မွေးနေ့ လက်ဆောင်

1 ယောက်ဆွေးနွေးချက်

ဒီနေ့ ကကျွန်မညီမ(အကြွားလေး) ဆိုတဲ့သူရဲ့ မွေးနေ့ လေ။မွေးနေ့ မှာဘုရားပင့်ပြီး၊ သံဃာတော်တွေကိုအာရုံဆွမ်းကပ်တယ်။ ဒါကသူ့ ရဲ့ နှစ်စဉ်လုပ်နေကြအလုပ်။
အားလုံးကိုဘုရားဖူးသာဖိတ်ပြီး၊ မွေးနေ့ ပွဲမလုပ်ပေမယ့်၊ သူ့ သူငယ်ချင်းများကတော့
မွေးနေ့ လက်ဆောင်တွေအသီးသီးပေးကြပါတယ်။သူကအားလုံးကိုမွေးနေ့ လက်ဆောင် မတောင်းပဲဘုရားဖူးသာဖိတ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ မိသားစုကိုတော့လက်ဆောင် တောင်းလေ့ရှိပါတယ်။ မွေးနေ့ မရောက်ခင် ဘုရားပင့်တဲ့ကိစ္စလုပ်ရသေးတာမို့ ၊ မအားမလပ်တဲ့ကြားကမွေးနေ့ လက်ဆောင် ကိုအပူတပြင်းရှာဝယ်ရပါသေးတယ်။

ကျွန်မသွားနေကျနေရာက စီးတီးမတ်လေ။ စူပါမတ်ကက်တွေထဲမှာ ကျွန်မက စီးတီးမတ်ကို သဘောအကျဆုံးပဲလေ။ ကျွန်မစားနေကျမုန့် မျိုးစုံဝယ်လို့ ရသလို၊ လက်ဆောင်ပစ္စည်းပေးဖို့ ဆိုလည်းအဆင်ပြေတာမို့ တစ်နေရာတည်းမှာပဲံ အားကိုလုံးလုပ်ဆောင်နိုင်တယ်။
အဲဒီနေ့ ကလည်း လက်ဆောင်တော်တော်များများကိုဝယ်လို့ ရပေမယ့်၊ အခြားသူတွေသူ့ ကို
ပေးဖို့ အတွက်(ကိုယ်စား)သာဝယ်လာနိုင်ပြီး၊ ကျွန်မကိုယ်တိုင်ပေးဖို့ တော့ဝယ်မရခဲ့ဘူး။


နောက်ဆုံး Blazon ကိုရောက်ခဲ့တယ်။ အဲဒီကျမှသူ့ အတွက်လက်ဆောင်ဝယ်ရခဲ့တော့တယ်လေ။ ကျားရုပ်ခေါင်းအုံးလေးပေါ့။ ကလေးမဟုတ်ဖူးဆိုတော့ အရုပ်သက်သက်လည်းမပေးချင်ဘူး။
သူကလည်းအရုပ်ကကြိုက်သေး၊ ဟွန်း !!!
ဒါလေးကတော့ခေါင်းအုံးလေးပေါ့။ သွားလေရာလည်းယူသွားလို့ ရတယ်လေ။းP

မိုးရွာနေသောနှလုံးသား

3 ယောက်ဆွေးနွေးချက်
မျက်လုံးထဲကမထွက်သေးဘူး။
သွားလာခဲ့တဲ့ပုံရိပ်တွေက
မနေ့ တစ်နေ့ ကအထိ
ထင်ကျန်နေဆဲရင်ထဲမှာ
သြော်ဘ၀ဆိုတာ…ဒါပဲလား
တွေ့ ကြုံဆုံပြီး ခွဲခွာရတာ
ဓမ္မတာလို့ သိခဲ့ပေမယ့်
ကိုယ်မသွားခင်..အရင်သွားပြီ
ခွဲခွာခြင်းကို သူ စခဲ့ပြီ။
ကျရှုံးသွားတဲ့နှလုံးသားနဲ့ 
ရင်ထဲမိုးများရွာသွန်းဆဲမို့ 
ဖြေမဆည်နိုင်သေးတဲ့.
ခဏတာမှာတော့..
ညီမလေးရေ.. သတိရနေဆဲပါ။

