ထင်ချင်သလို မထင်လိုက်ကြပါနဲ့ 

0 ယောက်ဆွေးနွေးချက်
တစ်ခါတစ်လေမှာလူတွေဟာတစ်ဦးနဲ့ တစ်ဦးထင်မြင်ချက်တွေနဲ့ သုံးသပ်တတ်ကြတယ်။
လူတစ်ဦးရဲ့ထင်မြင်ချက်ဆိုတာအမှန်တကယ်ဖြစ်လိမ့်မယ်လို့ ပုံသေတွက်ဆလို့ မရဘူးလေ။
ထင်မြင်ချက်ဆိုတာအမှန်ဖြစ်နိုင်သလို၊ အမှားလည်းဖြစ်နိုင်တာပဲ။
ထင်မြင်ချက်ဟာကိုယ်လက်ခံတွေးတောမိတဲ့အကြောင်းအရာတွေပါ။ တစ်ခါတစ်ရံမှာကိုယ့်ရဲ့ထင်မြင်ချက်တွေဟာတစ်ဖက်လူအပေါ်ထိခိုက်နစ်နာစေတယ်ဆိုတာ
ကိုတော့သတိပြုမူသင့်ပါတယ်။ကိုယ့်ရဲ့ထင်မြင်ချက်တွေကြောင့်တစ်ဖက်လူအပေါ်အထင်ကြီးတတ်သလို၊
အထင်သေးသွားတာမျိုးလည်းဖြစ်သွားကြပါတယ်။ လူတစ်ယောက်ရဲ့စိတ်ဆိုတာမှန်းဆရခက်လွန်းပါတယ်။ ကိုယ့်စိတ်ကိုတောင်ကိုယ်အသေအချာမသိနိုင်ခဲ့သေးတာမို့ တစ်ဖက်လူရဲ့စိတ်ဆိုတာကို
ကိုယ်ကဘယ်လိုမှထင်မြင်ရုံနဲ့ သုံးသပ်လို့ မရပါဘူး။
လူတွေဟာသူများကိုမကောင်းထင်တတ်တာများတယ်နဲ့ တူတယ်။
ဒီလိုပြောလိုက်လို့ ကျွန်မကိုယ်တိုင်က ထင်မြင်မှုတွေဖြစ်သွားပြီ။ ဟုတ်ပါတယ် ။
ဓမ္မဒူတ အရှင်ဆေကိန္ဒ ရဲ့ ဆုံးမစာလေးကိုရေးချင်လို့ ပါ။
သူများကို မကောင်းထင်တတ်တယ်၊ ကိုယ့်ကိုကိုယ် အကောင်းထင်တတ်တယ်။
" ထင်ချင်သလို မထင်လိုက်ပါနဲ့ " တဲ့လေ။
အဲဒီဆုံးမစာလေးထဲကအတိုင်း ထင်ချင်သလိုမထင်ကြရင်ကောင်းမယ်နော်။
ဘာလို့ ကျွန်မဒီလိုပြောလည်းဆိုတော့ ကျွန်မကသူတစ်ကာရဲ့ အထင်ခံရတဲ့သူ ဖြစ်ဖြစ်သွားတတ်လို့ ပါပဲ။ တကယ်တော့ကျွန်မကအူကြောင်ကြောင်သမား၊ ဒါကြောင့်သူတစ်ကာ ရဲ့အထင်ခံရမှုများတယ်။
နောက်ပြီး ကျွန်မက တော်ရုံကိုပြန်မပြောတတ်တဲ့သူမျိုး။ တစ်ခါတစ်ရံဖြေရှင်းချက်တွေပေးချင်ပေမယ့် မပြောဖြစ်တာများတယ်။ ကြုံခဲ့ရတဲ့ အချစ်ရေးကိစ္စမှာလည်း ဒီလိုပဲ ။ ကျွန်မဘာကိုမှမပြောဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ ကျွန်မအတွက်ဆုံးရှုံးမှုတွေ ဖြစ်အုံးမယ်ဆိုရင်တောင်ကျွန်မရဲ့စကားနည်းတဲ့အကျင့်က ပျောက်မှာမဟုတ်ဘူးထင်ပါရဲ့။ အခြားနေရာတွေမှာတော့ စကားသိပ်မနည်းပေမယ့်
ပြဿနာတက်ဖို့ ကြုံရပြီဆိုရင်တော့ ကျွန်မဘာကိုမှမတုန့် ပြန်တတ်ဘူး။
ကျွန်မ သူငယ်ချင်းတစ်ယောက်ကဆိုရင်ကျွန်မကို အုံပုန်းကြီး တဲ့လေ။
အိမ်မှာတောင် အမေနဲ့ ပြဿနာတက်တော့မယ်ဆိုရင်ကိုပြန်မပြောတတ်လို့ ။
ရေငုံနှုတ်ပိတ်ဆိုတာမျိုးလေ။
ရင်ထဲမှာတော့ ပြောချင်တာတွေအပြည့်ရှိနေပါတယ်။
ဒါကြောင့်ပဲ ကျွန်မကိုဆိုအမြဲအထင်လွဲတတ်ကြတယ်။
ဘယ်ကိစ္စမဆို၊ ဘာကိစ္စမဆိုပေါ့။
အဲလိုလူတွေရဲ့ထင်မြင်ချက်တွေကြောင့်တစ်ဖက်လူအပေါ်မထိခိုက်စေဖို့ 
ကျွန်မပြောချင်တာကလည်း
ဆရာတော်ရဲ့ဆုံးမစကားလေးဖြစ်တဲ့ " ထင်ချင်သလိုမထင်လိုက်ပါနဲ့ " လို့ ......

အနမ်း

စောင့်တတ်သူ

1 ယောက်ဆွေးနွေးချက်
ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့သဘာဝကို က နှေးကွေးတဲ့လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇နှစ်တောင်ကြာပါတယ်တဲ့။ နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့ နေရာကို ရှာကြပါတယ်။

ထွက်လာပြီး ၂နှစ်အကြာမှာတော့ သူတို့အတွက် အကောင်းဆုံး နေရာတစ်ခုကို ရှာတွေ့သွားကြ ပါတယ်။ အဲဒီနေရာကို သန့်ရှင်းရေး လုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်း ထဲကထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆လအကြာမှာ ပြီးစီး သွားပါတယ်။ အဲဒီအခါမှာ သူတို့ ဆား မေ့ကျန်ခဲ့တာကို သိလိုက် ရပါတယ်။

ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းမှာမဟုတ်ဘူးလို့  သူတို့ ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ တာဝန်ပေး လိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ဂတိတစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ဂတိကတော့ ဘယ်သူမှ သူ ပြန်မရောက်မချင်း အစားအသောက်တွေကို မစားပါဘူးဆိုတဲ့ ဂတိပဲ။

တစ်မိသားစုလုံးက သဘောတူတော့မှ လိပ်ကလေး ထွက်သွားပါတော့ တယ်။ သုံးနှစ်ကြာတဲ့ အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်၊ ခြောက်နှစ်၊ ခုနှစ်နှစ်မြောက်တဲ့ အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီး ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်တော့ပါဘူး။ ဒါကြောင့် သူကတော့ စားတော့မယ်လို့ပြောပြီး အသားညှပ်ပေါင်မုန့်ထုတ်ကို ဖွင့်လိုက် ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင် အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်ပြောလိုက် ပါတယ်။

"တွေ့ လား၊ သားကိုစောင့်ကြမှာ မဟုတ်ဖူးဆိုတာသိသားပဲ၊ တော်ပြီ ဆား သွားမယူတော့ဘူး..."

လူတစ်ချို့ ဟာ တစ်ခြားလူတွေကို ကိုယ်မျှော်လင့်ထားသလို လုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်င်စားနေရင်းနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။ ဒီပုံပြင်လေးကို ဖတ်ပြီး သင်ခန်းစာယူနိုင်ဖို့ အချိန်ကို တန်ဖိုးရှိရှိအသုံးချကြဖို့ ကိုမျှော်လင့်ရင်း မေးလ်ထဲကနေ ကျွန်မ အစ်မ ပေးပို့ ပေးတဲ့ ပုံပြင်လေးကို ပြန်လည်ရေးသားလိုက်တာပါ။

ပုံပြင်လေးကို ဘာသာပြန်ထားတာကတော့ ညီမငယ်ရွှေပြည်သူပါ။ သူ့ ရဲ့ ဘလော့မှာလည်း တင် ထားတယ်လို့သိရပါတယ်။

ကျေးဇူးစကား နှင့် ၀န်ခံခြင်း

1 ယောက်ဆွေးနွေးချက်

ကျွန်မ Blog ကိုလာကြတဲ့သူတွေကိုကျေးဇူးလည်းတင်ပါတယ်။
လာရောက်ကြတဲ့ကျွန်မရဲ့မိတ်ဆွေ၊သူငယ်ချင်းများကိုလည်းကျွန်မကအသိလေးတွေပေးချင်ပါတယ်။
အထူးသဖြင့်ဘာသာရေးနဲ့ပတ်သတ်တဲ့ဆရာတော်တွေရဲ့အဆုံးအမစကားတွေပဲဖြစ်ပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ကျွန်မမှာအခြားဗဟုသုတကနည်းလို့ပါပဲ။ ဗဟုသုတနဲ့ပတ်သတ်လို့တော့

ကျွန်မ Blogထဲက မောင်လေး ဆိုတဲ့Blog ကိုဝင်ဖတ်ကြည့်စေချင်တယ်။ ပညာရှိတွေရဲ့အဆိုအမိန့်လေးတွေနဲ့သတင်းပေါင်းစုံရဲ့အချက်အလက်တွေကိုကိုးကားပြီး၊
သူ့ အတွေ့ အကြုံ သူ့ အယူအဆတွေကိုရေးသားထားတာတော်တော်ကို
ဖတ်လို့ကောင်းပါတယ်။စိတ်ဝင်စားစရာ၊ ဗဟုသုတတွေရစရာတွေတွေ့ ရပါမယ်။
ကျွန်မကတော့စိတ်မကြည်လင်တဲ့အခါတိုင်းဘာသာရေးစာအုပ်တွေသာအဖတ်များတာကြောင့်၊
ကျွန်မသိတဲ့အကြောင်းလေးတွေလောက်သာဖော်ပြနိုင်မှာပါ။
အထူးသဖြင့်ကျွန်မအလွန်လေးစားကြည်ညိုတဲ့ဆရာတော်ဦးဇောတိကရဲ့အသိပေးဟောကြားထား
တဲ့စာသားတွေဖြစ်ပါမယ်။ ဒါတွေကိုတဖန်ပြန်လည်ရေးသားရတာကလည်း
ရေမြေခြားမှာရှိကြတဲ့ကျွန်မမိတ်ဆွေနဲ့သူငယ်ချင်းများစိတ်ညစ်တဲ့အခါသည်စကားလုံး၊စာသားများကို
ဖတ်ခြင်းဖြင့်စိတ်ပြေပျောက်နိုင်စေဖို့နဲ့ကျွန်မထက်ငယ်တဲ့မောင်လေး၊ညီမလေးများကို
အသိအလိမ္မာတိုးပွားစေဖို့ပါပဲ။
အခြားဆရာတော်တွေရဲ့စကားလုံးတွေကိုလည်းဖော်ပြမှာပါ။
အနာဂတ်ကိုဦးဆောင်ကြမယ့်လူငယ်များအားလုံးကိုစိတ်သဘောထားလေးတွေကောင်းစေချင်တယ်။
လူတွေအပေါ်နားလည်မှုရှိစေချင်တယ်။

ဒါကြောင့်ဆရာတော်တွေရဲ့ဆုံးမစာသားတွေကိုရေးသားထားခြင်းလည်းဖြစ်ပါတယ်။
သူများ Blog တွေလောက်ဖတ်ရတာကောင်းမှာမဟုတ်ဘူးဆိုတာတော့

ကျွန်မကိုယ်တိုင်ဝန်ခံပါတယ်။

အနမ်း

စိတ်ဖြေခြင်း

0 ယောက်ဆွေးနွေးချက်
ခုရက်ပိုင်းတွေမှာ ကျွန်မစိတ်ညစ်စရာများစွာနဲ့ ကြုံတွေ့ နေရလို့ 
စာရေးခြင်းကိစ္စကိုတောင်မလုပ်နိုင်ခဲ့ဘူး။
ပြဿနာသေးသေးလေးကစလို့၊ အကြီးမားဆုံးပြဿနာအထိ ဆက်တိုက်ကြုံတွေ့ နေရတယ်။
ကျွန်မ မကြုံဖူးသေးတဲ့ပြဿနာတွေလည်းပါတယ်။

