုင်စွမ်းသည့် ပိတောက်ပင်တို့ ကိုမြန်မာနိုင်ငံအနှံအပြားတွေ့ မြင်နိုင်သည်။သဲနှုံးမြေဆန်၍ ရေမ၀ပ်သောဒေသတို့ ၌ ပိတောက်ပင်များ ပိုမိုဖြစ်ထွန်းသည်ဟု သိရသည်။

ပိတောက်ပင်တို့ သည် အမြင့်ပေ၆၀ မှ၈၀ ထိရှိတတ်ကြသည်။ တပေါင်းလမှစ၍ သုံးကြိမ်တိုင် ပွင့်သည်ဟုဆိုသည်။ မွှေးပျံသင်းကြိုင်၍ ၀ါဝါ၀င်းဝင်းရှိကြသော ပိတောက်ခိုင်၊ ပိတောက်ခက် တို့ သည် အဆုပ်လိုက် အခဲလိုက် ၀င်းထိန်အောင် ပွင့်တတ်ကြပေသည်။

ပိတောက် သုံးကြိမ်ပွင့်ပြီးလျှင် မိုးဖြိုင်ဖြိုင်ရွာ၍ မိုးရာသီအစပြုသည်။ မြန်မာလူမျိုးတို့ သည် ပိတောက်ပွင့်သည့် အကြိမ်ကိုရေတွက်ကာ မိုးရာသီကိုစောင့်မျှော်တတ်ကြသည်။ မြန်မာနှစ်သစ်ကူးချိန်ဖြစ်သော သင်္ကြန်တော်အခါနှင့်လည်း ပိတောက်ပွင့်ချိန်နှင့် ကြုံကြိုက် တတ်ရာ ရေပက်ခံထွက်သူ၊ရေပက်သူအမျိုးသမီးများသည်ပိတောက်ပန်းများကိုအားရပါးရ ပန်ဆင်ကြလေသည်။ ပိတောက်ပန်းခက်များကိုလည်းဘုရားတင်လှူ၍လည်းကောင်း၊ရေပက်ခံမော်တော်ကား၊ရေပက်မဏ္ဍပ်များ၌ အလှဆင်ချိပ်ဆွဲ၍လည်းကောင်း မြင်တွေ့ နိုင် ကြပါသေးသည်။ လူငယ် အတော်များများကပင် ပန်းပိတောက်နှင့် သင်္ကြန်ကို တွဲဖက်၍ မြင်နေကြပြီ ဖြစ်သည်။ သင်္ကြန်သည် ပိတောက်ပန်းပွင့်သည်၊ သင်္ကြန်တွင်ရွာသော မိုးစက်လေးများ ကျလာလျှင်ပင် ပန်းပိတောက်တို့ ပွင့်သည်ဟု မှတ်ထင်လေ့ရှိကြသည်။ အမှန်တော့ တပေါင်းတန်ခူးအချိန် သည် ပိတောက်ပန်းပွင့်သောအချိန်ပင် ဖြစ်လေရာ၊ တိုက်ဆိုင်မှု ဟုပင်ဆိုနိုင်ပါသည်။

မည်သို့ ပင်ဆိုစေ ပန်းပိတောက်သည် အလွန်ပင်ရနံ့ မွှေးသောပန်းအဖြစ်လည်းကောင်း၊ လူအများနှစ်သက်သော ပန်းအဖြစ်လည်းကောင်း ထင်ရှားနေလေသည်။ သင်္ကြန်အခါသမယ နှင့် ကြုံကြိုက်သောကြောင့်လည်း ပိုမိုအသိအမှတ်ပြုခံရခြင်း၊ အထွဋ်အမြတ်ထား ခံရခြင်းဖြစ် သည် ဟုဆိုရပေမည်။

အနမ်း(သုခုမ)

ကိုးကား_ မြန်မာ့ စွယ်စုံကျမ်း အတွဲ(၆)