ညီမလေး(မွန်မွန်ကျော်)(၂၃နှစ်)သို့ …

ဝက်ဝံလေးရဲ့ Gtalk ပိုင်ရှင်

5 ယောက်ဆွေးနွေးချက်
monyekyaw@gmail.com
ပိုင်ရှင်မရှိတော့တဲ့ Account လေး
ဒီဇင်ဘာရဲ့ ညများက
အတူလည်ခဲ့ကြတဲ့နေ့ ရက်များစွာ
မမေ့သေးခင်နှစ်တစ်နှစ်ကိုကူးခဲ့
နှစ်သစ်ရဲ့ ပထမဆုံးလက
၁၆ရက်ဆိုတဲ့ဇန်န၀ါရီဟာ
အသက်တစ်နှစ်တိုးတဲ့သူ့ မွေးနေ့ လေးပေါ့
ပျော်ရွှင်ခဲ့လို့ မှမကြာသေးခင်
ဝေဒနာရဲ့ ပြစ်ဒဏ်များနဲ့ 
့အတိတ်ဘ၀ရဲ့ ဝဋ်ကြွေးများက
ဝင်ရောက်ကာဖျက်ဆီးလာ
နှိပ်စက်တဲ့ကံကြမ္မာကြောင့်
မကြာတဲ့အချိန်ကာလတွင်းလေး
ဆုံးရှုံးသွားရတဲ့သူ့ ဘဝ
ခုတော့ဖြင့် အားလုံးရဲ့ ဟိုးအဝေးဆီ....။
ကာရံမရှိတဲ့ ညီမလေး(မွန်မွန်ကျော်) အတွက်အမှတ်တရ စာသားလေးကိုရေးဖွဲ့ ထားခြင်းပါ။

သူ့ gtalk ကို အဲဒီဝက်ဝံပုံလေးတင်ချင်တယ်ဆိုလို့ တင်ပေးခဲ့ရတာလည်းအမှတ်တရပါပဲ။
chatting မလုပ်တတ်တဲ့ သူ့ ကို အိမ်လာရင်ပြပေးခဲ့ရတယ်။ ခုမှ online ကိုရောက်တာဘာမှမကြာသေး
တာကြောင့် သူငယ်ချင်းမရှိသေးလို့ ကျွန်မရဲ့ မောင်ငယ်လေးကို invite လုပ်ထားပေးဆဲမှာပဲ သူကမရှိ ရရှာတော့ဘူးလေ။

ပျံသန်းသွားလေသော.....