ဒါကြောင့်တော်တော်ကိုစိတ်ညစ်နေမိတယ်လို့ပြောလို့ ရတယ်။ ဒီနေ့လည်းနောက်ထပ်စိတ်ညစ်စရာကိစ္စကဖြစ်သွားသေးတယ်။
ဒါကြောင့်ဘာကိုမှလုပ်ချင်ကိုင်ချင်တဲ့စိတ်မရှိလို့ ဘာမှကိုမလုပ်ဘူး။ တစ်နေကုန်အိပ်နေလိုက်တယ်။
နောက်တော့ကျွန်မရဲ့အားဆေးဖြစ်တဲ့ ဆရာတော်ဦးဇောတိကရဲ့စာလေးတွေဖတ်ပြီး စိတ်ဖြေရတယ်။
ဆရာတော်ရဲ့စာတွေက အားဆေးသောက်တာထက်ကျွန်မကိုအစွမ်းထက်စေလို့ပဲ။
ဒါကြောင့် ကျွန်မရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေလည်းစိတ်ညစ်စရာတွေ၊ ပြဿနာတွေပေါ်လာရင်

စိတ်ဖြေနိုင်ဖို့ ဆရာတော်ရဲ့စာလေးတွေကိုရေးပေးလိုက်တယ်။
အားလုံး စိတ်ချမ်းသာပြီးပြဿနာတွေပြေလည်နိုင်ပါစေလို့ဆန္ဒပြုရင်းပေါ့။


သောကဖြစ်နေတာဟာ မနက်ဖြန်တွေ့ ရမယ့်ဒုက္ခကိုမပျောက်စေနိုင်ဘူး။
ဒါပေမယ့်ဒီနေ့ ရှိနေတဲ့အင်အားကိုကုန်ခမ်းသွားစေတယ်။


လူ့ ဘ၀မှာ ဒုက္ခ အစစ်တွေအလုံအလောက်ရှိပါတယ်။
သင့်စိတ်က ဒုက္ခ အတုတွေဖန်တီးတာကိုခွင့်မပြုပါနဲ့ ။


ကိုယ့်အတွက်စိတ်ချမ်းသာမှုကိုဘယ်သူကမှ ပေးမှာမဟုတ်ဘူး။
ကိုယ့်ဟာကိုယ် ရှာမှဖြစ်မယ်။

စိတ်ချမ်းသာချင်ရင် ကိုယ်တကယ်စိတ်ဝင်စားတာကိုလုပ်နေပါ။
ဘာမှမလုပ်ပဲရေရှည် စိတ်ချမ်းသာအောင်နေဖို့မလွယ်ဘူး။


စိတ်ချမ်းသာမှုဟာ ဘ၀ခရီးလမ်းဆုံး မဟုတ်ဘူး။
စိတ်ချမ်းသာမှုဟာ ဘ၀ခရီးလမ်း (သို့မဟုတ်) ဘ၀နေနည်းပါ။

တစ်နေ့ ပြီးတစ်နေ့ စိတ်ချမ်းသာအောင်နေနိုင်ရင်အမြဲစိတ်ချမ်းသာမယ်။

ဆရာတော်ဦးဇောတိကရဲ့(စိတ်ချမ်းသာဖို့လိုရင်းပါ) စာအုပ်မှရွေးချယ်ရေးသားလိုက်တာပါ။
ဖတ်ချင်တယ်ဆိုရင်ဝယ်ဖတ်လို့ရအောင်ပါ။
0 ယောက်ဆွေးနွေးချက်
ရှင်အာနန္ဒာရဲ့ပယ်ဆု၊ပန်ဆုတွေကိုသိရတော့၊ရှင်အာနန္ဒာရဲ့စိတ်ဓါတ်ကိုကျွန်မအတော်လေး လေးစားမိတယ်။
ပန်ဆုတွေကလည်းသူ့တစ်ဦးအတွက်သာမကအားလုံးအတွက်အကျိုးရှိစေခဲ့တာအမှန်ပဲ။
ဒါကြောင့်လည်းကျွန်မသူငယ်ချင်းပြောတဲ့သာသနာကိုလက်ဆင့်ကမ်းလာခြင်းဆိုတာကိုလည်းကျွန်မ

ထောက်ခံမိတယ်။
ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေလည်းဘုရားရှိခိုးတဲ့အခါမျိုးမှာဆုတွေတောင်းတတ်ကြတယ်။

ကိုယ်ဖြစ်ချင်တာတွေအများဆုတောင်းလေ့ရှိတာပါပဲ။ဒုက္ခရောက်တဲ့အချိန်မျိုးဆိုပိုပြီးဆုတောင်းတော့တာပဲ။
တစ်ခါတစ်လေများဆိုရင်ဆုတောင်းနေတာကဘုရားရှိခိုးတာထက်ကိုအချိန်ပိုကြာနေတတ်တာတွေ့ဖူးပါတယ်။
အဲဒီအခါမှာရှင်အာနန္ဒာလိုကောင်းတဲ့ဆုတောင်းလေးတွေဖြစ်ကြဖို့လိုပါတယ်။
ကိုယ့်ဆန္ဒတွေ၊ကိုယ်လိုအပ်တာတွေထက်အများအတွက်ကိုပါဆုတောင်းပေး၊မေတ္တာပို့ကြမယ်ဆိုရင်ပိုပြီးပြည့်စုံ
လိမ့်မယ်လို့ကျွန်မတော့ယူဆမိတယ်။

ပယ်ဆု ပန်ဆု

0 ယောက်ဆွေးနွေးချက်
သာသနာထွန်းကားလာတာဟာ ရှင်အာနန္ဒာရဲ့ ပန်ဆုတစ်ပါးဖြစ်တဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော် အားလုံးကို နာကြားရတာကြောင့်လည်း ဖြစ်တယ်။ ရှင်အာနန္ဒာဟာ ဘုရားရှင်ရဲ့ တရားအားလုံးကို ပြန်လည်ပို့ချ ပေးခဲ့ခြင်းဟာ သာသနာတော်ကို လက်ဆင့်ကမ်းလာခြင်းပဲလို့ ယူဆနိုင်တယ်ဆိုပြီး ကျွန်မ သူငယ်ချင်း တစ်ဦးကပြောတာကြောင့်၊ ကျွန်မလည်း စိတ်ဝင်စားတာနဲ့ ရှင်အာနန္ဒာရဲ့ပယ်ဆု၊ ပန်ဆုတို့ကို တရားစာပေတွေ လိုက်စားတဲ့ ကျွန်မသူငယ်ချင်း တစ်ယောက်ကို မေးမြန်းပြီး ပြန်လည်ရေးသားလိုက်ခြင်းပါပဲ။
ဗုဒ္ဓဘာသာဝင်အချို့လည်း စိတ်ဝင်စားမယ် ထင်လို့ပါ။

ဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှာရှင်အာနန္ဒာကဘုရားရှင်အားပယ်ဆု(၄)ပါးနဲ့  ပန်ဆု(၄)ပါးဆိုပြီးတောင်းခဲ့ပါတယ်။

ပယ်ဆု(၄)ပါး

(၁)မြတ်စွာဘုရားရှင်လက်ခံရရှိတဲ့ ကောင်းမြတ်သော သင်္ကန်းတို့ကို မချီးမြှောက်လိုပါ။
(၂)မြတ်စွာဘုရားရှင် လက်ခံရရှိတဲ့ ကောင်းမြတ်သော ဆွမ်းတို့ကို မချီးမြှောက်လိုပါ။
(၃)မြတ်စွာဘုရားနှင့် အတူဂန္ဓကုဋိတိုက်တစ်တိုက်ထဲတွင် နေရန်ခွင့်မပြုစေလိုပါ။
(၄)မြတ်စွာဘုရားရှင် တစ်ပါးတည်းကိုသာ သီးခြားပင့်သောနေရာသို့ ခေါ်မသွားစေလိုပါ။

ပန်ဆု(၄)ပါး
(၁)မြတ်စွာဘုရားသည် ဘုရားတပည့်တော် လက်ခံထားသော ပင့်ဖိတ်ရာအရပ်သို့ကြွတော်မူ
စေချင်ပါသည်။
(၂)ရပ်ဝေးဘုရားဖူးများအတွက် ဘုရားတပည့်တော် လျှောက်ထားသောအခါ ဖူးတွေခွင့်ပေး တော်မူစေချင်ပါသည်။
(၃)ဘုရားတပည့်တော် ယုံမှားသံသယရှိ၍ မေးလျှောက်လိုသောအခါ မေးလျှောက်ခွင့်ပြု စေချင်ပါသည်။
(၄)ဘုရားတပည့်တော်၏ မျက်ကွယ်တွင် ဟောသမျှတရားများကို တပည့်တော်အား ပြန်လည် ဟောကြားပေးတော်မူ စေချင်ပါသည်။
0 ယောက်ဆွေးနွေးချက်
"Our fathers brought forth on this continent a new nation conceived in liberty and dedicated to the proposition that all men are created equal"

ကျွန်ုပ်တို့၏ဘိုးဘွားများသည်ဤကျွန်းကြီးတွင်နိုင်ငံသစ်တစ်ခုကို
တည်ဆောက်ထူထောင်ပေးခဲ့သည်။
ဤနိုင်ငံတော်ကိုလွတ်လပ်သောနိုင်ငံအဖြစ်ထူထောင
ပေးခဲ့ခြင်းဖြစ်သည်။ လူဟူသမျှတန်းတူရည်တူအခွင့်အရေးများရရှိခံစားစေရမညဟူ၍လည်းဦးတည်ခဲ့ကြ၏။

Ab’raham Lonconln’s Speech
0 ယောက်ဆွေးနွေးချက်
ချစ်ခြင်းကြောင့်စိုးရိမ်ခြင်းဖြစ်ရ၏။
ချစ်ခြင်းကြောင့်ကြောက်ရခြင်းဖြစ်ရ၏။
ချစ်ခြင်းကင်းလွတ်သောသူမှာစိုးရိမ်ရခြင်းမရှိ၊
ကြောက်ရခြင်းအဘယ်မှာရှိအံ့နည်း။

မြတ်နိုးခြင်းကြောင့်စိုးရိမ်ခြင်းဖြစ်ရ၏။
မြတ်နိုးခြင်းကြောင့်ကြောက်ခြင်းဖြစ်ရ၏။
မြတ်နိုးခြင်းကင်းလွတ်သောသူမှာစိုးရိမ်ရခြင်းမရှိ၊
ကြောက်ရခြင်းအဘယ်မှာရှိအံ့နည်း။

ပျော်ပါးမွေ့ လျှော်ခြင်းကြောင့်စိုးရိမ်ခြင်းဖြစ်ရ၏။
ပျော်ပါးမွေ့ လျှော်ခြင်းကြောင့်ကြောက်ခြင်းဖြစ်ရ၏။
ပျော်ပါးမွေ့ လျှော်ခြင်းကင်းလွတ်သောသူမှာစိုးရိမ်ရခြင်းမရှိ၊
ကြောက်ရခြင်းအဘယ်မှာရှိအံ့နည်း။

တပ်မက်ခြင်းကြောင့်စိုးရိမ်ခြင်းဖြစ်ရ၏။
တပ်မက်မောခြင်းကြောင့်ကြောက်ခြင်းဖြစ်ရ၏။
တပ်မက်မောခြင်းမှကင်းလွတ်သောသူမှာစိုးရိမ်ရခြင်းမရှိ၊
ကြောက်ရခြင်းအဘယ်မှရှိအံ့နည်း။

ဓမ္မပဒ
Dhammapada

တုန့် ပြန်ဖို့ တော့အချိန်ပေးပါ။

1 ယောက်ဆွေးနွေးချက်
ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။
ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့ တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။
ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။
အကောင်းဆုံး သူငယ်ချင်း ဆိုတာ ...ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ မပြောလိုက်ရဘဲ ငေးမောပြီး ခွဲခွာသွားကြပေမယ့် ရင်ထဲမှာ တူမတူနိုင်တဲ့ စကားလုံးတွေ ကိန်းအောင်းသွားစေတာ သူငယ်ချင်းကောင်းပါ။
ကျနော်တို့ မဆုံးရှုံးမချင်း ဘာတွေ ပိုင်ဆိုင်ထားသလဲ ဆိုတာ ကျနော်တို့ သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျနော်တို့ဆီ ပစ္စည်းတချို့ ရောက်ရှိလာတဲ့ အချိန်ကျမှ အရင်က ဒါတွေ ဘ၀မှာ လစ်ဟာနေခဲ့ပါလားလို့ သိလိုက်ရတယ်။
တစ်ယောက်ယောက်နဲ့ ပြဿနာတက်ဖို့ မိနစ်ပိုင်းပဲ လိုတယ်။ တစ်ယောက်ယောက်ကို သဘောကျဖို့ နာရီပိုင်းလောက် အချိန်ပေးရမယ်။ တစ်ယောက်ယောက်ကို ချစ်ဖို့ ဆိုရင် ရက်အနည်းငယ် အချိန်ကြာသွားကောင်း ကြာသွားမယ်။ ဒါပေမယ့် လူတစ်ယောက်ယောက်ကို မေ့ပျောက်ပစ်ဖို့တော့ တစ်ဘ၀စာလောက် အချိန်ယူရလိမ့်မယ်။
အမြင်အာရုံနောက် မလိုက်ပါနဲ့။ လှည့်ဖျားတတ်တယ်။ ဥစ္စာဓနနောက် မလိုက်နဲ့။ ကုန်ဆုံးတဲ့ တစ်နေ့တော့ ရှိမှာပဲ။ သင့်ကို ပြုံးအောင် လုပ်နိုင်သူကိုတော့ တန်ဖိုးထားစေချင်တယ်။ မှောင်ရိပ်ခိုနေတဲ့ နေ့စွဲတွေကို ထွန်းလင်းပေးနိုင်တာ အပြုံးပဲရှိတယ်လေ။
မက်ချင်တဲ့ အိပ်မက်တွေ မက်လိုက်ပါ။ သွားချင်တဲ့ နေရာတွေ သွားလိုက်ပါ။ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ အသက် တစ်ချောင်းပဲ ရှိတယ်။ လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးဆိုတာ တစ်ခါတည်းပဲ ရတာလည်း ဖြစ်နိုင်တာပဲ။
ချိုသာတဲ့ လူသား ဖြစ်ဖို့ လုံလောက်တဲ့ ပျော်ရွှင်မှု ရှိပါစေ။ သန်စွမ်းသူ ဖြစ်ဖို့ လုံလောက်တဲ့ အခက်အခဲ ရှိပါစေ။ လူသားဆန်ဖို့ လုံလောက်တဲ့ ပူဆွေးမှုတွေ ရှိပါစေ။ ပျော်ရွှင်သူ ဖြစ်ဖို့ လုံလောက်တဲ့ မျှော်လင့်ချက်တွေ ရှိပါစေ။
သူများရဲ့ နေရာကနေ အမြဲ ၀င်ကြည့်ကြည့်ပါ။ သင့်ကို နာကျင်အောင် လုပ်မယ့် ခံစားချက်တွေဟာ တခြားသူကိုလည်း နာကျင်စေမှာ မလွဲပါဘူး။
သင့် နှလုံးသားကို ပြုံးရွှင်အောင် လုပ်နိုင်သူကို ရှာပါ။ သင့်ရဲ့ အိပ်မက်တွေထဲက ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘ၀ အဖြစ် ဖန်တီးချင်လောက်အောင် လွမ်းဆွတ်စေခဲ့တဲ့ စက္ကန့်တိုင်းဟာ သင့်ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ။
အပျော်ရွှင်ဆုံး လူသားတွေ အတွက် အရာအားလုံး အကောင်းဆုံး ဖြစ်ဖို့ မလိုအပ်ပါဘူး။ သူတို့ အနီးအနားမှာ ဖြတ်သန်း သွားလာနေတဲ့ အရာအားလုံး နီးပါးကိုပဲ တန်ဖိုးထားလိုက်တာပါ။
အချစ်ဟာ အပြုံးနဲ့ စတင်တယ်။ အနမ်းကြောင့် ရှင်သန်လာပြီး မျက်ရည်နဲ့ အဆုံးသတ်တယ်။
အထွန်းတောက်ဆုံး အနာဂါတ်ဟာ မေ့ပျောက်သွားတဲ့ အတိတ်မှာပဲ အမြဲ အခြေခံပါတယ်။ အတိတ်က နာကျင်မှုတွေ ဆုံးရှုံးမှုတွေကို ထွက်သွားခွင့် မပေးရင်တော့ သင်ဟာ ဘ၀ခရီးကို ဘယ်လိုမှ ဆက်လျှောက်နိုင်မှာ မဟုတ်ပါဘူး။
မွေးဖွားလာတုန်းက သင်ဟာ ငိုနေတယ်။ သင့် ဘေးပတ်လည်က လူတွေ အားလုံး ပြုံးနေကြတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလို ဖြစ်အောင် အခုကတည်းက နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင့်ပတ်လည်က လူတွေ အားလုံး ငိုနေကြပေမယ့် သင်ဟာ ပြုံးနေနိုင်သူ တစ်ဦးပေါ့။

ကြိုက်လို့Blog တစ်ခုကနေကူးထားမိတာပါ။

တနင်္ဂနွေဖွားများအတွက်

0 ယောက်ဆွေးနွေးချက်
ဒီနေ့တနင်္ဂနွေနေ့မှာတနင်္ဂနွေသားသမီးတွေအတွက်ဆရာစံဇာဏီဘိုရဲ့ဗေဒင်လေးကိုထည့်ပေးလိုက်တယ်။
၁၅.၁၀.၀၈ မှ၂၈.၁၀.၀၈ ထိ
အတိုက်အခံအနှောက်အယှက်ကြားမှတိုးတက်မှုကိုရှာဖွေရမည်။ပြဿနာများကြားမှတိုးတက်မည်။
ကာလအတန်ကြာပိတ်နေသောလမ်းများပြန်ပွင့်မည်။အလုပ်အကြံအစည်သစ်၊ရည်ရွယ်ချက်သစ်များ
အကောင်အထည်ဖော်ရာတွင်အတိုက်အခံများနှင့်ထိပ်တိုက်ရင်ဆိုင်ရနိုင်သည်။
မူရည်ရွယ်၊ရည်မှန်းထားသည့်လမ်းကြောင်းအတိုင်းဆောင်ရွက်၍မရ။

သူတစ်ပါးကိစ္စကြားဝင်၍တာန်ယူခြင်း၊အာမခံခြင်းများမပြုသင့်။
အိုးအိမ်ကိစ္စ၊နေရာထိုင်ခင်းကိစ္စအတွက်စကားပြောဆိုမှုများအောင်မြင်နိုင်သည်။ မိမိအပေါ်အထောက်အကူပြုမည့်သူထက်အနှောင့်အယှက်ပေးမည့်သူများဝန်းရံနေသည်။
ကြမ်းပြင်သော်လည်းကောင်း၊အိမ်ခေါင်မိုးတွင်သော်လည်းကောင်းတစ်စုံတစ်ရာ

အပျက်အယွင်းရှိသူများအဖို့ကြီးစွာငွေဝင်မည်။ အလုပ်အကိုင်တိုးတက်မည်။စီးပွားတက်မည်။
တစ်စုံတစ်ရာမရှိသောအိမ်သစ်တွင်နေသူများအဖို့ငွေအလိမ်ခံရမည်။
ခြေထောက်လက်တွင်မတော်တဆထိရှမည်။မိခင်အတွက်ဖြစ်စေ၊ဆွေမျိုးအတွင်းမှသက်ကြီးရွယ်အိုများ
အတွက်ဖြစ်စေစိတ်လက်ပူပန်ရခြင်းရှိမည်။စက်ပစ္စည်းအ၀င်တော်သည်။
ပုဆိုးစောင်စသည်များအ၀င်တော်သည်။အရွယ်ရောက်သူလူလွတ်များအဖို့စုတ်လာဘ်နှစ်ပါး
ဝင်ကိန်းရှိသည်။ အင်္ဂါနံပစ္စည်းများအရောင်းအ၀ယ်လုပ်ပါကစီးပွားအထူးတိုးတက်မည်။
အိမ်တွင်ထစ်ခနဲရှိဆူတတ်ပူတတ်သူကြောင့်စိတ်အနှောင့်အယှက်ဝင်ရမည်။

ပြဿနာဖြေရှင်းရခြင်းများရှိတတ်သည်။ဗုဒ္ဓဟူးနံထွက်ကိန်းရှိသည်။
ရွှေ၊ယဉ်အစရှိသည်များထွက်တတ်သည်။
အိမ်ရှိရေပိုက်ခေါင်းများပျက်ပါကချက်ချင်းပြင်ပါ။မပြုပြင်ပဲထားပါကလာဘ်ပိတ်တတ်သည်။
နေအိမ်သို့ပြဿနာသယ်ဆောင်လာသောအမျိုးသမီးရောက်ရှိလာတတ်သည်။လက်ခံရန်မသင့်။
*အဖြူ၊အပြာ၊မီးခိုး၊အစိမ်း၊အ၀ါ၊နို့နှစ်ရောင်တို့သည်ယခုရက်ပိုင်းအတွင်း

အထူးကောင်းကျိုးပေးသောအရောင်များဖြစ်သည်။
*ဒန်း၊ဒေါန၊အုန်း၊စပယ်၊ဇွန်ပန်း၊ဇီဇ၀ါတို့သည်ယခုလအတွက်ဆုတောင်းပြည့်သော

ပန်း၊အညွန့်တို့ဖြစ်သည်။ဘုရားပန်းတင်ခြင်း၊ပန်းအိုးထိုးခြင်းတို့ပြုလုပ်၍ဆုတောင်းပါ။
*စနေနံ(ဘိနပ်၊အထည်)၊အင်္ဂါနံ(စောင်၊စက်ပစ္စည်း)အဟောင်းများရှာဖွေစွန့်ပစ်ပါ။

အင်္ဂါနေ့တွင်အုန်းနို့ခေါက်ဆွဲဒါနပြုပါ။
အရှေ့မြောက်အရပ်မျက်နှာမူ၍ဆန်ကြဲကာကြက်၊ငှက်သတ္တ၀ါအစာကျွေးပါ။
1 ယောက်ဆွေးနွေးချက်
ဒီနေ့ တနင်္ဂနွေနေ့ မှာကျွန်မရေးချင်တဲ့အကြောင်းအရာလေးတစ်ခုကိုရေးသားတင်ပြခြင်းပါပဲ။
လူတိုင်းမှာလိုအပ်တဲ့အချက်တစ်ချက်လို့ လည်းကျွန်မယူဆမိလို့ ပါ။

နားလည်နိုင်ကြပါစေ…
လူတစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံတဲ့အခါမှာနားလည်မှုရှိဖို့ အရေးကြီးတယ်လို့
့ကျွန်မထင်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက်နားလည်နိုင်မှုရှိမှလည်း
အဲဒီလူနှစ်ဦးရဲ့ဆက်ဆံရေးဟာဖြောင့်ဖြူးမယ်။အစဉ်သဖြင့်ပေါင်းသင်းသွားနိုင်မယ်။
ကျွန်မလည်းလူတွေကိုတတ်နိုင်သလောက်နားလည်နိုင်ဖို့ ကြိုးစားတယ်။
ကမ္ဘာလောကထဲမှာရှိတဲ့လူအားလုံးကိုတော့ဘယ်ဟုတ်မလဲ။
ဒါပေမယ့်ကျွန်မရဲ့အွန်လိုင်းonlineမှာရှိတဲ့သူတိုင်းကိုပေါ့။
လူတိုင်းကိုလည်းကျွန်မမခင်မင်တတ်ပါဘူး။
သို့ သော်လည်းအားလုံးနဲ့ တော့အဆင်ပြေအောင်ကျွန်မပေါင်းသင်းတယ်။
ကျွန်မအဖို့ သူငယ်ချင်း၊မိတ်ဆွေရတာကံကောင်းပါတယ်။
ကျွန်မရဲ့online သူငယ်ချင်းတွေအားလုံးကနားလည်မှုရှိကြတဲ့သူတွေများတယ်။
ကျွန်မထက်ငယ်တဲ့ကလေးတွေလည်းကျွန်မကိုနားလည်ပေးတတ်ကြတယ်။