5 ယောက်ဆွေးနွေးချက်


ကောင်မလေးတစ်ယောက်…..
သူ့ ကို စသိခဲ့တာက ဆေးရုံပေါ်မှာ..။
သူလည်း ကျွန်မလို လူနာတစ်ယောက်ပဲ။ ဒါပေမယ့် သူက အသက်၂၀ သာရှိသေးတယ်။ ဘယ်တတ်နိုင်မလဲနော် ရောဂါဆိုတာ ကြီးတယ် ငယ်တယ်မရှိဘူးမဟုတ်လား။ ဒါပေမယ့် သူကလည်းရောဂါသည်လို ဆေးရုံကုတင်ပေါ်မှာချည်း မနေဘူး။ သက်သာရင် သက်သာ သလို နာစ့်တွေကို ဆေးတွန်းလှည်းလေးတွန်းပေးပြီးကူညီလုပ်ပေးတယ်။ နာစ့်တွေ လူနာ ကြည့်ချိန်ဆို သူကဖော်လိုက်ပေးပြီး ဆေးတွန်းလှည်းလေးကူတွန်းပေးကာ တစ်ခန်းဝင် တစ်ခန်းထွက်ပေါ့။ ဒါကြောင့်လည်း ဆေးရုံကိုတက်နေကျဖြစ်နေတဲ့လူနာအများစုက သူ့ ကိုဆိုရင်သိနေကြတယ်။ သူက မလှပေမယ့်ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ မို့ လူတိုင်း
က ခင်တွယ်ကြတယ်။ ကျွန်မလည်း သူနဲ့ ရင်းနှီးတာ ၂နှစ်လောက်ရှိနေပြီ။ ကျွန်မတစ်ယောက်ထဲသာမဟုတ်ဖူး၊ ကျွန်မကိုဆေးရုံလာကြိုတဲ့ကျွန်မညီမနဲ့ ပါ မကြာခင် ရင်းနှီးသွားကြပြီး၊ ကျွန်မတို့ အိမ်ကိုလာလည်တတ်တယ်။ ကောင်မလေးက တစ်ဦးတည်း သောသမီးဆိုတော့ အဖော်ကလည်းမရှိဘူး။ အဖေဖြစ်တဲ့သူက သဘောင်္သား၊ အမေနဲ့  နှစ်ယောက်တည်းနေကြရတာဆိုတော့ပျင်းနေတာပေါ့။ ပြီးတော့ ရောဂါသည်။

သူ့ အကြောင်းကသိပ်မရှိဘူး။ ဒါပါပဲ။ သူ့ ရောဂါကတော့ သွေးရောဂါတစ်မျိုးပေါ့။ ငယ်ငယ် ကတည်းကဖြစ်ခဲ့တာကြောင့် မိဘတွေကလည်း စိုးရိမ်ကြတယ်။ ရတဲ့ငွေကို ဆေးဖိုးကုရတာ များပါတယ်။ သူ့ မောင်လေးတစ်ယောက်လည်းငယ်ငယ်ကဆုံးသွားဖူးတယ်။ အဲဒီရောဂါလို့ ပြောတာပဲ။ သေချာမကုခဲ့လို့ လေ။ ဒါကြောင့် သူ့ ကိုဆိုအရမ်း ဂရုစိုက်ပါတယ်။ ဆရာဝန်ကြီး တွေနဲ့ လည်းခင်မင်နေပြီဆိုတော့ သူ့ ကိုအားလုံး ကလည်းဂရုစိုက်ကြတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာညများက အမတစ်ယောက်(ထိုင်ဝမ်) ပြန်လာတော့၊ သူလည်းရှိတယ်။ အိမ်မှာဘုရားဖူးလာကြရင်း၊ အမကိုမိတ်ဆက်ပေးတယ်။ နောက်ပိုင်း အမနဲ့ လျှောက်လည် ဖြစ်တဲ့အခါ သူလည်းပါတယ်။ အိမ်မှာပဲ စားကြအိပ်ကြနဲ့ ပေါ့။ သူလည်းတော်တော်လေးပျော်ပုံ ရတယ်။ နယူးရီးယား ရောက်တော့လည်း ဆေးရုံရဲ့ ပါတီပွဲလေးမှာ ထပ်ဆုံကြပြန်တယ်။ ဓါတ်ပုံတွေအတူရိုက်ကြလို့ ပေါ့။

ခုတစ်လော အဆက်အသွယ်ပြတ်တယ်မရှိပါဘူး။ သုံးလေးရက်မတွေ့ ဖြစ်ရင် ဖုန်းဆက် ကြတယ်။ ကျွန်မညီမနဲ့ ပိုဆက်သွယ်ဖြစ်ကြတယ်။