တစ်ခါတစ်လေမှာတော့ကျွန်မနဲ့ သူတို့ နောက်ပြောင်တတ်ကြတယ်။
သူတို့ နောက်ပြောင်မှန်းလည်းကျွန်မသိတယ်၊ကျွန်မနောက်ပြောင်မှန်း
လည်းသူတို့ သိတယ်။ဒါကြောင့်ဘယ်သူ့ ဘယ်သူမှစိတ်မဆိုးကြဘူး။
ဒါကနားလည်းမှုကြောင့်ပဲပေါ့လို့ ကျွန်မထင်တယ်။
နောက်ပြောင်တာကိုကျွန်မအပြစ်မမြင်ပါဘူး။
သို့ ပေမယ့်လည်းကျွန်မရဲ့သိက္ခာကျအောင်ပြောလာခဲ့တဲ့သူမျိုးကိုတော့ကျွန်မမလိုလားဘူး။ေ
ကျွန်မမှာငွေများများစားစားမရှိဘူး။အခြားဂုဏ်ဒြပ်တွေလည်းဘာမှမရှိဘူး။
ကျွန်မမှာရှိတာဆိုလို့ အဲဒီသိက္ခာလေးပဲရှိတာ။
ကျွန်မတို့ မိန်းခလေးတွေမှာရှိသင့်တဲ့မိန်းခလေးတစ်ယောက်ရဲ့သိက္ခာဆိုတာပေါ့။
အဲဒီလိုကျွန်မသိက္ခာကိုထိပါးပြောဆိုလာတဲ့သူမျိုးကိုတော့
ကျွန်မအားမနာပဲ block လုပ်တတ်တယ်။
သူတို့ ဟာကျွန်မအပေါ်ဘယ်လိုမှနားလည်မှုမရှိနိုင်တော့ဘူးဆိုတာထင်ရှားနေပြီလေ။
ကျွန်မကလည်းကျွန်မရဲ့သိက္ခာလေးကိုတန်ဖိုးထားတတ်လို့ ပါ။

ဟိုတစ်လောကကျွန်မစိတ်မကောင်းဖြစ်စရာကိစ္စလေးပေါ်ပေါက်သွားခဲ့ရတယ်။
ကျွန်မနဲ့ ခင်တာမကြာသေးတဲ့ကောင်လေးတစ်ယောက်ပါ။
သူနဲ့ ပတ်သတ်တဲ့ကောင်လေးကိုတော့ကျွန်မသိတာကြာပါပြီ။
ဒါပေမယ့်ကျွန်မကတော့သူ့ ကိုစာပေသမားမို့ ခင်မင်မိသွားတယ်ပေါ့။
သူ့ အပြောအဆိုကလည်းယဉ်ကျေးတယ်။
သူနဲ့ စာကြောင်းပေကြောင်းတွေပြောကြတယ်။
သူကစာတွေအတော်များများကိုရေးနိုင်တယ်။
ဘာသာပြန်တွေလည်းရေးတယ်။သူ့ စာအုပ်တောင်ထွက်ပြီးသွားပြီ။
ကျွန်မကိုသူ ကသူ့ စာအုပ်လက်ဆောင်ပေးမယ်လို့ ပြောတယ်။
ကျွန်မကလည်းစာရူးပေရူးဆိုတော့သူ စာအုပ်ပေးမှာကိုဝမ်းသာမိတာပေါ့။
ဒါပေမယ့်ကျွန်မကအပြင်ကိုသိပ်သွားနိုင်တဲ့သူမဟုတ်ဘူးလေ။
သူ့ ကိုလည်းပြောပြဖူးပါတယ်။
အဲဒီနေ့ ကလည်းကျွန်မအမှန်တကယ်နေမကောင်းဘူး။
အသံတောင်မထွက်ချင်ဘူးဖြစ်နေတာ။
ဒါနဲ့ ကျွန်မမောင်လေးတစ်ယောက်ကိုပဲယူခိုင်းလိုက်မိတယ်။
ကျွန်မဖုန်းဆက်ပြီးပြောပါတယ်။
ဒါပေမယ့်ကျွန်မကိုသူကနားလည်မှုလွဲသွားလေရဲ့။
ကျွန်မတကယ်ပဲစိတ်မကောင်းပါဘူး။
ကျွန်မလုပ်ရပ်ကမှားသွားလားလို့ ကိုယ့်ကိုယ်ကိုပြန်စဉ်းစားကြည့်တယ်။
ဒါပေမယ့်ကျွန်မဝေခွဲမရဘူးးဖြစ်နေလို့ ။
တကယ်ပဲကျွန်မမှားသလားဆိုတာပြောကြပါအုံး။

လူတစ်ဦးနဲ့ တစ်ဦးနားလည်မှုပေးနိုင်ဖို့ ကလွယ်ကူပါ့မလား။
ကိုယ့်အကြောင်းသူမသိ၊သူ့ အကြောင်းကိုယ်မသိခဲ့ရင်ပေါ့လေ။
ကျွန်မမှာချို့ ယွင်းချက်တွေကများလွန်းတယ်။
ဒါပေမယ့်ကျွန်မရဲ့ချို့ ယွင်းချက်တွေကိုကျွန်မလူတိုင်းကိုလိုက်မပြောချင်ဘူး။
လူတိုင်းရဲ့စာနာမှုကိုကျွန်မကြောက်ရွံ့ မိလို့ ပါ။
စောစောကပြောတဲ့ကျွန်မရဲ့သိက္ခာနဲ့ ပတ်သတ်လို့ ပေါ့။

နားလည်မှုကိုတည်ဆောက်ဖို့ ကလည်းလွယ်တော့မလွယ်ပါဘူး။
တစ်ဖက်လူရဲ့သဘောထားတွေကိုသိလာနိုင်ရမယ်။
သူ့ ရဲ့ခံစားချက်၊လိုအပ်ချက်ဆိုတာတွေကိုသိပြီး
ကိုယ်ချင်းစာစိတ်ထားနိုင်ရမယ်။
ဒါမှလည်းအဲဒီလူအပေါ်နားလည်ပေးလာနိုင်မယ်မဟုတ်လား။

ကျွန်မလူတွေကိုလိမ်မပြောချင်ဘူး။
နောက်ပြောင်ပြောတတ်တာတော့ရှိတယ်။
ကျွန်မအဖေကသိပ်နောက်တတ်လို့ ကျွန်မလည်းအဖေ့ကိုတူတာလို့ အမေကပြောတာပဲ။
ကျွန်မလိမ်မပြောချင်၊ညာမပြောချင်တဲ့အတွက်
တစ်ခါတစ်ရံမှာသူတို့ မေးတာတွေကိုမပြောခဲ့တာမျိုးတော့ရှိတယ်။
ကျွန်မမပြောနိုင်တဲ့ကိစ္စမျိုးပေါ့။
မပြောသင့်ဘူးလို့ ထင်တဲ့ကိစ္စမျိုးလည်းပါတယ်။

ကျွန်မကအမြဲတမ်းရယ်မောနေတတ်လို့ ကျွန်မကိုတော်တော်ပျော်နေလားတဲ့။
ဟုတ်တယ်။ကျွန်မကိုယ်တိုင်ပျော်ရွှင်တာထက်ကျွန်မonline ကသူငယ်ချင်း၊မိတ်ဆွေတွေကို
ပိုပြီးပျော်စေချင်တယ်။
ဒါကျွန်မရဲ့မှန်ကန်တဲ့ဆန္ဒတစ်ခုပဲ။
ဘာလို့ လဲဆိုတော့အောင်မြင်ခြင်းမှာပျော်ရွှင်ခြင်းရှိမှလေ။
သူတို့ လုပ်ရမယ့်ကိစ္စလေးတွေအောင်မြင်ဖို့ အတွက်ဒါဟာကျွန်မပေးနိုင်တဲ့
သူတို့ အတွက်ခွန်အားပဲ။
ကျွန်မကတော့ဒီလိုပဲယူဆတယ်။
ကျွန်မပေးနိုင်တဲ့အခြားအရာဝတ္ထုပစ္စည်းဆိုတာရှိမှာမဟုတ်ဘူး။
ဒါကြောင့်ကျွန်မပေးစွမ်းနိုင်တာကိုပဲပေးရတာ။

လူတွေအတွက်အကောင်းဆုံးအရာဟာဘာလဲ။
ကျွန်မရဲ့Blog ကိုဘယ်အရာဟာအကောင်းဆုံးလဲလို့ မေးထားတယ်။
ကျွန်မကတော့စိတ်ချမ်းသာမှုဟာအကောင်းဆုံးလို့ ယူဆလို့ ပဲ။
ဒါကြောင့်ကျွန်မနဲ့ ပတ်သတ်တဲ့သူတိုင်းကိုလည်းကျွန်မကစိတ်ချမ်းသာစေချင်တယ်။
ကျွန်မဖက်ကသူတို့ အပေါ်တတ်နိုင်သမျှနားလည်မှုပေးမယ်။
ကျွန်မကတော့ပြန်မျှော်လင့်တာမျိုးမရှိပါဘူး။
ဒါပေမယ့်ကျွန်မကိုလည်းပြန်ပြီးနားလည်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ရှင်။

အနမ်း
0 ယောက်ဆွေးနွေးချက်
လူ့ သတင်းလူချင်းဆောင်ကာ
လူ့ သမိုင်းကောင်းစေဖို့ 
အလုပ်ကောင်းတွေလုပ်ကြရပါမယ်။
`အလုပ်ကောင်း`ရဲ့အခြေခံက
`စိတ်ကောင်း`ရှိဖို့ အဓိက တဲ့။
0 ယောက်ဆွေးနွေးချက်
ဆန္ဒကြောင့်ဖြစ်ပေါ်လာတဲ့
ကိစ္စတစ်ခုဟာ
အမှားအယွင်းဖြစ်ခဲ့မယ်ဆိုရင်...
အဲဒီအမှားအယွင်းကို
ငါတပ်မက်နေအုံးမှာပါပဲ။
အနမ်း

မျှော်တော်ယောင် ဘဝ

0 ယောက်ဆွေးနွေးချက်
ဒီလကျွန်မရေးတဲ့စာတွေဂျာနယ်မှာမပါသေးလို့ စိတ်ညစ်နေတယ်။
ဒီတစ်ခါကျွန်မရေးပြီးပို့ တဲ့စာတွေကပဲတော်တော်ညံ့သလားမပြောတတ်ပါဘူး။
တစ်လတစ်လဆောင်းပါးလေးပါမလားလို့မျှော်ရတာကိုကကျွန်မအလုပ်တစ်ခု
သူများတွေရည်းစားကိုမျှော်တတ်ကြတယ်ဆိုတာအဲလိုမျိုးလားလို့ တောင်
စဉ်းစားမိသေးတယ်။
ကျွန်မကပိုဆိုးမယ်ထင်ပါရဲ့။
ကျွန်မဆောင်းပါးလေးပါရင်ပျော်လွန်းလို့ ထမင်းမစားနဲ့ ဆိုလည်းရတယ်။
ဆောင်းပါးမပါသေးရင်တော့မျှော်ရတာကိုကလည်ပင်းညောင်အိုးမကတော့ဘူး။
သစ်ကုလားအုပ်လို့ တောင်ပြောလို့ ရမယ်။
လူကလည်းနေလို့ ထိုင်လို့ မကောင်းချင်တော့ဘူး။
ကိုယ်ကလည်းအပတ်စဉ်၊လစဉ်တိုင်းမဂ္ဂဇင်းတွေ၊ဂျာနယ်တွေလည်းလိုက်မကြည့်နိုင်တော့
ပါရင်လည်းမသိမှာစိုးလို့ ဟိုလူ့ မေးရ၊သည်လူ့ မေးရနဲ့ အေးအေးကိုမနေနိုင်ဘူးဖြစ်နေတာ။
အင်း မတတ်နိုင်ပါဘူးလေ။ခုလည်းမျှော်တော်ယောင်ပဲပေါ့။
ဒါကြောင့်ဟိုးအရင်တုန်းကကြားဖူးတဲ့ ခင်မောင်ထူးရဲ့'မျှော်တော်ယောင်မျှော်တော်ယောင်
မျှော်တော်ယောင်ဘ၀ကလွတ်ချင်တယ်'ဆိုတဲ့သီချင်းကိုဆိုရမလိုဖြစ်နေပြီ။

အနမ်း

စကားစုများ

0 ယောက်ဆွေးနွေးချက်
ဖြစ်လည်းဖြစ်ချင်တယ်
ဖြစ်လည်းဖြစ်သင့်တယ်ဆိုရင်တောင်မှ
ဖြစ်နိုင်တာကိုရွေးပြီးလုပ်ပါ။

လုပ်သင့်တာကို
မလုပ်မိရင်
မလုပ်သင့်တာတွေ
လုပ်မိနေတတ်တယ်။

ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ်ဆိုတာမရှိပါဘူး။
လုပ်ငန်းမစရသေးတာပဲရှိတယ်။

မေတ္တာပို့ နေရုံနဲ့ 
မဖြစ်သေးပါဘူး။
မေတ္တာဓါတ်တွေရှိနေဖို့ က
အရင်လိုအပ်တယ်။
0 ယောက်ဆွေးနွေးချက်
online သို့ စတင်ရောက်လာရတဲ့ကျွန်မအကြောင်းလေး

ကျွန်မလေ ဒီလောကထဲမှာအသက်ရှင်သမျှကာလပတ်လုံးစိတ်ချမ်းသာမှုကိုပဲရချင်ပါတယ်။
သင်တို့ ရောကျွန်မလိုပဲလား???
အဲလိုပဲဖြစ်မယ်ထင်တယ်၊ဟုတ်ပါ့မလားတော့မသိဘူး။
ကျွန်မတို့ဟာသည်ကမ္ဘာလောကမှာအသက်ရှင်နေထိုင်ကြတဲ့အလျှောက်နေထိုင်စားသောက်ဖို့အတွက်
အလုပ်လုပ်ကြရတာပဲမဟုတ်လား။
အလုပ်လုပ်နိုင်ကြဖို့ကကျန်းမာနေရမယ်လေ။
ကျွန်မဖော်ပြခဲ့တဲ့ဦးအေးမောင်ရေးထားသလိုပဲလူအတော်များများဟာကိုယ်ခန္ဓာကျန်းမာဖို့အရေးကြီးတယ်
လို့ထင်ကြမှာပါ။ဒါကလည်းမှန်သင့်သလောက်တော့မှန်မှာပါ။
ဘာလို့လဲဆိုရင်ကျွန်မကိုယ်တိုင်ကရုပ်တရားလို့ပြောတဲ့ခန္ဓာကိုယ်ကျန်းမာရေးကမကောင်းလို့ပါ။
ဒါကြောင့်ကိုယ်လုပ်ချင်ရာတိုင်းကိုတော့မလုပ်နိုင်ဘူးပေါ့။
သို့ပေမယ့်လည်းခန္ဓာကိုယ်ရုပ်တရားချမ်းသာမှုမရှိတဲ့အတွက်စိတ်ဆိုတဲ့နာမ်တရားကိုတော့
ချမ်းသာအောင်တတ်နိုင်သမျှနေထိုင်ပါတယ်။
စိတ်ချမ်းသာမှုရအောင်ကိုယ့်စိတ်ကိုကိုယ်အမြဲပြန်ကြည့်တတ်တဲ့အလေ့အကျင့်လေးလည်းလုပ်ပေးရပါတယ်။
ကိုယ်လုပ်တဲ့ကိစ္စတိုင်းကိုလည်းတတ်နိုင်သမျှသတိလေးထားပြီးနေထိုင်ရတာပေါ့လေ။
လူတွေအားလုံးအပေါ်အကောင်းမြင်ဝါဒနဲ့ ကြည့်ရှုပေးနိုင်ဖို့ရာလောဘ၊ဒေါသ၊မောဟတရားတို့ကို
နည်းနိုင်သမျှနည်းစေရမယ်ဆိုတာကိုလည်းသဘောပေါက်ထားရပါသေးတယ်။
ကျွန်မကတစ်ဦးတည်းနေတာကိုပိုပြီးသဘောကျပါတယ်။
ကျွန်မတစ်ဦးတည်းစာဖတ်မယ်၊စာရေးမယ်၊သီချင်းအေးအေးလေးတွေနားထောင်မယ်ပေါ့။ အဲဒီလိုနေတဲ့အချိန်လည်းများပါတယ်။
၂၀၀၆ခုနှစ်လောက်တုန်းကကျွန်မကုတင်ပေါ်မှာနေရတဲ့အချိန်တွေများတယ်။
ဝေဒနာတစ်ခုကိုခံစားရင်းပေါ့။
၂၀၀၇ခုနှစ်တစ်နှစ်လုံးနီးပါးလည်းကောင်းကောင်းမကျန်းမာတာကြောင့်အပြင်လောကဆိုတာ
ဘာမှန်းမသိတော့အောင်အဆက်အသွယ်ပြတ်ခဲ့တယ်။
အဲဒီအချိန်မှာကျွန်မညီမကကျွန်မကိုonlieမှာသူငယ်ချင်းရှာခိုင်းတယ်။ ကျွန်မစိတ်ပြေလက်ပျောက်ဖြစ်အောင်ပေါ့။
ကျွန်မအတွက်ကအပြင်လောကမှာလည်းသူငယ်ချင်းဆိုတာဝေးကုန်ကြပြီလေ။
ဒါပေမယ့်လည်းကျွန်မညီမပြောတာကိုကျွန်မလက်မခံဖြစ်ခဲ့သေးဘူး။
ကျွန်မအတွက်ကအိပ်ယာပေါ်လှဲရင်းစာဖတ်နေနိုင်ရင်ပြီးတာပဲဆိုပြီးနေခဲ့ပါသေးတယ်။
ဒါပေမယ့်ကျွန်မညီမကကျွန်မစကားပြောဖော်ရအောင်ဆိုပြီးမြန်မာသူငယ်ချင်းတစ်ယောက် တော့ရှာပါလို့ထပ်ပြောလာပြန်တာကြောင့်နောက်ဆုံးကျွန်မလည်းဘာရယ်မဟုတ်၊ သူ့စကားကိုလက်ခံလိုက်မိတယ်။
သြော်..အဲဒီမှာကျွန်မပြောရအုံးမယ်၊ကျွန်မကစာအုပ်တွေကိုချစ်သလို၊ခွေးပေါက်စလေးတွေ
ကိုလည်းချစ်တတ်သေးတယ်လေ။
ဒါကြောင့်ကျွန်မသူငယ်ချင်းရွေးတာကချစ်စရာခွေးပေါက်စလေးတင်ထားတဲ့account ပိုင်ရှင်ပေါ့။
သူနဲ့သိရတာကျွန်မကံကောင်းပါတယ်။
သူကစိတ်သဘောထားပြည့်ဝတယ်။
ခင်မင်ခါစကတည်းကိုကရိုးရိုးသားသားနဲ့သူ့အကြောင်းတွေကိုကျွန်မမမေးရပဲပြောပြခဲ့တယ်။
သူကကိုးရီးယားနိုင်ငံမှာအလုပ်လုပ်နေတာလေ။တိုင်းရင်းသားတစ်ယောက်ပါ။
သူ့မိသားစုကနယ်မှာနေတာ။သူအားလုံးကိုပွင့်ပွင့်လင်းလင်းပြောပြတယ်။ကြွားကြွားဝါ၀ါလည်းမရှိဘူး။
ဆက်ဆံရေးလည်းကောင်းတယ်။လူတိုင်းကိုအကောင်းမြင်ဝါဒနဲ့လည်းကြည့်တတ်တယ်။
ဒါကြောင့်ကျွန်မလည်းသူ့ကိုတော်တော်ခင်သွားခဲ့မိတယ်။
နောက်ပိုင်းကျွန်မအကြောင်းလေးတွေကိုလည်းကျွန်မသူ့ကိုပြောပြမိတယ်။
သူကလည်းကျွန်မကိုတော်တော်နားလည်းပေးပါတယ်။
ကျွန်မစိတ်ဓါတ်မကျဖို့လည်းအားပေးတယ်။
သူကကျွန်မထက်အသက်ငယ်သေးပေမယ့်ကျွန်မထက်ရင့်ကျက်တယ်။
ကျွန်မတို့နှစ်ယောက်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာခဲ့တယ်။
ကျွန်မသူနဲ့ခင်ရတာကိုပျော်ရွှင်ပါတယ်။
ကျွန်မစိတ်ချမ်းသာမှုရတာပေါ့။
ခုတော့သူလည်းonline ကိုတော်ရုံရောက်မလာနိုင်ဘူးဖြစ်နေတယ်။
နောက်တစ်ဦးအနေနဲ့ကျွန်မကိုယ်ပိုင်account ရလာခဲ့ချိန်မှာရွေးခြယ်မိတာပါ။
၂၀၀၈ခုနှစ်မှာကျွန်မရဲ့သူငယ်ချင်းတစ်ဦးပေါ့။
ကျွန်မရွေးခြယ်တဲ့သူတွေကကျွန်မထက်အရမ်းငယ်တဲ့သူမဖြစ်စေရဘူး။
ကျွန်မနဲ့အသက်သိပ်မကွာတဲ့သူမျိုးပေါ့။
ကျွန်မအနေနဲ့အလကားအကျိုးမရှိတဲ့စကားတွေပြောပြီးအချိန်ကုန်လည်းမခံနိုင်လို့ပါ။
ငယ်ရွယ်တဲ့သူတွေကျတော့လျှောက်မေးမြန်းတတ်ကြတယ်လေ။
ကျွန်မညီမသူငယ်ချင်းတွေကိုကြားသိရတာနဲ့တင်စိတ်ညစ်မိနေတာလေ။ ဟိုမေးဒီမေးဆိုတာမျိုးကိုပေါ့။
ခုလည်းကျွန်မရွေးတဲ့သူငယ်ချင်းကကျွန်မအတွက်အရွေးမမှားဘူးလို့ဆိုရမယ်။
ဟုတ်ပါတယ်။သူကထိုင်ဝမ်မှာနေတဲ့မြန်မာတစ်ယောက်ပါပဲ။
သူ့မိသားစုကတော့ရန်ကုန်မှာပေါ့။
သူလည်းစိတ်ကောင်းရှိပြီး၊ကြင်နာသနားတတ်တဲ့သူ၊လူမှုဆက်ဆံရေးကောင်းမွန်တဲ့သူ၊
ဗဟုသုတကြွယ်ဝတဲ့သူလေ။
သူနဲ့စကားပြောရတာကျွန်မအတွက်အကျိုးမယုတ်ဘူး။အချိန်ကုန်ရကျိုးနပ်တယ်။
ကျွန်မသိချင်တဲ့အကြောင်းအရာတွေကိုပြောပြနိုင်ခဲ့တယ်။ကျွန်မမေးသမျှကိုလည်းစိတ်ရှည်ရှည်ဖြေပေးတယ်။
တစ်ခါတစ်ခါသူနဲ့စကားပြောရင်တစ်နာရီခွဲ၊နှစ်နာရီလောက်ကြာသွားတတ်လို့သူ့ကိုအားနာမိတယ်။
သူတို့ကသူများတိုင်းပြည်မှာတစ်နေကုန်အလုပ်လုပ်ကြရတာဆိုတော့နားချင်မှာပေါ့။
သူတို့မှာအိပ်ချိန်ဆိုတာသိပ်ရှိမှာမဟုတ်ဘူးလေ။
ဒါကြောင့်သူနဲ့လည်းခဏခဏတော့မပြောဖြစ်ပါဘူး။တစ်ပတ်ကိုတစ်ခါလောက်ပါပဲ။
သူငယ်ချင်းဆိုတာလည်းအချင်းချင်းနားလည်ပေးရမယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ်ကျွန်မအဖို့ကျွန်မရွေးခြယ်ခဲ့တဲ့ကျွန်မရဲ့သူငယ်ချင်းသည်နှစ်ယောက်ကတော့
မိတ်ဆွေကောင်း၊သူငယ်ချင်းကောင်းတွေပါပဲ။
ကျွန်မသူတို့နဲ့သိရတာပျော်ရွှင်ခဲ့ပါတယ်။စိတ်ချမ်းသာမှုရပါတယ်။
အနမ်း

အချစ်ဆိုတာ................