ဇန်န၀ါရီ(၁၆)ရက်က သူ့ မွေးနေ့ ပေါ့။ ၂၂နှစ်ပြည့်တာလေ။ ကျွန်မကတော့ သူတို့ အိမ်၆ထပ် ကိုမတက်နိုင်လို့ လိုက်မသွားဖြစ်တာတောင်၊ ကျွန်မညီမနဲ့ မုန့် တွေထည့်ပေးလိုက်သေးတယ်။
ဖုန်းဆက်ပြီး သူ့ ကိုဆုတောင်းပေးလိုက်တယ်။ သူနဲ့ ဖုန်းပြောပြီး၊ ကျွန်မလည်းနေမကောင်းလို့ ဆေးရုံတက်ရပြန်တယ်။

အင်္ဂါနေ့ …၂၀ရက်နေ့ 
ဟုတ်တယ်။ ကျွန်မဆေးရုံတက်တာအင်္ဂါနေ့ ပဲ။
ဆေးရုံမှာ ညအိပ်ရတယ်။

နောက်နေ့ .
နောက်နေ့ ကဗုဒ္ဓဟူးနေ့ …
ဗုဒ္ဓဟူးနေ့ မနက်စောစောပိုင်းမှာ သူရောက်လာတယ်။
ကျွန်မဆေးရုံတက်တာ အမ(ထိုင်ဝမ်) က အွန်လိုင်းမှာပြောလို့ သိတာတဲ့။
သူလည်း ညကအသက်ရှူကြပ်လို့ ရောက်လာတာလို့ ပြောတယ်။
လိုအပ်တာ စစ်ပြီးဆေးရုံတက်ရမှာဆိုလို့ သူ့ အမေကပစ္စည်းပြန်ယူရင်း၊ သူ့ သမီးကိုကျွန်မ အခန်းထဲမှာ နေ့ လည်စာလာစားဖို့ မှာသွားရှာတယ်။
မကြာပါဘူး။ မြူစွမ်ကြေးအိုးပြုတ်အရည်ဝယ်ခိုင်းကာ ကျွန်မနဲ့ အတူ အခန်းထဲမှာလာစား ပါတယ်။ ကျွန်မကိုတောင်အတင်းကျွေးလို့ စားခဲ့ရသေးတယ်။ စားပြီးတာနဲ့ သူစကားတစ်ခွန်း၊ နှစ်ခွန်းသာပြောပြီး၊ ကျွန်မကလည်း အနားယူဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူလည်းသူ့ အဆောင် ဖက်ပြန်သွားလေရဲ့ ။ သူ့ ဗိုက်ကြီးကပြင်ပြားလိုမာနေကြောင်း နဲ့  အသက်ရှူရတာ လည်ပင်းဝနားကဆို့ ကြပ်နေကြောင်းပြောပြသွားပါတယ်။ ဒါနဲ့ ကျွန်မလည်း သူ့ ကိုစကား မပြောဖို့ မှာရပါတယ်။

ကြာသာပတေးနေ့ (မနေ့ က)
မနက်ပိုင်းမှာ ကျွန်မညီမကဆေးရုံသွားမယ်ဆိုလို့ သူရိုက်ထားတဲ့ဓါတ်ပုံလေးတွေကူးထားတာ ကိုပေးလိုက်ပါသေးတယ်။ သူက ဓါတ်ပုံတွေကူးပြီးပြီလားမေးနေတာကြာပြီလေ။ သူနဲ့ ကျွန်မ တို့ လျှောက်လည်ကတည်းက ဆေးရုံနယူးရီးယားမှာရိုက်ထားတဲ့ပုံတွေအားလုံးပေါ့။ ဆရာ တွေနဲ့ လည်းအတူတွဲရိုက်ကြတယ်လေ။
ညဖက်ရောက်တော့ သူ့ အမေဆီဖုန်းဆက်မိတယ်။ သူ့ အခြေအနေသိချင်လို့ ။
သံယောဇဉ် ဆိုတာလည်းမမြင်နိုင်ပေမယ့် ရင်ထဲမှာချည်မိတဲ့ကြိုးတစ်ချောင်းလိုပါပဲ။
ဒါပေမယ့်ဖုန်းကဆက်မရဘူး။ လိုင်းမအားတဲ့အသံပဲ။
ဒါနဲ့ ညဖက်ရောက်တော့ အားနာလို့ ဖုန်းထပ်မဆက်တော့ဘူး။