0 ယောက်ဆွေးနွေးချက်
အချစ်ဆိုတာဘာလဲဟုအတိအကျအဓိပ္ပါယ်ဖော်နိုင်သူတွေကိုကျွန်မတကယ်ချီးကျူးပါသည်။
ကျွန်မကတော့အချစ်ဆိုတာကိုအဓိပ္ပါယ်အတိအကျမသိပါ။
အချစ်ဆိုတာပိုင်ဆိုင်ရယူလိုခြင်းလား။
စွန့် လွှတ်ခြင်းလား။
အချစ်ဆိုတာရင်ခုန်တပ်မက်ခြင်းလား။
စားသုံးပြီးသော်လည်းမ၀သည့်ပျားရည်စက်တွေလား၊
နက်ရှိုင်းစွာတိုးဝင်ဖို့ ဆွဲဆောင်သည့်မွှေးပျံသောအမှောင်ထုတစ်ခုလား။
နေပူထဲမှလာသောသူကိုအရိပ်ထဲမှကြိုဆို၍တိုက်သောအေးစိမ့်သည့်ရေတစ်ခွက်လား။
အချစ်ကိုကျွန်မခံစားသိဖြင့်သိနေပါသည်။
အချစ်တစ်ခု၏ရည်မှန်းချက်သည်လက်ထပ်ခြင်းဟုပြောလျှင်ကျွန်မအဲသည်စကားကိုလက်မခံပါ။
လက်ထပ်ခြင်းသည်အချစ်၏သင်္ချိုင်းဖြစ်ချင်ဖြစ်မည်၊သို့ မဟုတ်အချစ်၏အဆုံးသတ်ဇာတ်သိမ်း
တစ်ခုဖြစ်ချင်ဖြစ်မည်။
အချစ်၏ခရီးပန်းတိုင်ဖြစ်ချင်ဖြစ်မည်။
လက်ထပ်ခြင်းသည်ဘာပဲဖြစ်ဖြစ်ကျွန်မအတွက်တော့မှုန်ဝါးဝါးဝေးကွာလှသည့်ရုပ်ပုံကား
တစ်ချက်ဖြစ်သည်။
ကျွန်မစိတ်မ၀င်စားပါ။ကျွန်မစိတ်ဝင်စားအောင်မဆွဲဆောင်နိုင်ခဲ့ပါ။
အချစ်တွင်တာဝန်ယူမှု၊ဂတိပြုမှုပါသလား။ မပါပါ။
အချစ်တွင်အချစ်ပဲပါပါသည်။
ဂျူးရဲ့(အချစ်ဆိုတာကြိုးနဲ့ သီဖို့ မလိုတဲ့ပန်းပွင့်လေးတွေ)
ကျွန်မဂျူးရဲ့အချစ်အဓိပ္ပါယ်ဖွင့်ဆိုမှုကိုအရမ်းသဘောကျလို့ ကောက်နုတ်ထားတာပါ။
အချစ်ဆိုတာကိုသင်တို့ တော့ဘယ်လိုထင်မြင်ကြလဲမသိဘူး။ကျွန်မကတော့ဂျူးနဲ့တစ်ထပ်တည်းပေါ့။
1 ယောက်ဆွေးနွေးချက်
'"online အချစ် (သို့ ) ရိုးရိုးလေးအချစ်'"

မင်း ငါ့ကိုချစ်တာစိတ်မညစ်ဖူးလား။ ငါ မင်းကိုပေးစွမ်းနိုင်တာဘာမှမရှိဘူးဆိုတာ မင်းသိရဲ့သားနဲ့ 
မင်း ငါ့ကိုဆက်ချစ်နိုင်ပါအုံးမလား။
မင်း ငါ့ရဲ့အသံကိုကြားခွင့်ရှိမယ်၊ ငါ့ရဲ့ ရုပ်သေပုံတွေကိုမင်းမြင်တွေ့ခွင့်ရှိမယ်၊ ငါရေးလိုက်တဲ့စာတွေကိုမင်းဖတ်ခွင့်ရှိမယ်။
ဒါကလွဲပြီး မင်း ငါ့ဆီကနောက်ထပ်ဘာမှရနိုင်မှာမဟုတ်ဘူး။
အဲဒါကိုမင်းလက်ခံနိုင်မလား။
ငါ မင်းကိုမချုပ်ချယ်ချင်ဘူး။ ငါ မင်းကိုလွတ်လပ်ခွင့်ပေးချင်တယ်။ ဒါဟာငါ့ရဲ့သဘောထားအမှန်ပဲ။
ငါ့ဖက်ကမင်းကိုဘာမှမမျှော်လင့်ဘူး။ မင်းရဲ့အချစ်တစ်ခုကလွဲရင်ပေါ့။
မင်းဖက်ကရော ငါထားနိုင်တဲ့သဘောထားမျိုးထပ်တူထားနိုင်ပါ့မလား။
အချစ်ဆိုတဲ့နောက်ကွယ်ကအဓိပ္ပါယ်တွေကိုငါသိပ်နားမလည်ဘူး။
ငါသိတာအချစ်တစ်ခုတည်းပဲ။
အချစ်ဟာမှန်ကန်ရမယ်၊ သဘောထားပြည့်ဝနိုင်ရမယ်၊ အဲလိုပဲငါယူဆမိတယ်။
ငါံ့ရဲ့အချစ်ကမှန်ကန်တယ်၊သဘောထားပြည့်ဝတယ်၊ဒါဆိုပြီးပြည့်ဆုံပြီပေါ့။
ကျန်တာတွေ ကိုငါနားမလည်ဘူး။သိလည်းမသိချင်ဘူး။
မင်းလည်း ငါ့လိုပြီးပြည့်စုံတဲ့အချစ်မျိုးဖြစ်အောင် ကြိုးစားပါလို့ ငါပြောချင်တယ်။
အချစ်ဟာရိုးရိုးလေးနဲ့ရှင်းရှင်းလေးပါပဲ။
မင်း ငါ့ကိုထာဝရချစ်နိုင်မယ်ဆိုရင်တော့၊ အဲဒီရိုးရိုးလေးနဲ့ရှင်းရှင်းလေးအချစ်ကိုပဲ ငါလိုချင်မိတယ်။
အနမ်း (May'08)

ငါမင်းကိုလွမ်းပါတယ်...

0 ယောက်ဆွေးနွေးချက်
ငါမင်းကိုလွမ်းပါတယ်
သည်စကားလုံးနဲ့ ကဗျာများစွာချဲ့ထွင်ခဲ့တယ်။
ရက်စက်ကြမ်းကြုတ်တဲ့နံနက်ခင်းဆိုတဲ့သီချင်းကို
မင်းနားထောင်ဖူးမယ်
အခြားသောနံရံတွေလည်းငါ့ညည်းညူသံတွေကိုနားထောင်ဖူးလိမ့်မယ်
ငါမင်းကိုလွမ်းပါတယ်
ငါနိုးထလာကတည်းကနေရောင်ခြည်ဟာ
မင်းနာမည်ခေါ်ပြီးဝင်လာခဲ့သလို
ရှပ်တိုက်ရွေ့ နေတဲ့ရွက်ကြွေတွေဟာလည်း
မင်းခြေသံယောင်ဆောင်နေကြပါရဲ့
ငါ့သွေးစက်တွေကိုမင်းမမြင်ရသေးတဲ့အတွက်
ငါမူးမေ့လဲကျလောက်အောင်သွေးမပျက်ခဲ့ဘူး
ငါမင်းကိုလွမ်းပါတယ်
သည်တစ်နေ့ တာမှတ်တမ်းကိုနှလုံးသားမှာ
ဘယ်လိုဓါးသွားနဲ့ ထွင်းရမယ်ငါစဉ်းစားခဲ့လည်း
သည်စကားလုံးအပြင်....
ဦးခေါင်းခွံထဲမှာဘာမှမကျန်တော့တာခက်ပါတယ်
ငါမင်းကိုလွမ်းပါတယ်။

သည်နေ့ မနက်စောစောပဲကျွန်မရဲ့မေးလ်ထဲမှာရောက်ရှိလာတဲ့ကဗျာလေးတစ်ပုဒ်ပါ။
ကောင်လေးတစ်ယောက်က ကျွန်မဘလော့အတွက်ဆိုပြီး ပို့ ထားပေးတာပါ။
ကျွန်မကလည်း ကဗျာတွေစာတွေအားလုံးကိုကြိုက်တယ်ဆိုတော့လေ။


ဘ၀ရဲ့အဓိပ္ပါယ်

0 ယောက်ဆွေးနွေးချက်
အဓိပ္ပါယ်ရှိရှိနေချင်ရင် အမြဲတမ်း သတိနဲ့နေပါ။
သတိနဲ့နေတဲ့သူ၊ သတိနဲ့နေတဲ့လုပ်တဲ့သူ၊ သတိနဲ့ပြောတဲ့သူအတွက် အရာရာတိုင်းဟာ အဓိပ္ပါယ် ရှိပါတယ်။ အရေးအကြီးဆုံးဟာ လူတွေမှာ အတန်းပညာတွေ၊ ဘွဲ့တွေထက် ဘ၀နဲ့ ပတ်သက်တဲ့ ခံယူချက် ပီပီပြင်ပြင် ရှိလာဖို့ ။

အဲဒါမှမရှိရင် တက္ကသိုလ်ဘွဲ့ တွေ အဆင့်ပေါင်း ဘယ်လောက်ရရ အဲဒီလူရဲ့ ဘ၀ရှုပ်ထွေးနေအုံးမှာပဲ။ အဲဒီလူဟာ ဘ၀မှာ အမှားတွေ အများကြီးနဲ့ နေသွားအုံးမှာပဲ။ နောက်ဆုံး သူ့ဘ၀ဟာ ဘာမှ အဓိပ္ပါယ် မရှိပဲနဲ့ သေရမှာပဲ။
ဆရာတော်ဦးဇောတိက(တွေးမိတိုင်းပျော်တယ်)

တမ်းတမိတဲ့ငယ်ငယ်တုန်းသီတင်းကျွတ်အချိန်လေး

0 ယောက်ဆွေးနွေးချက်
သီတင်းကျွတ်နေ့ရောက်တိုင်းရောက်တိုင်းငယ်ငယ်ကအကြောင်းလေးတွေကိုလည်းသတိရကြမယ်ထင်ပါတယ်။
ကျွန်မလည်းငယ်ငယ်ကသီတင်းကျွတ်အချိန်လေးတွေကိုသတိရမိတယ်။
သီတင်းကျွတ်ဆိုရင်ဖိုးဖိုး၊ဖွားဖွားနဲ့မေမေတို့မောင်နှမလေးယောက်ဖြစ်တဲ့ဘဘတို့လင်မယား၊ကြီးကြီးတို့လင်မယား
ဖေဖေ၊မေမေတို့နဲ့အဒေါ်တို့လင်မယားဆိုပြီးအလှည့်ကျကန်တော့ကြတယ်။မိသားစုတွေစုံတဲ့အချိန်လေးပေါ့။
ကျွန်မတို့မိသားစုကဖိုးဖိုးဖွားဖွားတို့နဲ့အတူနေတာဆိုတော့အိမ်မှာအားလုံးစုံကြတယ်။ကျွန်မတို့ကအဲဒီအချိန်မှာ
သုံးလေးတန်းလောက်ပဲရှိအုံးမယ်လေ။
ကျွန်မတို့ရဲ့ဧည့်ခန်းမှာရှိတဲ့နှစ်ယောက်ထိုင်ကုလားထိုင်ပေါ်မှာအလှည့်ကျအစဉ်လိုက်င်ထိုင်ကာကန်တော့ခံကြပြီးနောက် ၊ကျွန်မတို့ကလေးတွေကအငယ်ဆုံးမှစလို့တန်းစီကာမုန့်ဖိုးကိုရယူကြပါတယ်။
မုန့်ဖိုးယူပြီးတော့လူကြီးတွေရဲ့ပါးပြင်နှစ်ဖက်ကိုနမ်းရှုံ့ကာကျေးဇူးတင်ကြောင်းပြောရပါတယ်။
နောက်တော့ညီအမတွေအချင်းချင်းပိုက်ဆံဘယ်လောက်ရကြသလဲဆိုပြီးရေတွက်ကာတစ်ယောက်နဲ့တစ်
ယောက်မှန်မမှန်စစ်ဆေးရတာလည်းပျော်ဖို့ကောင်းပါသေးတယ်။
လပြည့်ကျော်တစ်ရက်နေ့ကကြီးကြီးရဲ့မွေးနေ့ဖြစ်တာကြောင့်ကြီးကြီးကမိသားစုအားလုံးကိုကြေးအိုးတိုက်ပါတယ်။
ကြေးအိုးသွားသောက်တော့ဆိုင်တစ်ဆိုင်လုံးဟာကျွန်မတို့မိသားစုနဲ့တင်ပြည့်သွားတတ်ပါသေးတယ်။
အဲဒီနေ့မှာပဲမီးထွန်းပွဲတော်ကိုကြည့်ခွင့်လည်းရတာကြောင့်ကျွန်မတို့ကလေးတွေအထူးပျော်ရွှင်ခဲ့ကြတာပေါ့။
နောက်ပိုင်းမှာတော့ကျွန်မတို့တစ်တွေလည်းအရွယ်ရောက်လာသလို၊အဖေ၊ကြီးကြီးနဲ့ကိုကိုကြီးတို့ကလည်းကျွန်မ
တို့နဲ့အပြီးတိုင်ခွဲခွာသွားခဲ့သလို၊ကျန်တဲ့ဆွေမျိုးသားချင်းတွေကလည်းရေမြေခြားကိုရောက်ရှိကုန်တာကြောင့်
ငယ်ငယ်တုန်းကလိုမဆုံနိုင်တော့ပါဘူး။
ခုသီတင်းကျွတ်မှာတော့အသက်ရှင်နေသေးတဲ့အဖွားကိုသာကန်တော့ဖို့လာကြရတော့ပေမယ့်၊အရင်အချိန်တွေ
ကလိုဆုံဆည်းဖို့ဆိုတာမလွယ်ကူတော့ပါဘူး။
ဒါကြောင့်ငယ်ငယ်ကအချိန်တွေဆိုတာဘယ်တော့မှပြန်မရနိုင်တော့တဲ့ပုံပြင်လေးတစ်ပုဒ်လိုဖြစ်သွားခဲ့ရတော့
တာပါပဲလေ။
လူတိုင်းလူတိုင်းမှာသတိရစရာဆိုတာတော့ရှိကြမှာပါနော်။
အနမ်း

မဟာဓမ္မရံသီအိမ်တော်ရာစေတီ

0 ယောက်ဆွေးနွေးချက်

သီတင်းကျွတ်ဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ ဘုရားအားလုံးမှာ လူအပြည့်ပါပဲ။ ။ ရွှေတိဂုံစေတီဆို ပိုဆိုးပါတယ် ရင်ပြင်တစ်ခုလုံး လူအပြည့်ပါပဲ။ ကျွန်မကတော့ လူများတဲ့နေရာမျိုး သွားလို့မရတာကြောင့် လပြည့်နေ့ကို ဘုရားကလည်းသွားချင်တာနဲ့ နီးရာဘုရားကိုပဲ သွားရောက်ဖူးမြော် ခဲ့ရပါတယ်။ ဒါတောင် လိုက်ပို့မယ့် သူငယ်ချင်းကလည်း ကိစ္စများနေတာကြောင့် ညီမဖြစ်သူကပဲ ကားမောင်းလိုက်ပို့ရပါတယ်။

အခု ကျွန်မတင်ပြထားတဲ့ ပုံတော်ပါ။ ဒဂုံမြို့နယ်က မြို့မကျောင်းလမ်းမှာရှိတဲ့ မဟာဓမ္မရံသီအိမ်တော်ရာစေတီ တော်မြတ်ကြီးပဲဖြစ်ပါတယ်။

မြန်မာသက္ကရာဇ်၁၂၁၀ခုနှစ်က ပုံဂံမင်းတည်ထား ကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓပုံတော်

0 ယောက်ဆွေးနွေးချက်

ဒီပုံလေးကိုလည်း မနည်းကြိုးစားပမ်းစားနဲ့ တင်ရတာပါပဲ။
ကျွန်မတို့ရဲ့ မြတ်စွာဘုရားရှင် တာဝတိံသာမှာ မယ်တော်မိနတ်သားကို ၀ါတွင်းသုံးလ အဘိဓမ္မာ ခုနှစ်ကျမ်းတရားဟောပြီး၊ လူ့ပြည်ကို ပြန်လည်ကြွမြန်းလာချိန် သီတင်းကျွတ်လပြည့်နေ့ ပုံတော်ပါပဲ။
သူငယ်ချင်း မိတ်ဆွေတို့ ပူဇော်နိုင်ကြဖို့ပါ။

သီတင်းကျွတ်လပြည့်နေ့ 

1 ယောက်ဆွေးနွေးချက်
ဒီနေ့သီတင်းကျွတ်လပြည့်နေ့လေးမို့ သီတင်းကျွတ်လပြည့်နေ့ရဲ့အဓိပ္ပါယ်လေးကိုပြည့်ပြည့်စုံစုံတင်ပြချင်ပေမယ့်
ကျွန်မတို့ရဲ့ကွန်နက်ရှင်းအခြေအနေလေးကြောင့်မနက်စောစောထပြီးကျွန်မကြိုးစားပမ်းစားရေးခဲ့တဲ့စာတွေ
အားလုံးပျောက်သွားခဲ့တယ်။
ဒါကြောင့်မို့စိတ်မကောင်းစွာနဲ့ဘာမှမရေးနိုင်တော့ဘူးဗျို့ ...................
ကွန်နက်လေးပြန်ကောင်းရင်တော့ကောင်းမှာပါပဲ။
ခုတော့ဆုပဲတောင်းနေရတော့တယ်။
အနမ်း
0 ယောက်ဆွေးနွေးချက်
လောကမှာထောင်မြင်မှရာကိုစွန့် လိုကြတယ်။
သဘာဝကတော့ချမ်းသာကလေးစွန့် မှချမ်းသာကြီးရနိုင်တယ်။
အရှင်ဇနကဘိဝံသ

တကယ်လို့ ..

0 ယောက်ဆွေးနွေးချက်

တကယ်လို့ သာ တောင်ကြီးတွေက ရေးစရာမှတ်စရာ စာအုပ်ကြီးတွေများ ဖြစ်လာကြမယ်...
ရေကန်ထဲက ကန်ရေတွေဟာလည်း ရေးစရာ မှင်ရေတွေများ ဖြစ်ကုန်ကြပြီးတော့...
သစ်ပင်တွေကလည်း ရေးစရာ ချွတ်စရာ မှင်တံ၊ ကလောင်တံ၊ ခဲတံတွေများ ဖြစ်လာကြမယ် ဆိုရင်တောင်...


ဒီကမ္ဘာလောကကြီးထဲက အလွန့်အလွန် ကံဆိုးကြလွန်းလို့ အမြဲတမ်းဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ အတိဒုက္ခဖြစ်နေကြသူတွေရဲ့ အစစ်အမှန် ဘဝသရုပ်ကို အဲဒီ စာအုပ်ကြီးတွေထဲမှာ ကန်ရေတွေလောက်ရှိတဲ့ မှင်တွေနဲ့ သစ်ပင် သစ်ကိုင်းတွေက ဖြစ်ပေါ်လာ ကြတဲ့ မှင်တံ ကလောင်တံတွေ သုံးပြီး ဖော်ပြဖို့ရာ စုံစုံစေ့စေ့ ပြည့်စုံလုံလောက်အောင် ရေးစွမ်းနိုင်ကြမှာ မဟုတ်ပါဘူး လို့ ပညာရှင် ဂျက်ကော့ဘိုဟ်မီး ကဆိုထားပါတယ်။

ဓမ္မဝီရ-သန္တာ
0 ယောက်ဆွေးနွေးချက်
ဒီနေ့ တနင်္ဂနွေနေ့ လေ တနင်္ဂနွေဆိုတော့ကျွန်မရဲ့ မွေးနေ့ မို့ လားမသိဘူးတနင်္ဂနွေရောက်တိုင်း
ကျွန်မ၀မ်းသာနေမိတယ်။သူငယ်ချင်းမိတ်ဆွေတို့ လည်းတနင်္ဂနွေနေ့ ကိုသဘောကျလိမ့် မယ်ထင်ပါရဲ့ 
တကမ္ဘာလုံးက Holiday အလုပ်နားရက်အဖြစ်သတ်မှတ်ထားတဲ့နေ့ မို့ လို့ လေ။
ကျွန်မကတော့ ဒီနေ့ မှာစာတွေပိုရေးမိတယ်၊စာတွေလည်းပိုဖတ်ဖြစ်တယ်။
နေ့ လည်ဖက် တီဗွီကလာတဲ့ရုပ်ရှင်ကောင်းရင်တော့ ခဏကြည့် ဖြစ်တယ်။
အရင်တုန်းကလိုတော့ရုပ်ရှင်လာတိုင်းမကြည့် ဖြစ်တော့ဘူး
စာရေးရင်ရေး၊မရေးရင်စာဖတ်တဲ့အလုပ်ကိုပိုလုပ်ဖြစ်တယ်။ဒါကြောင့်ကျွန်မအနားမှာရှိတဲ့ကျွန်မညီမကကျွန်မကို မစာချစ် တဲ့လေ၊ဟုတ်ပါ့မလား?ကျွန်မထက်စာချစ်တဲ့သူတွေအများကြီးရှိမှာပါ။
ကျွန်မအဖေဆိုရင်အားတဲ့အချိန်တိုင်းမှာစာအုပ်နဲ့မျက်နှာခွာတယ်ကိုမရှိဘူး၊ညဖက်တရေးနိုးလည်း
မီးတိုင်ထွန်းပြီးစာဖတ်တတ်တာပဲလေ။နောက်ပိုင်းမှာအမေကတောင်သူ့ ထက်စာကိုပိုချစ်လို့ ဆိုပြီးစိတ်ဆိုးသေးတယ်။နောက်တစ်ခုကတော့တနင်္ဂနွေနေ့ ဆိုရင်ကျွန်မတို့ အိမ်မှာတစ်ခုခုလုပ်စားတတ်ကြတယ်လေ။မုန့်ဟင်းခါး၊လက်သုတ်၊ကော်ရည်ခေါက်ဆွဲ၊
အီတလီခေါက်ဆွဲ၊ကိုရီးယားပဲခေါက်ဆွဲ၊ခေါက်ဆွဲကြွတ်ကြော်၊အုန်းထမင်း၊ပဲထောပတ်ထမင်းစတာတွေပေါ့
တစ်ယောက်တစ်မျိုးအလှည့်ကျချက်ကြတယ် အမေရယ်၊ကျွန်မရယ်၊ကျွန်မညီမတွေရယ် ပေါ့
ကိုယ်ကျွမ်းကျင်ရာကိုယ်ချက်ကြတယ်။အဲဒီလိုချက်တဲ့နေ့ တွေဆိုရင်ထ္မင်းမစားပဲတစ်နေကုန်အဲဒါပဲစားကြတယ်။
အိမ်မှာလုပ်စားတာကသန့် ရှင်းသပ်ရပ်ပြီးအန္တရာယ်ကင်းတယ်၊
၀၀လင်လင်စားရတယ်၊အကုန်အကျလည်းသက်သာတယ်လေ။
ဒီနေ့ တော့အမေနေမကောင်းလို့ ဘာမှမလုပ်ဖြစ်ဘူးထ္မင်းပဲစားရတာပေါ့။
ကျွန်မရဲ့ တနင်္ဂနွေ အစီအစဉ်လေးကတော့ဒါပါပဲ၊
အပြင်သိပ်မထွက်နိုင်တဲ့ကျွန်မအိမ်မှာပဲပျော်ရွှင်အောင်နေပါတယ်။
ညကျရင်တော့ခင်မင်တဲ့သူငယ်ချင်းတစ်ယောက်နှစ်ယောက်နဲ့ အွန်လိုင်းမှာစကားပြောရဦးမယ်လေ။
သူငယ်ချင်းမိတ်ဆွေတို့ ရောတနင်္ဂနွေနေ့ လေးကိုဘယ်လိုပျော်ရွှင်စွာဖြတ်သန်းကြမှာလဲ? ?
တနင်္ဂနွေရောက်တိုင်းရောပျော်ရွှင်ခဲ့ ကြပါရဲ့ လားလို့ ..........? ? ?
အနမ်း