သောကြာနေ့ (ဒီနေ့ )
မနက် အိပ်ယာနိုးတော့ စိတ်မကြည်ဘူး။ ညကတည်းက စိတ်တိုမိတာလည်းပါမယ်ထင်တယ်။
မမက်တာကြာတဲ့အိမ်မက်တွေလည်း မက်သေးတယ်။ ဘာတွေမှန်းတော့မသိဘူး။
သူ ဆိုတဲ့ ညီမလေးကိုလည်း သတိတွေရနေတယ်။ သူ အသက်ရှင်ပါ့မလား။
ဟာ..ငါ.. ဘာတွေတွေးနေမိတာလဲ ။ သူ ဘာလို့ သေရမှာလဲ….။ မသေပါဘူး။

ကျွန်မဆေးရုံကဆင်းတော့တောင် သူ့ ကိုနုတ်ဆက်ဖို့ သွားသေးတယ်။ ဒါပေမယ့် သူအိပ်နေတယ်။ သူ့ အမေနဲ့ စကားပြောနေစဉ် သူခဏနိုးလာပြီး `သြော်၊ မမီး ရောက်နေတာကိုး ` လို့ ပြောပြီးပြန်မှိန်းသွားတယ်။ သူကကျွန်မကိုပြန်ရင်လာနုတ်ဆက်အုံး လို့ ပြောတယ်လေ။ ဒါပေမယ့်သူ ကျွန်မကိုဘာမှထပ်မပြောနိုင်ဘူး။
အဲဒီတုန်းက ကျွန်မ မကျေနပ်ဖူး ။ သူ့ ကိုမဟုတ်ဖူး။ သူ့အခြေအနေကိုပါ ။
သူကသိပ်အားနာတတ်တဲ့သူ ။ ကျွန်မတို့ ကိုမပြောနဲ့ တစ်ခြားသူအနားလာရင်တောင် သူစကား ထပြောတယ်။ ခုတော့ သူမထနိုင်ဘူး။ သူကျွန်မကို စကားမပြောနိုင်ခဲ့ဘူး။
သူဟန်မဆောင်နိုင်တော့ဘူးဆိုတာ ကျွန်မနားလည်သွားတယ်။
အဲဒီကတည်းက ကျွန်မ သူ့ အခြေအနေကိုအားမရခဲ့ဖူး။ ကျွန်မ စိတ်တိုတယ်။

ဟုတ်တယ်။ ကျွန်မ သူ့ အမေကိုနည်းနည်းတော့ စိတ်တိုမိတယ်။ ကလေးကညကတည်းက အသက်ရှူမ၀ပဲ လူးလိမ့်နေခဲ့တာကို ဆေးရုံမပို့ ခဲ့လို့ …သူကလည်း သူ့ အမေကိုငဲ့တာဖြစ်မယ် ကျွန်မသိတယ်။ ကိုယ်ချင်းစာတယ်။ သူ တစ်ညလုံးကျိတ်မှိတ်ခံစားနေမယ် ၊ မိုးလင်းမှသူ ဆေးရုံကိုလာမယ်။ ဒါကြောင့် ကျွန်မလည်းသူ့ အမေကိုဘာမှအခြားမပြောတော့ပဲ၊ သူ့ူကို အခြားလျှောက်မသွားဖို့ နဲ့ ၊ သူသွား ချင်ရင်ကျွန်မတို့ အိမ်ကိုသာပို့ ပေးပါလို့ .။ ဒါပါပဲ။