စိတ်ကျန်းမာခြင်း၏အရေးကြီးမှု

0 ယောက်ဆွေးနွေးချက်
ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးဖြစ်သည်ဆို၍လူတိုင်းကျန်းမာလိုကြသည်။
သို့ရာတွင်လူအများအလိုရှိသောကျန်းမာခြင်းမှာကိုယ်ခန္ဓာကျန်းမာမှုဖြစ်၍
စိတ်ကျန်းမာမှုနှင့်မသက်ဆိုင်ပေ။
အစစအရာရာ၌ရုပ်တရားသည်ပဓာနအချုပ်ဖြစ်သည်ဟုစွဲမြဲယုံကြည်သော
သူတို့အဖို့ကိုယ်ကျန်းမာမှုသာလျှင်အရေးကြီး၏ဟုထင်ကြပေသည်။
ရုပ်နှင့်စိတ်သည်အချင်းချင်းအမှီသဟဲပြု၍အပြန်အလှန်အကျိုးပြုသည်ဟု
ယုံကြည်သောသူတို့သည်လည်းကိုယ်ကျန်းမာမှုကိုသာဂရုပြု၍စိတ်ကျန်းမာ
မှုကိုလျစ်လျူပြုထားလေ့ရှိကြသည်။

ရုပ်ဝါဒကိုဦးစားပေး၍လူနေမှုအဆင့်အတန်းလွန်မြင့်မားသောအနောက်နိုင်ငံကြီးများ
၌ပင်လူတို့၏စိတ်ကျန်းမာမှုမှာသိသိသာသာဆုတ်ယုတ်ပျက်ပြားလျှက်ရှိကြ၏။
ကမ္ဘာ့ ဘာသာတရားများသည်စိတ်ငြိမ်းချမ်းမှုအတွက်လောဘ၊ဒေါသနှင့်မာနတရားများ
ကိုပယ်သတ်ရန်လူတို့အားဟောကြားခဲ့ပေရာ၊ယခုခေတ်၌ဘာသာရေးတရားများမှေးမှိန်
နေခြင်းသည်စိတ်ကျန်းမာမှုဆုတ်ယုတ်ရန်အကြောင်းတရပ်ဖြစ်ပေသည်။

စိတ်ကျန်းမာမှုသည်ကိုယ်ခန္ဓာကျန်းမာမှုကဲ့သို့ပင်စိတ်ကျန်းမာသောပုဂ္ဂိုလ်၌ရှိသော
ဂုဏ်အင်္ဂါများဖြင့်အဓိပ္ပါယ်ဖွင့်ဆို၍ရအပ်သောအကြောင်းအရာမဟုတ်။
သင်တို့သည်ကိုယ်ကျန်းမာနေသောအခါ၌ကျန်းမာခြင်း၏အရေးပါမှုကိုမသိ။
မိမိတို့ကိုယ်တိုင်မမာမကျန်းဖြစ်သောအခါမှသာလျှင်ကျန်းမာရေး၏တန်ဖိုးကိုသိရှိကြပေသည်။

စိတ်ကျန်းမာမှုသည်လည်းထိုနည်းတူပင်ဖြစ်၏။
စိတ်ကျန်းမာသောသူ၌အထူးထင်ရှားသောလက္ခဏာမရှိ။
စိတ်ပျော်ရွှင်ခြင်းသည်လူအများထင်မြင်သကဲ့သို့စိတ်ကျန်းမာမှု၏ဝိသေသနလက္ခဏာမဟုတ်ချေ။
ကိုယ်ကျန်းမာသောသူကဲ့သို့ပင်စိတ်ကျန်းမာသောသူသည်အရှိတရားများဖြင့်သိသာထင်ရှားမည်
မဟုတ်ပဲ၊အကြောင်းမတန်စိုးရိမ်ပူပန်မှု၊
စိတ်အားငယ်မှု၊ကြောက်ရွံ့ မှု၊သံသယဖြစ်မှုစသော
အပြစ်အနာများကင်းခြင်းဖြင့်ထင်ရှား၏။
ဦးအေးမောင်(စိတ်ပညာနှင့်စိတ်ငြိမ်းချမ်းမှု)




လမ်းခွဲခြင်း

1 ယောက်ဆွေးနွေးချက်

လမ်းခွဲစကားတွေပြောကြတယ်...
အဲဒီညကကြယ်တွေမကြွေဘူး။
လမ်းခွဲစကားတွေပြောကြတယ်...
အဲဒီညကလလည်းမကွယ်ဘူး။
လမ်းခွဲစကားတွေပြောကြတယ်...
အဲဒီညကအမှောင်မလွှမ်းဘူး။
လမ်းခွဲစကားတွေပြောကြတယ်...
လိုင်းထဲကဆက်သွယ်မှုကပြတ်တောက်မသွားဘူး။
ဒါပေမယ့်...ကိုယ်နဲ့သူရဲ့အသံတွေကတုန်ခါလို့နေကြတယ်။ ။

အနမ်း

စိတ်ချမ်းသာမှုဟာအကောင်းဆုံးအရာ

1 ယောက်ဆွေးနွေးချက်
သမိုင်းတလျှောက်လုံးမှာပညာရှင်တွေဟာအကောင်းဆုံးအရာလို့ယူဆကြတယ်။လူတွေလုပ်တာမှန်သမျှဟာ
စိတ်ချမ်းသာချင်လို့လုပ်တာလို့ဆိုကြတယ်။ဟုတ်သလား။စိတ်ဆင်းရဲချင်လို့လုပ်တာရှိသလား။မကြားဖူးဘူးနော်။
အင်္ဂလိပ်စကားမှာhappy,glad,cheerful,joyful,joyous ဆိုပြီးခံစားမှုအတိမ်အနက်
အလေးအပေါ့ကိုလိုက်ပြီး၊သုံးပါတယ်။
မြန်မာစကားမှာလည်းအမျိုးမျိုးသုံးတာရှိပါတယ်။ဝမ်းသာတယ်၊ပျော်တယ်၊
ဝမ်းမြောက်တယ်၊ရွှင်လန်းတယ်၊ပီတိဖြစ်တယ်၊ကျေနပ်တယ်၊အားရတယ်၊အူမြူးတယ်။
အေးအေးဆေးဆေးပျော်တာမျိုးရှိသလို၊ထခုန်ပြီးပျော်တာမျိုးလည်းရှိပါတယ်။
စိတ်ချမ်းသာမှုကိုရအောင်လုပ်နည်းတစ်ယောက်နဲ့တစ်ယောက်မတူပေမယ့်တစ်ယောက်ရဲ့စိတ်ချမ်းသာမှုဟာ
နောက်တစ်ယောက်ရဲ့စိတ်ချမ်းသာမှုနဲ့သဘောသဘာဝချင်းသိပ်မကွာလှပါဘူး။စိတ်ချမ်းသာမှုလို့ပြောလိုက်ရင်
ဘာကိုဆိုလိုတယ်ဆိုတာနားလည်ကြပါတယ်။
ကိုယ့်ဘ၀ကို`ငါ့ဘ၀ဟာကျေနပ်စရာကောင်းပါတယ်`လို့ပြောနိုင်ရင်စိတ်ချမ်းသာနေတယ်လို့ဆိုရမယ်။

တစ်ချို့ပညာရှင်တွေကအလုပ်မှာစိတ်ချမ်းသာမှုနဲံ့အိမ်မှာစိတ်ချမ်းသာမှုဆိုပြီးခွဲခြားပြီးပြောတယ်။
ဒါသိပ်သဘာဝကျပါတယ်။
တစ်ချို့အိမ်မှာစိတ်ချမ်းသာတယ်၊အလုပ်မှာစိတ်မချမ်းသာဘူး။
တစ်ချို့အလုပ်မှာစိတ်ချမ်းသာတယ်၊အိမ်မှာစိတ်မချမ်းသာဘူး။
တစ်ချို့ကျတော့အိမ်မှာလည်းစိတ်မချမ်းသာဘူး၊အလုပ်မှာလည်းစိတ်မချမ်းသာဘူး။အဲဒါအဆိုးဆုံး။
တစ်ချို့အိမ်မှာလည်းစိတ်ချမ်းသာတယ်၊အလုပ်မှာလည်းစိတ်ချမ်းသာတယ်။အဲဒါအကောင်းဆုံး။

စိတ်ချမ်းသာနေလား၊မချမ်းသာဘူးလားဆိုတာကိုယ့်ဟာကိုယ်သိပါတယ်။ဘယ်သူ့ကိုမှမေးနေဖို့မလိုပါဘူး။ကိုယ့်
ဟာကိုယ်စိတ်ချမ်းသာနေလား၊မချမ်းသာဘူးလားဆိုတာကိုသူများကိုမေးရအုံးမယ်ဆိုရင်ကိုယ့်အခြေအနေဟာ
သိပ်မကောင်းတော့ဘူးလို့ဆိုရမယ်။

စိတ်ချမ်းသာမှုဟာဘာဖြစ်လို့အရေးကြီးသလဲ..?????
ဘာဖြစ်လို့လဲဆိုတော့စိတ်ချမ်းသာမှုမှမရှိရင် တခြားဘာရှိရှိဘာမှအဓိပ္ပါယ်မရှိတော့လို့ပဲ။

ဆရာတော်ဦးဇောတိကရဲ့ `စိတ်ချမ်းသာမှုလိုရင်းပါ` မှကောက်နုတ်ရေးသားသည်။

သုံးသပ်ခြင်း

0 ယောက်ဆွေးနွေးချက်
လူတိုင်းမှာခံစားချက်ကိုယ်စီရှိကြတယ်နော်...
ကိုယ်လည်းကိုယ့်ရဲ့ခံစားချက်ဆိုတာရှိတာပဲလေ
ကိုယ့်ရဲ့ခံစားချက်တွေကိုအမှတ်တရအဖြစ်ရေးမယ်ဆိုရင်...
အဲဒီအမှတ်တရတွေဟာတစ်ချိန်ချိန်မှာအမှတ်တမဲ့ဖြစ်ပြီး
ကိုယ့်ရဲ့ခံစားချက်တွေဟာလည်း၊ကိုယ့်ရဲ့ဟာသအဖြစ်ပြောင်းလဲသွားမလားပဲ။

အနမ်း

အနုပညာဆိုသည်..

0 ယောက်ဆွေးနွေးချက်







အနုပညာဖန်တီးရာ၌

အတွေးအခေါ်(သို့) စိတ်ကူး

(သို့) ဒဿနသည်

အနုပညာ၏အသက်ဖြစ်သည်

ကိုယ်ပိုင်ခံစားမှုတစ်ခုနဲ့

ပေါက်ကွဲရူးသွပ်နေတဲ့ စာ(သို့) ကဗျာ

(သို့) ဂီတတစ်ခုဟာ အနိမ့်ဆုံးအဆင့်

အများနားမလည်စေဘူးဆိုရင်

အနုပညာဖြစ်လင့်ငြား

ပေါ့ပျက်ပျက်ဖြစ်နေမှာမို့

အာသာမှရှိပါ့မလားတဲ့။

ရေးသားသူ..အမည်မသိသူရဲ့ စာသားလေးပါ။ အမှတ်တရရှိစေဖို့ ဘလော့တင်ခြင်းသာ..။

နားမလည်နိုင်သော

0 ယောက်ဆွေးနွေးချက်
နားလည်နိုင်ပါ့မလား..?????
ဆွဲမရသော...........ပန်းချီ
ရေး၍မထင်သော....စာ
ပြော၍မရသော......စကား ဆိုတာရှိတယ်။
ဒါကိုနားလည်နိုင်ပါ့မလား..???

ဘဝ

1 ယောက်ဆွေးနွေးချက်
ဖြစ်ချင်တာက......ဆန္ဒ
ဖြစ်နေတာက......ဘဝ
ဖြစ်သင့်တာက.....သဘာဝ တဲ့
တစ်ခါတစ်လေကျတော့...
ဖြစ်ချင်တဲ့ဆန္ဒတွေကိုမျိုသိပ်ထားရပြီး
ဖြစ်နေရတဲ့ဘ၀မှာ
ဖြစ်သင့်တာကိုပဲ ဦးစားပေးနေရတယ်လေ။