ဒီနေ့ မနက်လည်းဖုန်းဆက်တာမကိုင်ကြဘူး။ လက်ကိုင်ဖုန်းလေးကတော့ခေါ်နေသားပဲ။ တစ်နေ့ လုံးလည်းစိတ်ထင့်နေတာ၊ ဖုန်းခေါ်မရမချင်းကို ကျေနပ်မှာမဟုတ်ဖူး။
ဒါပေမယ့်လက်လျှော့လိုက်ရတယ်။ ကိုင်မယ့်သူမရှိတဲ့ဖုန်းကိုထပ်မဆက်ဖြစ်တော့ဘူး။
နေ့ လည်ပိုင်း၃နာရီလောက်မှာတော့ ..
သူ ဆုံးပြီဆိုတာကိုသေချာသိလိုက်ရတယ်။ သူ့ အမေဆီကဆက်ခိုင်းတာ.
သေချာသွားတယ်။ ကျွန်မရဲ့ ထင့်နေတဲ့စိတ်က အဆုံးသတ်သွားခဲ့ပြီ။
ကျွန်မဘာဆက် သိစရာရှိသေးလဲ။
မအံ့သြပေမယ့် အံ့သြမိတယ်။
မယုံချင်ပေမယ့် ယုံမိတယ်။
မဖြစ်စေချင်ပေမယ့် ဖြစ်သွားတယ်။

ငိုချင်ပေမယ့်လည်း မငိုမိတော့ဘူး။
ကျချင်တဲ့မျက်ရည်တွေလည်း မကျဖြစ်တော့ဘူး။
ရင်ထဲမှာမွန်းကြပ်နေတယ်။
လည်ချောင်းမှာတစ်ဆို့ နေတယ်။
မျက်ဝန်းထဲမှာမြင်ယောင်နေတယ်။
နောက်ဆုံးတော့လည်း….။

ညီမလေးတစ်ယောက် ကျွန်မအနားကစောစောပဲထွက်သွားခဲ့တယ်။
ညီမလေး(မွန်မွန်ကျော်) ကောင်းရာမွန်ရာရောက်ပါစေလို့ ပဲဆုတောင်းပေးနိုင်တော့တယ်။


ကျွန်မကိုခင်မင်ကြတဲ့Blogger မိတ်ဆွေ၊ သူငယ်ချင်း၊ ညီမလေး၊ မောင်လေးများ ကျွန်မကိုယ်စား ကျွန်မချစ်တဲ့ ညီမလေး(မွန်မွန်ကျော်)အတွက် ကဗျာလေးများရေးစပ်ပေးကြပါလား လို့ တောင်းဆိုမိပါတယ်။ သူကလည်း စာရေးဝါသနာပါပါတယ်။ သူရေးထားတဲ့စာလေးတွေကျွန်မကိုပေးမယ်ဆိုပြီးပြောပေမယ့်၊ အိမ်လာလည်တိုင်း သူမေ့ကျန်ခဲ့တာကြောင့်၊ ခုထိဖတ်ခွင့်မရပါဘူး။ တကယ်လို့ သာ သူ့ အမေကိုတောင်းကြည့်လို့ ရခဲ့မယ်ဆိုရင် ကျွန်မရဲ့ ဘလော့ဂ်ကပဲတင်ပြပေးပါမယ်။
2 ယောက်ဆွေးနွေးချက်
Blog နဲ့ အဆက်အသွယ်ပြတ်သွားတာကြာပြီဖြစ်လို့ လာရောက်လည်ပတ်သူများအားလုံးကို အားနာမိပါတယ်။
ဘာကြောင့်မှန်းမသိပါ၊ Blog ၌ post တင်မရ၍ သည်အတိုင်းပဲပြစ်ထားခဲ့ရပါတယ်။
အဲဒီအတွက်အားလုံးကိုတောင်းပန်ပါတယ်။
မ အနမ်း

မတတ်မြောက်သေးသည့်အရာ

0 ယောက်ဆွေးနွေးချက်

ကျွန်ုပ်တို့ သည်ကောင်းကင်တွင် ကျေးငှက်များကဲ့သို့ ပျံသန်းသွားကြသည်။
ပင်လယ်ထဲတွင် ငါးများကဲ့သို့ ကူးခတ်သွားကြသည်။
သို့ သော်လည်း ကျွန်ုပ်တို့ သည် ပထ၀ီမြေကြီးပေါ်၌ ညီအစ်ကိုမောင်နှမများကဲ့သို့ လက်တွဲပြီးသွားခြင်းမျိုးကို မသင်ကြားမတတ်မြောက်ကြသေးပေ။
မာတင်လူသာကင်း

မနေ့ ၊ သည်နေ့  နဲ့ မနက်ဖြန်

3 ယောက်ဆွေးနွေးချက်











မနက်ဖြန်က
သည်နေ့ ကိုပြောတယ်
'မင်းသေတဲ့အခါ၊ ငါရှင်မယ်'။


မနေ့ က
သည်နေ့ ကိုပြောတယ်
'မင်းမကြာခင်၊ ငါနဲ့ တူတော့မယ်'။

သည်နေ့ က
မနက်ဖြန်ကိုပြောတယ်
'ကျုပ်သမိုင်း အက္ခရာကို
ခင်ဗျားစာရွက်ပေါ်မှာရေးမယ်'။

ညွန့် အေး (အင်းဝ) ရေးခဲ့တဲ့ကဗျာလေးပါ။
ရိုးရိုးရှင်းရှင်းလေးနဲ့ အချိန်ကူးပြောင်းသွားပုံလေးကိုဖော်ညွှန်း ထားတာမို့ ၊ အချိန်တန်ဖိုးထားရသူတိုင်းလည်းနှစ်သက်မယ်ထင်ပါတယ်။

မနက်ဖြန်လည်းလွမ်းရအုံးမယ်

4 ယောက်ဆွေးနွေးချက်













နာကျည်းမှုအသီးအပွင့်တွေ `ပြွတ်သိပ်လိုက်ချင်တယ်
ဒါပေမယ့် ဒဏ်ရာသစ်ပင်ကြီးက
နာကျည်းစရာ မြေသြဇာရှာမရသေးဘူး ။
အမုန်းမိုးတွေအူလိုက်သည်းလိုက် ရွာချလိုက်ချင်တယ်
ဒါပေမယ့် အမုန်းမိုးတိမ် ဖြစ်ဖို့
မြစ်ဖျားခံ ရေခိုးရေငွေ့တွေက အားမပေးသေးဘူး။ ။
သံယောဇဉ်တွေကို မာနစိတ်လွှသွားနဲ့
အတုံးလိုက်အတစ်လိုက်ဖြတ်ချလိုက် ချင်တယ်
ဒါပေမယ့် နှလုံသားလူမိုက်က
လွှသွားဘယ်မှာ သွားဝှက်ထားလဲ မသိဘူး။ ။
မင်းကို မုန်းဖို့ / မေ့ဖို့မြေသြဇာ လည်းရှာမရသေးဘူး။
ရေခိုးရေငွေ့လည်း အားမပေးသေးဘူး။
လွှသွားလည်း ရှာမရသေးဘူး။
ဘုရား ! ဘုရား! ဒါဆို မနက်ဖြန်လည်း လွမ်းရဦးမှာပေါ့ ။ ။

ဆားချက်တယ်လို့ ပြောရမလားမသိဘူး။ ကိုယ်ကိုတိုင်တော့ရေးတာမဟုတ်ဖူး။ သူများစပ်ပြီးလာပေးလို့ တင်လိုက်တာပါ။း)

နှစ်သစ် ဆုတောင်း

1 ယောက်ဆွေးနွေးချက်


HAPPY NEW YEAR 2009

" မင်္ဂလာပါ"
နှစ်သစ်မှာ Blogger (ဘလော့ဂါ) မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Blog မောင်နှမများ၊ မိတ်ဆွေများ အားလုံးကို ကျွန်မ ဘလော့မှ ကြိုဆိုပါတယ်။





၂၀၀၉ မှာ Post များများရေးနိုင်ကြပါစေ။းP